← Chapters

အခန်း ၃၆၉

Vol. 25 Ch. 369

အခန်း ၃၆၉

Vol. 25 Ch. 369

အခန်း(၃၆၉)

“ ဟွန့်… ဒီဘုရင်က မင်းတို့ကို နွေဦးလေပြေချိုင့်ဝှမ်းဆီ ခေါ်ဆောင်သွားမယ်လို့ ပြောခဲ့မှတော့ ငါ့စကားအတိုင်း သေချာပေါက် လုပ်ဆောင်မယ်… ငါသီရှီထျန်က သေရမှာကြောက်တဲ့ကောင် မဟုတ်ဘူး… သေလိုက်စမ်း ”

သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက အပြင်းအထန် လှုပ်သွားသည်။ သူ့အရှေ့မှ ဧရာမနှင်းဝိညာဉ်သားရဲကို ကြည့်နေစဉ် သူ၏ ဓားမော့က ပြိုင်စံရှားထက်ရှမှုကို ထုတ်လွှတ်လိုက်သည်။

သူက လွင့်မျောတိမ်လှေ၏ ဦးခေါင်းပိုင်းမှာ မတ်တတ်ရပ်နေသည်။ သူက ဓားမော့ကို မြှောက်တင်၍ နှင်းဝိညာဉ်ဝက်ဝံထံသို့ ခုတ်ပိုင်းလိုက်သည်။ ကျားဝိညာဉ်ဓားမော့သည် အလွန်ကျယ်လောင်သော ဟိန်းသံများကို တရစပ် ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ပယင်းရောင်အလင်းတန်းက ပေပေါင်းဒါဇင်ခန့် ရှည်လျားသွားသည်။ ယင်းက ဓားမော့အလင်းတန်းဖြစ်သည်။ ဓားမော့အလင်းတန်းသည် ကျားဝိညာဉ်ဓားမော့နှင့် အလွန်ဆင်တူသည်။ ယင်းက ကျားဝိညာဉ်ဓားမော့၏ ဧရာမပုံစံ ဖြစ်ပုံပေါ်သည်။ ကျားဝိညာဉ်ဓားမော့၏ ထက်ရှမှုက လေနှင့် နှင်းကိုပင် ချက်ချင်း ဖြတ်တောက်လိုက်သည်။

ထို့ပြင် ဓားမော့အလင်းတန်းက အလွန်မြန်ဆန်သည်။ နှင်းဝိညာဉ်သားရဲသည် ခုခံရန် လုံးဝ အခွင့်အရေးမရခဲ့ပေ။

ဓားမော့ခုတ်ချက်တစ်ချက်ဖြင့် နှင်းဝိညာဉ်သားရဲက နှစ်ပိုင်းကွဲထွက်သွားသည်။

“ ဘန်း ”

သို့သော်လည်း ထူးဆန်းသည့်ကိစ္စမှာ နှင်းဝိညာဉ်သားရဲသည် နှစ်ပိုင်းကွဲထွက်သွားသော်လည်း အလောင်းမကျန်ခဲ့ပေ။ ယင်းအစား နှင်းဝိညာဉ်သားရဲက နေရာမှာတင် ပေါက်ကွဲသွားသည်။ နှင်းဝိညာဉ်သားရဲ ပေါက်ကွဲသွားသည့်အခိုက် အလွန်အားကောင်းသော အအေးဓာတ်က သီရှီထျန်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။ ဤသည်မှာ အအေးဓာတ်က သူ့ကို အဓိကပစ်မှတ်ထားနေသည့်အလားပင်။ သီရှီထျန်က မျက်မှောင်ကြုတ်လိုက်ပြီး အအေးဓာတ်အရှိန်အဝါကို သူ့ဓားဖြင့် ခုတ်ပိုင်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရလဒ်က သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာပေ။ အအေးဓာတ်အရှိန်အဝါက သဏ္ဍာန်မဲ့သည်။ ယင်းကို သူမတားဆီးနိုင်ပေ။ နောက်အခိုက်အတန့်မှာ အအေးဓာတ်က သူ၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာသည်။

“ အို အေးလိုက်တာ ”

အအေးဓာတ်သည် သူ့ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များကိုဖြတ်၍ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ယခင်က သူခံစားခဲ့ရသော အအေးဒဏ်နှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ်က အဆပေါင်းများစွာ ပိုပြီးပြင်းထန်သည်။ ထိုနှစ်ခုသည် ကောင်းကင်နှင့်မြေကြီးပမာ ကွာခြားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီက အေးခဲသွားပြီး နောက်ထပ် မလည်ပတ်တော့ပေ။ မိစ္ဆာချီ၏ ကာကွယ်ပေးမှုသာမရှိလျှင် သူက နေရာမှာ ချက်ချင်း အေးခဲသွားလိမ့်မည်။

