အခန်း ၃၆၇
Vol. 25 Ch. 367
အခန်း(၃၆၇)
ထိုသို့အခြေအနေက အလွန်ထူးဆန်းသည်။ ပိုပြီးအံ့ဩဖွယ်ကောင်းသည့်အချက်မှာ သီရှီထျန်သည် သူသတိမေ့နေကြောင်း လုံးဝ မသိပေ။
“ ထူးဆန်းတယ်… ဒီဟာက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖြစ်သင့်တယ်… ဒါပေမဲ့ ဘာလို့ ဒီနေရာက အကန့်အသတ်မဲ့ ကျယ်ပြောနေရတာလဲ… ငွေဆံရှည်ပြောတဲ့ ယင်ယန်ကောင်းကင်တံတားက ဘယ်မှာလဲ… ဒီမှာ ဘယ်မိစ္ဆာမှ မမြင်တွေ့ရဘူး… ဒါ့အပြင် ဒီနေရာက လေအေးက ထူးဆန်းတယ်… ငါက အမြူတေဓာတ်လုံးကို ဖွဲ့စည်းထားပြီး သန်စွမ်းတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ ဒီအအေးဒဏ်ကို ငါမခုခံနိုင်ဘူး… မဖြစ်ဘူး… ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာနိုင်ဖို့ ငါလုပ်ရမယ်… မဟုတ်ရင် ပြဿနာတစ်ခု ဖြစ်လာမှာ ငါစိုးရိမ်တယ် ”
စက်ကရာသည် သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားသော်လည်း သူ၏ ဉာဏ်ထက်မြက်မှုက အကောင်းတိုင်း ရှိနေဆဲပင်။ သူက မိစ္ဆာချီကို မရီဒျန်များထဲမှာ စီးဆင်းစေပြီး လေအေးကို ခုခံတားဆီးလိုက်သည်။ သို့တိုင် အေးစက်စက်လေက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏ သွေးချီကို အေးခဲသွားစေရန် ကြိုးစားနေသည်။
သူ၏ ခန့်မှန်းမှုအရ ဤနေရာမှာ အချိန်ကြာကြာ သူနေမည်ဆိုလျှင် ထူးဆန်းသော ဤနေရာမှာ သူက ရေခဲရုပ်တု ဖြစ်သွားလိမ့်မည်။
အမြူတေဓာတ်လုံးဖွဲ့စည်းထားပြီးသော မိစ္ဆာဘုရင်တစ်ပါးက အမည်မသိနေရာမှာ အေးခဲပြီး သေဆုံးသွားမည်ဆိုလျှင် ကျော်မကောင်းကြားမကောင်း ဖြစ်သွားလိမ့်မည်။ ယင်းက အလွန်ရှက်စရာကောင်း၏။
“ ဂလု ”
သူက ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို ဖွင့်လိုက်ပြီး သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ သူသောက်လိုက်သည့်အခါ ဝိုင်၏ စွမ်းအင်အနှစ်သာရကြောင့် သူ့ခန္ဓာကိုယ်က နွေးထွေးသွားသည်။ သူ၏ ဝမ်းဗိုက်ထဲသို့ ဝိုင်အရည်ဝင်သွားသောအခါ ပူနွေးသော လေစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ အအေးဓာတ်ကို တွန်းလှန်ရန် ကြိုးစားလိုက်သည်။ သို့သော် အအေးဓာတ်က အလွန်အားကောင်းသည်။ ယင်းက သူ့ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်တစ်ကောင်ပမာ တွယ်ကပ်နေသည်။ ယင်းကို သူမဖယ်ရှားနိုင်ပေ။ သို့ဖြစ်၍ ဤနေရာမှ အမြန်ဆုံး ထွက်သွားရန် သူကြိုးစားရလိမ့်မည်။
သို့မဟုတ်လျှင် သူက ဤနေရာမှာ အနှေးနှင့်အမြန် ရေခဲရုပ်တု ဖြစ်သွားလိမ့်မည်။
“ ဖတ် ”
