အခန်း ၁၇၁၂
Vol. 122 Ch. 1712
အခန်း (၁၇၁၂) တာအိုဆရာကျူးထီ၏ ပျောက်ဆုံးနေသောရတနာပစ္စည်း
အမှန်တော့ ရန်ကျောက်ကဲက အားလုံးကို လှည့်စားရန်အတွက် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
သူမျှော်လင့်သည့်အတိုင်းပင် ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်ရုပ်ခန္ဓာ ထွက်ပေါ်မလာသည့်အခါ မဟာမာရူယိ အနည်းငယ် စိတ်သက်သာရာရသွား၏။
သူက မာနကြီးသူဖြစ်သဖြင့် ချီထျန်းမဟာသူတော်စင်ကို ကြောက်ရွံ့ခြင်းမရှိသော်လည်း ထိုသို့သော ပြိုင်ဘက်မျိုး ရောက်မလာပါက သူ၏အလုပ်များ ပိုမိုလွယ်ကူသွားပေမည်။
အခြားသူများက မဟာမာရူယိကို တားဆီးရန် ဝိုင်းဝန်းကြိုးစားနေချိန် ထိုဒေါင်အိုးကြီးကတော့ အရာအားလုံးကို လစ်လျူရှုပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ဆီသို့ ချဉ်းကပ်သွားသည်။
ဤတိုက်ပွဲတွင် မဟာမာရူယိက အစွမ်းအထက်ဆုံးဖြစ်ပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရရှိတော့မည့် အနေအထားကိုမြင်သည်နှင့် အနောက်ဘက်သူတော်စင်ဘုံမှ မဟာဉာဏ်အလင်းဗောဓိသတ္တက သက်ပြင်းချလိုက်ပြီးမူလစိတ်ဝိညာဉ်နတ်ဆိုးကို ခေါင်းညိတ်ပြလိုက်သည်။
အချက်ပြသည်ကိုမြင်သည်နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုးက ချက်ချင်းပင် ဆင်စွယ်ရောင်တိမ်တိုက်အလံကို ဆင့်ခေါ်လိုက်ရာ သင်းပျံ့သည့်မွှေးရနံ့များထွက်ပေါ်လာပြီး ၊ ထိုမွှေးရနံ့များက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် တည်ရှိသည့် အခိုးအငွေ့ဟင်းလင်းပြင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
မဟမာရူယိမှာလည်း ရတနာပစ္စည်းရယူရန် ရှေ့ဆက်သွားခြင်းကို ရပ်တန့်လိုက်ရ၏။
သို့သော် သူက ထိုအနှောက်ယှက်ကို အရေးမစိုက်ဘဲ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများအား မူလစိတ်ဝိညာဉ်နတ်ဆိုးထံသို့ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးမှာ ဆင်စွယ်ရောင်တိမ်တိုက်အလံ၏ အကာအကွယ်မရှိတော့သဖြင့် နတ်ဘုရားအလင်းတန်းများကို အလျှင်အမြန် ရှောင်တိမ်းလိုက်ရသည်။
မဟာမာရူယိက အေးစက်သည့်လေသံဖြင့်...
“ငါ မရနိုင်ဘူးဆိုရင် မင်းလည်း မရစေရဘူး ၊ ဒီတော့ ဒီနေရာမှာပဲ ပိတ်မိနေလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါမှမဟုတ် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကိုယ်တိုင် ဒီကိစ္စကို ဝင်စွက်ဖို့ စီစဉ်ထားတာလား”
မူလစိတ်ဝိညာဉ်နတ်ဆိုးက ခပ်ဖွဖွပြုံးလိုက်ပြီး...
"မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက ဝင်ပါမှာ မဟုတ်ပါဘူး”
ဟုတ်ပေ၏။
အင်အားစုများက မိမိတို့ကိုယ်ကျိုးအတွက် ငရဲကိုးထပ်လှုပ်ရှားနိုင်ရန် ခွင့်ပြုပေးထားပြီး လျှို့ဝှက်ကူညီနေကြသော်လည်း သူတို့အနေဖြင့် စည်းလွတ်ဝါးလွတ် ပြုမူနိုင်သည်ဟု မဆိုလိုပေ။
အခြားသော တာအိုအဓိပတိများတွင်လည်း ကိုယ်ပိုင်ပြိုင်ဘက်များ ရှိနေကြပြီး အပြန်အလှန် ယှဉ်ပြိုင်ခြင်းဖြင့် အာဏာချိန်ခွင်လျှာကို ထိန်းညှိထားကြသည်။
အကယ်၍ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးသာ ဝင်ရောက်စွက်ဖက်မည်ဆိုပါက အင်အားစုများရှုပ်ထွေးကုန်ပြီး ငရဲကိုးထပ်အတွက် သေချာပေါက် အဆင်မပြေ ဖြစ်လာပေမည်။
အခြားသူများကလည်း ထိုသို့ဖြစ်လာမည်ကို ခွင့်ပြုမည် မဟုတ်ပေ။
ထို့ကြောင့် ယနေ့တိုက်ပွဲတွင် ငရဲကိုးထပ် ရှေ့ထွက်လာသော်လည်း မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကတော့ အခြားသော တာအိုအဓိပတိများ၏ ပစ်မှတ်မဖြစ်စေရန် သိုသိပ်စွာပင် နေထိုင်ခဲ့သည်။
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကိုယ်တိုင် ပါဝင်လာခြင်းမရှိပါက တာအိုအဆင့်အောက်တွင် အစွမ်းထက်ဆုံးသူမှာ မဟာမာရူယိသာလျှင် ရှိသည်။
သို့တိုင် မူလစိတ်ဝိညာဉ်နတ်ဆိုးသည်လည်း အခြေအနေကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်သေး၏။
သူက အဝေးမှပင် ဆင်စွယ်ရောင်တိမ်တိုက်အလံကို အသုံးပြုကာ မဟာမာရူယိကိုပိတ်ဆို့ထားခြင်းဖြင့် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ပါမသွားစေရန် ခဏမျှတားဆီးထားနိုင်သည်။
ထိုအချိန် မဟာဉာဏ်အလင်းဗောဓိသတ္တက လက်အုပ်ချီလိုက်ပြီး...
“တာအိုရောင်းရင်း’ခုန်ရွှမ်း’... ခွင့်လွှတ်ပေးပါ”
ပြောပြီးသည်နှင့် သူက ဗုဒ္ဓကျမ်းစာ စတင်ရွတ်ဆိုလိုက်သည်။
သူ့ဘေးတွင်ရှိနေသည့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များကလည်း အလားတူပင် ပြုလုပ်လိုက်ကြ၏။
ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်လာသည်နှင့် ရှုပ်ထွေးနေသည့် ဗလာနယ်ထဲတွင် ရွှေရောင်တိမ်တိုက်များ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုတိမ်တိုက်များတွင် အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာပြီး အတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
မဟာမာရူယိ မျက်မှောင်ကြုတ်လိုက်သည်။
သူ့ရင်ထဲ တစ်စုံတစ်ခုက လှုပ်ရှားခေါ်ငင်နေသည့်ပမာ ခံစားလိုက်ရသည်။
သေချာစွာကြည့်လိုက်တော့ ထိုရွှေရောင်တိမ်တိုက်များအတွင်းရှိ အချိန်နှင့်နေရာက ပုံပျက်နေပြီး ဗုဒ္ဓနယ်မြေသို့သွားရာ လမ်းကြောင်းတစ်ခု ထွက်ပေါ်နေကြောင်း တွေ့လိုက်ရသည်။
ရွှေရောင်တိမ်တိုက်အစုအဝေးထဲရှိ ဗုဒ္ဓနယ်မြေတွင် တင်ပျဉ်ခွေထိုင်နေသည့် ဖူရှန်ဗောဓိသတ္တ၏ပုံရိပ်ကို တွေ့မြင်ရသည်။
