အခန်း ၁၇၁၁
Vol. 122 Ch. 1711
အခန်း (၁၇၁၁) စောင့်ကြည့်နေသည့်ရန်ကျောက်ကဲ
အင်အားစုအားလုံးက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို လုယူရန်အတွက် ရှိသမျှ အစွမ်းအစအားလုံးကို အပြည့်အဝ အသုံးပြုနေကြသည်။
ရှုပ်ထွေးနေသော တိုက်ပွဲစစ်မြေပြင်တွင် မဟာမာရူယိက အထင်ရှားဆုံး ဖြစ်နေ၏။
သူက လူအုပ်ကြီးကို အပေါ်စီးမှကြည့်နေပြီး လူအများစုက သူ့ကို စုပေါင်းတိုက်ခိုက်ရန် ကြိုးစားနေကြသည်။
သို့သော် ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများက အလွန်ပင် လွှမ်းမိုးနိုင်စွမ်း မြင့်မားသည်ဖြစ်ရာ မည်သူမှ သူ့အနားကပ်နိုင်ခြင်း မရှိကြပေ။
တာအိုသခင်’လုယာ’ ကဲ့သို့သော တန်ခိုးစွမ်းအားရှင်သည်ပင် မဟာမာရူယိနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ အတော်လေး သတိထားနေရသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးအနေဖြင့်လည်း ဆင်စွယ်ရောင်တိမ်တိုက်အလံသာမရှိပါက မဟာမာရူယိ ရှေ့ဆက်တိုးခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက စစ်မြေပြင်ကို စောင့်ကြည့်ရင်း တစ်ဖက်မှလည်း နီကျားအတုနှင့်အစစ်၏တိုက်ပွဲကို အကဲခတ်နေသည်။
သူက ပြုံးလိုက်ရင်း...
“အားလုံးရဲ့အဓိကဇာစ်မြစ်က သစ်သားနတ်ဆိုးဆီမှာ ရှိနေတာပဲ”
ထိုစကားကြားတော့ နီကျားအတုကလည်း ပြုံးလိုက်၏။
"လူငယ်ကောင်းကင်ဘုံအရှင် နောက်နေတာ ဖြစ်ရမယ် ၊ ငါက ခုန်ရွှမ်းအသွင်ပြောင်းလဲနိုင်ပေမယ့် သူ့ရဲ့ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းက တကယ်ထူးခြားတယ် ၊ တကယ်တော့ ငါက ပုံတူကူးနိုင်တယ်ဆိုပေမယ့် ကြာပန်းပင်လယ်သုံးစင်းအရှင်ရဲ့ ရတနာကြာပန်းနတ်ဘုရားခန္ဓာကိုတောင် အပြည့်အဝ ပုံတူမကူးနိုင်ခဲ့ပါဘူး”
ထိုစကားကြားတော့ နီကျားအစစ်က အေးစက်စွာ ကြုံးဝါးလိုက်သည်။
ဟုတ်ပေ၏။
နီကျားက ခံစစ်စွမ်းအား အလွန်ကောင်းသည့်အပြင် သူ၏ရတနာကြာပန်းနတ်ဘုရားခန္ဓာက မိစ္ဆာပညာရပ်မှန်သမျှကို ခုခံနိုင်စွမ်း ရှိသည်။
ဤသည်က သူ၏ အကြီးမားဆုံး အားသာချက်ပင်။
သစ်သားနတ်ဆိုးက နီကျား၏ရုပ်သွင် ၊ သိုင်းပညာရပ်နှင့် ရတနာပစ္စည်းများကို ပုံတူကူးယူထားနိုင်သော်လည်း ရတနာကြာပန်းနတ်ဘုရားခန္ဓာကိုတော့ အပြည့်အဝ ပုံတူကူး၍ မရနိုင်ခဲ့ပေ။
