← Chapters

အခန်း ၁၇၀၉

Vol. 122 Ch. 1709

အခန်း ၁၇၀၉

Vol. 122 Ch. 1709

အခန်း (၁၇၀၉) နီကျားနှစ်ယောက်

ချွိစု အဖြူရောင်ကြာပန်းသုခဘုံမှ ထွက်ခွာလာပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ယှဉ်ပြိုင်လုယူနေကြသည့် နေရာသို့ ရောက်ရှိလာသည်။

နေရာက အလွန်ဝေးကွာသော်လည်း ချွိစုက ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သဖြင့် တိုက်ပွဲနေရာသို့ ချက်ချင်းပင် ရောက်ရှိလာသည်။

တိုက်ပွဲဧရိယာအတွင်း၌ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် အချိန်နှင့် နေရာတို့က ရှုပ်ထွေးလျှက် ပရမ်းပတာ ဖြစ်နေသည်။

ထို့ကြောင့် ချွိစုမှာ ခပ်ဖြည်းဖြည်းသာလျှင် ချဉ်းကပ်လာနိုင်၏။

ထိုအချိန် ရန်ကျောက်ကဲနှင့် နီကျားတို့မှာလည်း တိုက်ပွဲနေရာအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မိစ္ဆာချီများ၊ နတ်မိစ္ဆာစွမ်းအားများ၊ ဗုဒ္ဓရောင်ခြည်အလင်းတန်းများနှင့် တာအိုဝါဒ၏ နက်ရှိုင်းချီစွမ်းအားများက နေရာတစ်ခုလုံးအား လွှမ်းခြုံထားပြီး တစ်ခုနှင့်တစ်ခု အပြင်းအထန် ရစ်ပတ်ယှက်နွယ်နေကြသည်။

နီကျား သည်းမခံနိုင်တော့ဘဲ လေမီးလျှံဘီးကိုနင်းကာ မီးတောက်လှံရှည်ကို ကိုင်မြှောက်လျှက် တိုက်ပွဲထဲသို့ ခုန်ဝင်သွားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မီးနဂါးတစ်ကောင်ပမာ အသွင်ပြောင်းသွားပြီး ရမ်းကားကြမ်းတမ်းစွာ အရှေ့ဆီသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

တောက်လောင်နေသည့် မီးလျှံများက နေရာအနှံ့ ပျံ့နှံ့သွားသည်။

မိစ္ဆာချီများ၊ နတ်မိစ္ဆာစွမ်းအားများနှင့် ဗုဒ္ဓရောင်ခြည်အလင်းတန်းတို့မှာ ထိုမီးလျှံများအောက်တွင် ပြာမှုန့်အဖြစ်ပြောင်းလဲသွားပြီး မီးလျှံအတွက် လောင်စာအဖြစ် ပြောင်းလဲသွားကြသည်။

ထိုမီးလျှံစွမ်းအားက အလွန်ပြင်းထန်လေရာ ရန်သူများကို တုန်လှုပ်ချောက်ချားသွားစေပြီး ခဏမျှ တုံ့ဆိုင်းသွားစေသည်။

သို့သော် မမျှော်လင့်စွာပင် နီကျားရှေ့တွင် လူတစ်‌ယောက်ပေါ်လာသည်။

ထိုသူထံမှ ထွက်ပေါ်လာသည့် မိုးကြိုးစွမ်းအားများက နီကျား၏ မီးလျှံများနှင့် ရိုက်ခတ်မိသွားသည်။

မီးလျှံနှင့် မိုးကြိုးတို့ ရောယှက်သွားပြီး မိုးခြိမ်းသံများ ကျယ်လောင်စွာထွက်ပေါ်လာကာ မီးတောက်မီးလျှံများက အရပ်မျက်နှာအသီးသီးသို့ လွင့်စင်ထွက်သွားသည်။

မိုးကြိုးလျှပ်စီးများအလယ်တွင် သရဖူကိုဆောင်းလျှက် တာအိုဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်ရှိနေသည်။ သူ့ကိုကြည့်ရသည်မှာ ကောင်းကင်ကိုးထပ်အလွန်တွင် ရပ်တည်နေသည့်အလား အလွန်ပင် ခမ်းနားလှ၏။

လျှပ်စီးကြောင်းများက စစ်ရထားတစ်စင်းပမာ အဘိုးအိုအား တင်ဆောင်ထားပြီး သူ၏ပတ်ပတ်လည်တွင် ရနံ့မွှေးပျံ့သည့် ရောင်စုံတိမ်တိုက်များလည်း လွင့်ပျံလျှက် ရှိသည်။