သို့သော် ဖူရှန်ဗောဓိသတ္တက ဤနေရာသို့ ကိုယ်တိုင်ဆင်းသက်လာမည် မဟုတ်ပေ။
အနောက်ဘက်သူတော်စင်ဘုံထဲတွင် ကြီးမားသည့် အစီအရင်တစ်ခုရှိနေပြီး ထိုအစီအရင်က ဤနေရာတွင်ရှိနေသော မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ချိတ်ဆက်နေခြင်း ဖြစ်သည်။
တစ်ဖက်တွင်ရှိနေသည့် ဖူရှန်ဗောဓိသတ္တကလည်း လက်အုပ်ချီလျှက် ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုလိုက်သည်။
ထို့နောက် ဖူရှန်ဗောဓိသတ္တထံမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနောက်ဘက်သူတော်စင်ဘုံမှ ဗလာနယ်ကိုဖြတ်ကျော်ကာ မဟာမာရူယိ၏ ဦးခေါင်းထက်သို့ ဖိနှိပ်ကျဆင်းလာသည်။
သေချာကြည့်မည်ဆိုပါက ထို အဖြူရောင်အလင်းတန်းများမှာ ဗုဒ္ဓဘာသာသင်္ကေတတစ်ခုဖြစ်သော “မိုးကြိုးသွား” သင်္ကေတ ဖြစ်၏။
မဟာမာရူယိ အံ့အားသင့်သွားသည်။
"ဒါဆို ဒီရတနာက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓဆီမှာ တကယ်ရှိနေတာပေါ့"
သို့သော် သူက အလွန်တရာ အံ့အားသင့်ခြင်းမရှိသလို ဒေါသထွက်ခြင်းလည်း မရှိပေ။
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းကို ထုတ်လွှတ်ကာ ဦးခေါင်းထက်ကျလာသည့် ဝမ့်စကြာသင်္ကေတကို ခုခံလိုက်သည်။
သို့သော် မည်သူမျှ မတားဆီးနိုင်သည့် တစ်ခါမှ ရှုံးနိမ့်ခြင်းမရှိဖူးသေးသော ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများမှာ ယခုတော့ တိုက်ခိုက်လာသည့် ဝမ့်စကြာသင်္ကေတကို ဖျက်ဆီးပစ်နိုင်ခြင်း မရှိတော့ပေ။
မိုးကြိုးသွားသင်္ကေတထက်တွင် စည်းတံဆိပ်များစွာ ထူထပ်စွာထွက်ပေါ်လာပြီး မဟာမာရူယိထံသို့ကျရောက်လာသည့် အလင်းတန်းက ပိုမိုအားကောင်းလာသည်။
မဟာမာရူယိမှာ အမှန်တကယ်ပင် ဖိအားပေးခံနေရတော့သည်။
ဒေါင်းအိုကြီး ‘မဟာမာရူယိက’ ကတော့ တည်ငြိမ်နေဆဲဖြစ်သည်။
“အဘိုးကြီး မငြိမ်းသောမီးအိမ်မှာ တကယ်ပဲ ဒီလိုဝှက်ဖဲမျိုး ရှိနေတာကိုး ၊ သူ့မှာ ဒီလိုရတနာမျိုးရှိနေတာ အံ့သြမိတယ် ၊ နှမျောစရာပဲ... ဒီနေ့တော့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ငါ ရအောင်ယူနိုင်မှာ မဟုတ်တော့ဘူး”
မဟာမာရူယိက အေးဆေးစွာပင် စကားဆိုလိုက်သည်။
ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများက သူ၏ပတ်ပတ်လည်တွင် ကာကွယ်ပေးထားသဖြင့် အခြားသူများက သူ့အနားကပ်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အခြားသော အင်အားစုများမှာလည်း ဤတိုက်ပွဲမှ အကျိုးအမြတ်များကို ရယူနိုင်ခြင်း မရှိကြပေ။
ဝမ့်စကြာသင်္ကေတက မဟာမာရူယိအား ဖိနှိပ်ထားပြီး လှုပ်ရှားမရအောင် ပြုလုပ်ထားသည်။ သို့သော် သူ့ကို ထိခိုက်စေခြင်း မရှိပေ။
အချိန်ကြာလာည်နှင့်အမျှ မိုးကြိုးသွားထက်တွင် ထူထပ်စွာဖုံးလွှမ်းနေသည့် စည်းတံဆိပ်များ တဖြည်းဖြည်း မှေးမှိန်လာသည်။
