အခန်း ၃၆၃
Vol. 25 Ch. 363
အခန်း(၃၆၃)
“ ခဏလေး ”
သီရှီထျန်က တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားလေရာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက မေးသည်။
“ လူသားကျင့်ကြံသူတွေရော ကောင်းကင်မိစ္ဆာရဲ့ စမ်းသပ်မှုတွေထဲ ပါဝင်နိုင်လား ”
“ လူသားကျင့်ကြံသူတွေလား… သူတို့က မထိုက်တန်ပါဘူး ”
ငွေဆံရှည်က နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးစွာ ပြောသည်။
“ ကောင်းကင်မိစ္ဆာအရှင်က လူသားကျင့်ကြံသူတွေအတွက် အစောကြီးကတည်းက ကြိုပြင်ဆင်ထားခဲ့တယ် ”
“ မိစ္ဆာမျိုးနွယ်စုရဲ့ နောက်ဆုံးအသုတ် လက်ရွေးစင်ကျင့်ကြံသူတွေကို လျှို့ဝှက်နယ်မြေထဲ ထည့်သွင်းပြီးနောက် ကောင်းကင်မိစ္ဆာအရှင်က အနာဂတ်ကို ကြိုတွေးခဲ့တယ်… လူသားမျိုးနွယ်စုက ရှေးခေတ်ရဲ့ နံပါတ်တစ်မျိုးနွယ်စုကို ဖယ်ရှားချင်ပြီး ခရမ်းရွှေကုန်းမြေရဲ့ အဓိကဇာတ်ဆောင်ဖြစ်လာဖို့ ကြိုးစားနေတယ်ဆိုတာ ကောင်းကင်မိစ္ဆာအရှင် သိတယ်… လျှို့ဝှက်နယ်မြေက နှစ်တစ်ထောင်နေမှ တစ်ကြိမ် ဖွင့်လှစ်တယ်ဆိုပေမဲ့ လူသားကျင့်ကြံသူတွေရဲ့ အာရုံစိုက်မှုကနေ မလွတ်မြောက်နိုင်ဘူး… ဒါကြောင့် ကောင်းကင်မိစ္ဆာအရှင်က အစကတည်းက လျှို့ဝှက်နယ်မြေအကြောင်း ဖုံးကွယ်ထားဖို့ မစဉ်းစားခဲ့ဘူး ”
ငွေဆံရှည်သည် လျှို့ဝှက်နယ်မြေအကြောင်း ကောင်းကောင်း သိနားလည်ထားသည်။
သီရှီထျန်က ရဲစွမ်းသတ္တိစွမ်းသပ်မှုကို ယခုမျိုးဆက်ထဲတွင် အမြန်ဆုံး ဖြတ်ကျော်နိုင်ခဲ့သူ ဖြစ်သည်။ သူက လျှို့ဝှက်နယ်မြေအကြောင်း သိထားရန် အရည်အချင်းပြည့်မီသည်။ ထို့ကြောင့် သူက မည်သည့်အရာမှ မထိန်ချန်ဘဲ ရှင်းပြပေးသည်။
“ ဒါ့အပြင် ကောင်းကင်မိစ္ဆာအရှင်က ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားခဲ့တယ်… သူက လျှို့ဝှက်နယ်မြေထဲမှာ မိစ္ဆာမျိုးနွယ်ဝင်မဟုတ်တဲ့ မျိုးနွယ်ခြားတွေအတွက် သတ်ဖြတ်ခြင်းထောင်ချောက်တွေကို စီစဉ်ခဲ့တယ်… လူသားကျင့်ကြံသူတွေ လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်တဲ့အခါ သူတို့ကို စောင့်ကြိုနေမှာပါ ဓားတောင်နဲ့ မီးပင်လယ် ဖြစ်တယ်… သူတို့ထဲက လူတစ်ဝက်ကျော်က ယင်ယန်ကောင်းကင်တံတားဆီ မရောက်ခင် သေချာပေါက် သေဆုံးသွားကြလိမ့်မယ် ”
ငွေဆံရှည်က တည်ငြိမ်စွာ ပြောသည်။ သို့သော်လည်း သူ၏ လေသံထဲမှာ အကန့်အသတ်မဲ့သော အေးစက်မှု ကိန်းအောင်းနေသည်။
“ ကျွတ်… ကျွတ်… ”
ရွှဲယုထျန်းက ထူးဆန်းသော အသံကို ပြုလုပ်လိုက်သည်။
