အခန်း ၁၇၀၁
Vol. 122 Ch. 1701
အခန်း (၁၇၀၁) ကံတရားအတိုင်းထားလိုက်ကြတာပေါ့
မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဝင်ရောက်စွက်ဖက်မှုက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ အခက်အခဲကို ဖြေရှင်းပေးလိုက်သလို ဖြစ်သွားသည်။
တကယ်တော့ ငရဲကိုးထပ်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက် အကြောင်းမဲ့သက်သက် နီကျားနှင့် ရင်ဆိုင်ပေးမည်မဟုတ်ပေ။
သူတို့အနေဖြင့် ထိုက်တန်သည့်အကျိုးအမြတ် ပြန်လည်ရရှိရန် ကြိုးပမ်းမည်ပဲ ဖြစ်သည်။
လက်ရှိမှာတော့ မူလစိတ်ဝိညာဉ်နတ်ဆိုးက နီကျား၏စိတ်ထဲတွင် နတ်ဆိုးတစ်ပါး ပေါက်ဖွားစေပြီး အနှိုင်းမဲ့ တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖန်တီးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ဤသည်က အနောက်ဘက်သူတော်စင်ဘုံနှင့် ငရဲကိုးထပ်ကြားမှ အပေးအယူတစ်ခု ဖြစ်နိုင်သည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာရှိသေးသည့် စွန်းရှင်ကျေနှင့်မတူဘဲ နီကျားက ကောင်းကင်နတ်ဘုရားအဆင့်၏ ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ငရဲကိုးထပ်အနေဖြင့် သူ့ကို ကြံစည်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။
ယခု နီကျားတွင် အားနည်းချက်တစ်ခု ဖြစ်ပေါ်လာသောကြောင့်သာ မူလစိတ်ဝိညာဉ်နတ်ဆိုး အခွင့်အရေးရသွားခြင်း ဖြစ်၏။
နီကျားမှာ ယခင်က မိစ္ဆာချီကြောင့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် စွန်းထင်းခံခဲ့ရဖူးသည်။ ဤသည်က နှစ်ပေါင်းများစွာအတွင်း အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သူသာ ထိုသတ်ဖြတ်မှုများတွင် နစ်မွန်းသွားခဲ့လျှင် ငရဲကိုးထပ်မှ မဟာနတ်ဆိုးများထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်သွားပေမည်။
ယခု နီကျားက ထိုအခြေအနေမှ လွတ်မြောက်လာခဲ့သည့်တိုင် အခြေခံရင်းမစ်ကတော့ ရှိနေဆဲပင်။
လီကျင်းက သေဆုံးသွားပြီဖြစ်သော်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အသက်ရှင်နေဆဲဖြစ်သည်။
နီကျား၏အမုန်းတရားနှင့် ဒေါသတို့မှာ ယခင်ကလို တောက်လောင်နေခြင်း မရှိတော့သည့်တိုင် နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲ ဖြစ်၏။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် နီကျား ယှဉ်ပြိုင်နေချိန် အနောက်ဘက်သူတော်စင်ဘုံက မူလစိတ်ဝိညာဉ်နတ်ဆိုး အောင်မြင်စေရန် လျှို့ဝှက်အစီအစဉ်များ ပြုလုပ်ထားခဲ့ကြသည်။
နီကျား ညည်းညူသံတစ်ချက်ပြုလိုက်သည်။
သူ၏ခန္ဓာကိုယ်ထဲမှ မည်းနက်သောချီစွမ်းအားများ တရစပ်ထွက်ပေါ်လာပြီး လေထဲတွင် ပျံ့လွင့်ပျောက်ကွယ်သွားသည်။ ထို အနက်ရောင်ချီများက ဗုဒ္ဓရောင်ခြည်အလင်းတန်းများအောက်တွင် ပျောက်ကွယ်သွားလေသည်။
ရန်ကျောက်ကဲတို့အုပ်စု သေချာစွာ စူးစိုက်ကြည့်ရှုနေကြသည့်တိုင် အနက်ရောင်ချီများနှင့် ဗုဒ္ဓရောင်ခြည်အလင်းတန်းတို့ ထိတွေ့သွားသည်ကို မတွေ့မြင်ခဲ့ကြပေ။
ယန်ကျန်းက လက်တစ်ဖက်ဆန့်ထုတ်ပြီး နီကျားကို ဆွဲခေါ်လိုက်သည်။ နီကျား နောက်သို့လွင့်မျောလာပြီး ယန်ကျန်းအနားသို့ ရောက်ရှိလာသည်။
ယန်ကျန်းက နီကျား၏ကျောပြင်အား လက်ဝါးဖြင့် ဖိကပ်လိုက်သည်။
နီကျားက မျက်လုံးများမှိတ်ထားပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနက်ရောင်ချီများက ရစ်ပတ်ဝဲပျံနေဆဲ ဖြစ်၏။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...
