အခန်း ၁၇၀၅
Vol. 122 Ch. 1705
အခန်း (၁၇၀၅) အနိုင်မခံအရှုံးမပေး
ရန်ကျောက်ကဲက ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ’ကျင်းကျား’ ကို ဖမ်းဆီးလိုက်သော်လည်း ချက်ချင်း အသေမသတ်ဘဲ နီကျားထံသို့ ဦးတည်သွားလိုက်သည်။
နီကျားက သူ့ရှေ့မှ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓကို ကြည့်ရင်း စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓမှာ ဒဏ်ရာကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်တိုင် မျက်နှာက ပို၍တည်ငြိမ်နေသည်။
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက သက်ပြင်းချလိုက်ရင်း...
“ဒီနေ့က မင်းနဲ့ငါ့ကြားက ကံကြမ္မာကို အဆုံးသတ်ရမယ့်နေ့ပဲ ၊ အင်း... အခုတော့ ငါ့အသက်ကို အဆုံးသတ်ပေးမယ့်သူက မင်းဖြစ်နေရင်တောင် မင်းကို အဆုံးသတ်ပေးမယ့်သူက ငါ မဟုတ်တော့ဘူး”
ထို့နောက် သူက ခက်ခက်ခဲခဲပင် ရန်ကျောက်ကဲအား လှည့်ကြည့်လိုက်သည်။
"လူငယ်ကောင်းကင်ဘုံအရှင်ရဲ့ ဂုဏ်သတင်းကတော့ တကယ်ပဲ ထိုက်တန်ပါပေတယ်”
သူက ဆိုးလျသည့်လေသံဖြင့်...
“မင်းက နတ်သက်ကြွေဓားသိုင်းလို ပညာရပ်မျိုး တီထွင်ထားလိမ့်မယ်လို့ ထင်မထားမိဘူး ၊ ဒီပညာရပ်အကြောင်းသာ သိထားခဲ့ရင် ဒီနေ့လိုအခြေအနေမျိုးရောက်အောင် ခွင့်ပြုမိမှာ မဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ကောင်းကင်ဘုံရဲ့ကံကြမ္မာက လူတိုင်းအပေါ် အတူတူပဲ ၊ ဘက်မလိုက်ဘူးဆိုတာ တကယ်မှန်ပါတယ် ၊ မင်း ဒီဓားသိုင်းကိုတီထွင်ဖို့ အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရမယ်လို့ ယုံကြည်ပါတယ် ၊ ဒီဓားသိုင်းကိုသာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်လာမယ်ဆိုရင် ငါတို့ အလယ်ပိုင်းသုခဘုံနဲ့ အမတခုံရုံးက ကျင့်ကြံသူတွေအတွက် တကယ့်ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်"
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“ငါ့ရဲ့နတ်သက်ကြွေဓားသိုင်းမရှိရင်တောင် မင်းတို့လမ်းစဉ်က ဘယ်လောက်ထိ ဝေးဝေးသွားနိုင်မှာမို့လို့လဲ”
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက ခေါင်းညိတ်ရင်း...
“စန်းချင်း(၃)ပါး အဆက်အနွယ်တွေက နတ်ဘုရားသုတ်သင်အစီအရင်ကို ရထားတော့ အသက်ရှူချောင်သွားပြီပေါ့ ၊ ဒါကြောင့် မင်းတို့အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေလည်း တဟုန်ထိုးမြင့်တက်လာတာပဲ”
ကျင်းကျားက ကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“အမတခုံရုံးက မင်းတို့တွေ မငြိမ်သက်လုပ်ဖို့ကို အခွင့်အရေး မပေးခဲ့သင့်ဘူး ၊ အဲဒီတုန်းက ငါ့တို့ဘက်ကလည်း အတော်လေး သည်းခံခဲ့မိတယ် ၊ အခုတော့ နောက်ကျသွားပြီ ၊ မင်းတို့အုပ်စုကို လောကစင်မြင့်ပေါ်မှာ နေရာတစ်ခုပေးလိုက်သလို ဖြစ်သွားတယ်”
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက ခေါင်းခါယမ်းလိုက်ရင်း...
“ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် အမတခုံရုံးနဲ့ပူးပေါင်းပြီး မင်းတို့ကို အစောကြီးကတည်းက နှိပ်ကွပ်ပစ်ခဲ့ရမှာ ၊ ဒါဆို ဒီနေ့လိုအဖြစ်မျိုးကို ရှောင်လွှဲနိုင်မှာပဲ ၊ ဒါပေမဲ့ အခုတော့ ဒါတွေပြောနေလို့လည်း အဓိပ္ပါယ် မရှိတော့ပါဘူး”
ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...
“မီလဲ့ကိုယ်တော်က ဒီလိုစကားမျိုးပြောတယ်ဆိုရင် ဘာမှမဖြစ်ပါဘူး ၊ ဒါပေမဲ့ မင်းကတော့ ပြောခွင့်မရှိဘူး ၊ အမတခုံရုံး ၊ အနောက်ဘက်သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေကို ယှဉ်ကြည့်ရင် မင်းတို့အခြေအနေက ဘာမှမဟုတ်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့ ပြင်ကျင့်ကြံသူနည်းလမ်းတွေက အဆင့်နိမ့်ကျင့်ကြံသူတွေကိုတော့ ယုံကြည်အောင်စွမ်းဆောင်နိုင်ပါတယ် ၊ ဒါပေမဲ့ ငါတို့အားလုံး ဒီအဆင့်ထိရောက်နေကြပြီလေ ၊ ဒါက ဘာကိုဆိုလိုတာလဲဆိုတာ အသိဆုံးပဲ မဟုတ်လား”
ထိုစကားကြားသည့်တိုင် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက ဒေါသထွက်ခြင်း မရှိပေ။
သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး...
“အရင်တုန်းက အလယ်ပိုင်းသုခဘုံမှာ အပြောင်းအလဲတွေ အများကြီး ကြုံခဲ့ရတယ် ၊ ဒီအချိန်ထိ ခရီးနှင်လာဖို့ ကံကြမ္မာများစွာ ရင်ဆိုင်ခဲ့ရတယ် ၊ တိုက်ခိုက်စွမ်းရည်နဲ့ ကျင့်စဉ်လမ်းကိုကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် အားနည်းတယ်လို့ ဆုံးဖြတ်လို့ မရဘူး ၊ မဟုတ်ရင် အရင်တုန်းက အရမ်းအားနည်းခဲ့တဲ့ မင်းတို့ စန်းချင်း(၃)ပါး အဆက်အနွယ်တွေ ဒီလောက်ထိ ဘယ်လိုလုပ် ခရီးပေါက်လာမှာလဲ”
ကျင်းကျားက မျက်လုံးများကို မှေးမှိတ်လိုက်ပြီး...
"ဒီနေ့ကတော့ ငါ့ရဲ့ အဆုံးသတ်ပါပဲ"
ထိုအချိန် နီကျားက ဝင်ပြောလိုက်သည်။
“ကျင်းကျား... တော်လောက်ပြီး အပိုတွေ မပြောနဲ့တော့ ၊ မင်းပြောသလိုပဲ... ဒီနေ့က ငါတို့ကံကြမ္မာအဆုံးသတ်ရမယ်ဆိုတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ထို့နောက် သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး...
“မိတ်ဆွေလေး’ရန်’... သူ့ကို နာကျင်မှုမရှိတဲ့ သေခြင်းမျိုး ပေးလိုက်ပါ ၊ ဂုဏ်သိက္ခာမဲ့တဲ့အဆုံးသတ်မျိုး မဖြစ်ပါစေနဲ့”
ရန်ကျောက်ကဲက ကြာဖွင့်ဖြန့်ကျက်ဗုဒ္ဓကို ကြည့်လိုက်ပြီး...
"ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက အခြေအနေကို အခွင့်ကောင်းယူပြီး ငါ့အစ်ကိုကို ဒုက္ခပေးတာမှန်ပေမယ့် သူ့ကို နောက်ဆုံးဂုဏ်ပြုတာလောက်တော့ လုပ်ပေးနိုင်ပါတယ်”
ရန်ကျောက်ကဲ၏ လက်ဖဝါးထက်တွင် မီးတောက်မီးလျှံများ ထိန်းလင်းလာသည်။
ကြာပွင်ဖြန့်ကျက်ဗုဒ္ဓကက မျက်လုံးမှိတ်လျှက် ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုလိုက်သည်။
“မီလဲ့ကိုယ်တော်ကို ကိုးကွယ်ယုံကြည်ပါတယ်”
ထို့နောက် သူ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ တဖြည်းဖြည်းမှေးမှိန်သွားပြီး အသက်ရှူသံ ရပ်တန့်သွားသည်။
သူ၏ တန်ခိုးစွမ်းအား အပိုင်းအစများအားလုံးက ရန်ကျောက်ကဲ၏လက်ဖဝါးထက်မှ မီးတောက်မီးလျှံများဆီသို့ လွင့်ပျံသွားသည်။
ကျင်းကျား၏ရုပ်သွင်က တဖြည်းဖြည်းသေးငယ်သွားပြီး နောက်ဆုံး ပျောက်ကွယ်သွားသည်။ ရန်ကျောက်ကဲလက်ဖဝါးထက်မှ မီးတောက်မီးလျှံများ ငြိမ်သက်သွားသည်နှင့် သရီရဓာတ်တော်တစ်ဆူ ကျန်ရစ်ခဲ့သည်။
ရန်ကျောက်ကဲက ထိုသရီရဓာတ်တော်အား နီကျားထံသို့ ကမ်းပေးလိုက်ရာ နီကျားက စိတ်လှုပ်ရှားစွာဖြင့် လက်ခံယူပြီး သက်ပြင်းချလိုက်သည်။
ရှေးယခင်ကတည်းက လီကျင်းကြောင့် ကျင်းကျားနှင့် မုကျားအပေါ် သူ၏ဆက်ဆံရေးက အေးစက်ခဲ့သည်။ သူတို့ကို အစ်ကိုရင်းဟုခေါ်ဆိုရန်ပင် ခက်ခဲခဲ့၏။
နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် သူတို့အားလုံး အသက်ဘေးကင်းလွတ်ခဲ့ကြပြီး အချိန်ကာလ ရွေ့လျားလာသည်နှင့်အမျှ သူတို့ကြားမှ မကျေနပ်ချက်များနှင့် ပဋိပက္ခများသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
မဟာကပ်ဘေးမတိုင်ခင်မှာပင် ကျင်းကျားက အဖြူရောင်ကြာပန်းသုခဘုံသို့ ဝင်ရောက်သွားခဲ့သော်လည်း မဟာကပ်ဘေးကာလတွင် သူက တာအိုဝါဒ၏ကိစ္စများနှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။
မုကျားမှာလည်း ကွမ်ယင်ဗောဓိသတ္တနှင့် ဖူရှန်ဗောဓိသတ္တတို့ထံတွင် ရှိနေခဲ့ပြီး မဟာကပ်ဘေးကြီးတွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် နီကျားက ကျင်းကျားနှင့် မုကျားကို မုန်းတီးခြင်းမရှိဘဲ လီကျင်းနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကိုသာ အလွန်အမင်း မုန်းတီးခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့်ပင် နောက်ဆုံးမှာတော့ သူတို့နှစ်ဆက်စပ်နေသည့်ကံကြမ္မာကို သူကိုယ်တိုင် အဆုံးသတ်ပေးလိုက်ရသည်။
မုကျားနှင့် လီကျင်း၏ သားအဖသံယောဇဉ်က အလွန်နက်ရှိုင်းသည်။
နီကျားက လီကျင်းကိုသတ်လိုက်သည်ဖြစ်ရာ သူတို့နှစ်ယောက်မှာ ဘယ်သောအခါမှ သင့်မြတ်နိုင်တော့မည် မဟုတ်ပေ။
ကျင်းကျားကတော့ လီကျင်းနှင့် မုကျားတို့ထံမှ စောစီးစွာ လမ်းခွဲထွက်သွားသော်လည်း သူတို့က ဂိုဏ်းဂဏအုပ်စုဆိုင်ရာ ရန်သူများ ဖြစ်လာကြသည်။
ထို့ကြောင့် သူတို့ကြားမှတိုက်ပွဲက ရှောင်လွှဲမရသော ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
နီကျားကတော့ ဤဖြစ်ရပ်တစ်ခုလုံးနှင့်ပတ်သက်ပြီး စိတ်ရှုပ်ထွေးစွာ ခံစားနေရလေသည်။
ရန်ကျောက်ကဲက နီကျားဘေးသို့ရောက်လာပြီး ကျောပြင်ကို လက်ဖဝါးဖြင့် ဖိကပ်လိုက်သည်။
ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် လည်ပတ်နေသည်နှင့်အမျှ နီကျားကိုဝန်းရံထားသော အနက်ရောင်မိစ္ဆာချီများ တဖြည်းဖြည်းလျော့ပါးသွားသည်။
ရန်ကျောက်ကဲက...