သူက သေခြင်းတရားကို အာရုံခံမိသွားသည်။

“ ကြောက်စရာကောင်းလိုက်တာ… နှင်းဝိညာဉ်သားရဲ သေဆုံးသွားတဲ့အချိန် ထုတ်လွှတ်လိုက်တဲ့ အအေးဓာတ်က အတော် ကြောက်စရာကောင်းတာပဲ… နှင်းဝိညာဉ်သားရဲအားလုံးက အဲ့ဒီလိုဆိုရင် တစ်ကောင်နှစ်ကောင်ကိုပဲ ငါခုခံနိုင်လိမ့်မယ်… တကယ်လို့ သူတို့က ဆယ်ကောင် ဒါမှမဟုတ် တစ်ရာကျော်ရှိမယ်ဆိုရင် ငါက သေချာပေါက် ရေခဲရုပ်တုဖြစ်သွားလိမ့်မယ် ”

ထိုအခိုက်အတန့်မှာ အကြောက်တရားက သီရှီထျန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ နှင်းဝိညာဉ်သားရဲက မည်မျှကြောက်စရာကောင်းကြောင်း သူနားလည်သွားသည်

“ သွားစို့ ”

ထိုအတွေးက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသော်လည်း သူ၏ ခရီးစဉ်က ရပ်တန့်မသွားပေ။ သူက တုံ့ဆိုင်းမနေဘဲ အော်လိုက်ပြီး လွင့်မျောတိမ်လှေကို အရှေ့သို့ ဆက်လက် ရွေ့လျားစေသည်။

ငါ့အရှေ့မှာ နှင်းဝိညာဉ်သားရဲအများကြီး ရှိတော့ရော ဘာဖြစ်လဲ… ။

လမ်းတစ်လျှောက်တွင် ကျားဖြူသည် သူတို့ကို စွန့်ပစ်ရန် သီရှီထျန်ကို အကြိမ်ကြိမ် ဖြောင်းဖြသည်။ သို့သော်လည်း သူက သဘောမတူပေ။

ယင်းက ခွန်အားဖော်ပြလိုခြင်းကြောင့် မဟုတ်ပေ။ ယင်းအစား တာဝန်ယူမှု တာဝန်ခံမှု ဖြစ်သည်။ သီရှီထျန်သည် ကျားဖြူနှင့် တခြားမိစ္ဆာသားရဲများကို စွန့်ပစ်ရန် တစ်ခါမှ မတွေးပေ။ ဤလောကတွင် လက်မလျော့ဘဲ သူလုပ်ဆောင်ရမည့် ကိစ္စတချို့ ရှိသည်။

လမ်းတစ်လျှောက်တွင် သူက နှင်းဝိညာဉ်သားရဲအများအပြားကို တွေ့ကြုံခဲ့သည်။ ၎င်းတို့ကို သတ်ဖြတ်ရန် သူ့အတွက် မခက်ခဲပေ။ သို့သော်လည်း သူတို့သေဆုံးသွားသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။ အကြိမ်ရေများပြားလာသည့်အခါ သူ၏ မျက်နှာသည်ပင် ပြာနှမ်းလာသည်။ ဖြစ်နိုင်သည်မှာ နောက်တစ်ကြိမ်ဆိုလျှင် သူက အအေးဓာတ်ကြောင့် ရေခဲရုပ်တု ဖြစ်သွားလိမ့်မည်။ သူက နှင်းလွင်ပြင်ထဲမှာ ပြုတ်ကျသေဆုံးသွားလိမ့်မည်။

မည်မျှအထိ သူခရီးဆက်ခဲ့ပြီးပြီဖြစ်ကြောင်း သီရှီထျန် မသိပေ။ နှင်းဝိညာဉ်သားရဲမည်မျှကို သူသတ်ခဲ့ပြီးပြီဖြစ်ကြောင်း မသိပေ။

သူ၏ မိစ္ဆာချီသည်ပင် အေးခဲသွားသည်။ သူ၏ အသိစိတ်က စတင်ဝေဝါးလာသည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာ ယုံကြည်မှုရှိသည်။ သူက လက်မလျာ့ဘဲ အရှေ့သို့ တစိုက်မတ်မတ် ရွေ့လျားသွားသည်။

“ ဘန်း ”

