အခန်း ၁၇၀၈
Vol. 122 Ch. 1708
အခန်း (၁၇၀၈) လက်စားချေဖို့ကိုပဲ ရှာဖွေမယ်
ချွိစု၏ စကားကိုကြာတော့ ရောက်လာသည့်ဗုဒ္ဓက သက်ပြင်းချလိုက်သည်။
“ငါ ဒီကိုလာတာ ဘိုးဘေးဗုဒ္ဓရဲ့ အမိန့်ကြောင့်ပါ ၊ ကျေးဇူးပြုပြီး နောက်တစ်ခါ ထပ်စဉ်းစားပေးစေချင်ပါတယ်”
ချွိစုက...
"ဒီနေ့ရက်ကိုပဲ ကျွန်တော် မျှော်လင့်နေခဲ့တာပါ ၊ နေ့ရောညပါ ဒီအကြောင်းပဲ တွေးနေခဲ့တာမို့ ဘယ်လိုမှ ရပ်တန့်လို့ မရတော့ဘူး ၊ အတော်လည်း စဉ်းစားပြီးပါပြီ”
သူက ဆက်ပြောလိုက်သည်။
"ကျွန်တော့်ဆရာအတွက် လက်စားချေဖို့က ကျွန်တော့်ရဲ့ တာဝန်ပဲ"
သူ၏ဆရာဖြစ်သူ ဓားဗုဒ္ဓမှာ လွန်ခဲ့သော နှစ်ပေါင်း (၄၀၀)ခန့်က နတ်ဘုရားထောင်ချောက်ဓားကို ရှာဖွေရန်အတွက် ကျောက်စိမ်းစမ်းချောင်းကမ္ဘာသို့သွားရောက်စဉ် ရန်ကျောက်ကဲတို့အုပ်စုလက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ချွိစုကိုယ်တိုင်လည်း ထိုနေရာတွင် ရှိနေခဲ့ပြီး သူ့မျက်စိရှေ့တွင် ဓားဗုဒ္ဓ သေဆုံးသည်ကို မည်သို့မှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။
နောက်ပိုင်း ရန်ကျောက်ကဲ နတ်ဘုရားသုတ်သင်ဓားကို ရှာဖွေချိန် ချွိစုနှင့် တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရပြန်သည်။
ထိုအချိန်မှစ၍ ချွိစုက အဖြူရောင်ကြာပန်းသုခဘုံတွင်သာ နေထိုင်ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ကြား တိုက်ပွဲတွင်လည်း သိပ်ပြီးပါဝင်ခြင်း မရှိတော့ပေ။
သူ့ရှေ့မှဗုဒ္ဓက သက်ပြင်းချလိုက်ရင်း...
"ဘာလို့များ ဒီလောက်တောင် ခေါင်းမာနေရတာလဲ"
ချွိစုက အေးစက်သည့်လေသံဖြင့်...
"ကျွန်တော်က ဆရာ့ရဲ့ တပည့်ပဲလေ"
ဤစကားတွင် အဓိပ္ပာယ်နှစ်မျိုး ပါဝင်သည်။
ဓားဗုဒ္ဓက သူ၏ဆရာဖြစ်ရုံသာမက ဆရာတပည့်နှစ်ယောက်လုံးက ရန်သူကို အနိုင်မခံ အရှုံးမပေးတတ်သည့် ခေါင်းမာသောစရိုက်ကိုပိုင်ဆိုင်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။
ယခင်က ဓားဗုဒ္ဓက ဓားသိုင်းပညာ ရှာဖွေလေ့လာရာတွင် ဘဝတစ်ခုလုံး မြှုပ်နှံခဲ့သူဖြစ်ပြီး နောက်ဆုံး ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။
ချွိစုက ငြိမ်သက်အေးဆေးတတတ်သူ ဖြစ်သော်လည်း အချို့ကိစ္စရပ်များမှာတော့ ဓားဗုဒ္ဓကဲ့သို့ပင် ခေါင်းမာတတ်သည်။
ဆရာတပည့်နှစ်ယောက်လုံး လျှောက်လှမ်းခဲ့သော သိုင်းလမ်းစဉ်မှာ ဗုဒ္ဓဘာသာမူဝါဒဖြစ်သည့် လောဘ ၊ ဒေါသ ၊ မောဟတို့ ကင်းဝေးရာနှင့် ဆန့်ကျင်နေသည်။
သူတို့က ကျင့်ကြံခြင်းအဆင့်မြင့်မားကြသည့်တိုင် ဗုဒ္ဓဘာသာကျင့်ကြံသူများအမြင်မှာတော့ ပုံမှန်မဟုတ်သူများအဖြစ် သတ်မှတ်ခံထားရသည်။
သိုသော် ထိုသို့သော စရိုက်လက္ခဏာများကြောင့်ပင် သူတို့၏ဓားသိုင်း ထွက်ပေါ်လာရခြင်း ဖြစ်သည်။
ဤဓားသိုင်း၏ ရှုပ်ထွေးနက်နဲမှုက လောကတစ်ခွင့်ကို အံ့အားသင့်စေခဲ့ပြီး ဓားကွက်လှုပ်ရှားမှုများကို မည်သူမှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
ရောက်ရှိလာသည့်ဗုဒ္ဓက...