“အစ်ကို’နီကျား’... စိတ်အေးအေးထားပါ ၊ နတ်ဆိုးတွေ ငါတို့ကို ဘာမှလုပ်လို့မရပါဘူး”
"အင်း..."
နီကျားခေါင်းညိတ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ကြိုးစားကာ ဗလာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်လိုက်လျှက် ရန်ကျောက်ကဲ၏ အကူအညီဖြင့် မူလစိတ်ဝိညာဉ်နတ်ဆိုး၏လှည့်စားမှုကို ခုခံလိုက်သည်။
ထို့နောက် နီကျားက...
"အနောက်ဘက်သူတော်စင်ဘုံက ငါတို့ကို သူ့နယ်မြေထဲက မောင်းထုတ်လိုက်ပြီဆိုတော့... ဒီနေရာမှာ ငါတို့ကို ဒုက္ခပေးဖို့စောင့်နေတာ ကျင်းကျားတစ်ယောက်တည်း မဟုတ်လောက်ဘူး”
သူက ထပ်ပြောလိုက်သည်။
"မူလစိတ်ဝိညာဉ်နတ်ဆိုးက ငါ့ကို ကြံစည်နေတာဆိုတော့ ငရဲကိုးထပ်က နတ်ဆိုးတွေလည်း ဒီနားတဝိုက်မှာ အလစ်တိုက်ခိုက်ဖို့ ပြင်ဆင်ထားမှာပဲ”
ငရဲကိုးထပ်နှင့် အနောက်ဘက်သူတော်စင်ဘုံတို့၏ အပေးအယူမှာ 'ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်'ကို အနောက်ဘက်သူတော်စင်ဘုံထံ အရောက်ပို့ပေးရန် ဖြစ်သည်။
ငရဲကိုးထပ်က သူတို့၏ ကတိကဝတ်ကို တည်ရမည် ဖြစ်သည်။
ငရဲကိုးထပ်တွင် ဆင်စွယ်ရောင်တိမ်တိုက်အလံ ရှိနှင့်ပြီးဖြစ်သည်။
ပြီးတော့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ထိန်းချုပ်နိုင်သည့် နတ်ဆိုးပင်လယ်ရေကိုလည်း ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် အနောက်ဘက်သူတော်စင်ဘုံသို့ ဤအလံကို ပို့ဆောင်ပေးခြင်းမှာ ငရဲကိုးထပ်၏ အကျိုးအမြတ်ကို မထိခိုက်ပေ။
သို့ပေသိ နားရွက်ခြောက်ဖက်မျောက်ကဲ့သို့ တတိယမင်းသား’နီကျား’ ထံမှ ကြာပန်းနတ်ဆိုးသခင် ထွက်ပေါ်လာစေရန် အခွင့်အရေးရရှိမည်ဆိုပါက ၊ ငရဲကိုးထပ်က ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
ဤကိစ္စနှင့်ပတ်သက်ပြီး နီကျားမှာလည်း အတော်လေး မချိတင်ကဲ ဖြစ်နေမိသည်။
သူနှင့် တန်ခိုးစွမ်းအားတူညီသည့် နတ်ဆိုးသခင်တစ်ပါး ထွက်ပေါ်လာခြင်းက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နှင့် ယှဉ်ပြိုင်နိုင်သည့် လက်နက်တစ်ခု ထွက်ပေါ်လာခြင်းသာ ဖြစ်ပေသည်။
ထို့ကြောင့် ဤအပေးအယူက ငရဲကိုးထပ်အတွက် အလွန်ပင် ကျေနပ်စရာကောင်းသည်။
နီကျားကဲ့သို့သော စွမ်းအားဖြင့်ဆိုလျှင် အနောက်ဘက်သူတော်စင်ဘုံကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ပင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိသည် မဟုတ်လား။