နှစ်ရက်ကြာပြီးနောက် သီရှီထျန်က ချိုင့်ဝှမ်းတစ်ခု၏ အရှေ့သို့ ရောက်ရှိသွားသည်။ ထိုအချိန်မှာ သူ၏ အသိစိတ်က လုံးဝ ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာလည်း ရေခဲသလင်းကျောက်များက ကပ်တွယ်နေသည်။ သူ၏ အသိစိတ်မပျောက်ကွယ်သွားမီ ချိုင့်ဝှမ်းထဲမှ ရေပူစမ်းကို နောက်ဆုံးအနေနှင့် မြင်လိုက်ရသည်။ ထို့နောက် သူက အသက်မဲ့သော သစ်သားတုံးပမာ အောက်ပြုတ်ကျသွားသည်။ သူ၏ အသိစိတ်က ဗလာဖြစ်သွားသည်။

အောက်သို့ သူပြုတ်ကျသွားစဉ် သူ့အောက်မှ နှင်းကုန်းမြေက ဖြည်းဖြည်းချင်း အရည်ပျော်သွားသည်။

စက်ကရာက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ကောင်းကင်မိစ္ဆာ စီစဉ်ထားခဲ့သော စမ်းသပ်မှုအမျိုးမျိုးကို ဖြတ်ကျော်နေစဉ် မူလက တိတ်ဆိတ်အေးချမ်းနေသော တောင်ပိုင်းမြေရိုင်းဒေသက သားရဲတစ်သောင်းဂိုဏ်း၏ ခြိမ်းခြောက်မှုကို ရုတ်တရက် ရင်ဆိုင်လိုက်ရသည်။ ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။

ယန်ရွှမ်းသည် အစောနက သူ၏ အစွမ်းထုတ်လွှတ်မှုမှတဆင့် ချန်းရှီ၏ တည်နေရာကို ရှာတွေ့သွားသည်။ ယန်ရွှမ်းသည် လက်ရွေးစင်တပည့်ခုနစ်ရာကျော်ကို ဦးဆောင်၍ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ဦးတည်သွားသည်။

ချိုင့်ဝှမ်းထဲတွင် ချန်းရှီသည် မရေမတွက်နိုင်သော ပန်းပင်များကြားထဲမှာ တိတ်တဆိတ် ရပ်နေသည်။ သူ့လက်ထဲမှာ ပန်းခြင်းတောင်းတစ်ခု ရှိသည်။ ပန်းခြင်းတောင်းထဲတွင် ပန်းပွင့်ကိုးပွင့်ရှိပြီး ပန်းတစ်ပွင့်စီက နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည်။ ပန်းတစ်ပွင့်သည် ရွှေရောင်ဖြစ်ပြီး ရွှေရောင်လျှပ်စီးက ပန်းပွင့်ပေါ်မှာ ရံဖန်ရံခါ ထွက်ပေါ်လာသည်။ ယင်းက သတ္ထုလျှပ်စီးပန်းပွင့် ဖြစ်သည်။ တခြားပန်းရှစ်ပွင့်သည်တော့ ခုနစ်ရောင်ခြယ်ထွန်းလင်းနေသည်။ သက်တံ့အလင်းက ယင်းတို့၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ဝဲနေသည်။ ယင်းတို့က အနှိုင်းမဲ့သော အလှကို ပိုင်ဆိုင်ထားကြသည်။

ထိုပန်းရှစ်ပွင့်သည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ စွမ်းအင်အနှစ်သာရမှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။ ယင်းတို့က ပန်းပေါင်းစုံ၏ အနှစ်သာရနှင့် အံ့ဖွယ်ထူးခြားချက်များ၏ ဒြပ်ထည်စုစည်းမှု ဖြစ်သည်။ ယင်းတို့ကို တိုက်ခိုက်ရေးလက်နက်များအဖြစ် အသုံးပြုနိုင်သည်။

ပန်းခြင်းတောင်းသည် ရှေးခေတ်ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီးထံမှ ချန်းရှီ အမွေဆက်ခံနိုင်ခဲ့သော ရတနာ ဖြစ်သည်။ ယင်းက ဤလောကမှ စွမ်းအင်အမျိုးမျိုးကို ပန်းပွင့်များအဖြစ် သန့်စင်ပေးနိုင်သည်။

အတိတ်တွင် ချန်းရှီသည် ကောင်းကင်ဘုံမိုးကြိုးကို ပန်းခြင်းတောင်းဖြင့် ဖမ်းယူကာ သတ္ထုလျှပ်စီးပန်းပွင့်အဖြစ် သန့်စင်ခဲ့သည်။ ယင်း၏ တိုက်ခိုက်စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