“မင်းရဲ့ဆရာအတွက် လက်စားချေချင်တယ်ဆိုတာ သိပါတယ် ၊ ဒါပေမဲ့ စန်းချင်း (၃)ပါး အဆက်အနွယ်တွေက အရင်လို မဟုတ်တော့ဘူး ၊ သူတို့ကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ် ၊ တကယ်လို့ သူတို့သာ ပုန်းကွယ်နေမယ်ဆိုရင် မင်း ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ယန်ကျန်း ၊ စောမင်ကျန့်နဲ့ ဖန်းယွင်ရှန်းတို့ကို အသာထားလိုက်ဦး ၊ အခုဆို စန်းချင်း (၃)ပါး အဆက်အနွယ်ထဲမှာ ကြာပန်းပင်လယ်သုံးစင်းအရှင်’နီကျား’ တောင် ရှိနေပြီ”
ချွိစုကို နားချနေသည့် ထိုဗုဒ္ဓက ရန်ကျောက်ကဲတို့အုပ်စုတွင် ချွိစုကို တားဆီးနိုင်မည့် တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင် များစွာရှိနေကြောင်း ထည့်ပြောသွားသည်။
သို့သော် သူက ရန်ကျောက်ကဲတွင် ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်ပုံစံကို ဆင့်နေခါ်နိုင်သည့် မဟာသူတော်စင်ရွှေခန္ဓာ ပိုင်ဆိုင်ထားကြောင်းကိုတော့ လုံးဝ ထည့်မပြောခဲ့ပေ။
သူမပြောသည့်တိုင် ချွိစု ကောင်းစွာသိရှိပြီးသား ဖြစ်ပေသည်။
သူ မပြောခဲ့ခြင်းမှာ ချွိစုကို ပို၍ အားနာစရာ ဖြစ်စေမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
သို့တိုင် ထိုဗုဒ္ဓရှေ့တွင်ရှိနေသည့် လူငယ်လေးမှာ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သလို တည်ငြိမ်နေဆဲ ဖြစ်သည်။
ခဏမျှ ငြိမ်သက်သွားပြီးမှ ထိုဗုဒ္ဓက စကားဆက်ပြောလိုက်သည်။
"နီကျားက အနောက်ဘက်သူတော်စင်ဘုံကို လက်စားချေဖို့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စိန်ခေါ်နေတယ် ၊ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓတောင်မှ နီကျားနဲ့ အကြွေးဟောင်း ရှင်းဖို့အတွက် အဲဒီကိုလိုက်သွားတယ်လေ ၊ ဒါပေမဲ့... အင်း”
ထိုစကားကြားသည်နှင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ သေဆုံးသွားပြီဖြစ်ကြောင်း ချွိစု နားလည်လိုက်သည်။
ချွိစုက တည်ငြိမ်သည့်လေသံဖြင့်...