သို့တိုင် ဤမျှ ပုံတူကူးနိုင်ခြင်းကပင် နီကျားကို အချိန်အတန်ကြာသည်အထိ တားဆီးထားနိုင်ခဲ့သည်။
နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာမှာလည်း မိစ္ဆာပညာရပ်များစွာကို ခုခံနိုင်သည့်တိုင် အရိပ်နတ်ဆိုး၏ ပုံရိပ်ယောင်ကို အစစ်အမှန်ဖြစ်အောင် ပြောင်းလဲသည့်အတတ်ကိုတော့ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် နီကျားနှစ်ယောက်၏တိုက်ပွဲမှာ အနိုင်အရှုံးမပေါ်ဘဲ ဖြစ်နေရသည်။
ယခု အရိပ်နတ်ဆိုး၏စကားကိုကြားသည်နှင့် ဒေါသထွက်နေသည့်နီကျားက ပို၍ပြင်းထန်စွာ တိုက်ခိုက်လာသည်။
အရိပ်နတ်ဆိုးကလည်း နီကျား၏ရတနာကြာပန်းနတ်ဘုရားခန္ဓာမှလွဲ၍ အရာအားလုံးကို ပုံတူကူးယူထားသည်ဖြစ်ရာ သူ၏တိုက်ခိုက်မှုက အလကား ဖြစ်သွားရသည်။
နီကျားအတုက နီကျားအစစ်၏တိုက်ကွက်ကိုခုခံရင်း ရန်ကျောက်ကဲအားလှမ်းကြည့်လိုက်ပြီး ပြုံးလျှက် စကားဆိုလိုက်သည်။
"လူငယ်ကောင်းကင်ဘုံအရှင်... လူတိုင်းက မင်းကို အများကြီးမျှော်လင့်ထားကြတယ်လေ”
သူက ဆက်ပြောလိုက်သည်။
“ဆိုတော့... ဒီနေရာမှာ တာအိုရောင်းရင်း’ခုန်ရွှမ်း’ နဲ့ ယှဉ်ပြိုင်နိုင်တဲ့သူ ရှိမယ်ဆိုရင် အဲဒီလူက လူငယ်ကောင်းကင်ဘုံအရှင်ပဲ ဖြစ်ပါလိမ့်မယ်”
သူက ရန်ကျောက်ကဲတို့အုပ်စု ဆင့်ခေါ်နိုင်သည့် ချီထျန်းမဟာသူတော်စင် အစစ်အမှန်ရုပ်ခန္ဓာကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
အရိပ်နတ်ဆိုး၏စကားက စိတ်ရင်းမှန်သယောင် ထင်ရသော်လည်း တစ်ဝက်သာအမှန်ဖြစ်ပြီး ကျန်တစ်ဝက်က ရန်ကျောက်ကဲထံမှ သတင်းနှိုက်ခြင်းသာ ဖြစ်၏။
ရန်ကျောက်ကဲက ခနဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး...
“ငါ့ကို မဟာမာရူယိနဲ့ ရင်ဆိုင်ခိုင်းပြီး... မင်းကတော့ လစ်တာနဲ့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို အလစ်သုတ်သွားမှာမလား ၊ ဟား ဟား ... အိပ်မက်မက်နေလိုက်လေ”
အရိပ်နတ်ဆိုးက...
“အခုလို အရည်အချင်းရှိသူတွေ အများကြီး ယှဉ်ပြိုင်နေတဲ့ပွဲမှာ ဒီရတနာပစ္စည်းကို ငါလည်း ရယူနိုင်မှာမဟုတ်ဘူးဆိုတာ သိပါတယ် ၊ ဒါပေမဲ့ လူငယ်ကောင်းကင်ဘုံအရှင်သာ ဒီအတိုင်း လက်ပိုက်ကြည့်နေရင်တော့ တာအိုရောင်းရင်း’ခုန်ရွှမ်း’ က သူလိုချင်တာရသွာမှာကို စိုးရိမ်မိပါတယ်”
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ပခုံတစ်ချက်တွန့်လိုက်ပြီး...
