← Chapters

အခန်း ၁၇၀၆

Vol. 122 Ch. 1706

အခန်း ၁၇၀၆

Vol. 122 Ch. 1706

အခန်း (၁၇၀၆) ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်

“သတိပေးတာ ကျေးဇူးတင်ပါတယ် ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်အတွက်တော့ ငါတို့ ကြိုတင်ပြင်ဆင်ထားပြီးသားပါ ၊ ဆရာနဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်က ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေကြတယ် ၊ အနောက်ဘက်သူတော်စင်ဘုံနဲ့ ငရဲကိုးထပ်တို့ လှုပ်ရှားလာရင် ငါတို့ အချိန်မီတုံ့ပြန်နိုင်မှာပါ”

နီကျားက စကားဆိုလိုက်သည်။

နီကျား အနောက်ဘက်သူတော်စင်ဘုံသို့ဝင်ရောက်ပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စိန်ခေါ်ရန် မသွားရောက်မီကပင် ရန်ကျောက်ကဲက ဤသို့သောဖြစ်နိုင်ခြေများကို ထိုက်ယီကျန်းရန်နှင့်အတူ ကြိုတင်ခန့်မှန်း ဆွေးနွေးထားခဲ့သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အလွန်ပါးနပ်သူ ဖြစ်သည်။

ပိုင်ရှုန်းကိုယ်တော် သေဆုံးသွားသည့် အကြောင်းရင်းတစ်ခုတည်းဖြင့် သူက နီကျား၏စိန်ခေါ်ခြင်းကို လက်ခံလိုက်ခြင်း မဟုတ်နိုင်ပေ။

ရန်ကျောက်ကဲက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ နေရာတွင် ကိုယ့်ကိုယ်ကိုယ် အစားထိုးပြီး တွေးတောကြည့်လိုက်ရာ ၊ ရှေးဟောင်းဗုဒ္ဓအနေဖြင့် ဤတိုက်ပွဲမှ အကျိုးအမြတ်များပိုမိုရရှိရန်နှင့် အခြားသော အကြံအစည်များလည်း ရှိနေမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

မဟုတ်ပါက နီကျား၏ စိန်ခေါ်မှုကို လက်ခံခြင်းမှာ အကျိုးအမြန်နည်းပါးပြီး အန္တရယ်ပိုမိုများပြားသည်ဖြစ်ရာ ရှေးဟောင်းဗုဒ္ဓအတွက် မတန်သောကိစ္စတစ်ခု ဖြစ်နေပေလိမ့်မည်။

ဟုတ်ပေ၏။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတွင် ရွေးချယ်စရာများစွာ ရှိသည်မှန်သော်လည်း အရေးကြီးသည့်အချက်မှာ အနောက်ဘက်သူတော်စင်ဘုံက စကြာမုနိသရီရဓာတ်တော်ကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

သရီရဓာတ်တော်က နတ်မိစ္ဆာမျိုးနွယ်တို့လက်သို့ ရောက်သွားရုံသာမက အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် ကြာပန်းစိမ်းရတနာအလံကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

မဟာမာရူယိက စကြာမုနိသရီရဓာတ်တော်နောက်သို့လိုက်နေသည်ဖြစ်ရာ ဤသည်က သူတို့အတွက် သည်းခံမရနိုင်သော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။

သို့ဖြစ်ရာ အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် ဆုံးရှုံးမှုနည်းပါးစေရန်နှင့် နောက်တွင် ဖြစ်ပေါ်လာမည့် အခက်အခဲများကိုဖြေရှင်းရန် အရေးပေါ် နည်းလမ်းရှာရမည်မှာ သေချာသည်။

ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို မျက်စိကျနိုင်ခြေရှိကြောင်း ရန်ကျောက်ကဲ စဉ်းစားမိသည်။

ယန်ကျန်းက နီကျားနှင့်အတူ အနောက်ဘက်သူတော်စင်ဘုံသို့လိုက်ပါရန် တာဝန်ယူခဲ့ပြီး တောင်ပိုင်းချန်စန်းဧကရာဇ်က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖွေရန် တာဝန်ယူခဲ့သည်။

ထို့ပြင် ရန်ကျောက်ကဲက ထိုက်ယီကျန်းရန်အား တောင်ပိုင်းချန်စန်းဧကရာဇ်နှင့်ပူးပေါင်းပြီး အဆင်သင့်ပြင်ထားရန် တိုက်တွန်းခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ပေါ်ထွက်လာပါက ကူညီပေးနိုင်ရန်အတွက် လမ်းမှန်တာအိုဝါဒမှ အခြားသော ထိပ်တန်းပုဂ္ဂိုလ်များကိုလည်း ဆက်သွယ်ထားခဲ့၏။