ထိုသူကိုမြင်သည်နှင့် နီကျား အံ့အားသင့်သွားသည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်လား"

သို့သော် မကြာမီမှာပင် အဝေးတစ်နေရာတွင် အဆက်မပြတ်ရိုက်ခတ်နေသည့် မိုးကြိုးလျှပ်စီးများကို သူ သတိပြုလိုက်မိသည်။

ထိုမိုးကြိုးလျှပ်စီးများက စနစ်တကျရှိနေပြီး ပရမ်းပတာဖြစ်နေသည့်အရာများကို ပြန်လည်ထိန်းကျောင်းပေးနေသည်။

လျှပ်စီးကြောင်းများက ဟင်းလင်းပြင်ကို ပြောင်းလဲစေကာ 'ဒြပ်စင် (၅) မျိုး'ကို လည်ပတ်စေခြင်း၊ အရာခပ်သိမ်းကို ရှင်သန်ပေါက်ဖွားစေခြင်း၊ ယင်နှင့်ယန်ကို ပေါင်းစပ်စေခြင်း၊ နေ့နှင့်ညကို အပြန်အလှန် ဖြစ်ပေါ်စေခြင်း စသည့် နက်ရှိုင်းသော နိယာမများကို ဖန်တီးပေးနေသည်။

ထိုနေရာတွင်လည်း သရဖူကိုဆောင်းကာ တာအိုဝတ်ရုံ ဝတ်ဆင်ထားသော တာအိုဝါဒ ကောင်းကင်နတ်ဘုရားတစ်ပါး ရှိနေပေ၏။

ဤလောကတွင် တောင်ပိုင်းချန်စန်းဧကရာဇ် (၂)ယောက် ရှိနေသည်လား။

ဤသည်က လုံးဝမဖြစ်နိုင်သည့်ကိစ္စပင်။

နီကျား ချက်ချင်း သဘောပေါက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“လက်စသတ်တော့ မင်းကိုး... အရိပ်နတ်ဆိုး”

မိုးကြိုးစွမ်းအားများနှင့် ရိုက်ခတ်မိစဉ်က ပရမ်းပတာဖြစ်ခြင်းနှင့် ဒေါသအမျက်များ ပါရှိနေကြောင်း အာရုံခံမိသည်မှာ အံ့သြစရာမရှိတော့ပေ။

သူ့ရှေ့တွင်ရှိနေသည့် တောင်ပိုင်းချန်စန်းဧကရာဇ်မှာ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးထဲမှ သစ်သားပလ္လင်ကိုပိုင်ဆိုင်သည့် အရိပ်နတ်ဆိုးမှ ပြောင်းလဲထားခြင်း ဖြစ်သည်။

ဤအသွင်ပြောင်းလဲမှုက ယန်ကျန်း၏ ယင်ယန်နက်ရှိုင်းပညာရပ်နှင့် မတူညီပေ။

အရိပ်နတ်ဆိုးဆိုသည်က အစစ်အမှန်ဖြစ်ပေါ်လာသည့် အရိပ်တစ်ခုပမာ ဖြစ်သည်။ သူက ပြိုင်ဘက်၏ပုံပန်းသဏ္ဌန်ကို ပြီးပြည့်စုံစွာ ပုံတူကူးနိုင်ရုံသာမက တန်ခိုးစွမ်းအားများကိုပင် တူညီစွာရယူနိုင်စွမ်း ရှိသည်။

သို့ပေသိ ကျင့်ကြံခြင်းအဆင့်နှင့် သိုင်းပညာရပ်ကို မည်မျှတူညီအောင် ပုံတူကူးပါစေ သူ၏ အခြေခံ နတ်ဆိုးသဘာဝကတော့ ပြောင်းလဲခြင်း မရှိပေ။

ထို့ကြောင့် တစ်ချက်မျှလှုပ်ရှားလိုက်သည်နှင့် သူ့အကြောင်း ချက်ချင်းပေါ်သွားတတ်သည်။

တောင်ပိုင်းချန်စန်းဧကရာဇ်အဖြစ်ဟန်ဆောင်ထားသော အရိပ်နတ်ဆိုးက ပြုံးလိုက်ပြီး...