“အဲဒီတော့ ဘာဖြစ်လဲ ၊ ငါတို့မှာ ကြာပန်းစိမ်းရတနာအလံ ရှိနေတာပဲ၊ မင်းတို့မှာလည်း ဆင်စွယ်ရောင်တိမ်တိုက်အလံ ရှိတယ်လေ ၊ ဘာမှ စိုးရိမ်စရာမရှိဘူး”
ဟုတ်ပေ၏။
ငရဲကိုးထပ်တွင် ဆင်စွယ်ရောင်တိမ်တိုက်အလံ ရှိနေသည်ဖြစ်ရာ တကယ်တမ်း ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို မလိုအပ်ပေ။
သို့သော် သူတို့က အနောက်ဘက်သူတော်စင်ဘုံနှင့် အပေးအယူလုပ်ထားသဖြင့် သူတော်စင်ဘုံအတွက် အလံလုယူပေးနေရခြင်း ဖြစ်၏။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ငရဲကိုးထပ်အား အကွက်ဆင်ခဲ့သည်မှာသော်လည်း အပေးအယူပြုလုပ်ထားသည်ဖြစ်ရာ နတ်ဆိုးများအနေဖြင့် သူတော်စင်ဘုံ၏ဆန္ဒကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။
သို့ပေသိ အကျိုးအမြတ် အများဆုံးရရှိမည့်သူကတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသာလျှင် ဖြစ်သည်။
အရိပ်နတ်ဆိုးက စိတ်မရှည်စွာဖြင့်...
“ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က အရင်က ယွိချင်အဆက်အနွယ် ပိုင်ဆိုင်တဲ့ပစ္စည်း မဟုတ်ဘူးလား ၊ လူငယ်ကောင်းကင်ဘုံအရှင်အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေတာ မသင့်တော်ပါဘူး”
ရန်ကျောက်ကဲက သက်ပြင်းချလိုက်ပြီး...
“မင်းပြောသလိုဆိုရင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ရဲ့ မူလပိုင်ရှင်က ငါတို့ လမ်းမှန်တာအိုဝါဒပဲလေ ၊ မင်းတို့တွေ အခုလို ဝင်လုနေတာကမှ ပိုပြီးမသင့်တော်တာ”
သူတို့နှစ်ယောက် စကားစစ်ထိုးနေချိန် မဟာမာရူယိ ၊ တာအိုသခင် 'လုယာ' ၊ မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားသူများမှာလည်း ရန်ကျောက်ကဲကို အာရုံစိုက်လျှက် ရှိကြသည်။
ထိုအချိန် ဝူတန့်မယ်တော်နှင့် ထိပ်တိုက်ရင်ဆိုင်နေသည့် မဟာနတ်မိစ္ဆာတစ်ပါးက ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်သည်။
သူက...
“မင်း အခုလို ဝင်မပါတာ နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲမှာ မင်းရဲ့စွမ်းအားတွေ ကုန်ခမ်းသွားလို့ပဲ ဖြစ်ရမယ် ၊ မင်းတို့တွေ ချီထျန်းမဟာသူတော်စင်ရဲ့ အစစ်အမှန်ရုပ်ခန္ဓာကို မထုတ်ဖော်နိုင််တော့ဘူးမလား”
ရန်ကျောက်ကဲက ဦးခေါင်း (၉) လုံးရှိသည့် ထိုမဟာနတ်မိစ္ဆာဘက်သို့ လှည့်ကြည့်လိုက်သည်၊
"လောကကြီးက အခက်အခဲတွေနဲ့ ပြည့်နှက်နေတယ် ၊ ပိုးကောင်တွေကလည်းများလွန်းတယ် ၊ ကံမကောင်းတာက ငါတို့တာအိုဝါဒက အခြေခံအားနည်းတယ်လေ ၊ ဒီတော့ ဘာပဲလုပ်လုပ် သေချာပြင်ဆင်ထားရတယ် ၊ နောက်ထပ် မမျှော်လင့်တဲ့ပြဿနာတွေကြုံလာရင် ပြင်ဆင်နိုင်ဖို့အတွက် အင်အားခြွေတာထားရဦးမှာပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဥပမာပြောရရင်... ချန်စန်းရှင်းဟိုင်မှာ အကြာကြီးပုန်းအောင်းနေပြီး ၊ အခုမှ အပြင်ကိုထွက်လာတဲ့ မင်းလိုလူမျိုးပေါ့ ၊ မင်းကိုသတ်ချင်တယ်ဆိုရင်တောင် တာအိုသခင်’လုယာ’ နဲ့ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကိုပါ ကာကွယ်ဖို့ ပြင်ဆင်ထားရမှာမလား”
ထိုစကားကြားတော့ ဦးခေါင်း(၉)လုံးရှိသည့်နတ်မိစ္ဆာ ဒေါသထွက်သွားပြီး...