ဤအတိုင်းသာဆိုလျှင် မကြာမီ မဟာမာရူယိ လွတ်လပ်စွာ ပြန်လည်လှုပ်ရှားလာနိုင်ပေလိမ့်မည်။
ရန်ကျောက်ကဲက ဝမ့်စကြာသင်္ကေတကိုကြည့်ရင်း အခြေအနေကို သဘောပေါက်သွားသည်။
“ထင်တဲ့အတိုင်းပဲ ၊ သူတို့ဘက်က သေချာပြင်ဆင်ထားတာပဲ”
"ရှေးခေတ်ကာလတုန်းက တာအိုအဓိပတိ 'ကျူးထီ'က မိုးကြိုးသွားသင်္ကေတအသုံးပြုပြီး ခုန်ရွှမ်းကို ဒေါင်းပုံစံပြန်ပြောင်းအောင်လုပ်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ဖူးတယ် ၊ အဲဒါက ဒီမိုးကြိုးသွားပဲ ဖြစ်ရမယ်”
တာအိုအဓိပတိ 'ကျူးထီ' က နောက်ပိုင်းတွင် 'စကြာမုနိဗုဒ္ဓ' အဖြစ်သို့ ပြောင်းလဲခဲ့ပြီး အလယ်ခေတ်ကုန်ဆုံးချိန်တွင် လောကကို ကျော်လွန်သွားခဲ့သည်။
ဤမိုးကြိုးသွားသင်္ကေတက တာအိုဝါဒ၏ ကျောက်စိမ်းကျိုင်းတံနှင့် ချင်းဖိန်ဓားတို့ကဲ့သို့ပင် ဖြစ်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့အုပ်စုအနေဖြင့် ဤရတနာကို ပိုင်ဆိုင်ထားသည့်တိုင် သူတို့၏ရည်မှန်းချက် အောင်မြင်နိုင်ရန်ကတော့ ခက်ခဲသေး၏။
သို့သော် ဤရတနာသည် ယခင်က မဟာမာရူယိနှင့် ကံကြမ္မာ အချိတ်အဆက်ရှိခဲ့ဖူးသည်။
ထို့ကြောင့် အနောက်ဘက်သူတော်စင်ဘုံက ကြာပန်းစိမ်းရတနာအလံကို ဆုံးရှုံးသွားသည့်အခါ ဤရတနာပစ္စည်းမှာ ခုန်ရွှမ်းကိုထိန်းချုပ်ရန် ဝှက်ဖဲတစ်ခု ဖြစ်လာရသည်။
ယခုလည်း ရည်ရွယ်ချက်အတိုင်း အလုပ်ဖြစ်ခဲ့သည်ပင်။
သို့ပေသိ ရန်ကျောက်ကဲမျှော်လင့်သည့်အတိုင်းပင် ဤနည်းလမ်းက ကြာရှည်မခံသလို ကြာပန်းစိမ်းရတနာအလံနှင့် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်တို့ကဲ့သို့ အကြိမ်ကြိမ် အသုံးပြု၍လည်း မရပေ။
မဟာမာရူယိကို ခဏမျှတားဆီးပြီးနောက်တွင် ထိုရတနာပစ္စည်းက မဟာမာရူယိ လက်ထဲသို့ ရောက်ရှိသွားပေမည်။
ဟုတ်ပေ၏။
မဟာမာရူယိအနေဖြင့် ဤရတနာပစ္စည်းကို အသုံးချနိုင်မည် မဟုတ်သော်လည်း ၊ ဤရတနာ သူ့လက်ထဲ ရောက်ရှိသွားသည်နှင့် သူ့ကိုဟန့်တားနိုင်မည့်ပစ္စည်းတစ်ခု လျော့နည်းသွားပေမည်။
ဤရတနာပစ္စည်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက် တန်ဖိုးရှိသည်မှန်သော်လည်း သူ၏အကြီးမားဆုံးတန်ဖိုးမှာ မဟာမာရူယိကို တစ်ကြိမ်သာလျှင် တားဆီးနှိမ်နင်းနိုင်ခြင်း ဖြစ်၏။
မိုးကြိုးသွားဖြင့် မဟာမာရူယိကို ယာယီထိန်းထားနိုင်ခြင်းက အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။
တာအိုသခင် 'လုယာ'၊ 'ထိုက်ယီကျန်းရန်'၊ 'တောင်ပိုင်းချန်စန်းဧကရာဇ်'နှင့် အခြားသူများအားလုံး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ရှိရာသို့ အလုအယက် ပြေးလွှားထွက်ခွာသွားကြသည်။
ငရဲကိုးထပ်နှင့် အနောက်ဘက်သူတော်စင်ဘုံတို့က ပို၍ပင် လျှင်မြန်သေး၏။