“သူ့အခြေအနေက ထပ်ပြီးတိုက်ခိုက်ဖို့ မသင့်တော်ဘူးထင်တယ်”
သူက ဆက်ပြောလိုက်သည်။
“ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ရအောင် ၊ ဒီတိုက်ပွဲကို သရေလို့ သတ်မှတ်လိုက်တာပေါ့ ၊ တာအိုရောင်းရင်းတို့ ဘယ်လိုသဘောရလဲ ၊ မူလစိတ်ဝိညာဉ်နတ်ဆိုး ရပ်တန့်တာ မရပ်တန့်တာကတော့ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ကြမှာပါ ၊ ကျုပ် အဝေးထိ လိုက်ပို့မပေးတော့ဘူးနော်”
ယန်ကျန်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စူးစိုက်ကြည့်လိုက်ပြီး...
“ဘာလို့ အဲဒီလောက် အလျင်စလို ဖြစ်နေရတာလဲ ၊ ညီလေးနီကျား အခက်တွေ့နေတာကို ငါက သက်သာအောင်လုပ်ပေးနိုင်ပါတယ် ၊ မင်းလည်း မူလစိတ်ဝိညာဉ်နတ်ဆိုးကိုခေါ်ပြီး ကူညီခိုင်းလို့ ရတာပြလေ”
သို့သော် မငြိမ်းသောမီးအိမ် ရှေးဟောင်းဗုဒ္ဓက လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုလိုက်သည်။
ပြီးမှ သူက...
“အားလုံးပဲ ခွင့်လွှတ်ပေးကြပါ ၊ ကျုပ် လိုက်မပို့တော့ဘူးနော်”
ပတ်ဝန်းကျင်တွင်ရှိနေသော မိုးကြိုးလျှပ်စီးဗုဒ္ဓ ၊ ကွမ်ယင်ဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များကလည်း လက်အုပ်ချီလျှက် ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုလိုက်ကြသည်။
ရုတ်တရက်ဆိုသလိုပင် အနောက်ဘက်သူတော်စင်ဘုံတစ်ခုလုံး ဗုဒ္ဓရောင်ခြည်အလင်းတန်းများ လင်းထိန်သွားသည်။
ကျယ်ပြောလှသော ဗလာနယ်ထဲရှိ မရေမတွက်နိုင်သည့် ဗုဒ္ဓနယ်မြေများက တပြိုင်တည်း တောက်ပထွန်းလင်းလာခြင်း ဖြစ်၏။
အလင်းတန်းများက တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားပြီး နီကျား ၊ ယန်ကျန်း ၊ ရန်ကျောက်ကဲနှင့် ရန်တိတို့အုပ်စုအား အနောက်ဘက်သူတော်စင်ဘုံ အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော ရန်ကျောက်ကဲနှင့် ရန်တိသာမက ကောင်းကင်နတ်ဘုရားများဖြစ်သော ယန်ကျန်းနှင့်နီကျားသည်လည်း ကြီးမားသောဖိအားကိုခံစားလိုက်ရပြီး နောက်သို့ဆုတ်ခွာသွားစေရန် ဖိအားပေးခံလိုက်ရသည်။
အနောက်ဘက်သူတော်စင်ဘုံတစ်ခုလုံး၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို အသုံးပြုလိုက်သော်လည်း ရန်ကျောက်ကဲတို့အုပ်စုအား တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်ပေါ်စေခဲ့ပေ။
သို့သော် သူတို့အပေါ် သက်ရောက်လာသည့်ဖိအားကတော့ မတွန်းလှန်နိုင်လောက်အောင် ကြီးမားလွန်းသည်။
အော်မီတော်ဖော်ဗုဒ္ဓက တိုက်ရိုက်လှုပ်ရှားခြင်းမရှိသော်လည်း ဤနေရာရှိ ဗုဒ္ဓနယ်မြေများမှာ သူကိုယ်တိုင်ဖန်ဆင်းထားသည့် သန့်စင်သောနယ်မြေများ ဖြစ်သည်။
