အခန်း ၃၆၄
Vol. 25 Ch. 364
အခန်း(၃၆၄)
“ အမ် ”
ငွေဆံရှည်က အံ့ဩစွာ ရေရွတ်လိုက်သည်။ သူက အသစ်ရောက်လာသူကို စိတ်ဝင်စားစွာ ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ ရှေးခေတ်မှာ ရေခဲဝိညာဉ်မျိုးနွယ်ဝင်အမြောက်အမြားက စစ်ပွဲမှာ ကျဆုံးသွားခဲ့ကြတယ်… ဒီနှစ်တွေမှာ ရေခဲဝိညာဉ်မျိုးနွယ်အကြောင်း ဘာသတင်းမှ မကြားခဲ့ရဘူး… အစက ငါထင်ထားခဲ့တာက ရေခဲဝိညာဉ်မျိုးနွယ်က မျက်မှောက်ခေတ်မှာ မျိုးတုန်းသွားပြီလို့… ဒီနေရာမှာ ရေခဲဝိညာဉ်မျိုးနွယ်ဝင်ကို မြင်တွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… ကြည့်ရတာ ငါတို့မိစ္ဆာမျိုးနွယ်စု ကံကောင်းနေသေးတယ် ထင်တယ်… ရှေးခေတ်မျိုးဆက်သွေးအများစုက မပျောက်ကွယ်သေးဘူး… ကောင်လေး… မင်းနာမည် ဘယ်လိုခေါ်လဲ ”
ရှေးခေတ်ကာလတွင် ရေခဲဝိညာဉ်မျိုးနွယ်သည် မိစ္ဆာမျိုးနွယ်စုထဲမှာ အတော်လေး နာမည်ကျော်ကြားခဲ့သည်။ သူတို့က ရေနဂါးအမျိုးအနွယ်ထဲမှာ ပါဝင်ကြသည်။ သို့သော်လည်း သူတို့သည် နဂါးများနှင့် မြွေများ မိတ်လိုက်ပြီးနောက် မွေးဖွားလာကြခြင်း မဟုတ်ပေ။ ယင်းအစား သူတို့က မိုးမြေကြားမှာ သဘာဝအလျောက် မွေးဖွားလာကြသည်။ သူတို့က အအေးဓာတ်ကို မွေးရာပါသဘာဝစွမ်းရည်အဖြစ် ပိုင်ဆိုင်ထားကြသည်။ သူတို့အများစုသည် အလွန်အေးစက်သော နေရာများတွင် ရှင်သန်နေထိုင်ကြသည်။ သူတို့သည် အအေးဓာတ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြသည်။ သူတို့သည် အအေးဓာတ်အထူးပြုကျင့်စဉ်ကို ကျင့်ကြံကြသည်။
သူတို့၏ တိုက်ခိုက်စွမ်းရည်က အလွန်သန်မာသည်။ မိစ္ဆာမျိုးနွယ်စုထဲတွင် သူတို့က ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် ရှေးခေတ်ကာလကုန်ဆုံးသွားပြီးနောက် ရေခဲဝိညာဉ်မျိုးနွယ်အကြောင်း နောက်ထပ် သတင်းမကြားရတော့ပေ။
ထို့ကြောင့် မိစ္ဆာမျိုးနွယ်စုနှင့် မသေမျိုးကျင့်ကြံသူများသည် ရေခဲဝိညာဉ်မျိုးနွယ် မျိုးတုန်းသွားပြီဟု သတ်မှတ်လိုက်ကြသည်။ ဤနေရာမှာ ရေခဲဝိညာဉ်မျိုးနွယ်ဝင်တစ်ဦးကို သူတို့တွေ့ဆုံလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။
သူတို့အရှေ့မှ လူငယ်သည် ရေခဲဝိညာဉ်မျိုးနွယ်မှ ဖြစ်သည်။
သီရှီထျန်သည် တစ်ဖက်လူ၏ သရုပ်ကို မသိပေ။ သို့သော်လည်း နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် အသက်ရှင်သန်ခဲ့သော ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များက ယင်းကို မည်သို့မသိဘဲ နေမည်နည်း။ သူတို့သည် အကြည့်တစ်ချက်ဖြင့် တစ်ဖက်လူ၏ သရုပ်ကို ဖော်ထုတ်နိုင်သွားကြသည်။
