အခန်း ၃၆၅
Vol. 25 Ch. 365
အခန်း(၃၆၅)
“ သီရှီထျန်… သီရှီထျန်… ငါက လွယ်လွယ်နဲ့ အလျော့ပေးမှာ မဟုတ်ဘူး ”
စိတ်ဓာတ်ပြတ်သားမှုက ချန်းရှီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ထိုအကြောင်းကို နောက်ထပ် မစဉ်းစားတော့ပေ။ သူက မဏ္ဍပ်ထဲမှာ တိတ်တဆိတ် ထိုင်လိုက်ပြီး ချိုင့်ဝှမ်းအတွင်းမှ ပန်းမျိုးတစ်ရာချီကို ခါတိုင်းကဲ့သို့ စုပ်ယူလိုက်သည်။
သို့သော် ရုတ်တရက်ဆိုသလို သူ့နှလုံးခုန်သံက မြန်ဆန်လာသည်။ ယင်းက သူ့ကို စိတ်ဂနာမငြိမ်ဖြစ်စေသည်။ စိုးရိမ်ကြောင့်ကြမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး တောင်ပိုင်းမြေရိုင်းဒေသ၏ အပြင်သို့ ကြည့်လိုက်သည်။
အလွန်အားကောင်းသော အရှိန်အဝါတစ်ခုက တောင်ပိုင်းမြေရိုင်းဒေသ၏ အပြင်ဘက်မှ ပေါ်လျှိုးလာနေသည်။ ထိုအရှိန်အဝါသည် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အလျှင်အမြန် ချဉ်းကပ်လာနေသည်။ ရှင်းလင်းစွာပင် ယင်း၏ ပစ်မှတ်က တောင်ပိုင်းမြေရိုင်းဒေသ ဖြစ်သည်။
“ နောက်ဆုံးတော့ ရောက်လာပြီ ”
ချန်းရှီ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူ၏ မျက်လုံးထဲမှာ ခမ်းနားထည်ဝါမှု ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။
“ လူသားမသေမျိုးကျင့်ကြံသူတွေက တကယ်ပဲ မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်ကြတော့မယ်… သူတို့က ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်မှုစတင်ကြပြီ ”
တောင်ပိုင်းမြေရိုင်းဒေသထဲမှ တခြားမိစ္ဆာသားရဲများက ယင်းကို အာရုံမခံနိုင်ကြပေ။ သို့သော်လည်း ယင်းက ချန်းရှီ၏ အာရုံခံမှုမှ မလွတ်မြောက်နိုင်ပေ။ မသေမျိုးကျင့်ကြံသူတစ်ယောက်၏ အလွန်အားကောင်းသော အရှိန်အဝါက အဝေးမှ ချဉ်းကပ်လာနေသည်။ ရှင်းလင်းစွာပင် ထိုသူက မသေမျိုးကျင့်ကြံခြင်းလောကမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်။ ထိုသူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်၏ အထက်မှာ ဖြစ်သည်။
ချန်းရှီသည်ပင် ထိုအရှိန်အဝါထံမှတဆင့် ခြိမ်းခြောက်မှုကို ခံစားမိသည်။
အမှန်မှာ ချန်းရှီသည် ထိုသို့နေ့က အနှေးနှင့်အမြန် ရောက်လာလိမ့်မည်ဟု သူတွေးထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက သီရှီထျန်နှင့် မဒူဆာကိုသာ လျှို့ဝှက်နယ်မြေဆီသို့ သွားရောက်စေခဲ့သည်။ သူသည်တော့ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျန်နေခဲ့သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ အစွမ်းထက်မိစ္ဆာအားလုံး အပြင်ရောက်နေသည့်အချိန် မသေမျိုးကျင့်ကြံခြင်းလောကမှ ဂိုဏ်းများက တောင်ပိုင်းမြေရိုင်းဒေသအား ရုတ်တရက် တိုက်ခိုက်လာကြမည်ကို သူစိုးရိမ်သည်။
