← Chapters

အခန်း ၃၆၈

Vol. 25 Ch. 368

အခန်း ၃၆၈

Vol. 25 Ch. 368

အခန်း(၃၆၈)

“ နွေဦးလေပြေချိုင့်ဝှမ်းလား… အဲ့ဒါ ဘယ်နေရာမှာလဲ ”

သီရှီထျန်က ရုတ်တရက် မျက်လုံးဝင်းလက်သွားပြီး အမြန်မေးသည်။

“ အရှင့်ကို ပြန်ဖြေပါတယ်… အရှေ့တောင်ဘက်အရပ်ဆီ တည့်တည့် ဆက်သွားမယ်ဆိုရင် သုံးရက်ကြာပြီးရင် ရောက်ပါလိမ့်မယ်… အဲ့ဒီကို အရှင်သွားမယ်ဆိုရင် ဒီအတိုင်းပဲ တည့်တည့်ဆက်သွားပါ… ဒါပေမဲ့ ကျုပ်တို့ကတော့ အဲ့ဒီကို ရောက်နိုင်တော့မယ် မထင်ပါဘူး ”

ကျားဖြူက ဝမ်းနည်းစွာ ပြောသည်။ မိစ္ဆာသားရဲများ၏ အသိဉာဏ်သည် လူသားများထက် မလျော့ပေ။ သို့ဖြစ်၍ လက်ရှိအခြေအနေကို ရှင်းလင်းစွာ သူတို့မြင်နိုင်ကြသည်။ သူတို့က အရိုးခိုက်ခိုက်တုန်အောင်‌ ချမ်းအေးသော နှင်းတောထဲမှာ နေရာပြောင်းရွှေ့နေကြသည်။ သူတို့က အအေးဒဏ်ကို ခုခံနိုင်လျှင်ပင် မကြာသေးခင်ကမှ မွေးဖွားလာသော သူတို့၏ ကလေးများက အအေးဒဏ်ကို မတောင့်ခံနိုင်ပေ။

ဤအတိုင်း ဆက်သွားမည်ဆိုလျှင် သူတို့သည် သုံးရက်မပြောနှင့် တစ်ရက်ပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က သီရှီထျန်၏ ကူညီပေးမှု ဖြစ်သည်။

ဝိညာဉ်မြေခွေးသည် ယင်းကို ကြားသောအခါ ဝမ်းနည်းသွားသည်။ သို့သော်လည်း သူက သီရှီထျန်ကို အကူအညီမတောင်းပေ။

အဘယ့်ကြောင့်ဆိုသော် နွေဦးလေပြေချိုင့်ဝှမ်းဆီသို့ ရောက်ရန် ဤနှင်းတောကို သုံးရက်ကြာအောင် သူတို့ဖြတ်ကျော်ရမည်ဖြစ်ကြောင်း သိထားကြသည်။

အကယ်၍ သီရှီထျန်တစ်ယောက်တည်း ခရီးဆက်မည်ဆိုလျှင် သူက သုံးရက်ကြာပြီးနောက် နွေဦးလေပြေချိုင့်ဝှမ်းဆီသို့ သေချာပေါက် ရောက်သွားလိမ့်မည်။ သို့သော်လည်း အကယ်၍ သီရှီထျန်က သူတို့ကိုလည်း ခေါ်ဆောင်သွားမည်ဆိုလျှင် မည်သူမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

“ အမ် ”

ယင်းကို ကြားသောအခါ သီရှီထျန်၏ မျက်လုံးထဲမှာ အလင်းရောင် ပေါ်လျှိုးလာသည်။ သူ၏ စိတ်ထဲမှာ ခံစားချက်အမျိုးမျိုး ရုတ်တရက် ထွက်ပေါ်လာသည်။

ကျားဖြူနှင့် ဝိညာဉ်မြေခွေး၏ စကားကို ကြားပြီးနောက် စက်ကရာ၏ စိတ်ထဲမှာ ပူပန်မှုသောင်းခြောက်ထောင်နှင့် စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်လာသည်။