ရန်ကျောက်ကဲ ၊ ရန်တိ ၊ ယန်ကျန်းနှင့် နီကျားတို့က အနောက်ဘက်သူတော်စင်ဘုံသို့ ဝင်ရောက်ခဲ့ကြပြီး ဖန်းယွင်ရှန်းကတော့ အပြင်ဘက်တွင် စောင့်ကြပ်နေခဲ့သည်။

ထိုအချိန်က အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် အင်အားစုများကို မည်သို့ လျှို့ဝှက်စွာ ခွဲထုတ်ထားမည် သို့မဟုတ် မည်သည့်ပြင်ပအကူအညီများကို ရှာဖွေထားမည်ကို သေချာခြင်း မရှိခဲ့သေးပေ။

မည်သို့ပင်ဖြစ်စေ လမ်းမှန်တာအိုဝါဒကတော့ ဘယ်လိုအခြေအနေမျိုးမဆို ရင်ဆိုင်နိုင်ရန် စနစ်တကျ စီစဉ်ထားပြီးဖြစ်သည်။

အနောက်ဘက်သူတော်စင်ဘုံမှ ဖိအားဖြင့် တွန်းထုတ်မခံရမီ အချိန်လေးမှာပင် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းအား ဆက်သွယ်အကြောင်းကြားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် မဟာနတ်ဆိုးကြီးများက ပတ်ဝန်းကျင်တွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် ဖန်းယွင်ရှန်းက သူတို့အား ကြားဖြတ်တားဆီးနိုင်ခဲ့သဖြင့် နတ်ဆိုးအုပ်စု အကျအဆုံးများခဲ့ရသည်။

တစ်ချိန်တည်းမှာပင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ အဓိကပစ်မှတ်မှာ အမှန်တကယ်ပင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ဖြစ်ကြောင်း ဖန်းယွင်ရှန်းထံမှ သိရှိခဲ့ရသည်။

အနောက်ဘက်သူတော်စင်ဘုံမှာ လမ်းမှန်တာအိုဝါဒ၏ ဖိအားပေးခြင်းကို ရင်ဆိုင်နေရပြီး နတ်မိစ္ဆာမျိုးနွယ်များကိုလည်း စိုးရိမ်နေရသဖြင့် လူအင်အား မလောက်မငှ ဖြစ်ခဲ့ရသည်။

သို့သော် သူတို့က အပြင်ပန်း ဟန်ပြလုပ်ဆောင်ချက်များကို ပြသထားပြီး အမှောင်ထဲမှ တိတ်တဆိတ် လျှို့ဝှက်ကြံစည်နေခြင်းသာ ဖြစ်သည်။

အနောက်ဘက်သူတော်စင်ဘုံက ငရဲကိုးထပ်မှ နတ်ဆိုးများကို အသုံးချကာ အပေးအယူပြုလုပ်ပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖွေစေခဲ့သည်။

ထို့ကြောင့်ပင် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်းပင် ထိုက်ယီကျန်းရန်က အခြေအနေကို အခွင့်ကောင်းယူကာ ရန်သူကို အခွင့်အရေးမပေးဘဲ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရရှိရန်အတွက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

နီကျားက ခေါင်းညိတ်လိုက်ပြီး...

“ဟုတ်တယ် ၊ အဲဒီအဘိုးကြီးအတွက် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က အရေးအကြီးဆုံးပဲ ၊ ငါတို့ တာအိုဝါဒကသာ အဲဒီအလံကို ပြန်ယူနိုင်မယ်ဆိုရင် ဒီတိုက်ပွဲမှာ ငါတို့နိုင်ပြီလို့ ပြောလို့ရတယ် ၊ ဒီလူလည်ကြီး ဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူး ၊ နောက်ပိုင်းကျ နတ်မိစ္ဆာမျိုးနွယ်တွေက စကြာမုနိသရီရဓာတ်တော်ကို သုံးပြီး ခုန်ရွှမ်းကို သူတို့ဘက်ပါအောင် ဆွဲဆောင်ရင်တောင်မှ ငါတို့လက်ထဲမှာ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နဲ့ ကြာပန်းစိမ်းရတနာအလံ ရှိနေတာပဲ ၊ ဘာမှ စိုးရိမ်စရာမလိုတော့ဘူး ၊ အဲဒီအခါကျ အဲဒီအဘိုးကြီး ဘာဆက်လုပ်မလဲ ကြည့်သေးတာပေါ့”

သူက အနည်းငယ် နမြောတသဖြစ်ဟန်ဖြင့်...