“ ဓားတောင်နဲ့ မီးပင်လယ်က အရမ်းအန္တရာယ်များတယ်လို့ ငါကြားတယ်… ကောလဟာလတွေအရ ဓားတောင်ပေါ်က ခြေလှမ်းတိုင်းက သွေးတွေနဲ့ စွန်းထင်နေတယ်… မီးပင်လယ်ပေါ်က ခြေလှမ်းတိုင်းက ပြာတွေနဲ့ ပြည့်နှက်နေတယ်… ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက ငါက မိစ္ဆာမျိုးနွယ်ဝင်ဖြစ်နေလို့ အဲ့ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မမြင်နိုင်ဘူး… တကယ်လို့ ငါ့မှာသာ အခွင့်အရေးရှိမယ်ဆိုရင် ငါသွေးနဂါးဘုရင် အဲ့ဒီကို ကိုယ်တိုင်သွားပြီး လူသားကျင့်ကြံသူတွေရဲ့ ကံကြမ္မာဆိုးကို မြင်ချင်စမ်းပါဘိ ”
“ ငါတို့မိစ္ဆာတွေက ကောင်းကင်မိစ္ဆာအရှင် အထူးတလည် စီစဉ်ထားတဲ့ နှလုံးသားရှာဖွေလမ်းကြောင်းဆီ ရောက်သွားကြလိမ့်မယ်… ညီလေးသီ စောစောက မင်းဖြတ်ကျော်ခဲ့တာ ကောင်းကင်မိစ္ဆာအရှင်ရဲ့ ပထမဆုံး စမ်းသပ်မှုဖြစ်တဲ့ ရဲစွမ်းသတ္တိစမ်းသပ်မှုပဲ ”
“ မင်း ရဲစွမ်းသတ္တိရှိလား ”
“ ရဲစွမ်းသတ္တိလား ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ သူရောက်ရှိပြီးနောက် သူ၏ ဗဟုသုတက ကန့်သတ်ခံထားရကြောင်း ခံစားမိသွားသည်။ ဤသည်မှာ သူ့အရှေ့မှ အရာအားလုံးကို မြူခိုးအလွှာတစ်ခုက ဖုံးကွယ်ထားသည့်အလားပင်။ ကိစ္စအများစုက သူ့အား ဇဝေဇဝါဖြစ်စေသည်။
“ ဟုတ်တယ်… ကျွန်းစုပေါ်က ဘုရားကျောင်းကို မင်းမြင်လား… အဲ့ဒါက နှလုံးသားရှာဖွေဘုရားကျောင်း ”
ငွေဆံရှည်သည် ဝိုင်ကို သူ့ပါးစပ်ထဲသို့ အကြိမ်ရေအနည်းငယ် လောင်းထည့်လိုက်သည်။ ထို့နောက် သူက ကျွန်းစုပေါ်မှာ ထီးထီးမားမား တည်ရှိနေသော ဘုရားကျောင်းကို ညွှန်ပြလိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ မင်းမှာ ရဲစွမ်းသတ္တိရှိလား နှလုံးသားရှာဖွေဘုရားကျောင်းကို မေးပါ… စောစောက မင်းထွက်လာတာ နှလုံးသားရှာဖွေဘုရားကျောင်းဆီကပဲ… အဲ့ဒီဘုရားကျောင်းက မင်းဟာ ရဲစွမ်းသတ္တိရှိသူဟုတ်မဟုတ် စမ်းသပ်လိမ့်မယ်… တကယ်လို့ မင်းက ရဲစွမ်းသတ္တိရှိသူမဟုတ်ရင် ဘုရားကျောင်းထဲကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး ”
သီရှီထျန်သည် ငွေဆံရှည်၏ စကားကို ဂရုတစိုက် နားထောင်နေသည်။ ယင်းက အပြင်လူများ သိနိုင်သောအရာ မဟုတ်ကြောင်း သူသိသည်။ သို့ဖြစ်၍ ယင်းတို့ကို ဂရုတစိုက် နားထောင်ခြင်းက သူ့ကို အကျိုးရှိစေလိမ့်မည်။