သီရှီထျန်၏ မျက်လုံးထဲ၌ ကျားဖြူမေမေနှင့် မြေခွေးမေမေက သူတို့၏ ကလေးများအပေါ် အနွေးဓာတ်ပေးနေသော မြင်ကွင်းများ ထွက်ပေါ်လာသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်တွင် နှင်းမှုန်က ပိုမိုများပြားလာပြီး လေအေးက ပိုပြီးအားကောင်းလာသည်။

ကျားဖြူနှင့် တခြားမိစ္ဆာသားရဲများက ယင်းကို တောင့်ခံနိုင်ကြသည်။ သို့သော်လည်း သူတို့၏ ကလေးများက အစောကြီးကတည်းက ခန္ဓာကိုယ်အေးခဲနေကြသည်။ သူတို့၏ အသက်ဓာတ် လုံးဝ ပျောက်ကွယ်သွားရန် အချိန်သိပ်မကျန်တော့ပေ။ ကျားဖြူနှင့် တခြားမိစ္ဆာသားရဲများသည်လည်း နှင်းတောထဲမှာ သုံးရက်ကြာအောင် တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ချေ။ နှင်းတောထဲမှာ ခရီးဆက်ခြင်းက သူတို့အတွက် မရဏခရီးလမ်းနှင့် မခြားပေ။

သူတို့၏ ပြောစကားအရ နှင်းထူထပ်ခြင်းက ရုတ်တရက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းက သူတို့ကို မည်သည့်ပြင်ဆင်ချိန်မှ မပေးပေ။ နွေဦးလေပြေချိုင့်ဝှမ်းသာလျှင် တစ်နှစ်ပတ်လုံး နွေးထွေးလိမ့်မည်။

ဤနေရာမှာ သူတို့ဆက်နေလျှင် သေဆုံးသွားရန် အချိန်ကာလတစ်ခုသာ ကြာမြင့်လိမ့်မည်။ သို့သော်လည်း နွေဦးလေပြေချိုင့်ဝှမ်းဆီသို့ သူတို့သွားမည်ဆိုလျှင် မျှော်လင့်ချက်သေးသေးလေး ရှိနေဦးလိမ့်မည်။

ထိုမျှော်လင့်ချက်သေးသေးလေးအတွက် သူတို့သည် လေနှင့် နှင်းကို အန်တု၍ အရှေ့သို့ ခရီးဆက်နေကြသည်။ ထိုမျှော်လင့်ချက်က မည်မျှသေးငယ်ပါစေ လုံးဝ မျှော်လင့်ချက်မရှိခြင်းထက်စာလျှင် ပိုသာသည်။

“ သူတို့ကို ငါထားခဲ့မှာလား ”

သီရှီထျန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့နှလုံးသားထဲမှာ တီးတိုးရေရွတ်လိုက်သည်။ နွေဦးလေပြေချိုင့်ဝှမ်း၏ ဦးတည်ရာကို သူသိရှိပြီးနောက် ချိုင့်ဝှမ်းဆီသို့ သွားရန် သူ့အတွက် မခက်ခဲတော့ပေ။ သို့သော်လည်း သူထွက်သွားလျှင် သူ့အရှေ့မှ မိစ္ဆာများက နှင်းတောထဲမှာ သေချာပေါက် အေးခဲသေဆုံးသွားကြလိမ့်မည်။

သူ့အကြည့်က သူတို့မိဘ၏ ရင်ခွင်ထဲမှာ လှဲနေသော ကျားပေါက်လေးနှစ်ကောင်ထံသို့ ကျရောက်သွားသည်။ သူတို့က ဗိုက်ဆာနေသောကြောင့် သူတို့အမေ၏ နို့ကို လိုက်ရှာနေကြသည်။ သူတို့က အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ကောင်းသည်။

