အခန်း ၃၇၀
Vol. 25 Ch. 370
အခန်း(၃၇၀)
ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးအနေဖြင့် ယန်ရွှမ်းသည် သာမန်ကျင့်ကြံသူ မဟုတ်ပေ။ သူ၏ အမြင်အာရုံက အလွန်စူးရှသည်။ ချိုင့်ဝှမ်းကို သူတစ်ချက်ကြည့်လိုက်သည့်အခါ ချန်းရှီ၏ မူလခန္ဓာကိုယ်က သစ်သားဒြပ်စင်ဖြစ်ကြောင်း ရှာတွေ့သွားသည်။ မီးဒြပ်စင်က သစ်သားဒြပ်စင်ကို လောင်ကျွမ်းပစ်နိုင်သည်။ ထို့ကြောင့် သူက မီးဒြပ်စင်အထူးပြုသော ဓမ္မအတတ်ပညာကို ထုတ်လွှတ်လိုက်ခြင်းပင်။
ယင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူနှင့် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူကြားမှ ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများသည် အလွန်သန်စွမ်းရုံသာမက ဉာဏ်ကောင်းကြသည်။ သူတို့သည် လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် တောင်တန်းကို ဖျက်ဆီးပစ်နိုင်သည်။
မီးတောက်နဂါးသည် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။ ယန်ရွှမ်း၏ ထိန်းချုပ်မှုအောက်မှာ မီးနဂါးက အစွယ်ထုတ်ပြလိုက်သည်။ ထို့နောက် ၎င်းက လက်သည်းများကို မြှောက်၍ ချန်းရှီကို ရိုက်ချလိုက်သည်။
“ ကလေးအကွက်တွေ ”
ယင်းကို ချန်းရှီမြင်သော်လည်း သူ၏ မျက်နှာအမူအရာက နည်းနည်းမှ မပြောင်းလဲသွားပေ။ သူက အထင်သေးစွာ ပြောသည်။ ထို့နောက် သူက လက်ထဲမှ ပန်းခြင်းတောင်းကို ညင်သာစွာ လှုပ်လိုက်သည်။ ထိုအခါ ပန်းခြင်းတောင်းသည် လေထဲသို့ ပျံတတ်သွားပြီး ခုနစ်ရောင်ခြယ်အလင်းကို ထုတ်လွှတ်လိုက်သည်။ ခုနစ်ရောင်ခြယ်နတ်ဘုရားအလင်းက မီးတောက်နဂါးပေါ်သို့ ထိမှန်သွားသည့်အခါ အံ့ဖွယ်ထူးခြားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ခုနစ်ရောင်ခြယ်နတ်ဘုရားအလင်းက မီးတောက်နဂါးပေါ်မှ မီးတောက်မီးလျှံများကို အံ့ဖွယ်ကောင်းစွာ ငြိမ်းသတ်လိုက်သည်။ ဤသည်မှာ မီးကို ရေဖြင့် ငြိမ်းသတ်လိုက်သည့်အလားပင်။ မီးတောက်နဂါးသည် ကြောင်နှင့် တွေ့သွားသော ကြွက်ကလေးနှယ် အမြှီးကုပ်သွားသည်။ ထို့နောက် ပန်းခြင်းတောင်းက ချန်းရှီ၏ လက်ထဲသို့ ပြန်ကျဆင်းလာသည်။ ပန်းခြင်းတောင်းထဲမှ ခုနစ်ရောင်ခြယ်အလင်းက အစဉ်အမြဲ ပြောင်းလဲသွားသည်။