“ လန်ဝူချင်း ”
အေးစက်စက် စကားလုံးသုံးလုံးက သူ့ပါးစပ်မှ ထွက်ပေါ်လာသည်။ သီရှီထျန်နှင့် တခြားလူများကို မြင်သောအခါ လူငယ်က သူ့နာမည်ကို ပြောပြီးလျှင် ဘေးသို့ မထူးမခြားနား လျှောက်သွားသည်။ ဤသည်မှာ သူက ထိုအုပ်စုနှင့် မပတ်သက်ချင်သည့်အလားပင်။
ထိုအခိုက်အတန့်မှာ တည်နေရာပြောင်းရွှေခြင်းအစီအရင်က ထပ်မံ အရောင်လင်းလက်သွားသည်။ မကြာမီ စမ်းသပ်မှုအောင်မြင်သွားပြန်သော နောက်ထပ် မိစ္ဆာတစ်ကောင် ထွက်ပေါ်လာသည်။
ဤတစ်ကြိမ် ထွက်ပေါ်လာသော မိစ္ဆာက သီရှီထျန်ကို အနည်းငယ် အံ့ဩသွားစေသည်။ ထိုမိစ္ဆာသည် ငွေဆံရှည်၏ တူမလေး ယုအာမှလွဲ၍ တခြားမဟုတ်ပေ။
သူက မိန်းကလေးငယ်တစ်ယောက် ဖြစ်သော်လည်း ရဲစွမ်းသတ္တိစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့လေရာ လျော့မတွက်နိုင်ပေ။
ယုအာ ထွက်ပေါ်လာသည့်အခါ စင်မြင့်ပေါ်တွင် စုဝေးနေသော မိစ္ဆာအရေအတွက်က စုစုပေါင်း ခုနစ်ယောက် ရှိသွားသည်။ ထိုအခိုက်အတန့်မှာ သူတို့၏ ခြေထောက်အောက်မှ စင်မြင့်က ရုတ်တရက် တုန်ယင်လာသည်။ ဤသည်မှာ ငလျင်လှုပ်နေသည့်အလားပင်။
“ ဝှစ် ”
ကျယ်လောင်သော မြည်သံများကြားတွင် ဧရာမနတ်ဘုရားတိုင်လုံးတစ်ခုက ကောင်းကင်ပေါ်မှ ရုတ်တရက် ကျဆင်းလာသည်။ အနက်ရောင်အလင်းတန်းများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားတိုင်လုံးက သူတို့၏ အရှေ့မှာ ရပ်သွားသည်။ ယင်းက မူလကတည်းက ရှိနေသော နတ်ဘုရားတိုင်လုံးနှင့် ဘေးချင်းကပ်၍ တည်ရှိနေသည်။
နတ်ဘုရားတိုင်လုံးများက အကန့်အသတ်မဲ့သော ကြီးမြတ်မှုကို ထုတ်လွှတ်နေသည်။ မကြာမီ ဧရာမကျောက်ပြားတစ်ချပ်က နတ်ဘုရားတိုင်လုံးနှစ်ခုကြားထဲမှာ ထွက်ပေါ်လာသည်။
ကြည့်ရသည်မှာ ယင်းက လမ်းညွှန်မှုတစ်ခုဖြစ်ဟန် ရ၏။
ကျောက်ပြားထွက်ပေါ်လာသည်နှင့်ချက်ချင်း…
“ ဘန်း… ဘန်း… ဘန်း… ”
စင်မြင့်တစ်ခုလုံးက အပြင်းအထန် တုန်ယင်သွားသည်။ ကျောက်ပြားသည်လည်း တုန်ခါသွားသည်။ မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း မှော်စာလုံးများက ကျောက်ပြား၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက မြူခိုးချိပ်တံဆိပ်နှင့် ဆင်တူသည်။ ကျောက်ပြားထံမှ ထွက်ပေါ်လာသော အရှိန်အဝါက အလွန်အားကောင်းသည်။ ယင်းက တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံသည်။ ကျောက်ပြားအရှေ့မှာ ရပ်နေသော သီရှီထျန်သည် အသက်ရှူကျပ်မှုကို ခံစားမိသွားသည်။