“ကံကြမ္မာဆိုတာ ဒီအတိုင်း သတ်မှတ်ထားတာပဲလေ ၊ ကျွန်တော်လည်း ကျင်းကျားနဲ့ အတူတူပါပဲ”
သူက ဆက်ပြောလိုက်သည်။
“ရန်ကျောက်ကဲ လက်ချက်နဲ့ပဲဖြစ်ဖြစ် ၊ စန်းချင်း (၃)ပါး အဆက်အနွယ်တွေရဲ့ လက်ချက်နဲ့ပဲဖြစ်ဖြစ် သေဆုံးရမယ်ဆိုရင် ဒါက ကျွန်တော့်ကံကြမ္မာပါပဲ”
ရောက်လာသည့်ဗုဒ္ဓက ချွိစုကို ဆက်လက်နားချပြသည်။
“မင်းအနနဲ့ ဒီကိစ္စကို စွဲလန်းနေတယ်ဆိုရင်တောင် ကျော်လွှားရမယ့် အတားအဆီးတစ်ခုအနေနဲ့ပဲ သဘောထားပါ ၊ စိတ်မလောစေချင်ဘူး ၊ ဆက်ပြီးသည်းခံမယ်ဆိုရင် ဘိုးဘေးဗုဒ္ဓက စီစဉ်စရာရှိတာ စီစဉ်ပေးမှပါ ၊ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိနေမှာပဲလေ”
ချွိစုက ခပ်သဲ့သဲ့ ပြုံးလိုက်ရင်း...
"နောက်ထပ် စောင့်စရာ မလိုတော့ပါဘူး"
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးတဲ့နောက် ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထိပ်ကို ရောက်နေပါပြီ ၊ ကျွန်တော့်အတွက် အခုထက်ပိုပြီး အစွမ်းထက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“တာအိုအဆင့်ရောက်ဖို့ဆိုတာက အလှမ်းဝေးသေးတယ် ၊ ဆရာနဲ့ပတ်သက်တဲ့ ကံကြမ္မာကြွေးကို အဆုံးမသတ်နိုင်ဘူးဆိုရင် အချိန်ဆွဲလေ ကျင့်ကြံခြင်းက ဆုတ်ယုတ်လာလေပဲ ဖြစ်မှာပဲ”
စကားဆုံးသည်နှင့် ချွိစုက ခါးတွင်ချိတ်ထားသည့် ဓားရှည်ကိုဖြုတ်လိုက်ပြီး ဓားအိမ်ထဲမှဓားကို ဆွဲထုတ်လိုက်သည်။
ရေပြင်ပမာ ကြည်လင်နေသည့် ဓားအလင်းတန်းကိုကြည့်ရင်း သူက တိုးလျစွာ စကားဆိုလိုက်သည်။
“အခုချိန်က အသင့်တော်ဆုံးပါပဲ”
ချွိစုက ရောက်လာသည့် ဗုဒ္ဓဘက်သို့ လှည့်ကြည့်လိုက်သည်။
သူက ပြုံးလိုက်ပြီး...
“ဘိုးဘေးဗုဒ္ဓက အရာအားလုံးကို သိမြင်တဲ့သူမို့လို့ ကျွန်တော့်အခြေအနေကိုလည်း သူ နားလည်မှာပါ”
တကယ်တော့ ချွိစုက အဖြူရောင်ကြာပန်းသုခဘုံအတွက် အလွန်အရေးပါသူ ဖြစ်သည်။
သူက အဓိကကိစ္စရပ်များတွင် ပါဝင်မှုနည်းပါးသဖြင့် လူသိနည်းခြင်းဖြစ်သော်လည်း သူ၏အဆင့်အတန်းက မီလဲ့ကိုယ်တော်ပြီးလျှင် ဒုတိယနေရာတွင် ရှိသည်။
တိုက်ခိုက်မှုစွမ်းရည်တွင်လည်း သူက အဖြူရောင်ကြာပန်းသုခဘုံတွင် ပထမအဆင့်ရှိပြီး မီလဲ့ကိုယ်တော်အောက်ရှိ ကျင့်ကြံသူများတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