သူက ခြေထောက်ကို မြှောက်လိုက်ပြီး အရှေ့သို့ လျှောက်လိုက်သည်။ ဖြူဖွေးသော နှင်းထုပေါ်သို့ ခြေထောက်ချလိုက်သည့်အခါ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ သူက ဦးတည်ရာတစ်ခုကို ရွေးချယ်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။ လေသည် အတော်လေး ကြမ်းသည်။ နှင်းမှုန်သည် သူ၏ ဦးခေါင်းပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။ လေနှင့် နှင်း၏ ပေါင်းစပ်မှုကြောင့် အလွန်ပြင်းထန်သော အအေးဓာတ်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
သီရှီထျန်သည် ပျံသန်းသွားရန် မကြိုးစားပေ။
ဤနေရာက အလွန်ထူးဆန်းသည်။ လေပေါ်မှာ သူပျံသန်းမည်ဆိုလျှင် လေကြမ်းက ပိုပြီးအားကောင်းလာလိမ့်မည်။ ထိုအခါ သူ့အပေါ် သက်ရောက်လာမည့် အအေးဓာတ်သည်လည်း ပိုပြီးပြင်းထန်လာလိမ့်မည်။ ဤနေရာမှ လေနှင့် နှင်းက အလွန်ကြောက်စရာကောင်းသည်။ သူက ကောင်းကင်ပေါ်သို့ မြင့်မြင့် ပျံတတ်သွားမည်ဆိုလျှင်ပင် ဦးတည်ရာကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက အဓိပ္ပာယ်မရှိသော လုပ်ရပ်ဖြစ်သည်။
ထို့ကြောင့် သူက ဘာမှစဉ်းစားမနေပေ။ သူက နှင်းလွင်ပြင်ထဲမှာ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်၍ အရှေ့တောင်ဘက်သို့ ဆက်သွားနေသည်။ သူက အချိန်အတန်ကြာ လမ်းလျှောက်ပြီးလျှင် တစ်ခဏနားပြီး မျောက်မင်းဝိုင်ကို သောက်သုံးလိမ့်မည်။
မျောက်မင်းဝိုင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အအေးဓာတ်ကို မဖယ်ရှားပေးနိုင်သော်လည်း ယင်းက ကုန်ဆုံးသွားသော သူ၏ မိစ္ဆာချီကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။
သီရှီထျန်သည် လေမကြမ်းရန်၊ နှင်းမထူရန် စိတ်ထဲမှာ တိတ်တခိုး ဆုတောင်းနေသည်။ သို့မဟုတ်လျှင် ဤနေရာက သူ၏ သင်္ချိုင်းမြေဖြစ်လာလိမ့်မည်။
“ ဖတ်… ဖတ်… ”
သီရှီထျန်သည် နှင်းလွင်ပြင်ထဲမှာ နှစ်နာရီကြာအောင် လမ်းလျှောက်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့နှလုံးသားက တင်းကျပ်လာသည်။ သူ့စိတ်က လေးလံလာသည်။ သူက သူရွေးချယ်ခဲ့သော ဦးတည်ရာဆီသို့ တစိုက်မတ်မတ် လျှောက်သွားနေသည်။ ရုတ်တရက်ဆိုသလို အသံတစ်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။ ယင်းက နှင်းထုပေါ်မှာ လမ်းလျှောက်နေသောအသံ ဖြစ်သည်။
သူက ဝမ်းသာပျော်ရွှင်သွားပြီး အရှေ့သို့ အမြန်လျှောက်သွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ ကြည့်ရတာ ဒီနှင်းက အသက်ဓာတ်ကို အပြည့်အဝ မဖယ်ရှားနိုင်ဘူးထင်တယ်… နှင်းကို ငါကြောက်ပေမဲ့ နှင်းတောထဲမှာ တခြားသက်ရှိတွေနဲ့ တွေ့ဆုံဖို့ ငါမကြောက်ဘူး… ဒီနေရာမှာ သက်ရှိတွေရှိတယ်ဆိုရင် ဒီနေရာက ငါထင်ထားသလောက် ကြောက်စရာကောင်းမှာမဟုတ်ဘူး… သူတို့ကို ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ ငါမေးနိုင်လောက်တယ် ”