တစ်ချိန်တည်းမှာ ကျောက်ပြားပေါ်မှ နတ်ဘုရားစာလုံးများက အပြင်ဘက်မှာ ရုတ်တရက် သိပ်သည်းသွားပြီး ခရမ်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ ခရမ်းရောင်အလင်းတန်းများက သီရှီထျန်တို့အုပ်စုဆီသို့ ပျံသန်းသွားသည်။ အလင်းတန်း၏ အလျင်က အလွန်မြန်ဆန်သည်။ ငွေဆံရှည်၊ သွေးနဂါးနှင့် တခြားမိစ္ဆာဘုရင်များသည်ပင် ခရမ်းရောင်အလင်းတန်းကို မရှောင်တိမ်းနိုင်ကြချေ။ ခရမ်းရောင်အလင်းတန်းက သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်ကို အကူအညီမဲ့စွာ ကြည့်နေကြရသည်။
ခရမ်းရောင်အလင်း သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ပမာဏများပြားသော သတင်းအချက်အလက်များက သူ့စိတ်ထဲမှာ အရူးအမူး ထွက်ပေါ်လာသည်။ သူက ထိုသတင်းအချက်အလက်များကို လက်ခံရန် အာရုံစူးစိုက်လိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် သူက မှိတ်ထားသော မျက်လုံးကို ရုတ်တရက် ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန် ရ၏။ သူက တည်ငြိမ်စွာ ပြောသည်။
“ ငါသိပြီ… အနက်ရောင်နတ်ဘုရားအလင်းတိုင်လုံးက ထွက်လမ်းပဲ… ခရမ်းရောင်နတ်ဘုရားအလင်းတိုင်လုံးက နောက်ထပ် စမ်းသပ်မှုဆီ လမ်းညွှန်ပေးလိမ့်မယ် ”
ကျောက်ပြားထံမှ သူရရှိခဲ့သော သတင်းအချက်အလက်များသည် ငွေဆံရှည် အစောနက ပြောပြခဲ့သော သတင်းအချက်အလက်များထက် မလျော့ပေ။ ဤအခိုက်အတန့်မှာ သူက အပြင်ထွက်သွားမည်လော သို့မဟုတ် စမ်းသပ်မှုကို ဆက်လက် လုပ်ဆောင်မည်လော ရွေးချယ်ရလိမ့်မည်။
ငွေဆံရှည်သည် သီရှီထျန်ကို ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။ သူက နူးညံ့စွာ ပြောသည်။
“ အကိုသီ… အရှေ့ဆက်သွားမလား ဒါမှမဟုတ် အနောက်ဆုတ်မလား ”
“ အရှေ့ဆက်သွားရမှာပေါ့… သေချာပေါက်ပဲ ”
သီရှီထျန်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေသည်။ သူမျက်ခုံးပင့်တင်လိုက်သည့်အခါ ယုံကြည်မှုရှိသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက စိတ်ဓာတ်နိုးကြားသွားသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ဝိုင်နတ်ဘုရားဘူးသီးခြောက်က သူ့လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်ပြီး အော်ရယ်လိုက်သည်။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ… အနှစ်တစ်ထောင်နေမှ တစ်ကြိမ် ထွက်ပေါ်လာတဲ့ အမွေအနှစ်လျှောက်လမ်း… ပထမဆုံးအနေနဲ့ ငါ့ကို သတ္တိရှိလား