ဤချိုင့်ဝှမ်းထဲတွင် ပန်းမျိုးတစ်ရာချီက အဆုံးမဲ့သည်။ ပန်းခြင်းတောင်းသည် ပန်းမျိုးတစ်ရာချီကို စုပ်ယူကာ အသင်္ချေပုံရိပ်ယောင်ပန်းပွင့်များကို သန့်စင်ပေးသည်။ ယခု ပန်းခြင်းတောင်းထဲတွင် အသင်္ချေပုံရိပ်ယောင်ပန်းပွင့်(၈)ပွင့်နှင့် သတ္ထုလျှပ်စီးပန်းပွင့်တစ်ပွင့် ရှိသည်။

“ အမ… အခု ငါတို့ဘယ်လိုလုပ်ကြမလဲ… အဲ့ဒီလူဆိုးကျင့်ကြံသူက အရမ်းအားကောင်းတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတယ်… ငါ အသက်ရှူလို့ မရတော့ဘူးလို့ ခံစားရတယ်… သူတို့ကို ငါတို့အနိုင်ယူနိုင်ပါ့မလား… ပိုဆိုးတာက အကိုသီနဲ့ အမမဒူဆာက ဒီနေရာမှာ မရှိနေကြဘူး… မဟုတ်ရင် အဲ့ဒီလူဆိုးကောင်တွေကို ငါတို့စိုးရိမ်နေဖို့မလိုဘူး ”

“ ဘယ်လောက် အကျင့်ယုတ်လိုက်လဲ… ငါတို့အားနည်းနေတဲ့အချိန်မှ သူတို့က လာတိုက်ခိုက်ကြတယ် ”

ဇာမဏီငှက်သည် ချန်းရှီ၏ ဘေးတွင် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေသည်။ သူက တစ်ချိန်လုံး ဂနာမငြိမ်ဖြစ်နေသည်။ တစ်ချိန်တည်းမှာ သူက တတွတ်တွတ် စကားပြောသည်။

“ ကျူးအာ… ဒီတစ်ကြိမ် ရောက်လာတာ မသေမျိုးကျင့်ကြံခြင်းလောကက ထိပ်သီးပညာရှင်တွေ… နင် ဒီကနေ အမြန်ထွက်သွားပါ… သွား မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှာ ခဏ သွားပုန်းအောင်းနေလိုက်ပါ ”

ချန်းရှီက တည်ကြည်လေးနက်စွာ ပြောသည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအကြောင်း ပြောသည့်အခါ တုံ့ဆိုင်းမှုက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မဟုတ်ဘူး… ကျူးအာ အမကို ဘယ်တော့မှ ထားမသွားဘူး… အခု ကျူးအာလည်း အရမ်းသန်မာနေပါပြီ.. ကျူးအာ အမနားမှာ နေပြီး ကူတိုက်ခိုက်ပေးမယ် ”

ဇာမဏီငှက်သည် ထွက်သွားရန်အကြောင်း လုံးဝ မတွေးပေ။ သူက ခေါင်းယမ်းလိုက်ပြီး ပြောသည်။

“ အနံ့ဆိုးကျီးကန်းနဲ့ တခြားလူတွေလည်း သေချာပေါက် ရောက်လာကြလိမ့်မယ်… ဘာလို့ ငါတို့က အဲ့ဒီလူဆိုးတွေကို ကြောက်နေရမှာလဲ ”

သူ၏ လေသံထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု ပါဝင်နေသည်။

ယင်းကို ကြားသောအခါ ချန်းရှီက ဇာမဏီငှက်ကို လှည့်ကြည့်လိုက်သည်။ တစ်ခဏကြာ နှုတ်ဆိတ်နေပြီးလျှင် သူက ပြောသည်။

“ ကောင်းပြီ… အရင်ဆုံး နင်ဘေးထွက်နေပါ… အဲ့ဒီပညာရှင် ရောက်လာပြီ ”

“ ဟား ဟား… မိစ္ဆာဘုရင်က မိစ္ဆာဘုရင်ဆိုတဲ့အတိုင်းပါပဲ… မင်းရဲ့ အာရုံခံနိုင်စွမ်းက တကယ်အံ့ဩစရာပဲ… ချိုင့်ဝှမ်းအပြင်ကို ငါရောက်တာနဲ့ မင်းငါ့ကို အာရုံခံမိတယ် ”

