အခန်း ၃၆၂
Vol. 25 Ch. 362
အခန်း(၃၆၂)
အနက်ရောင်အလင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အပြင်သို့ ပျံ့ပွားသွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အနက်ရောင်အလင်းက အစီအရင်၏ အလယ်တွင် မြန်ဆန်စွာ ပြန်စုဝေးသွားသည်။ အနက်ရောင်အလင်း ပျောက်ကွယ်သွားသည့်အခိုက် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ပုဂ္ဂိုလ်တစ်ယောက်ထံမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။ စင်မြင့်တစ်ခုလုံးက ထိုအရှိန်အဝါဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
“ အမ်… အဲ့ဒါ သူပဲ ”
အသစ်ရောက်လာသော ပုဂ္ဂိုလ်ကို မြင်သောအခါ ရွှေရောင်ဝတ်စုံနှင့် အမျိုးသားက အံ့ဩစွာ ရေရွတ်လိုက်သည်။ သူက အနည်းငယ် အံ့ဩသွားသည်။
“ အကိုသီ… ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီ ”
ငွေဆံရှည်၏ မျက်နှာပေါ်မှာ ရှားပါးသော အပြုံး ထွက်ပေါ်လာသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ရဲစွမ်းသတ္တိစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်… ကျုပ် ခင်ဗျားအပေါ် အထင်ကြီးလေးစားတာ မမှားခဲ့ဘူး ”
“ ငွေဆံရှည်မိစ္ဆာဘုရင် ”
သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သီရှီထျန်၏ မျက်လုံးထဲမှ ဇဝေဇဝါဖြစ်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ချက်ချင်းဆိုသလိုပင် ငွေဆံပင်ရှည်နှင့် တခြားသုံးယောက်က သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။ သူ့နှလုံးသားထဲမှာ စိတ်ရှုပ်ထွေးသော ခံစားချက် ဖြစ်ပေါ်လာသည်။
“ ကြယ်တာရာကောင်းကင်ပေါ်က စစ်ပွဲမှာ လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားနဲ့အတူ ငါသေသွားပြီ မဟုတ်ဘူးလား… ဘာဖြစ်သွားတာလဲ ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
သူ၏ အသိစိတ်နှင့် ခံစားချက်က ကြယ်တာရာကောင်းကင်စစ်ပွဲပေါ်မှာ စွဲမြဲနေဆဲပင်။ ကြယ်တာရာကောင်းကင်ပေါ်တွင် သန်းနှင့်ချီသော မိစ္ဆာများက အရေအတွက်အကန့်အသတ်မဲ့သော နတ်ဆိုးနတ်ဘုရားများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသည်။ မရေမတွက်နိုင်သော မိစ္ဆာများက စစ်ပွဲမှာ ကျရှုံးသွားကြပြီး သူတို့၏ ရွှေရောင်သွေးက ကောင်းကင်ပေါ်မှာ သမိုင်းဝင်အမှတ်အသားအဖြစ် ကျန်ရစ်နေခဲ့သည်။
ထိုမြင်ကွင်းက သူ၏ အသိစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေသည်။ ထို့ပြင် သူက လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားကို သူသေကိုယ်သေ တိုက်ခိုက်ခဲ့သည်။ သူ၏ သေဆုံးမှုက သူ့စိတ်ထဲမှာ ထင်ရှားနေဆဲပင်။