"ဒါပေမဲ့ စိတ်မကောင်းတာက ငါ သူ့ကို မသတ်နိုင်ခဲ့ဘူး ၊ မူလစိတ်ဝိညာဉ်နတ်ဆိုးက ကြားဝင်လာတော့ ငါ အလစ်အငိုက် မိသွားတယ်"

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ အကြံအစည်တွေရှိနေမယ်လို့ ခန့်မှန်းထားပေမယ့် မူလစိတ်ဝိညာဉ်နတ်ဆိုးက နားရွက်ခြောက်ဖက်မျောက် ဖြစ်စဉ်မျိုးကို ထပ်လုပ်လိမ့်မယ်လို့တော့ မထင်ထားမိဘူး"

သူက ပြုံးရင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ဒီအကြောင်းကို သိပ်ပြီးစိတ်ထဲမထားပါနဲ့ ၊ ယန်ကျန်းကိုယ်တိုင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို တိုက်ခိုက်နေပြီဆိုတော့... သူ အတော်လေး ဒုက္ခရောက်နေလောက်ပြီ ၊ ကြည့်ရတာ နောက်ဆုံးမှာ အော်မီတော်ဖော်ဗုဒ္ဓကိုယ်တိုင် ဝင်ပါရမယ်ထင်တယ်”

ထိုစကားကိုကြားတော့ နီကျားက အနည်းငယ် မကျေမနပ်ဖြစ်နေသေးသည့်တိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒီမိစ္ဆာကောင်းကိုသာ သုတ်သင်နိုင်ခဲ့ရင် ငါ့ရင်ထဲကဒေါသတွေ ပြေပျောက်သွားမှာ”

ထိုးစကားကြားတော့ ရန်ကျောက်ကဲ ပြုံးလိုက်မိသည်။

နီကျားက အတွေ့အကြုံရင့်ကျက်သူတစ်ယောက် ဖြစ်သော်လည်း ကောလဟလများအတိုင်းပင် သူ၏စရိုက်ကတော့ ပြောင်းလဲခြင်းမရှိပေ။

နှစ်ယောက်သား စကားလက်စုံကျနေရင်း ရန်ကျောက်ကဲက တစ်စုံတစ်ခု စဉ်းစားမိပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။

နီကျားက...

“ဘာဖြစ်လို့လဲ”

ရန်ကျောက်ကဲက...

"ထိုက်ယီကျန်းရန်၊ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ တခြားသူတွေ ငရဲကိုးထပ်က မဟာနတ်ဆိုးတွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရတယ် ၊ တိုက်ပွဲကအချိန်ကြာသွားလို့ သတင်းပျံ့နှံ့သွားပြီး နတ်မိစ္ဆာမျိုးနွယ်တွေကိုပါ သတိပေးလိုက်သလို ဖြစ်သွားပြီ”

သူက ဆက်ပြောလိုက်သည်။

“အခု ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်အတွက် တိုက်ပွဲမှာ လူတွေ ပိုများလာပြီး အခြေအနေက ပိုပြီး ရှုပ်ထွေးလာတော့မယ်"

နီကျားက နှာမှုတ်လိုက်ရင်း…

“ငါ ခဏနေရင် သက်သာသွားမှာပါ ၊ အဲဒီကျမှ အတူတူသွားကြတာပေါ့”

ရန်ကျောက်ကဲက...

“ဒါပေမဲ့ မင်း သတိထားဖို့တော့လိုတယ် ၊ မူလစိတ်ဝိညာဉ်နတ်ဆိုးက မင်းကို မျက်ခြေမပြတ် စောင့်ကြည့်နေမှာ သေချာတယ်”

နီကျားက...

“စိတ်မပူပါနဲ့ ၊ ဒီတစ်ခါတော့ ငါ သတိအပြည့်ရှိပါတယ် ၊ သူ ငါ့ကို လွယ်လွယ်နဲ့ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”

နီကျားက အကူအညီပေးလိုစိတ် ပြင်းပြနေသည်။

သူကိုယ်တိုင်လည်း မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ချင်နေပြီဖြစ်သည်။

မကြာမီပင် ရန်ကျောက်ကဲ၏ အကူအညီဖြင့် နီကျားက ပတ်ဝန်းကျင်မှ မိစ္ဆာချီများကို ဖယ်ရှားနိုင်ခဲ့ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ထို့နောက် သူတို့နှစ်ယောက်‌ နေရာမှ ထွက်ခွာသွားလေသည်။

နီကျား ပြန်ကောင်းလာသည့်တိုင် ရန်ကျောက်ကဲမှာ ဖခင်ဖြစ်သူ ရန်တိနှင့် ယခုထိ အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်ပူပန်နေရသည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲနှင့် မတွေ့ဆုံသေးဘဲ အနောက်ဘက်သူ‌‌တော်စင်ဘုံအပြင်ဘက်တွင် ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

သူမက ယန်ကျန်းကို စောင့်နေရင်း အနောက်ဘက်သူ‌တော်စင်ဘုံမှ လွင့်ထွက်လာသည့် ရန်တိအား အနီးအနားတွင် လိုက်လံရှာဖွေနေသည်။