ယန်ကျန်း၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားပြီး သူ၏အရိုးများမှာလည်း တုန်ခါသွားသည်။
ထိုတုန်ခါမှုဖြင့် သူ့အပေါ်သက်ရောက်နေသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို ဖြည်းဖြည်းချင်း ဖယ်ရှားပစ်လိုက်သည်။
ထိုသို့ ခုခံရန်ကြိုးပမ်းလိုက်သည်နှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ထပ်မံစုစည်းရောက်ရှိလာပြီး သူ့ကို အပြင်သို့ အတင်းတွန်းထုပ်ရန် ထပ်မံကြိုးပမ်းတော့သည။
သို့သော် ယန်ကျန်းကတော့ တစ်ချက်မလှုပ်ရှားဘဲ ငြိမ်သက်စွာ မတ်တတ်ရပ်နေလေသည်။
အော်မီတော်ဖော်ဗုဒ္ဓကိုယ်တိုင် ပါဝင်လာခြင်းမရှိသဖြင့် အနောက်ဘက်သူတော်စင်ဘုံတစ်ခုလုံးက အင်အားသုံးလာပါစေ ယန်ကျန်းက ခိုင်မာစွာ ရပ်တည်နေမည်သာ ဖြစ်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ခေါင်းခါယမ်းလျှက် သက်ပြင်းချလိုက်ရင်း...
“တာအိုရောင်းရင်း ၊ ဘာလို့ ဒီလောက် ဇွဲကောင်းနေရတာလဲ”
ရှေးဟောင်းဗုဒ္ဓ၏ ထိန်းချုပ်မှုအောက်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများက ယန်ကျန်းကို ဆက်လက်ဖိအားမပေးတော့ဘဲ ရန်ကျောက်ကဲတို့အုပ်စုကိုသာ ဦးတည်ပစ်မှတ်ထားလိုက်သည်။
နီကျားကတော့ အနက်ရောင်ချီများ ဝန်းရံခံထားရဆဲ ဖြစ်၏။
ထို့ကြောင့်ပင် သူက ရန်ကျောက်ကဲနှင့် ရန်တိတို့ကဲ့သို့ ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို အပြည့်အဝ ခုခံနိုင်ခြင်း မရှိခဲ့ပေ။
ကျရောက်လာသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများကလည်း အနက်ရောင်ချီများကို အနှောက်အယှက်ပေးခြင်း မရှိခဲ့ပေ။
ရန်ကျောက်ကဲက ယန်ကျန်း၏နေရာကို အစားဝင်လိုက်သည်။
သူက နီကျား၏နောက်သို့ရောက်ရှိသွားပြီး လက်ဖဝါးကိုဆန့်ထုတ်ကာ သူ၏ကျောပြင်ကို ဖိကပ်ထားလိုက်သည်။
ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် အမတပန်းပွင့်သရဖူ ပေါ်ထွက်လာသည်။
အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာပြီး အင်းသင်္ကေတများ လွင့်ပျံထွက်ပေါ်လာကာ သံကြိုးများပမာ ကွင်းဆက်များ ချိတ်ဆက်သွားသည်။
ထိုအင်းသင်္ကေတကွင်းဆက်များက ကန့်လန့်ဖြတ်ယှက်သွယ်လျှက် စက်ဝန်းအသွင်ပြောင်းလဲကာ ရန်ကျောက်ကဲနှင့် နီကျားကို ဗဟိုပြု၍ ဝန်းရံထားလိုက်သည်။
အင်းသင်္ကေတများဖြင့် ဖွဲ့စည်းထားသော စက်ဝန်းမှာ ရန်ကျောက်ကဲနှင့် နီကျားကို ဗဟိုပြုလျှက် လမ်းကြောင်းအတိုင်း လည်ပတ်လျှက် ရှိသည်။
ဤသည်က ယာယီဖန်တီးထားသော ‘ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်’ နှင့်ပင် ဆင်တူနေသည်။