တောင်ပိုင်းမြေရိုင်းဒေသထဲတွင် လေလွင့်ကျင့်ကြံသူတစ်ထောင်ကျော် အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရပြီးနောက် ထိုသို့နေ့က အနှေးနှင့်အမြန် ရောက်လာလိမ့်မည်ဟု ချန်းရှီ သိသည်။
လေလွင့်ကျင့်ကြံသူတစ်ထောင်ကျော် အသတ်ခံရသည့် ကိစ္စကို မသေမျိုးကျင့်ကြံခြင်းလောကက လျစ်လျူရှုထားမည်ဟု ချန်းရှီ တစ်ခါမှ မတွေးခဲ့ပေ။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်လေရာ သူတို့က ချက်ချင်း မတုံ့ပြန်ခဲ့ကြပေ။ မသေမျိုးကျင့်ကြံခြင်းလောကမှ ဂိုဏ်းကြီးများသည် သူတို့၏ အာရုံစိုက်မှုကို တောင်ပိုင်းမြေရိုင်းဒေသထံမှ ယာယီဖယ်ရှားခဲ့သည်။
သို့သော်လည်း ရောက်လာရမည့်အရာက အနှေးနှင့်အမြန် ရောက်လာလိမ့်မည်။
တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာပညာရှင်များ မရှိနေသည့်အချိန် မသေမျိုးကျင့်ကြံသူများ ရုတ်တရက် လာရောက်တိုက်ခိုက်ကြမည်ကို ချန်းရှီ စိုးရိမ်သည်။ သို့သော်လည်း သူ၏ စိုးရိမ်မှုက အမှန်တကယ် ဖြစ်လာသည်။ ထိုသို့သူမဖြစ်စေချင်သော်လည်း ကံကြမ္မာသည် သူထိန်းချုပ်နိုင်သောအရာ မဟုတ်ပေ။
“ တောင်ပိုင်းမြေရိုင်းဒေသကို နင်တို့ တိုက်ခိုက်ချင်တာလား… အတိတ်မှာ လူသားမျိုးနွယ်စုရဲ့ အသန်မာဆုံး ကျင့်ကြံသူတွေတောင် ငါတို့ကို အနိုင်မယူနိုင်ခဲ့ဘူး… ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတွေလောက်ကိုတော့ ပြောမနေနဲ့… နင်တို့အရမ်းတွန်းအားပေးလာရင် တန်ဖိုးတစ်ခုကို ငါပေးဆပ်ပြီး နင်တို့အားလုံးကို တောင်ပိုင်းမြေရိုင်းဒေသကနေ ဘယ်တော့မှ ပြန်မထွက်သွားနိုင်အောင် လုပ်ပစ်မယ် ”
အေးစက်စက်အလင်းတန်းက ချန်းရှီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရှားပါးသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒပင် သူ့မျက်လုံးထဲမှာရှိသည်။ ထိုအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသ၏ အရှေ့ဘက်တွင် အရွယ်အစားကြီးမားသော နတ်ဘုရားလှေတစ်စင်းက ကောင်းကင်ပေါ်မှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ လှေပေါ်တွင် မသေမျိုးကျင့်ကြံသူအုပ်စုတစ်စု ရှိသည်။
မသေမျိုးကျင့်ကြံသူများသည် အရေအတွက်တစ်ထောင်ကျော်သည်။
သူတို့ထဲတွင် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က လှေဦးပိုင်းမှာ မတ်တတ်ရပ်နေပြီး အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရံဖန်ရံခါ သူ့မျက်လုံးထဲတွင် အလင်းရောင်မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်လာသည်။ ကြီးမြတ်သော အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။