မေးတယ်… ငါပြန်ဖြေတယ်… သေခြင်းရှင်ခြင်းနဲ့ ရင်ဆိုင်ရရင်တောင်… မဟာကပ်ဘေးနဲ့ ရင်ဆိုင်ရရင်တောင် ငါမကြောက်ဘူး… သေခြင်းတရားကိုတောင် ငါမကြောက်တာ အမွေအနှစ်လျှောက်လမ်းက ငါ့ကို ကြောက်ရွံ့စေမှာ မဟုတ်ဘူး… စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်ဖို့ ငါသီရှီထျန် ရောက်လာပြီ… ဒီနေရာမှာ မင်းတို့တွေနဲ့ တွေ့ဆုံရတာ ငါသီရှီထျန်အတွက် ဂုဏ်ယူစရာပါ… မင်းတို့တွေနဲ့ အတူတူ ဝိုင်သောက်ပါရစေ ”
နှလုံးသားရှာဖွေဘုရားကျောင်းထဲတွင် တစ်စုံတစ်ယောက်သည် သူ့နှလုံးသားထဲမှ မသန့်စင်မှုအားလုံးကို စွန့်ထုတ်ရလိမ့်မည်။ ကောင်းကင်မိစ္ဆာအရှင်သည် ရဲစွမ်းသတ္တိကို ပထမဆုံး စမ်းသပ်မှုအဖြစ် တမင်ရည်ရွယ်ချက်ရှိစွာ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ ရဲစွမ်းသတ္တိမရှိလျှင် နောက်ထပ် စမ်းသပ်မှုများကို သူဖြတ်ကျော်ရန် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ချေ။
သီရှီထျန်သည် သူ့အရှေ့မှာ ဓားတောင်နှင့် မီးပင်လယ်ရှိလျှင်ပင် ယင်းတို့ကို သေချာပေါက် ဖြတ်ကျော်မည်ဟု လုံးဝ စိတ်ဆုံးဖြတ်ထားသည်။ သူက ဤလမ်းကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့မှတော့ ထိုအတွက် ဖြစ်လာမည့် ရလဒ်ကို နောင်တရလိမ့်မည် မဟုတ်ချေ။
သူ့နှလုံးသားထဲမှာ ကြောက်ရွံ့မှု မရှိပေ။ သူရဲကောင်းစိတ်ဆန္ဒသာလျှင် ရှိ၏။
သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ကျောက်စိမ်းဝိုင်ခွက်ခြောက်ခွက်က လေထဲမှာ ထွက်ပေါ်လာကြသည်။ ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို သူပုတ်လိုက်သည့်အခါ ဝိုင်က ကျောက်စိမ်းဝိုင်ခွက်ခြောက်ခွက်စလုံးကို ဖြည့်လိုက်သည်။ သူက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်ပြီး ဝိုင်ခွက်များကို ငွေဆံရှည်နှင့် တခြားလူများထံသို့ ကမ်းပေးလိုက်သည်။
သူ၏ ဝိုင်ခွက်အား တခြားလူများ လက်ခံသည် လက်မခံသည်ကို သီရှီထျန် ဂရုစိုက်မနေပေ။ သူက ဝိုင်သောက်ပြီးလျှင် ဝိုင်ခွက်ကို အောက်သို့ ပစ်ချ၍ တစ်စစီအက်ကွဲစေသည်။
သူ၏ အင်္ကျီလက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်လေရာ ကျားဝိညာဉ်ဓားမော့က သူ့လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ အရှေ့သို့ မြဲမြံစွာ လျှောက်သွားသည်။ အရှေ့သို့ သူရွေ့လျားသွားနေစဉ် ကျားဝိညာဉ်ဓားမော့ကို တရွတ်တိုက် ဆွဲသွားသည်။ ထိုအခါ ကျားဝိညာဉ်ဓားမော့ထံမှ မီးပွားစများ ထွက်ပေါ်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူက ကောင်းကင်နှင့် ချိတ်ဆက်နေသော ခရမ်းရောင်နတ်ဘုရားအလင်းတိုင်လုံးထဲသို့ ဝင်ရောက်သွားသည်။ ခရမ်းရောင်အလင်း တောက်ပသွားသည့်အခါ သီရှီထျန်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