အစောနက အသံသည် သူ့အရှေ့မှ နှင်းတောင်ကုန်းပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သီရှီထျန်က ခြေလှမ်းအမြန်လျှောက်လိုက်ပြီး နှင်းတောင်ကုန်းဆီသို့ ဦးတည်သွားသည်။ သူက နှင်းတောင်ကုန်းပေါ်သို့ တတ်လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။
“ အမ် ”
ထိုအကြည့်ကြောင့် သူက အာမေဋိတ်သံကို ထုတ်ဖော်လိုက်ရသည်။ သူက အလွန်အံ့ဩသွားသည်။
အမှန်တကယ်ပင် သူ့အရှေ့၌ ရှိနေသည်မှာ သက်ရှိအုပ်စုတစ်စု ဖြစ်သည်။ မှန်ပေသည်။ သူတို့က လူသားများ မဟုတ်ကြချေ။ သူတို့က မိစ္ဆာများ ဖြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ထံမှ မိစ္ဆာအရှိန်အဝါကို သူအာရုံခံမိသောကြောင့်ပင်။ တချို့က အလွန်သန်မာကြပြီး တချို့က အားနည်းကြသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှ မိစ္ဆာအရှိန်အဝါက အလွန်ထင်ရှားသည်။
ယင်းက မိစ္ဆာမျိုးနွယ်စုသာလျှင် ပိုင်ဆိုင်နိုင်သော အရှိန်အဝါ ဖြစ်သည်။
“ အဲ့ဒါက ကျားမျိုးနွယ်စုနဲ့ မြေခွေးမျိုးနွယ်စုပဲ ”
သီရှီထျန်သည် သူ့အရှေ့မှ မိစ္ဆာမျိုးနွယ်စုများကို အကြည့်တစ်ချက်ဖြင့် မှတ်မိသွားသည်။ ယင်းတို့ထဲတွင် သူက ကျားမျိုးနွယ်စုအပေါ် ရင်းနှီးကျွမ်းဝင်မှု ခံစားမိသည်။ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ သူသည်လည်း မိစ္ဆာကျားတစ်ကောင် မဟုတ်ပါလော။ သို့ဖြစ်၍ သူတို့၏ အရှိန်အဝါကို ရင်းနှီးနေခြင်းက မထူးဆန်းပေ။
သီရှီထျန်သည် သူ့အရှေ့မှ မျိုးနွယ်စုနှစ်စုကို ကြည့်လိုက်လေရာ ကျားမျိုးနွယ်ဝင်များက စုစုပေါင်း ခြောက်ယောက်ရှိကြောင်း မြင်သွားသည်။ သူတို့ထဲမှ လေးယောက်က အရွယ်ရောက်ပြီးသော မိစ္ဆာကျားများ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ မိစ္ဆာအရှိန်အဝါက အလွန်သန်စွမ်းသည်။ သူတို့က မိစ္ဆာသားရဲနယ်ပယ်မှ မိစ္ဆာများ ဖြစ်ကြသည်။ သူတို့သည် မကြာသေးခင်ကမှ မွေးဖွားလာခဲ့သော ကျားပေါက်လေးနှစ်ကောင်ကို ကာကွယ်ပေးနေကြသည်။ သို့သော်လည်း မွေးကင်းစ ကျားပေါက်လေးနှစ်ကောင်သည် လေအေးဖြင့် ဝိုင်းရံခံထားရပြီး အေးခဲနေသည်။ ထိုကျားပေါက်လေးနှစ်ကောင် သေဆုံးရန် အချိန်သိပ်မလိုတော့မည်ကို သူစိုးရိမ်သည်။