“ တောင်ပိုင်းမြေရိုင်းဒေသ… သေးငယ်တဲ့ တောင်ပိုင်းမြေရိုင်းဒေသကများ ဘယ်လောက်အတင့်ရဲလို့ ငါ့ရဲ့ သားရဲတစ်သောင်းဂိုဏ်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေကို သတ်ရဲရတာလဲ… ငါ့အထင် မမှားရင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာဘုရင်တစ်ပါး ဒါမှမဟုတ် နှစ်ပါး ထွက်ပေါ်လာပြီ… ဒါပေမဲ့ မင်းတို့က ငါ့ရဲ့ သားရဲတစ်သောင်းဂိုဏ်းကို စော်ကားရဲတယ်ဆိုတော့ မင်းတို့မိစ္ဆာတွေကို သင်ခန်းစာကောင်းကောင်း ပေးပစ်မယ်… မင်းတို့ကိုယ်မင်းတို့ ရှေးခေတ်က မိစ္ဆာမျိုးနွယ်စုလို့ အောက်မေ့နေသေးတာလား… မင်းတို့က အခုချိန်မှာ မျိုးနွယ်စုငယ်တစ်ခုထက် မပိုပါဘူး ”
သက်လတ်ပိုင်းအမျိုးသားသည် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အေးစက်စက် ကြည့်လိုက်သည်။ အထင်သေးရှုံ့ချသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကြည့်ရသည်မှာ သူက မိစ္ဆာမျိုးနွယ်စုကို လုံးဝ အထင်မကြီးဟန် ရ၏။ သူ၏ ကိုယ်ဟန်အမူအရာကို ကြည့်ခြင်းအားဖြင့် သူက ထိုကျင့်ကြံသူအုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန် ရ၏။
ထိုကျင့်ကြံသူများသည် သားရဲတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
အတိတ်တွင် ကပ်ဘေးဒုက္ခကို ချန်းရှီ ကျော်လွှားနေစဉ် သားရဲတစ်သောင်းဂိုဏ်းမှ တပည့်များက အခြေအနေကို အခွင့်ကောင်းယူ၍ တောင်ပိုင်းမြေရိုင်းဒေသကို တိုက်ခိုက်လာကြသည်။ သို့သော်လည်း တောင်ပိုင်းမြေရိုင်းဒေသ၏ အလုံးစုံအင်အားက သူတို့မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့အားလုံးက သီရှီထျန်၏ လက်ထဲမှာ သေဆုံးသွားကြသည်။
တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူတို့သေဆုံးသွားခဲ့သည်ကို တခြားကျင့်ကြံသူများက မမြင်တွေ့ခဲ့ကြပေ။ သို့သော်လည်း ဂိုဏ်းကြီးတစ်ဂိုဏ်း၏ နည်းလမ်းများက အံ့ဖွယ်ထူးခြားသည်။
ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးလျှင် တပည့်တစ်ယောက်စီမှာ အသက်ဝိညာဉ်ကမ္ပည်းပြား ရှိသွားကြလိမ့်မည်။ ထိုကမ္ပည်းပြားထဲမှာ ကျင့်ကြံသူတစ်ယောက်စီမှ မူလဝိညာဉ်အမျှင်တန်းတစ်ခု ကိန်းအောင်းနေသည်။ ထိုနည်းဖြင့်ဆိုလျှင် တပည့်တစ်ယောက် သေဆုံးသွားသည့်အခါတိုင်း သူတို့က မူလဝိညာဉ်အမျှင်တန်းကို ရှာဖွေနိုင်လိမ့်မည်။