“ ဘယ်လောက်ရဲတင်းလိုက်လဲ ”
ယင်းကို မြင်သောအခါ ရွှေတောင်ပံလင်းနို့ဘုရင်က မှတ်ချက်ပေးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ သူက အော်ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ငါလက်လျော့ခဲ့တာကို နောင်တရမိတယ်… အခု ဘာပဲဖြစ်လာဖြစ်လာ အမွေအနှစ်လျှောက်လမ်းဆီ သေချာပေါက် ငါသွားမယ်… အားလုံးပဲ… ငါအရင်သွားနှင့်ပြီ ”
ထိုသို့ပြောပြီးနောက် သူက သီရှီထျန်ပေးသော ဝိုင်ကို သောက်လိုက်ပြီး သူ့အရှေ့မှ ခရမ်းရောင်နတ်ဘုရားအလင်းတိုင်လုံးထဲသို့ ခုန်ဝင်သွားသည်။ ရွှေတောင်ပံလင်းနို့ဘုရင်၏ လှုပ်ရှားမှုက အလွန်လွှမ်းမိုးဗိုလ်ကျသည်။
“ ကျွတ်… ကျွတ်… လင်းနို့အိုကြီး ငါ့ကို စောင့်ပါဦး ”
သွေးနဂါးဘုရင်သည်လည်း ဝိုင်ခွက်ကို လှမ်းယူ၍ သောက်လိုက်ပြီး အရှေ့သို့ ပြေးသွားသည်။
ဤအခိုက်အတန့်မှာ သူတို့အားလုံးသည် သီရှီထျန်၏ ရဲစွမ်းသတ္တိကြောင့် စိတ်ဓာတ်နိုးကြားသွားကြသည်။ သူတို့ခြောက်ယောက်သည် အနောက်ဆုတ်ရန် လုံးဝ မတွေးကြချေ။ သူတို့သည် ဝိုင်သောက်ပြီးလျှင် အမွေအနှစ်လျှောက်လမ်းဆီသို့ အတူတကွ ဝင်ရောက်သွားကြသည်။ သူတို့ပြီးနောက် တခြားမိစ္ဆာများ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မည်လော မည်သူမှ အရေးမစိုက်ကြချေ။
လူသားကျင့်ကြံသူများက ဓားတောင်နှင့် မီးပင်လယ်ကို ဖြတ်ကျော်နေကြစဉ် မိစ္ဆာများက အမွေအနှစ်လျှောက်လမ်းကို ဖြတ်ကျော်နေကြသည်။
သို့သော်လည်း မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းပါစေ လမ်းအဆုံးမှာ ယင်ယန်ကောင်းကင်တံတားက သူတို့ကို စောင့်ကြိုနေလိမ့်မည်။
“ ဟူး ”
ရေကန်တစ်ကန်ပေါ်တွင် မဏ္ဍပ်တစ်ခုရှိသည်။ မွှေးပျံ့သော ရနံ့က မဏ္ဍပ်၏ ဘေးပတ်ဝန်းကျင်မှာ တစ်နှစ်ပတ်လုံး ရှိနေသည်။ ရေကန်ထဲတွင် ကြာပန်းများ ရှိသည်။ အဆုံးမဲ့သော ပန်းပင်များကို ရေကန်၏ ဘေးပတ်ဝန်းကျင်မှာ မျက်စိတစ်ဆုံးမြင်တွေ့နိုင်သည်။ ယင်းက အမှန်တကယ် လှပသည်။