သူတို့၏ ဘေးတွင် မိစ္ဆာသားရဲနယ်ပယ်မှာဖြစ်သော ပန်းနုရောင်မြေခွေးတစ်ကောင်ရှိသည်။ သူက ပိုင်ဟူကဲ့သို့ မွေးရာပါသဘာဝစွမ်းရည်ကို မပိုင်ဆိုင်ထားပေ။ သူက သာမန်မြေခွေးတစ်ကောင် ဖြစ်သည်။ သူ့အတွက်တော့ မိစ္ဆာသားရဲနယ်ပယ်ကို တတ်လှမ်းရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။
သူက မြေခွေးပေါက်လေးတစ်ကောင်ကို ပါးစပ်ထဲမှာ ကိုက်ချီထားပြီး အခြားမြေခွေးပေါက်လေးတစ်ကောင်ကို သူ့အမြှီးဖြင့် ရစ်ပတ်ထားသည်။ သူက မြေခွေးပေါက်လေးများကို သူ၏ ခန္ဓာကိုယ်ဖြင့် ဖုံးအုပ်ထားသည်။ သူက ခန္ဓာကိုယ်ကို အသုံးပြု၍ သူတို့ကို အနွေးဓာတ်ပေးနေသည်။
သူတို့အုပ်စုသည် အရှေ့သို့ မရပ်မနား ရွေ့လျားသွားနေကြသည်။ ဤသည်မှာ သူတို့က သတ်မှတ်ထားသော ဦးတည်ရာဆီသို့ သွားနေကြသည့်အလားပင်။
“ ခဏလောက်ရပ်ပါဦး ”
သူတို့ကို တစ်ခဏကြာ အကဲခတ်ကြည့်ပြီးနောက် သီရှီထျန်က နောက်ထပ် တုံ့ဆိုင်းမနေဘဲ အရှေ့သို့ အမြန်ခုန်လိုက်သည်။ သူက ကျားမျိုးနွယ်စုနှင့် မြေခွေးမျိုးနွယ်စု၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။
သူက အမြန်အော်ပြောလိုက်ပြီး သူတို့ကို ရပ်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာ သူက အနက်ရောင်အလင်းအကာအကွယ်တစ်ခုကို သူတို့အပေါ်မှာ ဖန်တီးလိုက်သည်။ အလင်းအကာအကွယ်သည် မီတာအနည်းငယ် ကျယ်ပြောသည်။ ယင်းက အပြင်ဘက်မှ လေနှင့် နှင်း၏ တိုက်ခိုက်မှုကို ခုခံတားဆီးပေးသည်။
လမ်းတစ်လျှောက်တွင် သီရှီထျန်သည် သူ၏ အရှိန်အဝါကို မဖုံးကွယ်ခဲ့ပေ။ သားရဲဘုရင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။
“ အမ်… ဒီအရှိန်အဝါ… ခင်ဗျားက ကျားမျိုးနွယ်စုကလား ”
လေနှင့် နှင်းက အကာအကွယ်အလွှာကြောင့် တားဆီးခံလိုက်ရသည်။ လေအေးတစ်ဝက်ခန့်က အပြင်ဘက်မှာ တားဆီးခံလိုက်ရသည်။ လေအေးအနည်းငယ်သာလျှင် အကာအကွယ်အလွှာထဲသို့ ထိုးဖောက်ဝင်လာနိုင်၏။ သို့သော်လည်း ထိုမျှလေအေးက ကြီးမားသော ပြဿနာ မဟုတ်ပေ။ သီရှီထျန်သည် ရည်ရွယ်ချက်ရှိ၍ဖြစ်စေ မရှိ၍ဖြစ်စေ အပူလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ အကာအကွယ်အလွှာအတွင်း၌ အနွေးဓာတ်ရှိလာသည်။ ကျားမျိုးနွယ်စုသည် သူတို့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်သော သားရဲဘုရင်အရှိန်အဝါကို အာရုံခံမိသွားကြသည်။ ထို့ကြောင့် သူတို့က အလန့်တကြား ဖြစ်သွားကြသည်။
ထို့နောက် သူတို့က သီရှီထျန်ကို နှုတ်ဆက်လိုက်ကြသည်။ ဝိညာဉ်မြေခွေးသည်လည်း အရှေ့တတ်လာပြီး သီရှီထျန်ကို နှုတ်ဆက်သည်။
သူတို့အားလုံးက မိစ္ဆာသားရဲများဖြစ်လေရာ လူသားဘာသာစကားကို ပြောနိုင်ကြသည်။ အကယ်၍ သူတို့မပြောနိုင်လျှင်ပင် သားရဲဘာသာစကားကို သီရှီထျန် နားလည်သည်။ သို့ဖြစ်၍ သူတို့နှင့် အပြန်အလှန် ပြောဆိုဆက်သွယ်ရန် မည်သည့်အခက်အခက်မှ မရှိပေ။