အကြောင်းအရင်းတချို့ကြောင့် သီရှီထျန်သည် သူငယ်ငယ်က မြင်ကွင်းများကို ပြန်မြင်ယောင်သွားသည်။ ယင်းက အတိတ်မှ အဖြစ်အပျက်သာ ဖြစ်သော်လည်း သူ့နှလုံးသားက နွေးထွေးသွားသည်။

ကျားဖြူမေမေ၏ ရင်ခွင်ထဲမှာ သူလဲလျောင်းပြီး နို့စို့နေစဉ် မေမေက သူ့ကို ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ပေးသည်။ ညဘက်ရောက်တိုင်း ကျားဖြူမေမေသည် သူတို့ကို ခန္ဓာကိုယ်အောက်မှာ ထား၍ အအေးဒဏ်မှ ကာကွယ်ပေးသည်။

မည်သို့အမဲလိုက်ရမည်ဖြစ်ကြောင်း သင်ကြားပေးသော ကျားဖြူမေမေ၏ ပုံရိပ်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားလျှင်ပင် သူ၏ စိတ်ထဲ၌ ထိုပုံရိပ်များက ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။

သူ့အရှေ့မှ ကျားမိသားစုကြောင့် သူ၏ ငယ်ဘဝကို သီရှီထျန် ပြန်အမှတ်ရသွားသည်။ ထိုနှစ်မှာ ဖြစ်ပျက်ခဲ့သော အရာအားလုံးက သူ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေသည်။ သူမွေးဖွားသည့်အချိန်မှစ၍ သူ့မေမေကို ဝမ်ဖုန်းအာ ဖမ်းခေါ်သွားသည်အထိ ဖြစ်ပျက်ခဲ့သော ပုံရိပ်များကို မည်သည့်အချိန်မှ သူမမေ့ပေ။ သူ့မေမေကို ပြန်ကယ်ချင်သော စိတ်ဆန္ဒက သူ့နှလုံးသားထဲမှာ အမြဲကိန်းဝပ်နေသည်။

သားရဲတစ်သောင်းဂိုဏ်းက အလွန်အစွမ်းထက်ကြောင်း သူသိသွားသည့်တိုင် သူ၏ ဆန္ဒက မပျောက်ကွယ်သွားပေ။ သို့သော်လည်း သူက အလျင်စလို မလုပ်ဆောင်ပေ။ သူက ထိုဆန္ဒကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်နှံထားသည်။ သားရဲတစ်သောင်းဂိုဏ်းကို ရင်ဆိုင်နိုင်သောအင်အား သူ့မှာ ရှိလာသည့်အခါ ထိုဆန္ဒက ပြန်ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် သူက သားရဲတစ်သောင်းဂိုဏ်းထဲသို့ ဝင်ရောက်ပြီး သူ့မေမေကို ကယ်တင်လိမ့်မည်။

သူ့အရှေ့မှ ကျားမိသားစုက သူ့အား ကျားရဲတောင်တန်းဒေသထဲမှ အဖြစ်အပျက်များကို ပြန်မြင်ယောင်စေသည်။

“ ထားလိုက်ပါတော့… ငါက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုပေမဲ့ အဲ့ဒါက ငါ့ရဲ့ ရန်သူတွေအပေါ်မှာပဲ ဖြစ်တယ်… ကျားဝိညာဉ်ဓားမော့အောက်မှာ သွေးမြစ်တစ်စင်း စီးဆင်းနေရင်တောင် ငါက အကြင်နာမဲ့သွားမှာ မဟုတ်ဘူး… ငါ့ရဲ့ အမျိုးအနွယ်တွေနဲ့ ကလေးငယ်တွေ နှင်းတောထဲမှာ အေးခဲသေဆုံးသွားကြမှာကို ရပ်ကြည့်မနေနိုင်ဘူး… မဟုတ်ရင် ငါက လူယုတ်မာနဲ့ ဘယ်ခြားတော့မလဲ ”

သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ရှေးလူကြီးများက ဤသို့ပြောကြသည်။ ဤလောကမှာ ယောင်္ကျားကောင်းတစ်ယောက်အနေနှင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စများ ရှိသည်။ သီရှီထျန်သည် နှလုံးသားမာကျောပြီး ခံစားချက်ကင်းမဲ့သူ ဖြစ်သည်။ သို့သော်လည်း ယင်းက သူ၏ ရန်သူများအပေါ်မှာသာ ဖြစ်သည်။ သူက အကြင်နာမဲ့သူ မဟုတ်ပေ။

သူက စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ကျင့်ကြံနေသူ ဖြစ်သည်။ သို့ဖြစ်လေရာ စိတ်ခံစားချက်ခုနစ်မျိုးကို မည်သို့ သူစွန့်လွှတ်နိုင်မည်နည်း။ ဆန့်ကျင်ဘက်အနေနှင့် သူ့မှာ စိတ်ခံစားချက်အများကြီး ရှိသည်။ သို့သော်လည်း သူက ယင်းတို့ကို အပြင်ဘက်သို့ ထုတ်ဖော်ပြလိမ့်မည် မဟုတ်ချေ။

“ ကောင်းပြီလေ… မင်းတို့က ငါ့ကို လမ်းပြောပြပေးမှတော့ မင်းတို့ကို ဒီအတိုင်း ငါမစွန့်ပစ်ခဲ့နိုင်ဘူး… ဘာမှစိတ်မပူပါနဲ့… ငါမင်းတို့ကို ကာကွယ်ပေးမယ်… လာ လာ… ငါ့ရဲ့ လွင့်မျောတိမ်လှေပေါ် တတ်ကြပါ… နွေဦးလေပြေချိုင့်ဝှမ်းဆီ အတူတူ သွားကြရအောင် ”

လေပေါ်မှာ သူမပျံသန်းနိုင်ပေ။ သို့သော်လည်း နှင်းလျောစီးခြင်းကိုတော့ သူလုပ်ဆောင်နိုင်သည် မဟုတ်ပါလော။

စက်ကရာသည် သူ့အရှေ့မှ မျိုးနွယ်စုနှစ်စုကို ကြည့်လိုက်သည်။ သူတို့ထဲတွင် ငါးယောက်က အရွယ်ရောက်ပြီးသော မိစ္ဆာသားရဲများ ဖြစ်ကြသည်။ သို့သော်လည်း ကျန်လေးယောက်က မွေးကင်းစကလေးများ ဖြစ်ကြသည်။

အကယ်၍ သူက လမ်းလျှောက်ပြီး ခရီးဆက်မည်ဆိုလျှင် သူ့မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အင်အားရှိလျှင်ပင် သူတို့က နှင်းလေပြေချိုင့်ဝှမ်းဆီသို့ အသက်ရှင်လျက် ရောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။

အစက သူသည် လွင့်မျောတိမ်လှေကို အသုံးပြုရန် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း ဤနေရာမှာ လေနှင့်နှင်းက အတော်လေး ထူထဲသည်။ အကယ်၍ သူသာ ကောင်းကင်ပေါ်မှာ ပျံသန်းသွားမည်ဆိုလျှင် အလျှင်အမြန် အေးခဲသွားလိမ့်မည်။

သူ့အရှေ့မှ မိစ္ဆာသားရဲများကို သူကြည့်လိုက်သည့်အခါ အကြံဉာဏ်တစ်ခုက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။ သူ၏ လွင့်မျောတိမ်လှေသည် သေမျိုးလောကမှ လှေနှင့် တစ်ပုံစံတည်း တူညီသည်။ ကောင်းကင်ပေါ်မှာ သူမပျံသန်းနိုင်မှတော့ မည်သို့ကြောင့် မြေကြီးပေါ်မှာ နှင်းလျောမစီးရမည်နည်း။ ဤအခိုက်အတန့်မှာ ကုန်းမြေက နှင်းထုအဖြစ် ပြောင်းလဲနေလေရာ နှင်းလျောစီးရန် သင့်တော်သည်။

