အခန်း ၁၇၀၃
Vol. 122 Ch. 1703
အခန်း (၁၇၀၃) လွယ်ကူစွာပင် ဖမ်းဆီးခြင်း
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူဖြစ်ပြီး တရားအလင်းရကာ ဗုဒ္ဓအဖြစ် တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။
သူက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အဖြူရောင်ကြာပန်းသုခဘုံမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
ဗုဒ္ဓအဆင့်သို့ မရောက်ရှိခင်က သူ့ကို ကြာပွင့်ဖြန့်ကျက်ဗောဓိသတ္တဟု လူသိများသည်။ တစ်ခါတစ်ရံတွင်တော့ သူ့ကို လင်းစန်းတောင်မှ ဗုဒ္ဓဓမ္မကာကွယ်သူ ‘ကျင်းကျား’ ဟုလည်း ခေါ်ဆိုကြသည်။
သူက စေတီရှင်’လီကျင်း’ ၏ သားအကြီးဆုံးဖြစ်ပြီး နီကျားနှင့် မုကျားတို့၏ အစ်ကိုရင်း ဖြစ်သည်။
ရှေးခေတ်ကာလတွင် သူက ယွိချင်အဆက်အနွယ်မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော ဝန်စူးကောင်းကင်ဘုံအရှင်ထံတွင် ပညာသင်ယူခဲ့ပြီး တာအိုဝါဒအဆက်အနွယ် တတိယမျိုးဆက်တွင် အထူးချွန်ဆုံးသူတစ်ယောက် ဖြစ်ခဲ့သည်။
အလယ်ခေတ်သို့ရောက်သည့်အခါ သူက ဆရာဖြစ်သူ ဝန်စူးကောင်းကင်ဘုံအရှင်နှင့်အတူ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီး စကြာမုနိဗုဒ္ဓထံတွင် ခိုလှုံခဲ့သည်။
ဝန်စူးကောင်းကင်ဘုံအရှင်က ဝန်စူးဗောဓိသတ္တ ဖြစ်လာခဲ့ပြီး ကျင်းကျားသည်လည်း လင်စန်းတောင်မှ ဗုဒ္ဓဓမ္မကာကွယ်သူ ဖြစ်လာခဲ့သည်။
အလယ်ခေတ်ကုန်ဆုံးခါနီးတွင် စကြာမုနိဗုဒ္ဓဟုထင်ရှားသည့် တာအိုအဓိပတိကျူးထီ လောကကိုကျော်လွန်သွားခဲ့သည်။
မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံ၏ ကျင့်စဉ်ဓမ္မများကို ပြောင်းလဲပစ်ခဲ့သဖြင့် ဗုဒ္ဓဘာသာအတွင်း ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
ထိုမငြိမ်သက်မှုများအတွင်း ကွမ်ယင်ဗောဓိသတ္တ၊ ဖူရှန်ဗောဓိသတ္တနှင့် မုကျားအပါအဝင် ဗုဒ္ဓဘာသာထိပ်တန်းကျွမ်းကျင်သူများစွာက အနောက်ဘက်သူတော်စင်ဘုံတွင် ခိုလှုံခဲ့ကြသည်။
ဝန်စူးဗောဓိသတ္တက မဟာကပ်ဘေးကြီးအတွင်း သေဆုံးသွားခဲ့လေရာ ကျင်းကျားက အဖြူရောင်ကြာပန်းသုခဘုံဖြစ်လာမည့် အလယ်ပိုင်းသုခဘုံတွင် ဆက်လက်နေထိုင်ပြီး ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။
ထိုစဉ်အချိန်က သူ အဘယ့်ကြောင့် ထိုသို့သောရွေးချယ်မှုမျိုး ပြုလုပ်ခဲ့ရသည်ကို ရှင်းပြရန် ခက်ခဲလှသည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ရှိနေဆဲဖြစ်သည့် မုကျားနှင့်ယှဉ်လျှင် ထိုစဉ်က သူခံစားခဲ့ရသော ခါးသီးမှုနှင့် ပေးဆပ်ခဲ့ရသည့်အကျိုးဆက်များကို သူတစ်ယောက်တည်းသာ သိရှိပေလိမ့်မည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် စေတီရှင်’လီကျင်း’ က မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်မှ ခွဲထွက်ကာ အနောက်ဘက်သူတော်စင်ဘုံနှင့် ပူးပေါင်းပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံ ပြန်လည်ခိုဝင်လာခဲ့သည်။
ထိုအချိန် နီကျားသည်လည်း ကပ်ဘေးနှင့်ရင်ဆိုင်ရပြီး သေလုနီးပါးဖြစ်ခဲ့ရသည်။
သူတို့မိသားစု အကွဲကွဲအပြားပြား ဖြစ်သွားခဲ့ပြီး ယခုအချိန်မှာတော့ နီကျားက လီကျင်းကိုသတ်ဖြတ်ခဲ့ပြီး မုကျားမှာလည်း ထိုက်ယီကျန်းရန်လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ကျင်းကျားက အဖြူရောင်ကြာပန်းသုခဘုံသို့ ဝင်ရောက်ခဲ့ပြီးသည့်နောက် လီကျင်း ၊ မုကျားတို့နှင့် လမ်းခွဲခဲ့ပြီး ဖြစ်သည်။