ထို့ပြင် ကမ္ပည်းပြားသည်လည်း အက်ကွဲသွားလိမ့်မည်။ ထိုအခါ ဂိုဏ်းက တပည့်တစ်ယောက် သေဆုံးသွားကြောင်း ချက်ချင်း သိသွားလိမ့်မည်။ မူလဝိညာဉ်အမျှင်တန်းမှတဆင့် သူတို့က သဲလွန်စများကို ရှာဖွေနိုင်ကြသည်။ ထို့နောက် သူတို့က အနာဂတ်မှာ လက်စားပြန်ချေကြလိမ့်မည်။ ယင်းက ဂိုဏ်းကြီးများ၏ အံ့ဖွယ်ကိစ္စများအနက် တစ်ခုဖြစ်သည်။ ထို့ကြောင့် လေလွင့်ကျင့်ကြံသူများသည် ဂိုဏ်းကြီးများ၏ တပည့်များကို အလွယ်တကူ ရန်မစဝံ့ကြချေ။
ဝမ်ဖုန်းအာနှင့် တခြားတပည့်များသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သားရဲတစ်သောင်းဂိုဏ်းထဲမှာပင် ထိုသို့တပည့်များက လူငယ်မျိုးဆက်၏ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့က အနာဂတ်မှာ ဂိုဏ်း၏ အကြီးအကဲများ ဖြစ်လာကြလိမ့်မည်။ သူတို့က တပည့်ရင်းများ ဖြစ်ကြသည်။ အတွင်းစည်းတပည့်များ၊ အပြင်စည်းတပည့်များနှင့် နှိုင်းယှဉ်လျှင် သူတို့က ပိုပြီးအရေးပါကြသည်။
ထို့ကြောင့် ဂိုဏ်းသည် သူတို့၏ ဝိညာဉ်ကမ္ပည်းပြားများကို အမြဲတစေ စောင့်ကြည့်ရန် လူလွှတ်ထားသည်။ အပြောင်းအလဲတစ်ခု ထွက်ပေါ်လျှင် တပည့်တစ်ယောက်က ဂိုဏ်းကို ချက်ချင်း တင်ပြပြီး သူတို့၏ နောက်ဆုံးမြင်ကွင်းကို မှတ်တမ်းတင်ကြလိမ့်မည်။
ထို့ကြောင့် သားရဲတစ်သောင်းဂိုဏ်းသည် ဝမ်ဖုန်းအာ၏ သေဆုံးမှုကို လွန်ခဲ့သော လအနည်းငယ်ကတည်းက သတင်းရရှိထားခဲ့သည်။ ထို့ပြင် သူတို့က ဝမ်ဖုန်းအာမသေခင် နောက်ဆုံးမြင်ခဲ့သော မြင်ကွင်းကိုလည်း မှတ်တမ်းယူနိုင်ခဲ့ကြသည်။
ယင်းက ပယင်းရောင် ဓားမော့အလင်း ဖြစ်သည်။ ဓားမော့အလင်းသည် အံ့ဖွယ်ကောင်းပြီး အလွန်အစွမ်းထက်သည်။
ဓားမော့အလင်းထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါကို မှတ်တမ်းမြင်ကွင်းမှတဆင့်ပင် သူတို့ခံစားနိုင်ကြသည်။ ထိုဓားမော့အလင်း၏ ပိုင်ရှင်သည် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမည်။
“ ဖုန်းအာ… ဘာမှမစိုးရိမ်နဲ့… မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ ငါလက်စားပြန်ချေပေးမယ်… ဒီတစ်ကြိမ် တောင်ပိုင်းမြေရိုင်းဒေသကို ငါမြေလှန်ပစ်ပြီး တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာအားလုံးကို သားရဲတစ်သောင်းတောင်ဆီ ဖမ်းခေါ်သွားမယ် ”
သက်လတ်ပိုင်းအမျိုးသားသည် သူ့လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် လှေဦးပိုင်းမှာ မတ်မတ်ရပ်နေသည်။ ထိုသို့ရပ်နေစဉ် သူ့ခန္ဓာကိုယ်က ထင်းရှူးပင်နှင့် ဆင်တူသွားသည်။
သူ၏ မျက်လုံးထဲမှာ မထူးမခြားနားအကြည့် ထွက်ပေါ်လာသည်။ ဤသည်မှာ သူက လူတိုင်းထက် သာလွန်မြင့်မြတ်သည့်အလားပင်။ သူမှလွဲ၍ ကျန်သည့်သက်ရှိအားလုံးက သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ်များ ဖြစ်သည့်အလားပင်။