မူလစိတ်ဝိညာဉ်နတ်ဆိုးက ဆင်စွယ်ရောင်တိမ်တိုက်အလံကို ပြန်ရုပ်သိမ်းလိုက်ပြီး တာအိုသခင် 'လုယာ'နှင့် အခြားသူများကို တိုက်ခိုက်ရာတွင် အသုံးပြုလိုက်သည်။
အလံမှထွက်ပေါ်လာသည့် မွှေးရနံ့များက လူအုပ်ကြီးကို တားဆီးထားလိုက်သည်။
ထိုအချိန် ရန်ကျောက်ကဲက ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူက ချက်ချင်းပင် မူလပရမ်းပတာတူကို ဆင့်ခေါ်ပြီး ဦးခေါင်း (၉) လုံးရှိသည့် နတ်မိစ္ဆာကို ရိုက်ချလိုက်ကာ ဝူတန့်မယ်တော်ကို အနှောက်အယှက်မှ လွတ်မြောက်စေလိုက်သည်။
ဝူတန့်မယ်တော်က တစ်ချက်မနှောင့်နှေးဘဲ ဆင်စွယ်ရောင်တိမ်တိုက်အလံမှ ထွက်ပေါ်လာသော မွှေးရနံ့များကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဓားအလင်းတန်းများက ထက်ရှလွန်းသည်မဟုတ်ဘဲ စီးဆင်းနေသည့်ရေပမာလှည့်ပတ်ကာ ထူထပ်သည့်မွှေးရနံများကြားမှ လမ်းကြောင်းတစ်ခု ဖြစ်တည်လာသည်။
ဝူတန့်မယ်တော်က ဆင်စွယ်ရောင်တိမ်တိုက်အလံ၏ မူလပိုင်ရှင်ဖြစ်သော ကျောက်စိမ်းရေကန်မှ အနောက်မယ်တော်နှင့် ရင်းနှီးသူ ဖြစ်သည်။
ထို့ကြောင့် သူမက ထိုအလံ၏ခံစစ်စွမ်းအားကို ချိုးဖျက်နိုင်စွမ်း ရှိသည်။
ထို့ကြောင့်ပင် ငရဲကိုးထပ်က တာအိုဝါဒနှင့် တိုက်ခိုက်ချိန်တွင် ဆင်စွယ်ရောင်တိမ်တိုက်အလံကို အသုံးမပြုခဲ့ခြင်း ဖြစ်၏။
တာအိုသခင် 'လုယာ’ ကိုပင် တားဆီးနိုင်ခဲ့သော ဆင်စွယ်ရောင်တိမ်တိုက်အလံမှာ ဝူတန့်မယ်တော်ကိုတော့ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ဝူတန့်မယ်တော် လမ်းကြောင်းဖွင့်ပေးလိုက်သည်နှင့် ရန်ကျောက်ကဲနှင့် အခြားသော တာအိုဝါဒကျင့်ကြူံများက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ရှိရာသို့ လျှင်မြန်စွာ ဦးတည်ထွက်ခွာသွားကြသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့ကလည်း ဤအခြေအနေကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။
ထို့ကြောင့်လည်း မဟာမာရူယိကို တားဆီးရန် လူအင်အားအချို့ထားရှိပြီး ကျန်ရှိသူများက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
မဟာမာရူယိနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ အသာစီးရမှု ဆုံးရှုံးသွားပြီး တာအိုဝါဒနှင့် ငရဲကိုးထပ်ကြား တိုက်ပွဲတစ်ခု ပြန်လည်ဖြစ်ပွားလာသည်။
မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာ ထိပ်တန်းပုဂ္ဂိုလ်များသည်လည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကြသည်။
ရန်ကျောက်ကဲက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားရင်း လက်တစ်ဖက်ကိုပင့်မြှောက်ကာ အလံတစ်ခုကို ဆင့်ခေါ်လိုက်သည်။
ထိုအလံမှ တောက်ပသည့်ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဗလာနယ်တစ်ခုလုံးသို့ ပြည့်နက်သွားသည်။
ထိုအလံသည်ကား ကြာပန်းစိမ်းရတနာအလံပင် ဖြစ်ပေ၏။