သို့သော်လည်း ထိုအချိန်တုန်းက သူခံစားခဲ့ရသည်မှာ သူ၏ သေဆုံးမှုက အစစ်အမှန် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီး အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ အသွေးအသား အက်ကွဲသွားမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကိုပင် ရှင်းလင်းစွာ သူခံစားရသည်။
မည်သို့ သူကြည့်ပါစေ ယင်းက အတုအယောင် မဟုတ်ပေ။ အရာအားလုံးက တကယ်စစ်မှန်သည်ဟု ထင်ရ၏။
“ ဟား ဟား… ဒီကို အရင်လာပြီး ဝိုင်သောက်ပါဦး… ပြီးသွားရင် ကျုပ်ခင်ဗျားကို အသေးစိတ် ပြောပြမယ် ”
ငွေဆံရှည်မိစ္ဆာဘုရင်သည် သီရှီထျန်ကို စိတ်ကျေနပ်စွာ ကြည့်လိုက်ပြီး သူ့လက်ထဲမှ ဝိုင်ဘူးသီးခြောက်ကို ပစ်ပေးလိုက်သည်။
သီရှီထျန်သည် ယဉ်ကျေးမနေဘဲ ဝိုင်ဘူးသီးခြောက်ကို ဖမ်းယူလိုက်သည်။ ထို့နောက် သူက တန်ဖိုးကြီးမားသော ဝိုင်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ သူက ဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်သည်။
“ ကောင်းလိုက်တဲ့ဝိုင် ”
ဝိုင်အရသာက သူ့လျှာပေါ်မှာ ထွက်ပေါ်လာပြီး ဝိုင်တန်ခိုးက သူ၏ စိတ်ထဲသို့ တိုးဝင်လာနေကြောင်း ခံစားမိသွားသောအခါ သူက ကောင်းမွန်သော မှတ်ချက်ကို ပေးလိုက်သည်။
“ အဲ့ဒီမတိုင်ခင် ကျုပ် ခင်ဗျားကို သူတို့နဲ့ မိတ်ဆက်ပေးမယ် ”
ယင်းကို ငွေဆံရှည်မြင်သောအခါ သူက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက အကျည်းတန်သောလူငယ်နှင့် တခြားနှစ်ယောက်ကို ကြည့်လိုက်ပြီး သီရှီထျန်အား မိတ်ဆက်ပေးလိုက်သည်။ သူက တည်ကြည်စွာ ပြောသည်။
“ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အရှိန်အဝါကို ထုတ်လွှတ်နေပြီး ရမ္မက်ခိုးဝေနေတဲ့ အကြည့်နဲ့ ပုဂ္ဂိုလ်က သွေးနဂါးဘုရင် ရွှဲယုထျန်း ”
“ သီရှီထျန်က သွေးနဂါးဘုရင်ကို ဂါရဝပြုပါတယ် ”
သီရှီထျန်က သွေးနီရောင်ဝတ်စုံနှင့်လူငယ်ကို ကြည့်လိုက်ပြီး လေးနက်သော အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။
“ သူကတော့ မြူခိုးမိစ္ဆာဘုရင် ပိုင်ဇီယန် ”
“ တွေ့ရတာဝမ်းသာပါတယ် ”
“ သူကတော့ ရွှေတောင်ပံလင်းနို့ဘုရင် ချီရဲ ”
ငွေဆံရှည်၏ မိတ်ဆက်ပေးမှုကြောင့် သီရှီထျန်သည် သူ့အရှေ့မှ ပုဂ္ဂိုလ်များကို သိကျွမ်းသွားသည်။ သို့သော်လည်း သူက စိတ်ထဲမှာ အတော်လေး အံ့ဩသွားသည်။ အကယ်၍ ယခင်ကဆိုလျှင် ယင်းကို သူကြားသည့်အခါ မည်သည့်တုံ့ပြန်မှုမှ ဖော်ပြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုက ခြားနားသွားသည်။
ဤအတောအတွင်းမှာ သူက မိစ္ဆာမျိုးနွယ်စုနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။