“ ဆရာ… တောင်ပိုင်းမြေရိုင်းဒေသဆီ ရောက်ပါတော့မယ် ”
သက်လတ်ပိုင်းအမျိုးသား၏ အနောက်တွင် အသက်နှစ်ဆယ်ခန့်ရှိသော လူငယ်ကျင့်ကြံသူတစ်ယောက်က အရှေ့သို့ လျှောက်လာပြီး ရိုသေလေးစားစွာ ပြောသည်။ ယုံကြည်မှုရှိသော အမူအရာက သူ့မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။
“ ဒီတစ်ကြိမ်မှာ ကျုပ်တို့တွေ အခြေတည်နယ်ပယ် အတွင်းစည်းတပည့်တစ်ထောင်ကျော်နဲ့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် တပည့်ရင်းသုံးဆယ်ကို ခေါ်ဆောင်လာပါတယ်… ပြီးတော့ ဆရာက ဝိညာဉ်သန္ဓေတည်နယ်ပယ် ပညာရှင်ကျင့်ကြံသူပါ… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဘယ်လောက်များပြားတဲ့ မိစ္ဆာတွေရှိပါစေ ဒီတစ်ကြိမ် သူတို့ရဲ့ ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး… ကျုပ်တို့တွေ ဆရာတူအမအတွက် သေချာပေါက် လက်စားပြန်ချေပေးနိုင်မှာပါ ”
လူငယ်ကျင့်ကြံသူ၏ မျက်နှာပေါ်မှာ မျက်နှာချိုသွေးသော အမူအရာရှိသည်။ သူက ရည်ရွယ်ချက်ရှိ၍ဖြစ်စေ သို့မဟုတ် မရှိ၍ဖြစ်စေ သက်လတ်ပိုင်းအမျိုးသားကို ဖော်လံဖားလိုက်သည်။
သက်လတ်ပိုင်းအမျိုးသား၏ နားထဲတွင် ယင်းက အလွန်နားဝင်ချို၏။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှ အမူအရာက ကြီးကြီးမားမား မပြောင်းလဲသွားပေ။ သူက အသာလေး ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ကျုံးချင်း… မင်းပြောတာလည်း မမှားပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသရဲ့ အင်အားကို မလျော့တွက်သင့်ဘူး… မင်းရဲ့ ဆရာတူအမက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းထက်တယ်… ဒါပေမဲ့ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ တိတ်တဆိတ် အသတ်ခံလိုက်ရတယ်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ဘူး… ဝိညာဉ်ကမ္ပည်းပြားနန်းဆောင်ကို စောင့်ကြပ်တဲ့ တပည့်တွေရဲ့ ပြောပုံအရ ဖုန်းအာနဲ့ တခြားတပည့်တွေရဲ့ ဝိညာဉ်ကမ္ပည်းပြားအားလုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း အက်ကွဲသွားကြတယ်… တစ်ယောက်နဲ့တစ်ယောက် သေဆုံးချိန်က သိပ်မကြာဘူး… ဒါကြောင့် ငါ့စိတ်ထင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာဘိုးဘေးတစ်ယောက် ပုန်းအောင်းနေတာ ဖြစ်နိုင်တယ် ”
သူ့စကားကို နားထောင်ကြည့်လျှင် သူက အပြင်ပန်းပုံစံကဲ့သို့ မောက်မာထောင်လွှားသူမဟုတ်ကြောင်း မြင်နိုင်သည်။ သူက အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်နိုင်သူ ဖြစ်သည်။