ပန်းခြင်းတောင်းထဲတွင် သက်တံ့မြူခိုးတိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။ နဂါးဟိန်းသံများပင် ပန်းခြင်းတောင်းထဲမှ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သက်တံ့မြူခိုးတိမ်တိုက်က ပြန်ပျောက်ကွယ်သွားသည်။ သို့သော်လည်း ပန်းခြင်းတောင်းထဲမှ ပန်းပွင့်အရေအတွက်က ပြောင်းလဲသွားသည်။ ပန်းပွင့်အရေအတွက်က ဆယ်ပွင့်ဖြစ်သွားသည်။ အသစ်တိုးပွားလာသော ပန်းပွင့်က ကြက်သွေးရောင်ဖြစ်သည်။ ပန်းပွင့်ပေါ်တွင် မီးတောက်များ လောင်မြိုက်နေသည်။ ပန်းပွင့်က ရံဖန်ရံခါ အဖျက်စွမ်းအားကို ထုတ်လွှတ်နေသည်။
“ အဲ့ဒီခြင်းတောင်းက ဘယ်လိုဓမ္မရတနာလဲ… အဲ့ဒါက မန္တန်တွေကို စုပ်ယူနိုင်တယ်လား ”
ယန်ရွှမ်း၏ မောက်မာထောင်လွှားသော အမူအရာက ပြောင်းလဲသွားသည်။ ချန်းရှီ၏ လက်ထဲမှ ပန်းခြင်းတောင်းကို ကြည့်လိုက်သည့်အခါ လောဘအရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဓမ္မမန္တန်များ၏ စွမ်းအားကို စုပ်ယူနိုင်သော ဓမ္မရတနာက သေချာပေါက် ရှားပါးရတနာ ဖြစ်သည်။ ဤသို့ ပြောကြသည်။ ထွေးပြီးသော တံတွေးကို ပြန်မျိုရန် မဖြစ်နိုင်ပေ။ မန္တန်များသည်လည်း ထို့အတူပင်။ မန္တန်များကို တစ်ခါအသက်သွင်းပြီးလျှင် ပြန်ရုပ်သိမ်းရန် မလွယ်ကူပေ။ ထိုသို့လုပ်ဆောင်နိုင်ရန် တစ်စုံတစ်ယောက်သည် မန္တန်အသုံးပြုသူထက် အနည်းဆုံး ကျင့်ကြံခြင်းအဆင့်နှစ်ဆင့် ပိုမြင့်ရမည်။
သို့သော်လည်း ထိုပန်းခြင်းတောင်းက အလွယ်လေး လုပ်ဆောင်သွားခဲ့သည်။ ရှင်းလင်းစွာပင် ယင်းက ရှားပါးရတနာ ဖြစ်သည်။ ဤသို့ တွေးကြည့်နိုင်သည်။ ထိုပန်းခြင်းတောင်းကို သူပိုင်ဆိုင်သွားမည်ဆိုလျှင် မည်သည့်မန္တန်ကိုမှ သူကြောက်စရာလိုတော့မည် မဟုတ်ချေ။
ယင်းက မည်မျှအံ့ဖွယ်ကောင်းလိုက်သနည်း။
“ အသင်္ချေပုံရိပ်ယောင်ပန်းလက်ချောင်း ”
ချန်းရှီသည် ယန်ရွှမ်း၏ အတွေးကို ဂရုစိုက်မနေပေ။ သူက ပန်းခြင်းတောင်းထဲမှ သတ္ထုလျှပ်စီးပန်းပွင့်၏ ဓားပုံသဏ္ဍာန်ပွင့်ချပ်တစ်ခုကို ဆွဲနုတ်လိုက်သည်။ သူက ပွင့်ချပ်ကို သူ၏ လက်ချောင်းများကြားထဲမှာ ညှပ်လိုက်ပြီး အသင်္ချေပုံရိပ်ယောင်ပန်းလက်ချောင်းကို အသုံးပြုလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပွင့်ချပ်က ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ လေထဲတွင် ပွင့်ချပ်က တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခု၊ ထိုမှတဖန် ရှစ်ခုသို့ တိုးပွားသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဓားပုံသဏ္ဍာန်ပွင့်ချပ်များက အရေအတွက်ထောင်သောင်းချီသွားသည်။
နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော ပွင့်ချပ်များက ယန်ရွှမ်းဆီသို့ အလျှင်အမြန် ပျံသန်းသွားကြသည်။ ပွင့်ချပ်များ၏ အရှိန်အဟုန်က အလွန်ကြောက်စရာကောင်းသည်။ ယင်းတို့က အဆုံးမဲ့သော ဓားမိုးရွာသွန်းခြင်းနှင့် ဆင်တူသည်။ ပုံရိပ်ယောင်ပန်းလက်ချောင်းအတတ်ပညာက အဆုံးမဲ့သော အသက်ဓာတ်ကို ရည်ရွယ်သည်။
မူလပွင့်ချပ် မပျက်စီးသွားသရွေ့ ပုံရိပ်ယောင်ပွင့်ချပ်များက အဆုံးမဲ့စွာ ဆက်ရှိနေလိမ့်မည်။ ယင်းတို့က ရန်သူကို အဆက်မပြတ် တိုက်ခိုက်နေလိမ့်မည်။
ပုံရိပ်ယောင်ပန်းလက်ချောင်းအတတ်ပညာသည် ရှေးခေတ်ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီး၏ နာမည်ကျော် တိုက်ကွက်များထဲမှ တစ်ခုဖြစ်သည်။
ရှေးခေတ်တွင် မရေမတွက်နိုင်သော ထိပ်သီးပညာရှင်များက ထိုတိုက်ခိုက်မှုအောက်မှာ အသက်ကြွေလွင့်သွားခဲ့ကြသည်။ ထိုထိပ်သီးပညာရှင်များသည် ဒေသကြီးတစ်ခုကို အုပ်ချုပ်နေကြသော မသေမျိုးအရှင်သခင်များ ဖြစ်ကြသည်။ ကံမကောင်းသည်မှာ ချန်းရှီ၏ လက်ရှိကျင့်ကြံခြင်းနယ်ပယ်က အလွန်အားနည်းသည်။ သို့ဖြစ်၍ သူက အသင်္ချေပုံရိပ်ယောင်ပန်းလက်ချောင်းပညာ၏ အစစ်အမှန်စွမ်းအားကို ဆယ်ပုံတစ်ပုံမျှသာ ထုတ်လွှတ်နိုင်သည်။
“ မိစ္ဆာနှိမ်နင်းထီး ”
မရေမတွက်နိုင်သော ပွင့်ချပ်များကို မြင်သောအခါ ယန်ရွှမ်းက အံ့ဩသွားသည်။ သို့သော်လည်း သူက ထိုသို့ဖြစ်လာနိုင်သည်ဟု ကြိုတွေးထားပြီးသား ဖြစ်၏။ ဤတစ်ကြိမ် ခရီးစဉ်က သူမျှော်လင့်ထားသကဲ့သို့ မချောမွေ့နိုင်ကြောင်း သိလိုက်သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာဘုရင်ဆီမှာ အစွမ်းထက်ဓမ္မရတနာတစ်ခု ရှိနေမည်ဟု သူမမျှော်လင့်ထားပေ။ ထို့ပြင် ထိုမိစ္ဆာဘုရင်က အစွမ်းထက် အတတ်ပညာများကိုလည်း တတ်ကျွမ်းထားသည်။
တစ်ဖက်လူ လက်ညှိုးညွှန်လိုက်သည့်အခိုက် မရေမတွက်နိုင်သော ပွင့်ချပ်များက သူ၏ လေးဖက်လေးလံမှာ ထွက်ပေါ်လာသည်။ သူ့မှာ ရှောင်တိမ်းရန် နေရာမရှိတော့ပေ။ အကယ်၍ အနည်းငယ် သူသတိပေါ့ဆလိုက်မည်ဆိုလျှင် ရာထောင်ချီသော ဓားပုံသဏ္ဍာန်ပွင့်ချပ်များက သူ၏ ခန္ဓာကိုယ်ကို အပေါက်ဖောက်သွားလိမ့်မည်။
သူက တုံ့ဆိုင်းမနေဘဲ အော်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က အရောင်ထွန်းလင်းသွားသည်။ ထို့နောက် အနက်ရောင်ရှေးဟောင်းထီးတစ်လက်က သူ၏ ဦးခေါင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ဟူး လား လား ”