ယင်းတို့ထဲတွင် သူက မိစ္ဆာမျိုးနွယ်စု၏ မဟာမိစ္ဆာဘုရင်ရှစ်ပါးကို အထူးအာရုံစိုက်ခဲ့သည်။ မည်သို့သော အံ့ဖွယ်စွမ်းရည်များကို သူတို့ပိုင်ဆိုင်ထားကြောင်း သူမသိပေ။ သို့သော်လည်း အနည်းဆုံးတော့ သူတို့က မည်သူများဖြစ်ကြောင်း သူသိထားသည်။ သူ့အရှေ့မှ မိစ္ဆာဘုရင်များထဲတွင် မည်သူမှ သာမန်မဟုတ်ကြချေ။ သူတို့တစ်ယောက်စီက တောင်တန်းကို ဖြိုချပစ်နိုင်ပြီး ပင်လယ်ကို မှောက်လှန်ပစ်နိုင်သော အစွမ်းထက် မိစ္ဆာပညာရှင်များ ဖြစ်သည်။
သူတို့က မဟာမိစ္ဆာဘုရင်ဟူသော ဘွဲ့ကို အလကား ရလာကြခြင်း မဟုတ်ပေ။ သူ့အရှေ့မှာ ရပ်နေကြသော ပုဂ္ဂိုလ်လေးယောက်သည် မဟာမိစ္ဆာဘုရင်များ ဖြစ်ကြသည်။ ကောင်းကင်ရနံ့မြေခွေးဘုရင် စုထျန်းရှင်းကိုလည်း ထည့်တွက်မည်ဆိုလျှင် ယခု သူက မဟာမိစ္ဆာဘုရင်ငါးပါးကို မြင်တွေ့ဖူးသွားပြီ ဖြစ်၏။
ထိုသို့အခွင့်အရေးသည် အမှန်တကယ် မယုံကြည်နိုင်စရာကောင်း၏။
ယင်းက ရိုးရှင်းသော မိတ်ဆက်မှုသာဖြစ်သော်လည်း သီရှီထျန်က သူ့အရှေ့မှ ပုဂ္ဂိုလ်လေးယောက်ကို ယေဘုယျအားဖြင့် နားလည်သွားသည်။ သူတို့ထဲတွင် သွေးနဂါးဘုရင်က ရိုင်းစိုင်းကြမ်းကြုတ်ပုံပေါ်ပြီး ရမ္မက်ကြီးသူ ဖြစ်သည်။
မြူခိုးမိစ္ဆာဘုရင်သည်တော့ မထူးမခြားနား အမူအရာဖြင့် ရှိနေသည်။ သူက အေးတိအေးစက် အကျင့်စရိုက်ရှိသူ ဖြစ်သည်။ သူက တခြားအရာများကို ဂရုမစိုက်ပေ။ သူက သူ့လက်ထဲမှ ဝါးလုံးကိုသာ အချိန်ပြည့် ကြည့်နေသည်။ သူနှင့် ရင်းနှီးကျွမ်းဝင်ရန် လွယ်ကူမည့်ပုံမပေါ်ချေ။
ရွှေတောင်ပံလင်းနို့ဘုရင်သည်တော့ နားလည်ရန် ခက်ခဲသည်။
“ ကျွတ်… ကျွတ်… မဆိုးဘူး ”
သွေးနဂါးဘုရင်သည် သီရှီထျန်ကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ သူက အရုပ်ဆိုးစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ကုန်းမြေနဲ့ နှစ်အနည်းငယ် ငါကင်းကွာနေတဲ့အချိန် မိစ္ဆာမျိုးနွယ်စုထဲမှာ ပါရမီရှင်လူငယ်တစ်ယောက် ပေါ်ထွန်းလာလိမ့်မယ်လို့ မထင်ထားဘူး… မင်းက ကောင်းကင်မိစ္ဆာအရှင် စီစဉ်ထားတဲ့ စမ်းသပ်မှုကို ဒီလောက်အချိန်တိုလေးအတွင်းမှာ ဖြတ်ကျော်နိုင်တယ်လား… မင်းက တကယ်အံ့ဩစရာပဲ… မင်းက ငါနဲ့ မိတ်ဆွေဖွဲ့ဖို့ အရည်အချင်းရှိတယ်… ညီလေး… အနာဂတ်မှာ မင်းအားတဲ့အချိန်ကျရင် ငါ့ရဲ့ သွေးနဂါးရေကန်ဆီ အလည်ရောက်လာခဲ့ပါ… လောကစည်းစိမ်ဆိုတာ ဘာလဲ ငါမင်းကို သင်ကြားပေးမယ်… အဲ့ကျရင် မင်းပြန်ချင်တော့မှာ မဟုတ်ဘူး ”
သူ၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားသော အမူအရာ ထွက်ပေါ်လာသည်။
“ ရာဂနဂါး… မင်း ဝေးဝေးသွားနေစမ်းပါ… ဒီမှာ မင်းအလုပ်မရှိဘူး… ညီလေးသီ စိတ်မရှုပ်သွားဖို့အတွက် သူ့ကို ငါရှင်းပြပေးရမယ် ”