ရန်ကျောက်ကဲက ချန်ရွှမ်ကျုန်းကို ကူညီခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် ယခု အစီအရင်မှာ ပို၍သေးငယ်သယောင်ရှိသော်လည်း အဆုံးအစမရှိသည့်ပမာ ထင်မှတ်ရသည်။
ဤ ‘ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်’ ၏ ဖိနှိပ်မှုအောက်တွင် နီကျားကို ဝန်းရံနေသည့် အနက်ရောင်ချီများမှာ ကြမ်းတမ်းစွာလွင့်ပျံနေခြင်းမရှိတော့ဘဲ အနည်းငယ် အရှိန်တန့်သွားသည်။
ရန်ကျောက်ကဲက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ကြည့်လိုက်ပြီး...
“နားရွက်ခြောက်ဖက်မျောက်ကိစ္စပြီးတဲ့နောက်မှာ ဒါမျိုးကို ထပ်ပြီး အလွယ်တကူ တုပနိုင်ဦးမယ်လို့ ထင်နေတာလား”
သူက ဆက်ပြောလိုက်သည်။
“မင်းက ငရဲကိုးထပ်ရဲ့အစီအစဉ်ကို အောင်မြင်အောင် ကူညီပေးဖို့ စိတ်ကူးမထားဘူးဆိုတာ ပေါ်လွင်နေတာပဲ”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ရန်ကျောက်ကဲနှင့် နီကျားကို ဝန်းရံထားသည့် ‘ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်’ ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူ၏မျက်ဝန်းများထဲတွင် ချီးကျူးသည့်အငွေ့အသက်များ ထင်ဟပ်လာသည်။
သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး...
“အရာရာကို ကံတရားအတိုင်းပဲ ထားလိုက်ကြတာပေါ့”
“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဘယ်တုန်းက ကံတရားပေါ် မှာ မူတည်တဲ့သူ ဖြစ်သွားတာလဲ”
ရန်ကျောက်ကဲက ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို ခုခံရင်း ကဲ့ရဲ့စကားဆိုလိုက်သည်။
“ငရဲကိုးထပ်က ကံတရားဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ မင်းကို ကူညီပေးမှာ မဟုတ်ဘူး ၊ မင်းအနေနဲ့ သူတို့စိတ်ကျေနပ်စေမယ့် တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမှာပဲ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ၏မျက်နှာထက်မှအပြုံးက ပျောက်ကွယ်သွားပြီး ချက်ချင်းပင် အမူအရာက အေးစက်မာကျောသွားသည်။
“ဘာလဲ... ရေပလ္လင်နတ်ဆိုးလား ဒါမှမဟုတ် မြေကမ္ဘာပလ္လင်နတ်ဆိုးလား”
ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးအနက် မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် သစ်သားနတ်ဆိုးတို့က ဘယ်သောအခါမှ သေဆုံးခြင်းမရှိဘဲ အမြဲတမ်း အသက်ရှင်နေသူများ ဖြစ်သည်။
သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက လွန်ခဲ့သော နှစ်ပေါင်း(၄၀၀)ခန့်က တိုက်ပွဲတစ်ခုတွင် ပြန်လည်မွေးဖွားလာခဲ့ပြီး မီးပလ္လင်နတ်ဆိုးသည်လည်း မကြာသေးမီနှစ်များအတွင်းက ပြန်လည်မွေးဖွားလာခဲ့သည်။