ဤနှစ်များတစ်လျှောက် အဖြူရောင်ကြာပန်းသုခဘုံက အင်အားကြီးမားလာပြီး အမတခုံရုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့တိုင် အမတခုံရုံးက အခက်အခဲများစွာကြားတွင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်။
ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်မှာ ချွိစု တိုက်ပွဲများတွင် ပါဝင်မှုနည်းပါးသောကြောင့် ဖြစ်၏။ ထိုသို့မဟုတ်ပါက အမတခုံရုံးအနေဖြင့် ပိုမိုဆိုးရွားသောအခြေအနေကို ရင်ဆိုင်ရပေမည်။
အကယ်၍ ချွိစုသာ တာအိုဝါဒလက်ချက်ဖြင့် သေဆုံးသွားပါက အဖြူရောင်ကြာပန်းသုခဘုံအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာပေမည်။
မီလဲ့ကိုယ်တော်အနေဖြင့် ချွိစုကို အတင်းအကျပ်တားဆီးပြီး မသွားခိုင်းပါက ဤ “ဗုဒ္ဓဓား” မှ တဖြည်းဖြည်းမှေးမှိန်ပျက်ဆီးပြီး စွမ်းရည်များလျော့ကျသွားပေသည်။
ထိုသို့ဆိုလျှင် အရည်အချင်းရှိသူတစ်ယောက်အတွက် အလွန်ပင် နှမျောစရာ ကောင်းပေမည်။
ထို့ကြောင့်ပင် ချွိစုအနေဖြင့် တာအိုစကြာဝဠာတွင် အလွန်ဆိုးရွားသောကံကြမ္မာနှင့် ကြုံတွေ့နိုင်ကြောင်း သိရှိထားသည့်တိုင် မီလဲ့ကိုယ်တော်မှာ အရမ်းကာရော တားဆီးခြင်းမပြုဘဲ တိတ်ဆိတ်စွာဖြင့်သာ သွားခွင့်ပြုရတော့သည်။
ချွိစုက ဖြည်းညင်းသည့်လေသံဖြင့်...
“လောကကြီးက အမြဲတမ်း ပြောင်းလဲနေတာပဲလေ ၊ တစ်နေ့နေ့ကျရင် ကျွန်တော့်ရဲ့ ရန်သူတွေဟာလည်း တခြားသူတွေလက်ထဲမှာ ပျက်ဆီးကောင်း ပျက်ဆီးသွားနိုင်ပါတယ် ၊ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်ကပဲ အသက်ရှင်လျက် အသုံးမကျတဲ့ဘဝမှာ နေသွားရမလားဆိုတာ မသိနိုင်ဘူး ၊ တစ်နေ့နေ့ကျရင် သူတို့ရဲ့ ပျက်ဆီးခြင်းကို မြင်တွေ့ရတဲ့အပြင် သူတို့ကို ဒုက္ခရောက်အောင်လုပ်ဖို့ အခွင့်အရေး ရနိုင်မလားဆိုတာလည်း မပြောနိုင်ဘူးပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဒါမှမဟုတ် သူတို့ကိုယ်တိုင်က ကျွန်တော့်ကို ပုန်းခိုနေတဲ့နေရာကနေ ဆွဲထုတ်မလားဆိုတာလည်း မသိနိုင်ဘူးလေ”
ချွိစုအား လာရောက်နားချသည့်ဗုဒ္ဓမှာ ထိုစကားကိုကြားသည်နှင့် စကားပြောရန် ဟန်ပြင်လိုက်သည့်တိုင် နှုတ်ခမ်းများသာ လှုပ်ရှားသွားပြီး စကားတစ်လုံးမှ ထွက်မလာခဲ့ပေ။
ချွိစုက ပြုံးလိုက်ရင်း...