ဝိညာဉ်သန္ဓေတည်နယ်ပယ်ထိ ရောက်အောင် ကျင့်ကြံနိုင်သူများသည် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက မည်သို့သာမန်ဖြစ်နိုင်မည်နည်း။
“ အဲ့ဒါက မိစ္ဆာဘိုးဘေးဖြစ်တော့ရော ဘာဖြစ်လဲ… သူက ဆရာထက် ပိုပြီးသန်မာနိုင်မှာမို့လို့လား… ဆရာက မသေမျိုးကျင့်ကြံခြင်းလောကရဲ့ ဝိညာဉ်သန္ဓေတည်နယ်ပယ် ထိပ်တန်းကျင့်ကြံသူဆယ်ယောက်စာရင်းထဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ် ”
ပိုင်ကျုံးချင်းက တုံ့ဆိုင်းမနေဘဲ ဖော်လံဖားလိုက်သည်။
အမှန်မှာ သူပြောသော စကားက မမှားပေ။ သူ့ဆရာကို မသေမျိုးကျင့်ကြံခြင်းလောကတွင် “ နတ်ဆိုးသားရဲယန်ရွှမ်း ”ဟု လူသိကြသည်။ နတ်ဆိုးသားရဲဟူသည်မှာ သူ၏ ဝိညာဉ်သားရဲ ဖြစ်သည်။ ၎င်းက သူ၏ အစောင့်အရှောက်ဝိညာဉ်သားရဲ ဖြစ်သည်။ သူ၏ အစောင့်အရှောက်ဝိညာဉ်သားရဲက ရှိခိုးကောင် ဖြစ်သည်။ အတိတ်တွင် သူက သံမဏိအတောင်ပံရှိခိုးကောင်အသိုက်ထဲမှ မွေးကင်းစရှိခိုးကောင်တစ်ကောင်ကို ခိုးယူခဲ့သည်။ ထိုအတွက် သူက အသက်ဆုံးရှုံးလုနီးပါး အန္တရာယ်များခဲ့သည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ သူရောက်သွားသည့်အခါ ရှိခိုးကောင်ကို ပျိုးထောင်ပေးရန် သူ၏ အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့သည်။
ယခု အစောင့်အရှောက်ဝိညာဉ်သားရဲ၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။
ရှိခိုးကောင်၏ စွမ်းအားကို ချေးငှားမည်ဆိုလျှင် သူက မသေမျိုးကျင့်ကြံခြင်းလောက၏ ဝိညာဉ်သန္ဓေတည်နယ်ပယ် ထိပ်တန်းဆယ်ယောက်စာရင်းထဲမှာ ပါဝင်ရန် အရည်အချင်းပြည့်မီသွားလိမ့်မည်။
“ နောက်ထပ် ဆက်ပြောနေစရာ မလိုတော့ဘူး… မကြာခင် တောင်ပိုင်းမြေရိုင်းဒေသဆီ ငါတို့ရောက်ကြတော့မယ်… အဲ့ဒီအချိန်ကျရင် မင်းက တပည့်သုံးရာကျော်ကို ဦးဆောင်ပြီး တိမ်လှိုင်းလှေနဲ့ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာပါ… ဘယ်မိစ္ဆာကိုမှ အပြင်မထွက်သွားစေနဲ့… ကျန်တဲ့တပည့်တွေက ငါ့အနောက်ကို လိုက်ပြီး တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတွေကို တိုက်ခိုက်နှိမ်နင်းကြမယ် ”
ယန်ရွှမ်းသည် တပည့်များကို စတင်အမိန့်ပေးသည်။
သူတို့၏ ခြေထောက်အောက်မှ တိမ်လှိုင်းလှေသည် အရွယ်အစား အလွန်ကြီးမားပြီး အလွန်မြန်ဆန်သည်။ လှေသည် ကျင့်ကြံသူတစ်ထောင်ကျော် လွတ်လွပ်လပ်လပ် သွားလာလှုပ်ရှားနိုင်ရန် ဝင်ဆံ့သည်။
သူတို့စကားပြောနေစဉ်မှာပင် တိမ်လှိုင်းလှေက တောင်ပိုင်းမြေရိုင်းဒေသ၏ အရှေ့သို့ ရောက်လာသည်။