လေထဲတွင် အလင်းတန်းတစ်ခုက ချိုင့်ဝှမ်းဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။ နောက်အခိုက်အတန့်မှာ အလင်းတန်းက ချိုင့်ဝှမ်း၏ ကောင်းကင်ပေါ်မှာ ရပ်တန့်သွားသည်။ အလင်းတန်းထဲတွင် ပုံရိပ်တစ်ခု ရှိသည်။ ထိုသူက လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် ဟင်းလင်းပြင်ပေါ်မှာ တစ်လှမ်းချင်း လျှောက်နေသည်။ သူ့ပုံစံက အတော်လေး အေးအေးဆေးဆေး ရှိသည်။ ဤသည်မှာ သူက ပန်းခြံထဲမှာ လမ်းလျှောက်နေသည့်အလားပင်။ သူက မောက်မာထောင်လွှားသော မျက်နှာအမူအရာဖြင့် မြေကြီးပေါ်မှ ချန်းရှီကို ကြည့်လိုက်သည်။

“ ငါတကယ် မမျှော်လင့်ထားဘူး… တောင်ပိုင်းမြေရိုင်းဒေသလို အစွန်အဖျားနေရာမှာ မိစ္ဆာဘုရင်တစ်ပါး ထွက်ပေါ်လာတယ်… ဒါပေမဲ့ မျက်မှောက်ခေတ်မှာ မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီ… မိစ္ဆာဘုရင်တောင်မှ ကျဆုံးသွားနိုင်တယ် ”

ယန်ရွှမ်း၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူစကားပြောနေစဉ် သူ၏ အရှိန်အဝါက တဖြည်းဖြည်း မြင့်တတ်သွားသည်။ သူက ချန်းရှီကို အရှိန်အဝါဖြင့် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ချန်းရှီသည် မတ်တတ်ရပ်၍ ငြိမ်ခံနေမည့်လူ မဟုတ်ပေ။ သူက တည်ငြိမ်အေးဆေးစွာ ပြောသည်။

“ ဘာတွေ ဘဝမြင့်နေတာလဲ… နင့်ကိုယ်နင် ဘာထင်နေလဲ… နင်က ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူလေးပဲကို… နင့်မှာ ဘာအရည်အချင်းရှိလို့ ငါ့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို ဖျက်ဆီးပစ်မယ်လို့ ပြောရဲတာလဲ… နင့်ကိုနင် ကပ်ဘေးဒုက္ခနယ်ပယ်က ပညာရှင်လို့ ထင်နေတာလား ”

ချန်းရှီ၏ စကားများထဲမှာ အထင်သေးရှုံ့ချမှု ပါရှိသည်။

“ ဟွန့်… ငါလုပ်နိုင်လား မလုပ်နိုင်ဘူးလား နင်မြင်စေရမယ် ”

အေးစက်စက်အလင်းတန်းက ယန်ရွှမ်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို အမြန်လှုပ်ရှားလိုက်ပြီး ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ချီက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ ဂရား ”

ပေပေါင်းတစ်ရာရှည်လျားသော မီးနဂါးတစ်ကောင်သည် လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တဟုန်းဟုန်း လောင်မြိုက်နေသော မီးတောက်မီးလျှံများက နဂါး၏ ခန္ဓာကိုယ်ကို အပြည့်ဖုံးလွှမ်းထားသည်။ နဂါးသည် လေထဲမှာ ပျံသန်းနေရင်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်လိုက်သည်။ ၎င်းထံမှ မီးတောက်မီးလျှံများကြောင့် ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် တိုးမြှင့်သွားသည်။ ဘေးပတ်ဝန်းကျင်မှ ပန်းပင်များနှင့် သစ်ပင်များသည် ပြင်းထန်သော အပူချိန်ကြောင့် စတင်လောင်ကျွမ်းသွားသည်။

ကောင်းကင်ဘုံကို လောင်ကျွမ်းပစ်မယ့် မီးနဂါး… ။

ယင်းက အလွန်အစွမ်းထက်သော တိုက်ခိုက်ရေး ဓမ္မအတတ်ပညာတစ်ခု ဖြစ်သည်။ ယင်းကို ထုတ်လွှတ်လိုက်သည့်အခါ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူသည်ပင် မီးနဂါးကို ထိပ်တိုက် ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ချေ။ ဤသို့ ပြောကြသည်။ မီးနဂါးကို ထုတ်လွှတ်လိုက်သည့်အခါ အချင်းလီတစ်ရာအတွင်းမှ အရာအားလုံးက မီးလောင်ကျွမ်းသွားလိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

All Chapters