“ကျိန်ဆဲနေတာ ရပ်လိုက်စမ်း ၊ မင်းသတ်ချင်ရင် အခုပဲ ငါ့ကိုလာသတ်လိုက်”
ရန်ကျောက်ကဲက စကားထပ်မပြောတော့ဘဲ ပြုံးနေလိက်သည်။
သူက မဟာမာရူယိနှင့် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို အကဲခတ်လိုက်ပြီး တာအိုသခင်’လုယာ’ ဘက်သို့ လှမ်းကြည့်လိုက်သည်။
ဟုတ်ပေ၏။
သူတို့သာ ဤနေရာတွင် မရှိဘူးဆိုလျှင် ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရယူရန်လည်း ရည်ရွယ်ချက်မရှိလျှင် ရန်ကျောက်ကဲက ထိုမဟာနတ်မိစ္ဆာကို လိုက်လံသတ်ဖြတ်မည် ဖြစ်၏။
ယခုတော့ ရန်ကျောက်ကဲအပြုအမူက အခြားသူများအမြင်တွင် အားနည်းချက်ကို ဖုံးကွယ်နေသည့်ပမာ အလွန်ဟန်လုပ်သလို ဖြစ်နေသည်။
နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် ချီထျန်းမဟာသူတော်စင်ထွက်ပေါ်လာပြီးနောက် စွမ်းအားများ အမှန်တကယ်ပင် ကုန်ဆုံးသွားပြီဟု လူတိုင်း တွေးထင်လိုက်မိကြသည်။
နှစ်ပေါင်း (၃၀၀)ကျော်ကြာသည့်တိုင် တန်ခိုးစွမ်းအားပြန်မပြည့်သေးသဖြင့် ရန်ကျောက်ကဲ ဟန်လုပ်နေသည်ဟုသာ အားလုံးက တွေးလိုက်ကြ၏။
သို့သော်...
“ဒါမှမဟုတ် သူက နောက်ဆုံးမှ အကျိုးအမြတ်တွေကို ရိတ်သိမ်းဖို့ တမင်လိမ်ညာဟန်ဆောင်နေတာများလား”
လူတိုင်း ထိုသို့တွေးမိပြန်သည့်တိုင် မည်သူမှ ရန်ကျောက်ကဲကို သွားရောက်စမ်းသပ်ဝံ့ခြင်း မရှိကြပေ။
ဘာပဲဖြစ်ဖြစ် ဤတိုက်ပွဲတွင် ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်ရုပ်ခန္ဓာ ထွက်ပေါ်မလာသည်က အကောင်းဆုံး ဖြစ်သည်။
မဟာမာရူယိအပြင် နောက်ထပ် ပြဿနာများကို မည်သူမှ မလိုလားကြပေ။
ပြီးတော့ ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်ရုပ်ခန္ဓာအပြင် အလစ်ချောင်းတိုက်ခိုက်လာမည့် ဖန်းယွင်ရှန်းကိုလည်း အထူးသတိထားနေရသေးသည်။
ဖန်းယွင်ရှန်း၏ တိုက်ခိုက်မှုက ခုန်ရွှမ်းထက်ပင် ပိုမိုစိုးရိမ်စရာရှိပြီး တစ်ချက်မှားသည်နှင့် အားလုံး ဆိုးရွားသည့်အခြေအနေသို့ ကျရောက်သွားနိုင်သည်။
ရန်ကျောက်ကဲကတော့ အလွန်တည်ငြိမ်နေသည်။
မဟာမာရူယိ ရောက်ရှိလာပြီဖြစ်ရာ သူက မြို့အလွတ်ဗျူဟာဖြင့် ဟန်ဆောင်နေစရာ မလိုတော့ပေ။ သူ့အနေဖြင့် ခုန်ရွှမ်းကိုဖိအားပေးရန်လည်း အားစိုက်ထုတ်စရာ မလိုပေ။