သူတို့ ပြန်လည်ဆုံတွေ့မည်ဆိုလျှင်ပင် အခြေအနေက အလွန်ဆိုးရွားပြီး တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်သည့်အနေအထားသို့ ရောက်သွားနိုင်ခြေ ရှိသည်။
အမှန်တော့ ကျင်းကျားနှင့် လီကျင်း ၊ မုကျားတို့ဆက်ဆံရေးမှာ နီကျားနှင့်ဆက်ဆံရေးထက် ပိုမိုကောင်းမွန်သည်ဟု မဆိုနိုင်ပေ။
သို့ဖြစ်ရာ ကျင်းကျားက လီကျင်းနှင့် မုကျားတို့အတွက် နီကျားကို လက်စားချေချင်သည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
သို့သော် သူ၏ကျင့်စဉ်လမ်းတွင် အတားအဆီးမရှိစေရန်အတွက် ပတ်သက်နေသည့် ကံကြမ္မာကြွေးများကို အဆုံးသတ်လိုသည်ဆိုပါက ယုတ္တိရှိပေသည်။
နီကျားကို သုတ်သင်ရှင်းလင်းပစ်ရန်အတွက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ့ကို အသုံးချချင်မှန်း ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ ကောင်းစွာ သိရှိထားသည်။
နီကျားသာ သူ့လက်ချက်ဖြင့် သေဆုံးခဲ့လျှင် ယန်ကျန်း၊ ထိုက်ယီကျန်းရန်၊ ရန်ကျောက်ကဲနှင့် တာအိုဝါဒမှ အခြားသူများက သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။
သို့သော် အကြောင်းရင်းအမျိုးမျိုးကြောင့် သူသည် ရောက်လာခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ လမ်းညွှန်မှုဖြင့် သူက အနောက်ဘက်သူတော်စင်ဘုံအပြင်ဘက်ရှိ ဗလာနယ်ထဲတွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် နီကျားက အနောက်ဘက်သူတော်စင်ဘုံမှ တွန်းထုတ်ခံရပြီးနောက် ဤနေရာသို့ ရောက်ရှိလာသည်။
သေချာလေ့လာပြီးနောက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ပြောသည့်အတိုင်းပင် နီကျား၏ အခြေအနေက ကောင်းမွန်ခြင်းမရှိကြောင်း ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ အတည်ပြုလိုက်သည်။
ကျင်းကျားသည်လည်း ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓတစ်ပါး ဖြစ်သည်။
သို့တိုင် တန်ခိုးစွမ်းအားချင်းယှဉ်လျှင် လမ်းမှန်တာအိုဝါဒဖြင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့သော နီကျားကို မမီနိုင်ပေ။
ပြင်ပကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် ကျင့်ကြံခြင်းအဆင့်တူညီသည့်တိုင် သူ၏စွမ်းအားက နီကျားထက် များစွာပိုမိုအားနည်းပေသည်။
သို့ပေသိ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓအနေဖြင့် အခွင့်အရေးတစ်ခု ရှိနေသည်။
ယခု နီကျား၏အခြေအနေက တိုက်ခိုက်ရန်ခက်ခဲနေပြီး သူ၏ရတနာပစ္စည်းများကိုလည်း အသုံးပြုနိုင်စွမ်း မရှိတော့ပေ။
သို့သော် နီကျားကို ဝန်းရံထားသည့် ‘ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်’ ကြောင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ အံ့အားသင့်သွားရသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရော ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓပါ ရန်ကျောက်ကဲ၏ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်က ဤမျှအထိ လိုက်လျောညီထွေဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ထိုအစီအရင်၏ ဖိနှိပ်မှုအောက်တွင် နီကျား၏အခြေအနေက ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ ခန့်မှန်းထားသည်ထက် များစွာ ပိုမိုကောင်းမွန်နေသည်။