မဏ္ဍပ်ထဲတွင် ချောမောလှပသော မိန်းကလေးတစ်ဦး မတ်တတ်ရပ်နေသည်။ သူ၏ လက်ချောင်းများကြားတွင် ခရမ်းရောင်ပွင့်ချပ်ကို သိမ်မွေ့ညင်သာစွာ ကိုင်ထားသည်။ သူက ပွင့်ချပ်ကို ဆော့ကစားနေသည်။ လေထဲတွင် ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ပေါ်လျှိုးလာပြီး ပွင့်ချပ်ထဲသို့ ဝင်ရောက်သွားသည်။ သူ၏ လှပသော မျက်ဝန်းတစ်စုံက ကြာပန်းတစ်ပွင့်ပေါ်သို့ ကျရောက်နေသည်။ သို့သော်လည်း သူ့စိတ်က ကြာပန်းပေါ်မှာ ရှိမနေပေ။
“ ငါတကယ်ပဲ စွဲလန်းသွားတာလား… ကုချင်းအသံကို ကြားဖို့ နံနက်တိုင်း ငါဒီကို ဘာလို့ ရောက်လာတာလဲ… မဟုတ်ဘူး… အဲ့ဒါမဖြစ်နိုင်ဘူး… ငါဘာလို့ သူ့အကြောင်းကို တွေးရမှာလဲ… အဲ့ဒီနေ့ကတည်းက သူနဲ့ ထပ်မပတ်သက်ဖို့ ငါဆုံးဖြတ်ခဲ့တယ် ”
သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
မဏ္ဍပ်ထဲမှာ ရပ်နေသော မိန်းကလေးသည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အရှင်သခင် ချန်းရှီမှလွဲ၍ တခြားမဟုတ်ပေ။
ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် ယခု သူဇဝေဇဝါဖြစ်နေသည်။ အတိတ်တွင် စက်ကရာသည် သူ့အတွက် နံနက်ခင်းတိုင်း ကုချင်းတီးခတ်လိမ့်မည်။ ချန်းရှီသည် သူ့ကို ခွင့်လွှတ်ပေးရန် ဆန္ဒမရှိပေ။ သို့သော်လည်း ကုချင်းအသံကို ချိုင့်ဝှမ်းဆီသို့ မပျံ့လွင့်လာရန် သူမတားနိုင်ပေ။ ကုချင်းအသံထဲမှာ ကိန်းအောင်းနေသော ဂီတအနုပညာက သူ့ကို စိတ်သက်သာရာရစေပြီး ဝမ်းသာပျော်ရွှင်စေသည်။ အစပိုင်းတွင် နံနက်ခင်းအချိန်တိုင်း ကုချင်းနားထောင်ခြင်းက သူ့အတွက် သာမန်ကိစ္စမျှသာ ဖြစ်၏။
သို့သော်လည်း လအနည်းငယ်ကြာပြီးနောက် နံနက်မိုးလင်းတိုင်း ပထမဆုံး သူလုပ်သည့်အရာက ရေကန်အလယ်မှ မဏ္ဍပ်ထဲမှာ ထိုင်ပြီး ကုချင်းအသံကို နားထောင်ခြင်းဖြစ်သည်။ ကုချင်းအသံသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ တစ်ရက်မှ မပျက်ကွက်ဘဲ နေ့စဉ် ထွက်ပေါ်လာသည်။ နောက်ပိုင်းတွင် ကုချင်းနားထောင်ခြင်းက သူ့အတွက် အလေ့အကျင့်တစ်ခု ဖြစ်လာသည်။ ကုချင်းအသံကို တစ်ရက်သူမကြားရလျှင် စိတ်မသက်မသာ ခံစားရလာသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သီရှီထျန်ရှိနေစဉ်က ယင်းကို သူသတိမထားမိပေ။
သို့သော်လည်း သီရှီထျန်နှင့် မဒူဆာ မီးခိုးလှိုင်းကျွန်းစုဆီသို့ ထွက်ခွာသွားပြီးနောက် နံနက်ခင်းတိုင်း ထွက်ပေါ်လာသော ကုချင်းအသံက ရပ်တန့်သွားသည်။ အစပိုင်းတွင် ယင်းကို သူကျင့်သားမရပေ။ သို့သော်လည်း ရေကန်အလယ်မှ မဏ္ဍပ်ဆီသို့ ရောက်လာတိုင်း ကုချင်းအသံနှင့် ကုချင်းတီးခတ်သူကို မသိစိတ်မှ သူစဉ်းစားမိလိမ့်မည်။
ထိုအခါ သူက စိတ်ဂနာမငြိမ်ဖြစ်လာသည်။