“ကပ်ဘေးက လွတ်မြောက်လာတာ ဂုဏ်ယူပါတယ် နီကျား”

ထို့နောက် သူက ရန်ကျောက်ကဲဘက်သို့လှည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး...

“အိုး... တာအိုရောင်းရင်း’ရန်’ လည်း ရောက်လာတာကိုး”

ရန်ကျောက်ကဲက တစ်ဖက်လူကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

နီကျားသည်လည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုလိုက်မိသည်။

ထိုအချိန်မှာပင် သူတို့ရှေ့တွင်ရှိနေသည့် တောင်ပိုင်းချန်စန်းဧကရာဇ်က ချောမောလှပသော လူငယ်လေးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။

ထိုသူက နီကျား၏ပုံစံနှင့် ချွပ်စွပ်တူနေလေသည်။

ကြာပန်းခန္ဓာနှင့် ဦးခေါင်းထက်မှ ယင်ယန်စက်ဝန်းသည်လည်း အတူတူပင် ဖြစ်သည်။

"နီကျား" အတု၏လက်ထဲတွင်လည်း မီးတောက်လှံရှည်ကိုကိုင်ဆောင်ထားပြီး ခြေထောက်အောက်တွင် လေမီးလျှံဘီးများကို စီးနင်းထားကာ လက်မောင်းတွင် ကောင်းကင်ယက်ထည်ကို ရစ်ပတ်ထား၏။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် နီကျား ဒေါသချောင်းချောင်းထွက်သွားသည်။

“မိစ္ဆာကောင် ၊ မင်းက သေချင်နေတာပဲ”

ပြောပြီးသည်နှင့် ချက်ချင်းပင် နီကျားအတုအား လှံဖြင့် ထိုးစိုက်ချလိုက်သည်။

နီကျားအတုက ပြုံးလိုက်ပြီး...

“မင်းရဲ့တိုက်ကွက်က ပြောင်မြောက်လှချည်လား ၊ ငါနဲ့တစ်ကွက်လောက် တိုက်ကြည့်တာပေါ့”

ထို့နောက် သူက ရယ်မောလိုက်ပြီး လက်ထဲမှလှံရှည်ဖြင့်ပင် နီကျားအသုံးပြုသည့် သိုင်းကွက်ကိုသုံးကာ နီကျားအစစ်၏လှံရှည်ကို ဟန့်တားလိုက်သည်။

လှံရှည်နှစ်ချောင်း ရိုက်ခတ်မိသွားသည်နှင့် သူတို့နှစ်ယောက်လုံး၏ခန္ဓာကိုယ်များ တစ်ပြိုင်တည်း တုန်ခါသွားကြသည်။

တိုက်ပွဲက အနိုင်အရှုံး မပေါ်ခဲ့ပေ။

နီကျားက ပိုမိုဒေါသထွက်သွားပြီး လေမီးလျှံဘီးများကို အဆုံးထိ အရှိန်မြှင့်တင်လိုက်ရာ စိတ်ကူးကြည့်နိုင်စွမ်းကိုပင် ကျော်လွန်သည့် အရှိန်အဟုန်သို့ ရောက်ရှိသွားသည်။

လျှင်မြန်လွန်းသဖြင့် ကိုယ်ပွား ထောင်ပေါင်းများစွာ ဖန်ဆင်းလိုက်သည့်အလား နီကျားအတုကိုဝိုင်းရံသွားသည်။

သို့သော် အရိပ်နတ်ဆိုးမှ အသွင်ပြောင်းထားသည့် နီကျားအတု၏အရှိန်အဟုန်မှာလည်း နီကျားနှင့်တန်းတူပင် ပြောင်းလဲသွားကာ နီကျားအစစ်၏ တိုက်ခိုက်မှုတစ်ခုချင်းစီကို ပိတ်ဆို့လိုက်သည်။

တိုက်ပွဲအဆုံးတွင် နီကျားအတုက ခြေတစ်လှမ်းသာသွားပြီး ယင်ယန်စက်ဝန်းကိုပင့်မြှောက်ကာ နီကျားအစစ်၏ဦးခေါင်းထက်သို့ ပစ်ပေါက်လိုက်သည်။

ပုံမှန်ဆိုလျှင် အရိပ်နတ်ဆိုးက ပြိုင်ဘက်၏ပုံသဏ္ဌန်နှင့် တန်ခိုးစွမ်းအားကို တုပပြောင်းလဲနိုင်သော်လည်း ရတနာပစ္စည်းများကိုတော့ ပုံတူကူးယူ၍ မရပေ။