ယခု ငွေဆံရှည်၏ ရှင်းပြချက်ကို သူကြားသောအခါ စိတ်ထဲ၌ ဝမ်းသာပျော်ရွှင်သွားသည်။ အစောနက သူရင်ဆိုင်ခဲ့ရသော အဖြစ်အပျက်က နှလုံးသားရှာဖွေဘုရားကျောင်း၏ စမ်းသပ်မှုဖြစ်ကြောင်း သိလိုက်သည်။ နှလုံးသားရှာဖွေဘုရားကျောင်းသည် တစ်စုံတစ်ယောက်၏ ရဲစွမ်းသတ္တိကို စမ်းသပ်သောနေရာ ဖြစ်သည်။ ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားလျှင် မတူညီသော မြင်ကွင်းအမျိုးမျိုး ထွက်ပေါ်လာလိမ့်မည်။ ဥပမာ သီရှီထျန် မြင်တွေ့ခဲ့သော ကြယ်တာရာကောင်းကင်ပေါ်မှ စစ်ပွဲက ရဲစွမ်းသတ္တိစမ်းသပ်မှုမှလွဲ၍ တခြားမဟုတ်ပေ။
နတ်ဆိုးနတ်ဘုရားများသည် သူ့ထက် အဆပေါင်းတစ်ရာ သို့မဟုတ် အဆပေါင်းတစ်ထောင် ပိုပြီးသန်မာကြသည်။ သူတို့ကို ရင်ဆိုင်ခြင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေခြင်းနှင့် မခြားပေ။ အကယ်၍ သူ့မှာ ရဲစွမ်းသတ္တိမရှိလျှင် နတ်ဆိုးနတ်ဘုရားများကို ရင်ဆိုင်ရန် သူဆုံးဖြတ်ခဲ့လိမ့်မည် မဟုတ်ချေ။ သူရဲဘောကြောင်သူဆိုလျှင် ထိုသို့သေခြင်းရှင်ခြင်းအခြေအနေမျိုးဖြင့် ရင်ဆိုင်ရသည့်အခါ အသက်ရှိနေသေးသရွေ့ မျှော်လင့်ချက်ရှိသည်ဟု အကြောင်းပြချက်ပေးကာ အနောက်ဆုတ်လိမ့်မည်။ သို့သော်လည်း ယင်းက သူတို့၏ စိတ်ထဲမှာ အရိပ်မည်းသဖွယ် ကျန်ရစ်နေလိမ့်မည်။ နောင်တစ်ချိန်တွင် သူတို့က နတ်ဆိုးနတ်ဘုရားများနှင့် ရင်ဆိုင်ရသည့်အခါ အလိုအလျောက် ကြောက်ရွံ့သွားလိမ့်မည်။ နတ်ဆိုးနတ်ဘုရားများ၏ အရှေ့မှာ မည်သည့်အခါမှ သူတို့ရပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။
အကယ်၍ သီရှီထျန်သာ စစ်မြေပြင်ဆီသို့ မသွားရောက်ခဲ့လျှင် ယခုအခြေအနေက ကွဲပြားသွားလိမ့်မည်။
သို့ဆိုလျှင် စစ်မြေပြင်ဆီသို့ မသွားရောက်ခဲ့သော မိစ္ဆာများက မည်သို့ဖြစ်သွားမည်နည်း။ သီရှီထျန်က ထိုအကြောင်းကို မမေးခဲ့သော်လည်း အဖြေကို သူခန့်မှန်းနိုင်သည်။ သူတို့က ကောင်းကင်မိစ္ဆာအရှင်၏ အမွေအနှစ်ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးအား လက်လွှတ်လိုက်ကြရလိမ့်မည်။ သူတို့၏ အောင်မြင်မှုက အကန့်အသတ်ရှိသွားလိမ့်မည်။
“ ငါနားလည်ပြီ… ရဲစွမ်းသတ္တိစမ်းသပ်မှုက ပထမဆုံး စမ်းသပ်မှုဆိုတော့ နောက်ထပ် စမ်းသပ်မှုတွေ ရှိသေးတယ်ပေါ့ ”
သီရှီထျန်က တစ်ခဏတွေးပြီးနောက် လေးနက်စွာ ပြောသည်။ အမှန်မှာ သူက အခြေအနေအလုံးစုံကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။