နှင်းလျောစီးခြင်းသည် လမ်းလျှောက်ခြင်းထက် အများကြီး ပိုမြန်သည်။ ထို့ပြင် လွင့်မျောတိမ်လှေက ပျံသန်းခြင်းဓမ္မရတနာ ဖြစ်သည်။ သို့ဖြစ်၍ ယင်းက အအေးဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခုခံကာကွယ်ပေးနိုင်သည်။ ထို့ပြင် လွင့်မျောတိမ်လှေက သူတို့အားလုံးကို သယ်ဆောင်သွားရန် လုံလောက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ လွင့်မျောတိမ်လှေက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လွင့်မျောတိမ်လှေက သာမန်လှေတစ်စင်း၏ အရွယ်အစားသို့ ကြီးမားသွားသည်။ ယင်းက သူ့အရှေ့မှ မိစ္ဆာမျိုးနွယ်စုနှစ်ခု ဝင်ဆံ့ရန် အလုံအလောက် ကျယ်ဝန်းသည်။

“ ကျေးဇူးတင်ပါတယ် အရှင်… နှင်းလေပြေချိုင့်ဝှမ်းကို ရောက်တဲ့အခါ ဒီငယ်သားက အရှင့်နောက်ကို အမြဲလိုက်ပါမယ် ”

သီရှီထျန်၏ လုပ်ဆောင်မှုကို ကျားဖြူမြင်သောအခါ သူက အလွန်ဝမ်းသာပျော်ရွှင်သွားသည်။ သီရှီထျန်၏ လွင့်မျောတိမ်လှေကို မြင်သောအခါ မျှော်လင့်ချက်အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူတို့သည် နောက်ထပ် စကားအပိုများ မပြောကြတော့ချေ။ ကျားမိသားစုနှင့် မြေခွေးမိသားစုသည် လှေပေါ်သို့ တတ်လိုက်ကြသည်။

သီရှီထျန်သည် လှေဦးပိုင်းမှာ မတ်တတ်ရပ်လိုက်သည်။ သူ၏ အတွေးတစ်ချက်ကြောင့် လွင့်မျောတိမ်လှေက အကာအကွယ်အလွှာတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အပြင်ဘက်မှ လေနှင့် နှင်းကို ခုခံတားဆီးလိုက်သည်။

“ သွားစမ်း ”

အားလုံးအဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း သူမြင်လိုက်သည်။ သူက ပေါ့ပါးစွာ အော်ပြောလိုက်သည်။ ထိုအခါ လွင့်မျောတိမ်လှေက အဖြူရောင်အလင်းကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ လှေသည် လျောခနဲ အရှေ့သို့ ရွေ့လျားသွားသည်။ လှေ၏ အလျင်သည် ကောင်းကင်ပေါ်မှာ ပျံသန်းခြင်းထက် မလျော့ပေ။

“ ဘန်း ”

သို့သော်လည်း ဝမ်းသာပျော်ရွှင်မှုက ကြာရှည်မခံပေ။ နှင်းလွင်ပြင်ပေါ်တွင် အန္တရာယ်က လေအေးနှင့် နှင်းသာ မဟုတ်ပေ။ သီရှီထျန်က လွင့်မျောတိမ်လှေကို မောင်းနှင်နေစဉ် သုံးမီတာအကွာအဝေးကို ဖြတ်ကျော်သွားပြီးနောက် လှေ၏ ကိုယ်ထည်က ပြင်းထန်စွာ တုန်ခါသွားသည်။

ရေခဲနှင့် နှင်းက လေထဲမှာ ပျံဝဲနေသည်။ လှေတစ်ခုလုံးက အပေါ်သို့ မြှောက်တတ်သွားသည်။

“ ဘန်း… ဘန်း… ဘန်း… ”