ငွေဆံရှည်က သွေးနဂါးမိစ္ဆာဘုရင်ကို ကြည့်လိုက်သည်။ ယင်းကို ကြားသောအခါ သွေးနဂါးမိစ္ဆာဘုရင်က ချောက်ကပ်ကပ် ရယ်လိုက်ပြီး ဘေးသို့ လျှောက်သွားသည်။
“ ညီလေးသီ… အခု မင်း စိတ်ဇဝေဇဝါဖြစ်နေတယ်မလား… ဟား ဟား… အဆင်ပြေပါတယ်… မင်းရဲ့ သံသယကို ငါ့ကို ပြောပြပါ… မင်းကို အဖြေပြန်ပေးဖို့ ငါအကောင်းဆုံး ကြိုးစားမယ် ”
ငွေဆံရှည်က ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။ သူ၏ လေသံထဲမှာ ရင်းနှီးဖော်ရွေသော စိတ်ဆန္ဒပါရှိသည်။
ယင်းကို သီရှီထျန် သတိထားမိသည်။ သူက ငတုံးမဟုတ်လေရာ ငွေဆံရှည်က သူ့ကို မျက်နှာသာပေးနေကြောင်း ချက်ချင်း သူနားလည်လိုက်သည်။ သူက မျက်လုံးဝင်းလက်သွားပြီး ပွင့်ပွင့်လင်းလင်း ပြောသည်။
“ ကျုပ်ရှီထျန်က ကိစ္စတချို့ကို တကယ်ပဲ နားမလည်ပါဘူး… အဲ့ဒါက ကျုပ်ကို ဇဝေဇဝါဖြစ်စေတယ် ”
“ စောစောက ကျုပ်က ကြယ်တာရာကောင်းကင်ပေါ်မှာ ရှိနေခဲ့တယ်… လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားနဲ့ တိုက်ခိုက်ပြီးနောက် သူနဲ့အတူ ကျုပ်သေဆုံးသွားခဲ့တယ်… ကျုပ်သေသွားတဲ့ ခံစားချက်က အရမ်းစစ်မှန်တယ်… အဲ့ဒါ ဘာဖြစ်တာလဲ… ပြီးတော့ စောစောက ‘ ရဲစွမ်းသတ္တိစမ်းသပ်မှု ’လို့ ခင်ဗျားပြောခဲ့တယ်… အဲ့ဒါ ဘာကိုဆိုလိုတာလဲ… ကျေးဇူးပြုပြီး ကျုပ်ရဲ့ မေးခွန်းတွေကို ဖြေကြားပေးပါ ငွေဆံရှည်မိစ္ဆာဘုရင် ”
သီရှီထျန်နှင့် ငွေဆံရှည်မိစ္ဆာဘုရင်သည် ဤမတိုင်ခင် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ငွေဆံရှည်မိစ္ဆာဘုရင်အပေါ် အကူအညီတောင်းရန် တုံ့ဆိုင်းမနေပေ။ သူသည် ပါးစပ်ဟလိုက်ပြီး လိုရင်းကို ပြောသည်။
“ ကောင်းပြီ… ဒီနေ့ မင်းသိချင်တာအားလုံး ငါပြောပြပေးမယ်… ဘာပဲဖြစ်ဖြစ် မင်းက ရဲစွမ်းသတ္တိစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်… အဲ့လိုဆိုတော့ လျှို့ဝှက်နယ်မြေအကြောင်း မင်းသိထားဖို့ အရည်အချင်းပြည့်မီတယ် ”
ငွေဆံရှည်မိစ္ဆာဘုရင်က မထူးမခြားနား ပြောသည်။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက ရှေးခေတ်က မိစ္ဆာမျိုးနွယ်စုရဲ့ ကောင်းကင်မိစ္ဆာဖန်တီးခဲ့တဲ့ လျှို့ဝှက်နယ်မြေဆိုတာ မင်းသိပြီးလောက်ပြီ… ကောင်းကင်မိစ္ဆာက လျှို့ဝှက်နယ်မြေထဲမှာ စမ်းသပ်မှုတွေ ချန်ထားခဲ့တယ်… ဒါပေမဲ့ မင်းမသိသေးတာတစ်ခုက ဒီလျှို့ဝှက်နယ်မြေက တကယ်တော့ ရှေးခေတ်ပြီးနောက် မိစ္ဆာမျိုးနွယ်စုရဲ့ နောက်ဆုံးခံတပ် ဖြစ်တယ်… အဲ့ဒါက မိစ္ဆာမျိုးနွယ်စုအတွက် ဘေးကင်းလုံခြုံရာနေရာ ဖြစ်တယ်… လူသားမျိုးနွယ်စုနဲ့ စစ်ဖြစ်တဲ့အချိန်မှာ မိစ္ဆာမျိုးနွယ်စုက သူတို့ရဲ့ လက်ရွေးစင်ကျင့်ကြံသူတွေကို ကပ်ဘေးကနေ ရှောင်တိမ်းဖို့ လျှို့ဝှက်နယ်မြေထဲ ထည့်သွင်းခဲ့တယ်… သူတို့က မိစ္ဆာမျိုးနွယ်စုမှာ နောက်ဆုံးရှင်သန်ခဲ့ကြတဲ့ လက်ရွေးစင်ကျင့်ကြံသူတွေ ဖြစ်ကြတယ်… ရည်ရွယ်ချက်ကတော့ လျှို့ဝှက်နယ်မြေထဲမှာ ပြန်နာလန်ထူဖို့ ဖြစ်တယ်… ဒါမှ မိစ္ဆာမျိုးနွယ်စုက အမြစ်ဖြတ်သုတ်သင်မခံရမှာ ”