“ ဟား ဟား… မင်းက နှလုံးသားရှာဖွေဘုရားကျောင်းရဲ့ စမ်းသပ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်တယ်ဆိုတော့ အနာဂတ်မှာ မင်းရဲ့ အောင်မြင်မှုက ငါတို့တွေထက် လုံးဝ နိမ့်ကျမှာမဟုတ်ဘူး… ငါတို့ရဲ့ ဘေးပတ်ပတ်လည်မှာ ကျွန်းစုတွေ ရှိနေတာ မင်းမြင်လား… ကျွန်းစုတစ်ခုနဲ့တစ်ခု မတူညီဘူး… ကျွန်းစုတစ်ခုပေါ်မှာ နှလုံးသားရှာဖွေဘုရားကျောင်းတစ်ခု ရှိတယ်… ဒီဟာက ပထမဆုံး ဘုရားကျောင်းပဲ ”
ငွေဆံရှည်က သာမန်ကာလျှံကာ ပြောသည်။
“ တခြားဘုရားကျောင်းလေးခုက ဘယ်လိုစမ်းသပ်မလဲ ငါတို့မသိဘူး ”
“ ခင်ဗျားတို့ မသိဘူး ”
ထိုစကားက စက်ကရာကို အံ့ဩသွားစေသည်။
“ ညီလေး ”
ရွှေတောင်ပံလင်းနို့ဘုရင်က မျက်လုံးမှေးကျဉ်းလိုက်ပြီး သီရှီထျန်ကို ကြည့်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။
“ လျှို့ဝှက်နယ်မြေက နှစ်တစ်ထောင်ကြာပြီးမှ တစ်ကြိမ်ဖွင့်လှစ်တယ်… အခု ငါတို့လေးယောက်က မဟာမိစ္ဆာဘုရင်ဘွဲ့ကို ရထားကြပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ငါတို့က မင်းလိုပဲ အငယ်တန်း မိစ္ဆာတစ်ကောင်ထက် မပိုခဲ့ဘူး… ပထမဆုံး နှလုံးသားရှာဖွေဘုရားကျောင်းကို ဖြတ်ကျော်နိုင်ခဲ့တာက ငါတို့အတွက် ကြီးမားတဲ့ ကံကောင်းမှုကြီးပဲ… အဲ့ဒါကြောင့်ပဲ ငါတို့က မိစ္ဆာမျိုးနွယ်စုထဲမှာ မဟာမိစ္ဆာဘုရင်ဘွဲ့ကို ရရှိခဲ့ကြတယ် ”
နှလုံးသားရှာဖွေဘုရားကျောင်းသည် တစ်စုံတစ်ယောက်၏ စိတ်ခွန်အားနှင့် ပင်ကိုယ်ပါရမီကို စမ်းသပ်သော နေရာဖြစ်သည်။ အတိတ်တွင် ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များက ပထမဆုံး စမ်းသပ်မှုကိုသာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ သို့ဖြစ်၍ အကယ်၍ တစ်စုံတစ်ယောက်က ပထမဆုံး စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် အနာဂတ်မှာ သူတို့က မဟာမိစ္ဆာဘုရင်ဘွဲ့ထက် မလျော့သော အောင်မြင်မှုကို သေချာပေါက် ရရှိကြလိမ့်မည်။
တစ်ခုသိထားရမည်မှာ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များ၏ ဘွဲ့က အတုအယောင် မဟုတ်ပေ။ သူတို့သည် ခန္ဓာကိုယ်ထဲမှ အမြူတေဓာတ်လုံးကို တတိယအကြိမ် အသွင်သဏ္ဍာန်ပြောင်းလဲခြင်းနယ်ပယ်အထိ ကျင့်ကြံထားကြသည်။ သူတို့၏ စွမ်းအားက အစစ်အမှန်မိစ္ဆာဘုရင်တစ်ပါးထက် မလျော့ပေ။
နှလုံးသားရှာဖွေဘုရားကျောင်း၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သွားလျှင် သူ၏ အသိစိတ်က ကြည်လင်ရှင်းလင်းသွားလိမ့်မည်။ ထို့နောက် ကျင့်ကြံခြင်းလမ်းစဉ်တွင် အတားအဆီးများဖြင့် သူရင်ဆိုင်သည့်အခါ ယင်းတို့ကို အသာအယာလေး ဖြတ်ကျော်နိုင်သွားလိမ့်မည်။ ယင်းက နှလုံးသားရှာဖွေဘုရားကျောင်း၏ အကျိုးကျေးဇူးဖြစ်သည်။