နှင်းကုန်းမြေက အကြမ်းပတမ်း တုန်ခါသွားသည်။ မကြာမီ တစ်ကိုယ်လုံး ဖြူဖွေးနေသော နှင်းဝက်ဝံတစ်ကောင်က ကုန်းမြေထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက အနည်းဆုံး ပေတစ်ရာရှည်လျားသည်။ ၎င်း၏ လက်သီးထိုးချက်က မြေကြီးပေါ်သို့ ကျဆင်းသွားသည့်အခါ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ၎င်းက ရေခဲနှင့် နှင်းထဲမှာ မွေးဖွားလာသော သားရဲဖြစ်သည်။

နှင်းသားရဲသည် မြေကြီးထဲမှ ခုန်ထွက်လာပြီးလျှင် ရင်ဘက်ကို အကြမ်းပတမ်း တဒုန်းဒုန်း ထုလိုက်သည်။ နှင်းမျောက်ဝံသည် အပေါ်သို့ ရုတ်တရက် မြှောက်တတ်သွားသော လွင့်မျောတိမ်လှေကို ၎င်း၏ သွေးနီရောင်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။

“ အဲ့ဒါ ဘယ်လိုသားရဲလဲ ”

သီရှီထျန်သည် ထိုသားရဲ၏ တည်ရှိမှုကို အစောနက အာရုံမခံမိခဲ့ပေ။ လှေ မြှောက်တင်ခံလိုက်ရသည့်အချိန်မှ ထိုမျောက်ဝံ၏ တည်ရှိမှုကို အာရုံခံမိသွားသည်။ သို့သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်၏။ သူက ပေတစ်ရာအမြင့်ထိ မြှောက်တင်ခံလိုက်ရသည်။ သို့သော် ယင်းက သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မဖြစ်စေပေ။

ချွင်ဟူသော မြည်သံနှင့်အတူ ကျားဝိညာဉ်ဓားမော့ကို သူဆွဲထုတ်လိုက်သည်။ သူက ဓားမော့ကို မြှောက်လိုက်ပြီး သူ့ခြေထောက်အောက်သို့ ချိန်ရွယ်လိုက်သည်။ နှင်းသားရဲကို ကြည့်နေရင်း သူက မျက်မှောင်ကြုတ်လိုက်သည်။ နှင်းသားရဲထံမှ မည်သည့်မိစ္ဆာအရှိန်အဝါမှ သူအာရုံမခံမိပေ။ ရှင်းလင်းစွာပင် ၎င်းက မိစ္ဆာတစ်ကောင် မဟုတ်ပေ။

“ အရှင် သတိထားပါ… ဒီငယ်သားက အရှင့်ကို သတိပေးဖို့ မေ့သွားခဲ့ပါတယ်… ဒီနှင်းလွင်ပြင်အောက်မှာ နှင်းဝိညာဉ်သားရဲတွေအများကြီး ပုန်းအောင်းနေကြပါတယ်… သူတို့နေထိုင်တဲ့ ဧရိယာထဲ ဝင်ရောက်သွားမယ်ဆိုရင် နှင်းဝိညာဉ်သားရဲက ကျုပ်တို့ကို ရန်သူတွေလို့ သတ်မှတ်ပါလိမ့်မယ်… သူတို့က ရန်သူမသေမချင်း ရပ်တန့်ကြမှာ မဟုတ်ပါဘူး… သူတို့တစ်ကောင်စီက မိစ္ဆာသားရဲနယ်ပယ် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြပါတယ်… သူတို့နဲ့ တိုက်ခိုက်မယ်ဆိုရင် အအေးဓာတ်က ခန္ဓာကိုယ်ထဲ အချိန်မရွေး ဝင်ရောက်လာနိုင်ပါတယ်… လမ်းတစ်လျှောက်မှာ နှင်းဝိညာဉ်သားရဲ ဘယ်နှစ်ကောင်ရှိနေလဲ မသိနိုင်ပါဘူး… ကျုပ်တို့ကို စိတ်မပူပါနဲ… အရှင် ကိုယ့်ဘာသာ ထွက်သွားပါ… ဒီကောင်ကို ကျုပ်တို့ခုခံတားဆီးလိုက်ပါမယ် ”

ကျားဖြူက ခါးသီးစွာ ပြောသည်။

All Chapters