ရှေးဟောင်းထီးက ပွင့်သွားသည်။ ရှေးဟောင်းထီးက သူ၏ ဦးခေါင်းထက်မှာ မျောလွင့်နေစဉ် ရာထောင်ချီသော မိစ္ဆာနှိမ်နင်းအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ မိစ္ဆာအလင်းတန်းများက သူ၏ ဘေးပတ်ပတ်လည်မှာ အကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းပေးလိုက်သည်။
ပွင့်ချပ်များက အကာအကွယ်အလွှာပေါ်သို့ ကျဆင်းသွားသည့်အခါ ကျယ်လောင်သော မြည်သံများ တရစပ် ထွက်ပေါ်လာသည်။ ထိုမြည်သံက အလွန်ကြောက်စရာကောင်းသည်။ သို့သော်လည်း ရှေးဟောင်းထီးက အနက်ရောင်အလင်းတန်းများကိုသာ ထုတ်လွှတ်ပေးသည်။ ယင်းတို့က ကန်ရေပြင်ပေါ်မှ လှိုင်းဂယက်များနှင့် ဆင်တူသည်။
အမှန်မှာ အနက်ရောင်အလင်းတွင် မည်သည့်တိုက်ခိုက်စွမ်းအားမှ မရှိပေ။ ဓားပုံသဏ္ဍာန်ပွင့်ချပ်များထဲမှာ ကိန်းအောင်းနေသော စွမ်းအားက ရှေးဟောင်းထီးကို အဆက်မပြတ် ဝင်ဆောင့်သွားသည့်အခါ ကျယ်လောင်သော မြည်သံများ ထွက်ပေါ်လာသည်။ ရှေးဟောင်းထီးသည် အချိန်မရွေး ပျက်စီးသွားတော့မည်ဟန် ရ၏။
ထိုမြင်ကွင်းက ကြက်သီးမွေးညင်းထဖွယ်ကောင်းသည်။
“ သံမဏိအတောင်ပံရှိခိုးကောင် ထွက်လာစမ်း ”
ယန်ရွှမ်းသည် အတွေ့အကြုံကြွယ်ဝသူ ဖြစ်သည်။ အကြိမ်ရေအနည်းငယ် ပညာဖလှယ်ပြီးနောက် သူ့အရှေ့မှ မိစ္ဆာဘုရင်က သူ့အသက်ကို ခြိမ်းခြောက်နိုင်သော ပညာရှင်ဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက ခွန်အားသိုဝှက်မနေဘဲ ဝိညာဉ်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
“ ဘန်း ”
ကြောက်မက်ဖွယ်ကောင်းသော ငလျင်လှုပ်ခတ်မှုက ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ မြေကြီးထဲမှ ထွက်ပေါ်လာသည်။ မြေကြီးက တိုက်ရိုက် အက်ကွဲသွားသည်။ ထို့နောက် ပေလေးဆယ်ငါးဆယ်ခန့် အရွယ်အစားကြီးမားသော ဧရာမရှိခိုးကောင်တစ်ကောင်က မြေကြီးထဲမှ ပေါ်ထွက်လာသည်။ ရှိခိုးကောင်သည် အလွန်ကြောက်စရာကောင်းသည်။
၎င်း၏ ကျောအခွံက သံမဏိသဖွယ် ကြေးနီသဖွယ် မာကျောသည်။ ၎င်း၏ အရှေ့ခြေထောက်နှစ်ချောင်းက ဧရာမလွှသွားနှင့် ဆင်တူသည်။ လွှသွားသည် အနက်ရောင်ဖြစ်ပြီး အေးတိအေးစက် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်း၏ ဘေးပတ်ဝန်းကျင်တွင် လွှမ်းမိုးဖိနှိပ်သောလေထု ဖွဲ့စည်းသွားသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ ၎င်း၏ တစ်ကိုယ်လုံးက အလွန်သိပ်သည်းသော သွေးနံ့ကို ထုတ်လွှတ်နေသည်။ ၎င်း၏ အရှိန်အဝါက မိုးမြေကို ဖုံးလွှမ်းသွားသည်။
“ ရွှတ်… ရွှတ်… ”