သီရှီထျန်သည် တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားပြီးနောက် မေးသည်။
နှလုံးသားရှာဖွေဘုရားကျောင်း၏ စမ်းသပ်မှုကို ဖြတ်ကျော်သွားပြီးလျှင် အချိန်ကာလတစ်ခုကြာပြီးနောက် စင်မြင့်ပေါ်မှာ လမ်းကြောင်းနှစ်ခု ထွက်ပေါ်လာလိမ့်မည်။ လမ်းကြောင်းတစ်ခုက ကောင်းကင်ပေါ်သို့ မြှောက်တတ်နေသော မိုးထိုးဖောက်နတ်ဘုရားအလင်းတိုင်လုံး ဖြစ်သည်။ အခြားတစ်ခုသည်တော့ နှလုံးသားရှာဖွေဘုရားကျောင်းမှ ထွက်သွားနိုင်မည့် လမ်းကြောင်း ဖြစ်သည်။
နှလုံးသားရှာဖွေဘုရားကျောင်းက စုစုပေါင်း ငါးခုရှိသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် စမ်းသပ်မှုငါးမျိုးကို တွေ့ကြုံရလိမ့်မည်။ ယင်းတို့အားလုံးကို သူဖြတ်ကျော်နိုင်လျှင် ဤလောက၏ အထွတ်အထိပ်မှာ ရပ်ရန် အရည်အချင်းပြည့်မီသွားလိမ့်မည်။ သူက ကောင်းကင်မိစ္ဆာ၏ အမွေအနှစ်ကို ရရှိရန် အရည်အချင်းပြည့်မီသွားလိမ့်မည်။
ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည် ဒုတိယမြောက် နှလုံးသားရှာဖွေဘုရားကျောင်းဆီသို့ မည်သို့ကြောင့် သူတို့မဝင်ရောက်ခဲ့ကြောင်း သီရှီထျန်ကို မပြောကြပေ။ သို့သော်လည်း အကြောင်းအရင်းကို အကြမ်းဖျဉ်း သူခန့်မှန်းနိုင်သည်။ မည်သို့ဖြစ်ပါစေ ကောင်းကင်မိစ္ဆာဘုရင်၏ စမ်းသပ်မှုများက မည်သို့လွယ်ကူနိုင်မည်နည်း။
ထို့ပြင် ယင်းက နှလုံးသားကို စစ်ဆေးသော စမ်းသပ်မှုများ ဖြစ်သည်။ စမ်းသပ်မှုကို သူဖြတ်ကျော်နိုင်သွားလျှင် အထွတ်အထိပ်သို့ ရောက်နိုင်မည့် သူ၏ အလားအလာက တိုးပွားသွားလိမ့်မည်။ သို့သော်လည်း အကယ်၍ သူကျရှုံးသွားမည်ဆိုလျှင် ယင်းက သူတို့၏ စိတ်ထဲမှာ အရိပ်မည်းကြီးသဖွယ် အမြဲတမ်း တည်ရှိသွားလိမ့်မည်။ ထိုအခါ သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက နှေးကွေးသွားလိမ့်မည်။
“ ရွှတ် ”
သီရှီထျန်နှင့် တခြားလူများက သောက်စားရင်း စကားပြောနေကြစဉ် သူတို့အောက်မှ စင်မြင့်က ရုတ်တရက် တုန်ယင်သွားသည်။ အစောနက သီရှီထျန် ထွက်လာခဲ့သော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က ထပ်မံ ထွန်းလင်းတောက်ပလာသည်။
ယင်း၏ ဆိုလိုရင်းမှာ နောက်ထပ် မိစ္ဆာတစ်ကောင်က နှလုံးသားရှာဖွေစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားသည်။