ကျန်ရှိသည့် ရေပလ္လင်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်နတ်ဆိုးတို့က ပြန်လည်မွေးဖွားရန် အခွင့်အရေး စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
ဤမဟာနတ်ဆိုးနှစ်ပါး ပြန်လည်မွေးဖွားလာခြင်းက ငရဲကိုးထပ်အတွက် အလွန်အရေးပါသည်။
အရင်ကဆိုလျှင် ဤနတ်ဆိုးများ ပြန်လည်မွေးဖွားလာပါက လူအများက ငရဲကိုးထပ်ကိုတားဆီးရန် အစွမ်းကုန် ကြိုးပမ်းကြပေမည်။
သို့သော် ယခုကဲ့သို့ ထူးခြားသည့်အခြေအနေတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင်'လုယာ'၊ ရွှမ်တုကိုယ်တော်နှင့် အခြားသူတို့မှာ ငရဲကိုးထပ်ထံမှ တစ်စုံတစ်ခုကို ရယူရန် ပြင်ဆင်ထားကြသည်။
ထို့ကြောင့် ရေပလ္လင်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်နတ်ဆိုးတို့ ပြန်လည်မွေးဖွားလာခြင်းက အခြားအင်အားစုများအတွက် အရေးပါသော ညှိနှိုင်းစရာ အရောင်းအဝယ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
တာအိုသခင်'လုယာ'က မီးပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားစေရန် အပေးအယူလုပ်ခဲ့သကဲ့သို့ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲအတွက်တော့ ဤမဟာနတ်ဆိုးနှစ်ပါး ပြန်လည်မွေးဖွားလာခြင်းက စိတ်ရှုပ်ထွေးစရာ ဖြစ်လာစေသည်။
“ကံတရားအတိုင်းပဲ ထားလိုက်ကြတာပေါ့”
ဟု ပြောလိုက်ချိန်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ရန်ကျောက်ကဲကိုကြည့်ရင်း အနည်းငယ် ပြုံးနေခဲ့သည်။
ရန်ကျောက်ကဲက သူ့ကိုကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။
“ရှေးဟောင်းဗုဒ္ဓ ၊ မင်းလက်ထဲမှာ ဒီလောက်အဖိုးတန်တဲ့ အရာတစ်ခုရှိနေတာကို ဘယ်လိုလုပ်ပြီး အလွယ်တကူ သုံးပစ်မှာလဲ ၊ ငရဲကိုးထပ်ပေးဆပ်ရတဲ့ တန်ဖိုးက နီကျားနဲ့တိုက်ပွဲကို ကူညီပေးရုံသက်သက်ပဲ မဟုတ်လောက်ဘူး”
ရန်ကျောက်ကဲက ရယ်မောရင်း ဆက်ပြောလိုက်သည်။
“မင်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက 'နီကျား' မဟုတ်ဘူး”
“အဲဒါက ကြာပန်းစိမ်းရတနာအလံ မရှိတော့တာရယ်၊ စကြာမုနိသရီရဓာတ်တော် မရှိတော့တာရယ်ကြောင့်ပဲ ၊ တကယ်လို့ တာအိုသခင်'လုယာ' က မဟာမာရူယိကို အသုံးချပြီး မင်းကိုတိုက်ခိုက်ခိုင်းမယ်ဆိုရင် မင်းမျာ ခုခံကာကွယ်ဖို့ ဘာမှရှိမှာမဟုတ်ဘူး ဟုတ်တယ်မလား”
ထိုစကားကြားတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။
ရန်ကျောက်ကဲက အေးဆေးစွာပင် မေးလိုက်သည်။
“မင်းလိုချင်နေတာ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ဟုတ်တယ်မလား”