သို့သော် နီကျား၏ အခြေအနေက တစ်မူထူးခြားသည်။

သူ၏ ရတနာပစ္စည်းအများစုက အတိတ်ကတည်းက သူနှင့်အတူ သေခြင်းရှင်ခြင်းတရားများကို ကျော်ဖြတ်ခဲ့သည့်အရာများ ဖြစ်သည်။

သူတို့က နီကျား၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကဲ့သို့ ဖြစ်နေပြီး ကံကြမ္မာသည်လည်း တစ်သားတည်းကျနေသည်။

တစ်နည်းဆိုရသော် ထိုရတနာပစ္စည်းများမှာ သူ၏လက်သည်း ၊ ဆံပင် စသည်တို့ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများပမာ သတ်မှတ်၍ ရနိုင်သည်။

ဤအချက်ကြောင့်ပင် နီကျား၏ ရတနာပစ္စည်းများကို ထိန်းချုပ်နိုင်စွမ်းက အလွန်မြင့်မားနေခြင်း ဖြစ်၏။

သို့သော် ယခု အရိပ်နတ်ဆိုးနှင့် ရင်ဆိုင်ရသည့်အခါ ထိုအချက်က အားနည်းချက် ဖြစ်လာခဲ့သည်။

အရိပ်နတ်ဆိုး နီကျားအသွင်ပြောင်းလဲလိုက်သည်နှင့် ထိုရတနာပစ္စည်းများကိုပါ အစစ်အမှန်ပမာ တစ်ပါတည်း အသုံးပြုနိုင်စွမ်းရှိလာသည်။

နီကျားက သူ၏ဦးခေါင်းထက်သို့ ပြင်းထန်စွာ ကျရောက်လာသည့် ယင်ယန်စက်ဝန်းကို ကြည့်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့်ပင် ယင်ယန်စက်ဝန်းအစစ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

ယင်ယန်စက်ဝန်းနှစ်ခု လေထဲတွင် လည်ပတ်လျှက် တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိသွားသည်။

“ဝုန်း ဝုန်း ဝုန်း...”

ကျယ်လောင်သည့်ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

နီကျားအစစ်က ယင်ယန်စက်ဝန်းကို ရန်သူ့ထံသို့ ပစ်လွှတ်ပြီးသည်နှင့် ရွှေရောင်အုတ်ခဲကို ထုတ်ယူကာ ရန်သူ၏ဦးခေါင်းဆီသို့ ပစ်ပေါက်လိုက်၏။

သို့ပေသိ ဤသည်ကိုမြင်သည်နှင့် နီကျားအတုကလည်း ရွှေရောင်အုတ်ခဲကိုထုတ်ယူကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

လေထုထဲတွင် ရွှေရောင်အလင်းတန်းနှစ်ခု ရိုက်ခတ်မိသွားပြီး ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာကာ ဗလာနယ်တစ်ခုလုံး တုန်ခါသွားသည်။

နီကျားအတု၏လက်မောင်းတွင် ရစ်ပတ်ထားသော တောက်ပသည့် ကောင်းကင်ယက်ထည်မှာ သက်တံ့တစ်စင်းပမာ လှုပ်ခါသွားပြီး ရန်ကျောက်ကဲရှိရာသို့ ဝင်ရောက်လာသည်။

ရန်ကျောက်ကဲ မလှုပ်ရှားခင်မှာပင် နီကျားအစစ်၏ ကောင်းကင်ယက်ထည်က ရန်သူ၏ ကောင်းကင်ယက်ထည်ကို ကြိမ်လုံးတစ်ချောင်းပမာ အပြင်းအထန် ရိုက်ချလိုက်သည်။

ရန်သူ၏ အနီရောင်ပုဝါက အသက်ဝင်လာသည့်မြွေတစ်ကောင်ပမာ လမ်းကြောင်းပြောင်းသွားပြီး နီကျားအစစ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

အနီရောင်ပုဝါ နှစ်ခုလုံးမှာ အသက်ဝင်နေသည့်ပမာ လေထဲတွင် အပြင်းအထန်တိုက်ခိုက်နေကြပြီး မည်သူမှ အသာစီးမရနိုင် ဖြစ်နေသည်။

နီကျားအစစ်က...