စက်ကရာနှင့် တခြားမိစ္ဆာဘုရင်များ၏ အကြည့်အောက်မှာ နောက်ထပ် ပုံရိပ်တစ်ခုက စင်မြင့်ပေါ်မှာ ထွက်ပေါ်လာသည်။ ထိုပုံရိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဖော်မပြနိုင်အောင် ပြင်းထန်သော အအေးဓာတ်က ကောင်းကင်ပေါ်မှ ရုတ်တရက် ကျဆင်းလာသည်။ မြောက်လေက ဤနေရာမှာ တိုက်ခတ်သွားဟန် ရ၏။ နောက်အခိုက်အတန့်မှာ စင်မြင့်ကို ရေခဲအလွှာချပ်များက ဖုံးလွှမ်းသွားသည်။
“ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ အအေးဓာတ်လဲ ”
သီရှီထျန်နှင့် တခြားမိစ္ဆာဘုရင်များသည် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ခံစားမိသွားသောအခါ မချီးကျူးဘဲ မနေနိုင်ကြပေ။ ထိုလေအေးကို အသစ်ရောက်လာသော မိစ္ဆာဘုရင်က ထုတ်လွှတ်နေခြင်းဖြစ်ကြောင်း သူတို့ရှင်းလင်းစွာ သိကြသည်။
ပိုပြီးထူးဆန်းဖွယ်ကောင်းသည့်အချက်မှာ ထိုပုဂ္ဂိုလ်က လေအေးကို တမင်ထုတ်လွှတ်နေခြင်း မဟုတ်ပေ။ ယင်းအစား လေအေးက သူ့ထံမှ သဘာဝအလျောက် ထွက်ပေါ်နေသည်။ သို့ဖြစ်၍ ဖြစ်နိုင်ခြေရှိသည်မှာ ထိုပုဂ္ဂိုလ်က တမူထူးခြားသော မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော မိစ္ဆာတစ်ကောင် သို့မဟုတ် အံ့ဖွယ်ထူးခြားသော အအေးဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားသည့် မိစ္ဆာတစ်ကောင် ဖြစ်နိုင်သည်။
အနီးကပ် သူတို့မြင်လိုက်ရသည့်အခါ ထိုပုဂ္ဂိုလ်က အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်သာရှိသေးကြောင်း သိလိုက်ကြသည်။ သူက အရပ်ရှည်သည်။ ထို့ပြင် သူ့မှာ ကလေးဆန်သော မျက်နှာ ရှိသည်။ သူ၏ မျက်နှာက ကလေးတစ်ယောက်ကဲ့သို့ ချစ်စရာမကောင်းသော်လည်း မျက်နှာတည်ကြည်နေသော လူများကို ပြုံးရယ်သွားစေနိုင်၏။ သူက ပေတစ်ထောင်အဝေးအထိ ပျံ့လွင့်သွားမည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။ သူ၏ ဆံပင်က နှင်းကဲ့သို့ အဖြူရောင်ဖြစ်သည်။ သူ့ဝတ်စုံသည်လည်း အဖြူရောင်ဖြစ်သည်။ သူ၏ လက်ထဲမှာ သေးသွယ်ရှည်လျားသော အဖြူရောင်ကြာပွတ်တစ်ချောင်း ရှိသည်။ ကြာပွတ်က အေးစက်မှုနှင့် ခြောက်ခြိမ်းမှုအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကြာပွတ်၏ အဖျားပေါ်မှာ ရိုင်းစိုင်းကြမ်းကြုတ်သော မြွေဦးခေါင်းရှိသည်။ ကြာပွတ်ပေါ်တွင် အဖြူရောင်အကြေးခွံများ ပြွတ်သိပ်ရှိနေသည်။ အကြေးခွံများသည် အဖြူရောင်သလင်းကျောက်များပမာ ကြည်လင်တောက်ပသည်။ ကြာပွတ်ထဲမှာ ဝိညာဉ်စွမ်းအားဖြင့် ပြည့်နှက်နေဟန် ရ၏။ ယင်းက ရှားပါးနတ်ဘုရားလက်နက်တစ်ခု ဖြစ်သည်။
ယင်း၏ နာမည်က ရေခဲဝိညာဉ်ကြာပွတ် ဖြစ်သည်။