"အဲဒီလိုမျိုး ဘဝကို ကျွန်တော် မလိုချင်ဘူး"
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်က ဆရာ့အတွက် လက်စားချေရင်း စန်းချင်း (၃)ပါး အဆက်အနွယ်တွေလက်ထဲမှာပဲဖြစ်ဖြစ် ၊ ရန်သူ့လက်မှာပဲဖြစ်ဖြစ် သေဆုံးသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ ၊ ဘာပဲဖြစ်လာဖြစ်လာ အရေးမစိုက်ပါဘူး”
“လက်ရှိအချိန်က ကျွန်တော့်ရဲ့ အစွမ်းထက်ဆုံး အချိန်ပဲ ၊ ဒါကြောင့် ကံကြမ္မာကြွေးတွေကို အဆံဒးသတ်နိုင်အောင် အကောင်းဆုံးကြိုးစားသွားချင်တယ် ၊ ဒါက ကျွန်တော် အလိုချင်ဆုံးအရာပဲ”
ပြောပြီးသည်နှင့် ချွိစုက ဓားရှည်ကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး သူ့အရှေ့မှဗုဒ္ဓကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အဖြူရောင်ကြာပလ္လင်ထက်မတ်တတ်ရပ်ရင်း လေထဲသို့ပျံသန်းသွားသည်။
ချွိစုကို နားချနေသောဗုဒ္ဓမှာ စိတ်ရှုပ်ထွေးသည့်အကြည့်များဖြင့်သာ သူ့ကို ကြည့်နေမိတော့သည်။
ခဏမျှတိတ်ဆိတ်နေပြီးမှ သူက စကားဆိုလိုက်သည်။
“ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓကိုသတ်တဲ့သူက နီကျားမဟုတ်ဘူး ၊ ရန်ကျောက်ကဲပဲ”
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ သေဆံဒးပြီးနောက် ဗုဒ္ဓရောင်ခြည်အလင်းတန်းက အဖြူရောင်ကြာပန်းသုခဘုံသို့ ပြန်လည်ရောက်ရှိလာခြင်းကို ရန်ကျောက်ကဲက မတားဆီးခဲ့ပေ။
ရန်ကျောက်ကဲအနေဖြင့် ပြင်ပကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ခြင်းကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။
ဤကိစ္စကြောင့် အဖြူရောင်ကြာပန်းသုခဘုံမှ လာရောက်လက်စားချေမည်ဆိုလျှင်တောင် တာအိုဝါဒတွင် နတ်ဘုရားသုတ်သင်အစီအရင်၏ ခြိမ်းခြောက်မှု ရှိနေသဖြင့် မီလဲ့ကိုယ်တော်ကိုယ်တိုင် ပါဝင်ပတ်သက်မည်မဟုတ်ပေ။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသာလျှင် လာရောက်ကြပေလိမ့်မည်။
ထို့ကြောင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓအား ရန်ကျောက်ကဲသတ်ဖြတ်လိုက်ကြောင်း အဖြူရောင်ကြာပန်းသုခဘုံက သိရှိသွားခြင်းမှာ ပြဿနာ မရှိပေ။
ချွိစု၏မျက်ဝန်းများ တောက်ပသွားပြီး...
“ရန်ကျောက်ကဲ လုပ်လိုက်တာလား”
သူက ဆက်ပြောလိုက်သည်။
“ဒါဖြင့် သူက အနောက်ဘက်သူတော်စင်ဘုံ ပတ်ဝန်းကျင်မှာ ရှိနေတာပေါ့”
ချွိစုအား နားချနေသည့်ဗုဒ္ဓက...
“သူ အခု ဘယ်မှာရှိနေလဲ ငါ မသိဘူး ၊ ဒါပေမဲ့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ထွက်ပေါ်လာတော့မယ် ၊ ဒီတော့ သူနဲ့ တခြား စန်းချင်း (၃)ပါး အဆက်အနွယ်တွေ အဲဒီရတနာကို သွားရှာကြလမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ဒီတော့ မင်းအနေနဲ့ အဲဒီဘက်ကို တစ်ခါလောက် သွားကြည့်သင့်တယ်”
“အခု အဲဒီနေရာမှာ တန်ခိုးစွမ်းအားရှင်တွေ အများကြီးရောက်နေတယ် ၊ အခြေအနေကလည်း ရှုပ်ထွေးနေတယ် ၊ အင်အားစုတွေလည်း အလုပ်ရှုပ်နေကြတယ်ဆိုတော့... မင်းအနေနဲ့ ရန်ကျောက်ကဲကိုရှာပြီး လက်စားချေဖို့ ပိုပြီးအခွင့်အရေး ရနိုင်တယ်”
“အခုလို သတင်းပေးတာ ကျေးဇူးပါပဲ”
ပြောပြီးသည်နှင့် ချွိစုက အဖြူရောင်ကြာပန်းထက်တွင် မတ်တတ်ရပ်လျှက် ဗုဒ္ဓနယ်မြေမှ ပျံသန်းထွက်ခွာသွားကာ အဖြူရောင်ကြာပန်းသုခဘုံ အပြင်ဘက်သို့ ရောက်ရှိသွားလေသည်။