ရန်ကျောက်ကဲနှင့် နီကျားတို့ကတော့ အတူတူခရီးဆက်ခဲ့ကြသည်။

နီကျားကလည်း ဆရာဖြစ်သူ ထိုက်ယီကျန်းရန်နှင့် အဆက်အသွယ်ရရန် ကြိုးပမ်းနေသည်။

မကြာမီမှာပင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်အတွက် တိုက်ပွဲက ပိုမိုရှုပ်ထွေးလာပြီဖြစ်ကြောင်း သတင်းရောက်ရှိလာသည်။

ယန်ကျန်းကတော့ အနောက်ဘက်သူတော်စင်ဘုံတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ထိန်းထားဆဲ ဖြစ်သည်။ အော်မီတော်ဖော်နှင့် မဟာမာရူယိမှလွဲ၍ သူတော်စင်ဘုံတွင် သူတို့တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ဝံ့သူ မရှိကြပေ။

ထို့ကြောင့် အနောက်ဘက်သူတော်စင်ဘုံတွင် ကျန်ရှိနေသည့် အခြားသောဗုဒ္ဓများက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို လုယူရန်အတွက် အင်အားအလုံးအရင်းဖြင့် ထွက်ခွာသွားကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့၏ရည်ရွယ်ချက်က ပေါ်ပေါက်သွားခဲ့ပြီဖြစ်ရာ ဖုံးကွယ်မနေတော့ဘဲ အနိုင်ရရှိရေးအတွက် အင်အားရှိသမျှ အကုန်ထုတ်သုံးခြင်းသာ ဖြစ်သည်။

လျှို့ဝှက်စွာ စီစဉ်ခဲ့သည့် အကြံအစည်များက ယခုတော့ စစ်ပွဲတစ်ခုဆီသို့ ဦးတည်သွားပေပြီ။

ခရီးနှင်ရင်း နီကျားက သက်ပြင်းချလိုက်သည်။

"ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ပျောက်ဆုံးနေတာ ကြာလှပြီ ၊ အခုလိုမျိုး ပြန်ထွက်ပေါ်လာမယ်လို့ ထင်မထားမိဘူး”

သူက ဆက်ပြောလိုက်သည်။

“ဆရာဦးလေးကျန်းက ရုတ်တရက် ပျောက်သွားခဲ့တာ ၊ သူ ဆုံးပါးသွားပြီလား ၊ ဘယ်သူတွေ သူ့ကို ကြံစည်လိုက်ကြလဲဆိုတာ အခုထိ မသိရသေးဘူး ၊ ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် မပျက်ဆီးသေးဘူးဆိုရင်တော့ အကောင်းဆုံးပေါ့”

ရန်‌ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ဒီလောကကြီးရဲ့ အရာရာတိုင်းမှာ ဆန့်ကျင်ဘက်တွေ ရှိစမြဲပဲ ၊ ဘာကိုမှ အကြွင်းမဲ့တွေးထားလို့မရဘူး”

နီကျားက မျက်ခုံးများတွန့်ချိုးလိုက်ပြီး...

"ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က ခံစစ်စွမ်းအား အရမ်းကောင်းတယ် ၊ ဒါပေမဲ့ သူ့ရဲ့တည်နေရာကို ဘယ်သူမှ မသိကြတာ ကြာလှပြီ ၊ အတည်ပြုချက်အရတော့ ဆရာဦးလေးကျန်း ကပ်ဘေးတစ်ခုနဲ့ ကြုံခဲ့ရတယ် ၊ တစ်ယောက်ယောက်က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ရဲ့ ခံစစ်စည်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ပုံပဲ ၊ ဒါပေမဲ့ ဆရာဦးလေးကျန်းကိုတော့ မဖမ်းမိခဲ့ဘူး ၊ ဆရာဦးလေးကျန်းက ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးသွားတယ် ၊ နောက်ပိုင်းမှ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တာ”

သူက ဆက်ပြောလိုက်သည်။

"ငရဲကိုးထပ်ရဲ့နတ်ဆိုးပင်လယ်ရေက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ညစ်ညမ်းစေနိုင်တယ်ဆိုပေမယ့်... သူတို့လည်း ဒီအလံရှည်ကိုရှာဖို့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓဆီက သဲလွန်စတွေကိုပဲ အားကိုးခဲ့ရတာ ၊ ဒီတော့ ဆရာဦးလေးကျန်းကို သူတို့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး ၊ ဒါပေမဲ့ ခုန်ရွှမ်းတောင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ဘူး ၊ ဆိုတော့... ဒီကိစ္စမှာ တာအိုအဓိပတိတစ်ပါး ပါဝင်ပတ်သက်နေမယ်ထင်တယ် ၊ ဒါဆိုရင် ဘယ်သူလုပ်ခဲ့တာ ဖြစ်နိုင်မလဲ”

All Chapters