ရှိခိုးကောင်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လွှသွားပုံသဏ္ဍာန် အရှေ့ခြေထောက်နှစ်ချောင်းကို မြှောက်လိုက်ပြီး ချန်းရှီကို ခုတ်ပိုင်းလိုက်သည်။ ၎င်း၏ အလျှင်က အလွန်မြန်ဆန်သည်။ ၎င်းက လျှပ်စီးထက်ပင် ပိုမြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်း၏ အရှေ့ခြေထောက်နှစ်ချောင်းက ချန်းရှီ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။
လွှသွားနှစ်ခုက အေးတိအေးစက် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
“ ဟွန့်… ယင်ယန်သဘောတရား… အမာကို အမာနဲ့ ပြန်တိုက်မယ်… အရှေ့ဘက်လေက အားနည်းတယ်… ပန်းပွင့်တွေ ထွက်ပေါ်လာစမ်း ”
ချန်းရှီသည် သူ၏ ခြေထောက်ကို လှုပ်ရှားလိုက်သည်။ တစ်ချိန်တည်းမှာ သူက မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ သူ၏ လက်နှစ်ဖက်သည်လည်း လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အရှေ့ဘက်လေက ချိုင့်ဝှမ်းထဲမှာ တိုက်ခတ်လာပြီး မရေမတွက်နိုင်သော ပန်းပွင့်များကို ဖြတ်သန်းသွားသည်။ ထို့နောက် ချိုင့်ဝှမ်းထဲမှ မရေမတွက်နိုင်သော ပန်းပွင့်များက ခြောက်သွေ့သွားကြပြီး လေထဲသို့ မြှောက်တတ်သွားကြသည်။ နောက်အခိုက်အတန့်မှာ ပန်းပွင့်များက ချိုင့်ဝှမ်းတစ်ခုလုံးမှာ ပြည့်နှက်သွားသည်။
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် အမျိုးအစားစုံလင်သော ပန်းပင်များ မရေမတွက်နိုင်အောင် ရှိသည်။ ချိုင့်ဝှမ်း၏ ထူးခြားဆန်းကြယ်မှုကြောင့် ပန်းပင်များက တစ်နှစ်ပတ်လုံး ပွင့်လန်းနေကြသည်။ ဤအခိုက်အတန့်မှာ လေကြမ်းက အရှေ့ဘက်မှ ရုတ်တရက် တိုက်ခတ်လာသည်။ လေသည် ပန်းပင်များ၏ အမြစ်များကို မထိခိုက်စေဘဲ ပန်းပွင့်များကိုသာ အပေါ်သို့ မြှောက်တတ်သွားစေသည်။ လေထဲတွင် မတူညီသော ပန်းပွင့်အမျိုးမျိုးဖြင့် ပြည့်နှက်သွားသည်။
ပန်းပွင့်များက လေထဲ၌ အငြိမ်မနေဘဲ ရွေ့လျားနေကြလေရာ ရောင်စုံလိပ်ပြာများပျံသန်းနေခြင်းနှင့် ဆင်တူသည်။ ယင်းက အိမ်မက်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်သည်။ ချန်းရှီသည် ပန်းပွင့်များကြားထဲ၌ မတ်တတ်ရပ်နေသည်။ ဤအခိုက်အတန့်မှာ သူက ရှေးဟောင်းပန်းမျိုးတစ်ရာကောင်းကင်နတ်သမီးနှင့် တူညီသွားသည်။ သူက လူတိုင်း ယဇ်မူးသွားစေနိုင်သော ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။ ကောင်းကင်သည် လှပသည်။ ပန်းပွင့်များသည် လှပသည်။ ချန်းရှီသည် ပိုပြီးလှပသည်။ သို့သော်လည်း ထိုအလှတရားများကြား၌ ရက်စက်မှုက ကိန်းအောင်းနေသည်။