လူတိုင်း၏အာရုံစိုက်မှု မဟာမာရူယိထံ ရောက်သွားလေ ပိုကောင်းလေ ဖြစ်သည်။
မဟာမာရူယိက နှစ်ပေါင်းများစွာကြာအောင် မည်သည့်အင်အားစုဘက်မှမလိုက်ဘဲ လွတ်လပ်စွာ ရပ်တည်ခဲ့သူ ဖြစ်သည်။
သူက အနောက်ဘက်သူတော်စင်ဘုံကိုပင် မျက်နှာသာပေးခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင်လည်း မဟာမာရူယိနှင့်ပတ်သက်ပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကြိုတင်ပြင်ဆင်ထားခြင်းမရှိဟု ရန်ကျောက်ကဲ မယုံကြည်ပေ။
သူ့တွင် စကြာမုနိသရီရဓာတ်တော် မရှိလျှင်ပင် ဤသို့သောအခြေအနေကိုရင်ဆိုင်ရန် တစ်စုံတစ်ခု ပြင်ဆင်ထားပေမည်။
ယခင်က စကြာမုနိသရီရဓာတ်တော်တိုက်ပွဲတွင် အနောက်ဘက်သူတော်စင်ဘုံ လက်ထဲတွင် ကြာပန်းစိမ်းရတနာအလံ ရှိနေသဖြင့် အရာအားလုံးကို ကြိုတင်ပြင်ဆင်ကာ အစီအစဉ်များကို လျှို့ဝှက်ထားနိုင်ခဲ့သည်။
သို့သော် ယခုတော့ ကြာပန်းစိမ်းရတနာအလံ မရှိတော့ပေ။
သို့ဖြစ်ရာ ယနေ့တိုက်ပွဲတွင် မဟာမာရူယိ ပါဝင်လာမည်ကို သူတော်စင်ဘုံအနေဖြင့် သေချာပေါက် သတိထားနေပေမည်။
ထို့ပြင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရယူနိုင်မှသာလျှင် ရေရှည်တွင် အကျိုးများမည် ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင်ရှိနေသည့် အင်အားစုတိုင်းက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို အလွန်တန်ဖိုးထားကြခြင်း ဖြစ်၏။
မဟာမာရူယိကို ခဏတာမျှ တားဆီးထားနိုင်ခြင်းက အနောက်ဘက်သူတော်စင်ဘုံ၏ ရည်မှန်းချက် အောင်မြင်သွားစေနိုင်သည်။
ယခု မဟာမာရူယိနှင့် ရင်ဆိုင်ရချိန်တွင် အနောက်ဘက်သူတော်စင်ဘုံနှင့် ငရဲကိုးထပ်တို့ ပူးပေါင်းထားကြသည်။ သို့တိုင် ထိုအင်အားစုနှစ်ခုလုံးမှာ ရန်ကျောက်ကဲလောက် အေးဆေးတည်ငြိမ်နိုင်ခြင်း မရှိကြပေ။
ဟုတ်ပေ၏။
လမ်းမှန်တာအိုဝါဒတွင် ကြာပန်းစိမ်းရတနာအလံနှင့် မီးလျှံရောင်ခြည်အလံတို့ ပိုင်ဆိုင်ထားပြီးဖြစ်ရာ စိုးရိမ်စရာ သိပ်မရှိပေ။
ထို့ကြောင့်ပင် ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာဖြင့် မည်သည့်အင်အားစုက မိမိတို့၏ နောက်ဆုံးလက်ကျန်ဝှက်ဖဲကို ထုတ်သုံးမည်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။