နီကျားက အနက်ရောင်ချီများ၏ အနှောက်အယှက်ပေးခြင်းကို ခံနေရသော်လည်း သူ၏စိတ်အစဉ်ကို စုစည်းထားနိုင်ဆဲ ဖြစ်သည်။
ထို့ကြောင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓမှာ အချိန်တိုအတွင်း နီကျားကို အနိုင်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။
ထိုအချိန်မှာပင် ရန်ကျောက်ကဲက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၏ လမ်းကြောင်းအတိုင်း လိုက်ပါလာပြီး နီကျားရှိရာသို့ ရောက်ရှိလာသည်။
ရန်ကျောက်ကဲကို မြင်သည်နှင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ၏မျက်နှာက တည်ကြည်လေးနက်သွားသည်။
ရန်ကျောက်ကဲက ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသော်လည်း သူ၏စွမ်းအားကို လူတိုင်းက အသိအမှတ်ပြုထားပြီး ဖြစ်သည်။
လမ်းမှန်ဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့် ပတ္တမြားတံခွန်ဗုဒ္ဓနှင့် အဖြူရောင်ကြာပန်းသုခဘုံမှ တင်းကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓတို့၏ ဖြစ်ရပ်များက ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားကို သက်သေပြနေသည်။
ထို့ကြောင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓသည်လည်း ရန်ကျောက်ကဲကို အထင်မသေးရဲပေ။
ဟုတ်ပေ၏။
ရန်ကျောက်ကဲက သာမန် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး ဖြစ်နေလျှင်တောင်မှ သူက မဟာသူတော်စင်ရွှေခန္ဓာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓအနေဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက သူနှင့် နီကျားကြားမှ ကံကြမ္မာကြွေးကို အဆုံးသတ်လိုစိတ် ပြင်းပြနေသည့်တိုင် ဤအခိုက်အတန့်မှာတော့ နောက်ပြန်ဆုတ်သွားရန် စဉ်းစားလိုက်မိ၏။
ထိုအချိန်မှာပင် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်၌ ကြီးမားသည့် ဗုံကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုဗုံကြီးက အလိုအလျောက် တစ်ချက်ချင်းတီးခတ်နေပြီး ဗုံသံထွက်ပေါ်လာသည်နှင့် လောကတစ်ခုလုံးအား တုန်ခါသွားစေသည်။
“...ကောင်းကင်တက်လှမ်းဗုံ”
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုရတနာပစ္စည်း၏ မူလရင်းမြစ်ကို ချက်ချင်းသိလိုက်သည်။
ထိုဗုံ၏ မူလပိုင်ရှင်က အမတခုံရုံးမှ ဗုံခရာကောင်းကင်ဘုံအရှင်ဖြစ်သည်။
ထိုသူက အဖြူရောင်ကြာပန်းသုခဘုံနှင့် ရင်ဆိုင်ခဲ့ဖူးသည်ဖြစ်ရာ ဤရတနာပစ္စည်းက ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓအတွက် အစိမ်းသက်သက် မဟုတ်ပေ။
ယခု ရန်ကျောက်ကဲလက်ထဲတွင် ကောင်းကင်တက်လှမ်းဗုံကို တွေ့မြင်လိုက်သည့်အခါ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓမှာ သတိကြီးစွာ ထားလိုက်မိသည်။
ထိုရတနာပစ္စည်း၏အသံက မည်မျှအန္တရယ်ကြီးမားကြောင်း သတိပေးချက်တစ်ခုပမာ ဖြစ်နေသည်။
ဗုံသံမြည်ဟည်းလာပြီးနောက် ပတ်ဝန်းကျင်စကြာဝဠာတစ်ခုလုံး ပိတ်လှောင်ခံလိုက်ရသည်။
ကောင်းကင်နတ်ဘုရားအဆင့် အမတမှော်ဝင်ပစ္စည်း၏ သက်ရောက်မှုကြောင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ၏ အားသာချက်များ ဆုံးရှုံးသွားရတော့သည်။
သူက ကောင်းကင်နတ်ဘုရားအဆင့် နက်ရှိုင်းသည့် တန်ခိုးစွမ်းအားကို အသုံးပြုရန် ကြိုးပမ်းသော်လည်း ရန်ကျောက်ကဲ၏ ကြီးမားသောအတားအဆီးကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။