“မိတ်ဆွေလေး’ရန်’... ငါ့ဆရာနဲ့ ဆရာဦးလေးကို အမြန်သွားကူညီပေးလိုက်ပါ ၊ ဒီနတ်ဆိုးကို ငါပဲ ကိုင်တွယ်လိုက်မယ်”

နီကျားက တိုက်ပွဲကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

သူက ခန္ဓာကိုယ်တစ်ချက် လှုပ်ခါလိုက်ရာ “ဦးခေါင်း (၃) လုံး ၊ လက် (၆) ဖက်” အသွင် ပြောင်းလဲသွားသည်။

သူ၏ တန်ခိုးစွမ်းအားသည်လည်း စကြာဝဠာအနှံ့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ရန်သူများအားလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။

တစ်ချိန်တည်းမှာပင် နီကျားအတုသည်လည်း “ဦးခေါင်း (၃) လုံး ၊ လက် (၆) ဖက်” အသွင် ဖန်ဆင်းလိုက်၏။

သူတို့နှစ်ယောက် စတင်တိုက်ခိုက်ကြလေရာ တစ်လောကလုံး မှောက်လှန်သွားမတတ် ခံစားရပြီး မည်သူမှ သူတို့တိုက်ပွဲအနီးသို့ ချဉ်းကပ်ဝံ့ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲ အဝေးသို့ လှမ်းကြည့်လိုက်သည်။

အစောပိုင်းတွင် အရိပ်နတ်ဆိုးက တောင်ပိုင်းချန်စန်းဧရာဇ်အဖြင့် ပုံတူကူးကာ တာအိုဝါဒ ဧကရာဇ် (၄)ပါးထဲမှ တစ်ပါးဖြစ်သော တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

နီကျားရောက်လာမှ သူက နီကျားအဖြစ် ပုံစံပြောင်းကာ နီကျားအစစ်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ယခု အရိပ်နတ်ဆိုးမရှိတော့သည့်တိုင် တောင်ပိုင်းချန်စန်းဧကရာဇ်က နောက်ထပ်ပြိုင်ဘက်တစ်ယောက်ဖြင့် ရင်ဆိုင်နေရပြန်သည်။

မတူညီသော အင်အားစုများမှ တန်ခိုးစွမ်းအားရှင်များ တစ်ယောက်နှင့်တစ်ယောက် ရောထွေးတိုက်ခိုက်နေကြသည်ဖြစ်ရာ တိုက်ပွဲက အလွန်ရှုပ်ထွေးပြီး ပရမ်းပတာ နိုင်လှသည်။

တိုက်ပွဲဗဟိုချက် လူတိုင်းအာရုံစိုက်ရာနေရာတွင် ဝေဝါးပြီး ပုံရိပ်ယောင်ဆန်သည့် အခိုးအငွေ့ဟင်းလင်းပြင်တစ်ခု ရှိနေသည်။

တိုက်ပွဲအရှိန်အဟုန်ကြောင့် ထို အခိုးအငွေ့ဟင်းလင်းပြင်မှာ ပြိုကွဲလုနီးပါး ဖြစ်နေသည်။

အခိုးအငွေ့ဟင်းလင်းပြင်၏ အလယ်ဗဟိုတွင် အနည်းငယ်မှိန်ဖျော့နေသည့် ရွှေရောင်အလင်းတန်းများကို တွေ့မြင်ရသည်။

ထိုရွှေရောင်အလင်းတန်းများထဲတွင် မြေဆီလွှာတစ်ခုရှိနေပြီး ရွှေရောင်ကြာပန်းတစ်ပွင့်ပေါက်‌ရောက်နေကြောင်း ထင်ထင်ရှားရှား တွေ့မြင်ရသည်။

“အဲဒါ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်လား”

ရန်ကျောက်ကဲ တွေးတောလိုက်စဉ်မှာပင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

သူ ချက်ချင်းပင် အပေါ်သို့ ခေါင်းမော့ကြည့်လိုက်သည်။

နီကျားနှစ်ယောက်အပါအဝင် တိုက်ပွဲထဲမှ လူပေါင်းများစွာသည်လည်း တစ်ညီတစ်ညွတ်တည်း ခေါင်းမော့ကြည့်လိုက်ကြသည်။

ထိုခဏတွင် ဗလာနယ်က ရုတ်တရက် အက်ကွဲသွားပြီး အက်ကွဲကြောင်းမှ ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်။

ထိုဗုဒ္ဓ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများ လှည့်ပတ်လျှက် ရှိသည်။

အခြားသူမဟုတ်။

“မဟာမာရူယိ” ပင် ဖြစ်ပေ၏။

All Chapters