“ ဒီက အရှင်က ကျုပ်တို့ကို ဘာဖြစ်လို့ တားဆီးတာလဲ သိခွင့်ရှိမလား ”
မိစ္ဆာကျားလေးကောင်ထဲတွင် ကျားဖြူတစ်ကောင် ပါရှိသည်။ ရှင်းလင်းစွာပင် ၎င်းက ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် သူက အရှေ့ထွက်လာပြီး သီရှီထျန်ကို ရိုသေလေးစားစွာ မေးသည်။
“ အင်း ”
သီရှီထျန်သည် အပြင်ဘက်မှ နှင်းနှင့် လေကို ကြည့်လိုက်သည်။ သူက စကားကို ကွေ့ဝိုက်မပြောနေပေ။ သူက တိုက်ရိုက် ပြောသည်။
“ ဒီအရှင်က ဒီနေရာမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်… ဒီနေရာက အရမ်းကျယ်ပြောပြီး နေရာတိုင်းမှာ နှင်းနဲ့လေ ရှိတယ်… ဒီနေရာကနေ ဘယ်လိုထွက်ရမလဲ ငါမသိဘူး… ငါလမ်းလျှောက်နေတဲ့အချိန် မင်းတို့တွေနဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်… ဒါကြောင့် ဒီနေရာက ဘယ်နေရာလဲဆိုတာ မင်းတို့ကို ငါမေးချင်တယ်… ဘာလို့ ဒီက လေအေးက အဲ့လောက်တောင် အားကောင်းနေတာလဲ… ပြီးတော့ ဒီနေရာကနေ ဘယ်လိုထွက်ခွာနိုင်မလဲ ”
ယင်းတို့က သူ့နှလုံးသားထဲမှ မေးခွန်းများ ဖြစ်သည်။ ယခု သူက ထိုမေးခွန်းအားလုံးကို ထုတ်မေးလိုက်သည်။ သူတို့ထံမှ အဖြေတစ်ခုပြန်ရရန် သူမျှော်လင့်သည်။
“ အရှင် ”
ခါးသီးသော အမူအရာက ကျားဖြူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ရိုသေလေးစားစွာ ပြောသည်။
“ တကယ်တော့ ဘာလို့ အဲ့လိုဖြစ်တာလဲ ကျုပ်တို့လည်း မသိပါဘူး… အတိတ်မှာတုန်းက ဒီနေရာက မြက်ခင်းပြင်ပါ… ဒါပေမဲ့ ရုတ်တရက်ချည်း ဒီနေရာက နှင်းလွင်ပြင်ဖြစ်လာပါတယ်… နှင်းနဲ့ လေအေးက နေရာတိုင်းမှာ ရှိနေပါတယ်… ကျုပ်တို့ရဲ့ မျိုးနွယ်ဝင်တွေလည်း အအေးဒဏ်ကြောင့် သေဆုံးသွားကြပါပြီ ”
“ မင်းမသိဘူးလား ”
သီရှီထျန်သည် ဆိုးဝါးသော နိမိတ်ကို ခံစားမိသွားသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။
“ ဒါဆို မင်းတို့က ဘယ်ကို ပြောင်းရွှေ့ဖို့ လုပ်နေတာလဲ… မင်းတို့က တစ်နေရာရာကို ဦးတည်သွားနေတာလား ”
“ အရှင့်ကို မလိမ်ညာဘဲ ပြန်ဖြေပါတယ်… ဒီနေရာမှာ နွေဦးလေပြေလို့ ခေါ်တဲ့ ချိုင့်ဝှမ်းတစ်ခုရှိပါတယ်… အဲ့ဒီက ရေပူစမ်းက အမြဲတမ်း နွေးထွေးပါတယ်… ဒီနေရာမှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့ ကျုပ်ရဲ့ မိတ်ဆွေတွေက အဲ့ဒီကို ပြောင်းရွှေ့သွားကြပါတယ်… ကျုပ်တို့က ကလေးမီးဖွားဖို့ စောင့်နေတာကြောင့် အတူတူ မလိုက်သွားနိုင်ခဲ့ပါဘူး… အခု အအေးဒဏ်က ပိုပြီးဆိုးဝါးလာတော့ ကျုပ်တို့တွေ နေရာပြောင်းရွှေ့ဖို့ အမြန်လုပ်ကြရပါတယ် ”