ငရဲကိုးထပ်ကသာ နီကျား၏ ကိုယ်တွင်းမိစ္ဆာကိုအသုံးပြုပြီး မဟာနတ်ဆိုးတစ်ပါး ဖန်တီးနိုင်ပါက နောင်တစ်ချိန်တွင် ထိုနတ်ဆိုးက နီကျားကိုပင် ဖိနှိပ်နိုင်သည့် မိစ္ဆာစွမ်းအားကိုပင် ပိုင်ဆိုင်လာနိုင်သည်။
နီကျား၏ခန္ဓာကိုယ်ထဲတွင်ရှိနေသော မိစ္ဆာချီနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များက ယခင်က မရှိဖူးလောက်အောင် များပြားလှသည်။
ထို့ကြောင့် သူ၏ကိုယ်တွင်းမိစ္ဆာမှ မွေးဖွားလာမည့် မဟာနတ်ဆိုးမှာ နီကျားကိုယ်တိုင်ထက်ပင် ပိုမိုအစွမ်းထက်နေပေလိမ့်မည်။
သို့သော် ရန်ကျောက်ကဲနှင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် ရှိနေသောကြောင့် ငရဲကိုးထပ်၏ အကြံအစည် ပျက်ပြားသွားခဲ့ရသည်။
သို့ရာတွင် ရန်သူများက အချိန်မရွေး ဝင်ရောက်တိုက်ခိုက်လာနိုင်ခြေရှိ၏။
ယခုပင် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ တိုက်ခိုက်လာသည်ဖြစ်ရာ ပတ်ဝန်းကျင်တွင် အခြားသောနတ်ဆိုးများရှိနေမည်ကို နီကျားက စိုးရိမ်ပူပန်ခဲ့သည်။
ရန်ကျောက်ကဲက မသိမသာပြုံးလိုက်ပြီး...
"ဒီစကြဝဠာထဲမှာ မဟာနတ်ဆိုးတွေ ကျက်စားနေတာတော့ အမှန်ပါပဲ"
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဖန်းယွင်ရှန်းနဲ့ အခြားသူတွေက အနောက်ဘက်သူတော်စင်ဘုံ အပြင်ဘက်မှာ စောင့်ကြပ်နေတာဆိုတော့ သိပ်တော့ စိတ်ပူစရာမရှိပါဘူး”
ဖန်းယွင်ရှန်း၏ နတ်ဆိုးများကို အာရုံခံနိုင်စွမ်းက အခြားသူများထက် ပိုမိုထက်မြက်သည်။
ငရဲကိုးထပ်မှ နတ်ဆိုးများက အုပ်စုနှစ်စုခွဲကာ လှုပ်ရှားနေကြသည်။
ပထမအုပ်စုက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖွေနေကြပြီး ဒုတိယအုပ်စုကတော့ ဤနေရာတွင် တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သို့သော် သူတို့အတွက် ဖန်းယွင်ရှန်း၏ ခံစစ်စည်းကို ထိုးဖောက်ထွက်ရန်မှာ မလွယ်ကူလှပေ။
နီကျားက အနောက်ဘက်သူတော်စင်ဘုံရှိရာသို့ လှမ်းကြည့်ရင်း စကားဆိုလိုက်သည်။
“ဒီတစ်ခါတော့ မင်းနဲ့ တာအိုရောင်းရင်း’ဖန်း’ ကို ကျေးဇူးအများကြီးတင်ပါတယ်”
သူက ဆက်ပြောလိုက်သည်။
“ကံမကောင်းတာက.... ငါ ယုံကြည်မှုအပြည့် ရှိခဲ့တာတောင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အဆုံးသတ်ပစ်ဖို့ မအောင်မြင်ခဲ့ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကိစ္စမရှိပါဘူး ၊ ဒီစိန်ခေါ်ပွဲက အခုထိ အဖြေမထွက်သေးဘူးလေ ၊ တကယ့်တိုက်ပွဲအစစ်အမှန်က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်အတွက် တိုက်ပွဲပဲ ဖြစ်ပါလိမ့်မယ်”