ရန်ကျောက်ကဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ၏ရှေ့သို့ ရောက်ရှိလာပြီး သူ့အား အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်သည်။
ကြီးမားသောလက်ဖဝါးတစ်ဖက် ကျရောက်လာသည်ဖြစ်ရာ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓမှာ အသက်ရှူကြပ်သလို ခံစားလိုက်ရ၏။
သူ လျှပ်တပြက် တွေးလိုက်မိသည်။
“နာမည်နဲ့အညီ တကယ် အစွမ်းထက်တာပဲ”
ယခု သူ နီကျားကို အရေးမစိုက်နိုင်တော့ပေ။
အဖြူရောင်ကြာပလ္လင်ထက်တွင်ထိုင်ရင်း သူ၏ ကိုယ်ပွားပုံစံကို အမြန်ဆုံး အသက်သွင်းလိုက်သည်။
ထိုဗုဒ္ဓကိုယ်ပွားထွက်ပေါ်လာသည်နှင့် အနီရောင်မြွေတစ်ကောင်နှင့် အဝါရောင်မြွေတစ်ကောင် ထွက်ပေါ်လာကာ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားလိုက်သည်။
ထို့နောက် သူ၏လက်ရှစ်ဖက်မှ မတူညီသော အင်းသင်္ကေတများထွက်ပေါ်လာကာ ရန်ကျောက်ကဲအား တပြိုင်တည်း ပစ်လွှတ်တိုက်ခိုက်လိုက်သည်။
ထိုအင်းသင်္ကေတ (၈)ခုတွင် နတ်ဒေဝါ ၊ နဂါး ၊ ယက္ခ ၊ အသူရာ ၊ ဂဠုန် ၊ ကိန္နရာ ၊ ရသေ့ ၊ မဟောရာက ဆိုသော နတ် (၈)ပါး၏ပုံရိပ်များ ဖော်ကျူးထားသည်။
နတ် (၈)ပါး စုစည်းသွားသည်နှင့် ကျင်းကျားက ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်လိုက်သည်။
ထိုအခါ နတ်ဆိုးအားလုံးကို ချုပ်နှောင်နိုင်စွမ်းရှိသည့် ကြီးမားလှသော ဖိအားများ ရုတ်တရက် ဆင်းသက်လာသည်။
သူ၏တိုက်ခိုက်မှုက ပြင်းထန်ခမ်းနားလှသည်ဖြစ်ရာ အဖြူရောင်ကြာပန်းသုခဘုံ၏ စွမ်းအားအကြီးမားဆုံး ကျွမ်းကျင်သူဆိုသော ဂုဏ်ပုဒ်နှင့် အပြည့်အဝ ကိုက်ညီပေသည်။
သို့သော် ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ၏ဦးခေါင်းထက်မှ အမတပန်းပွင့်သရဖူကို ဆင့်ခေါ်လိုက်သည်။
သူ၏ ညာဘက်လက်ဖဝါးက ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး ဘယ်ဘက်လက်ဖဝါးကတော့ ကောင်းကင်ယံသို့ (၉) ကြိမ်ဆက်တိုက် ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲက ကနဦးကောင်းကင် မူလကောင်းကင်ကျမ်းစာ(၃)စောင်ကို ပေါင်းစပ်ဆင့်ခေါ်လိုက်ပြီး မူလဖွင့်လှစ်ခြင်း ပုံစံ (၉)မျိုးရှိသော နတ်ဘုရားလက်ဖဝါး စည်းတံဆိပ်များကို ထုတ်ဖော်လိုက်သည်။
ပထမဆုံး လက်ဖဝါးစည်းတံဆိပ် (၈)ခုက သူ့ထံဝင်ရောက်လာသည့် နတ်မင်း(၈)ပါးကို အလွယ်တကူပင် ရိုက်ချလိုက်သည်။
တစ်ခဏအတွင်းမှာပင် နဂါးအကြေးခွံများ ၊ မြွေအရေခွံများ ၊ ကြာပန်းပွင့်ဖတ်များ ၊ ဖန်အက်ကွဲစများ ၊ ရောင်စုံပိုးထည်များ ပြိုကွဲပျက်ဆီးသွားသည်။
ရန်ကျောက်ကဲ၏ နောက်ဆုံးလက်ဝါးရိုက်ချက်က ပထမဆုံး လက်ဝါးရိုက်ချက် (၈)ခု၏ စွမ်းအားများကို ပေါင်းစည်းပြီး ဗုဒ္ဓကျမ်းစာရွတ်ဆိုနေသည့် ကျင်းကျား၏ကိုယ်ပွားကိုပင် ပေါက်ကွဲထွက်သွားစေသည်။
တစ်ဆက်တည်းပင် သူ၏ ညာဘက်လက်ဖဝါးရိုက်ချက်ကလည်း ဆက်လက်ဝင်ရောက်လာသည်။
ကြီးမားသော လက်ဖဝါးကြီးက လက်ချောင်းငါးချောင်းလုံး ဖြန့်ကားလျှက် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓနှင့် သူ၏ကိုယ်ပွားတို့ကို ဝါးမျိုပစ်လိုက်သည်။
ရန်ကျောက်ကဲ၏ လက်ဖဝါးကြီးက ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ၏ ကိုယ်ပွားထက်ပင် ပိုမိုကြီးမားနေသည်။
သူက ဦးခေါင်း (၄)လုံး ၊ လက် (၈)ဖက်ရှိသော ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ၏ကိုယ်ပွားကို အရုပ်လေးတစ်ရုပ်ပမာ လက်ထဲတွင် ဆုပ်ကိုင်လိုက်၏။