“ မိစ္ဆာမျိုးနွယ်စုရဲ့ လက်ရွေးစင်ကျင့်ကြံသူတွေက ပြန်နာလန်ထူဖို့ လျှို့ဝှက်နယ်မြေထဲ ပို့လွှတ်ခံလိုက်ရတယ်လား”
သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ အို… အခု ငါနားလည်သွားပြီ… အရင်က ငါမြင်တွေ့ခဲ့တဲ့ ခရမ်းလျှပ်စီးမိုးက သားရဲတွေကို တကယ်ပဲ ဝိညာဉ်အသိဉာဏ်နိုးထပေးနိုင်တယ်… အံ့ဩစရာမရှိတော့ပါဘူး… ဒါဆိုရင် မိစ္ဆာအများအပြားက ဒီလျှို့ဝှက်နယ်မြေထဲမှာ နေထိုင်နေကြတာပေါ့… နှစ်ပေါင်းများစွာကြာပြီးနောက်မှာ သူတို့ရဲ့ အရေအတွက်က… ”
စက်ကရာမှာ မည်သူနည်း။ ငွေဆံရှည်၏ စကားကို ကြားပြီးနောက် ယခင်က သူမြင်တွေ့ခဲ့သော ခရမ်းလျှပ်စီးမိုးကို ချက်ချင်း တွေးမိသွားသည်။ မိစ္ဆာမျိုးနွယ်စုအတွက်တော့ ခရမ်းလျှပ်စီးမိုးက ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှု ဖြစ်သည်။ ခရမ်းလျှပ်စီးမိုး တစ်ကြိမ်ရွာသွန်းသည့်အခါတိုင်း မည်မျှများပြားသော တိရိစ္ဆာန်များက အသိဉာဏ်ရှိသွားကြမည်နည်း။ နှစ်ပေါင်းများစွာကြာပြီးနောက် မိစ္ဆာမျိုးနွယ်ဝင်များက ဤလျှို့ဝှက်နယ်မြေထဲမှာ မည်မျှတိုးပွားသွားသနည်း။
သီရှီထျန်၏ တီးတိုးစကားကို ကြားသောအခါ မူလက တည်ငြိမ်နေသော သူ့မျက်လုံးထဲမှာ အန္တရာယ်အလင်းရောင် ထွက်ပေါ်လာသည်။
“ ခရမ်းလျှပ်စီးမိုးကို မင်းတကယ် မြင်တွေ့ခဲ့တာလား ”
တခြားမိစ္ဆာဘုရင်သုံးပါးသည်ပင် သူ့ကို ချက်ချင်း ကြည့်လိုက်ကြသည်။ ရှင်းလင်းစွာပင် သူတို့က ထိုကိစ္စကို အလွန်အလေးအနက်ထားကြသည်။
“ ဟုတ်တယ် ”
သီရှီထျန်သည် ဘာမှမဖုံးကွယ်ပေ။ အတိတ်မှာ သူမြင်တွေ့ခဲ့သော အဖြစ်အပျက်ကို ငွေဆံရှည်အား ပြန်ပြောပြလိုက်သည်။
ယင်းကို ကြားသောအခါ ငွေဆံရှည်က နက်နက်နဲနဲ တွေးတောလိုက်သည်။ နားထောင်ပြီးနောက် သူက ခေါင်းမော့လိုက်ပြီး တခြားမိစ္ဆာဘုရင်သုံးပါးနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့က ထိုအကြောင်းကို နောက်ထပ် မပြောကြတော့ချေ။
“ ကောင်းကင်မိစ္ဆာရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်ယောက်ယောက်က ကောင်းကင်မိစ္ဆာ ချန်ထားခဲ့တဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ရလိမ့်မယ်… အဲ့ဒါတွေအားလုံးကို ဖြတ်ကျော်နိုင်မှပဲ အမွေအနှစ်ဆက်ခံဖို့ အရည်အချင်းပြည့်မီလိမ့်မယ်… ရဲစွမ်းသတ္တိက ကောင်းကင်မိစ္ဆာ ချန်ထားခဲ့တဲ့ စမ်းသပ်မှုတွေထဲက တစ်ခုပဲ ”
ငွေဆံရှည်က ဆက်ပြောသည်။