“ တွေ့ဆုံဖို့ ခက်ခဲတယ်… ခွဲခွာဖို့ ခက်ခဲတယ် ”ဟူသော လေးနက်သည့် အဓိပ္ပာယ်က ထိုအလှတရားထဲမှာ ပုန်းလျှိုးနေသည်။ ယင်းက ပြိုင်ဘက်ကင်းလှပသော မြင်ကွင်းကို ဝမ်းနည်းဖွယ်ကောင်းစေသည်။
အရှေ့အရပ်မှ တိုက်ခိုက်လာသော လေက ညှိုးနွမ်းခြောက်သွေ့နေသော ပန်းပွင့်များထံမှ အထီးကျန်မှုအရှိန်အဝါကို သယ်ဆောင်လာသည်။ ယင်းက အသက်ဓာတ်ကုန်ခမ်းခြင်း၏ ပြယုဂ်ဖြစ်သည်။ လှပသော မြင်ကွင်းက ဝမ်းနည်းစရာကောင်း၏။ အေးစက်သော လေက ကျောချမ်းဖွယ်ကောင်း၏။
လျှပ်တစ်ပြက်အတွင်းမှာ ပန်းပွင့်ပင်လယ်က လေထဲမှာ ဖွဲ့စည်းသွားသည်။ နောက်အခိုက်အတန့်မှာ အရေအတွက် အကန့်အသတ်မဲ့သော ပန်းပွင့်များက ချန်းရှီ၏ အရှေ့မှ သံမဏိအတောင်ပံရှိခိုးကောင်ဆီသို့ ပျံသန်းသွားသည်။
ထိုမျှသာ မဟုတ်ပေ။ ပန်းပွင့်များက အသင်္ချေပုံရိပ်ယောင်ပန်းလက်ချောင်းအောက်မှာ ဖိနှိပ်ခံထားရသော ယန်ရွှမ်းနှင့် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲသို့ မကြာသေးမီက ရောက်လာကြသော သားရဲတစ်သောင်းဂိုဏ်းမှ တပည့်များဆီသို့ ပျံသန်းသွားကြသည်။
“ ဝှစ် ”
သံမဏိအတောင်ပံရှိခိုးကောင်က ချန်းရှီ၏ အရှေ့မှာ ရှိသည်။ ချန်းရှီသည် ဘေးသို့ ရွေ့လျားလိုက်ပြီး သံမဏိရှိခိုးကောင်၏ တိုက်ခိုက်မှုကို တိမ်းရှောင်လိုက်သည်။ သံမဏိအတောင်ပံရှိခိုးကောင် နောက်ထပ် မတိုက်ခိုက်နိုင်မီ ပန်းပွင့်ပင်လယ်က ရှိခိုးကောင်ပေါ်သို့ ကျဆင်းသွားသည်။ ထိုမြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။
သံမဏိအတောင်ပံရှိခိုးကောင်သည် ယန်ရွှမ်း၏ အစောင့်အရှောက်ဝိညာဉ်သားရဲ ဖြစ်သည်။ သူက ထိုရှိခိုးကောင်ကို ပျိုးထောင်ရန် ပင်ပင်ပန်းပန်း အားစိုက်ထုတ်ခဲ့ရသည်။ ၎င်းက သူ၏ သက်စောင့်ဓမ္မလက်နက်နှင့် ဆင်တူသည်။ ၎င်းက သူ့အနားမှာ တစ်ချိန်လုံး ရှိနေခဲ့သည်။ ၎င်း၏ သခင် သေဆုံးသွားလျှင် ၎င်းသည်လည်း အတူလိုက်ပါ သေဆုံးသွားမည်ဖြစ်ကြောင်း ရှိခိုးကောင် သိသည်။
ယန်ရွှမ်း၏ ဂရုတစိုက် လေ့ကျင့်သင်ကြားပေးမှုအောက်မှာ ရှိခိုးကောင်၏ အသိဉာဏ်သည် လူသားတစ်ယောက်ထက် လုံးဝ မနိမ့်ကျပေ။ ထို့ပြင် ၎င်းက အလွန်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ဝိညာဉ်သန္ဓေတည်နယ်ပယ်မှာ ဖြစ်သည်။ ထို့ပြင် ၎င်း၏ ခန္ဓာကိုယ်ကို အလွန်မာကျောသော အခွံက ဖုံးအုပ်ထားပြီး ၎င်း၏ အရှေ့ခြေထောက်နှစ်ချောင်းကို လွှသွားသဖွယ် ထက်ရှသော လက်နက်များအဖြစ် အသုံးပြုနိုင်၏။ ယန်ရွှမ်းနှင့် သံမဏိအတောင်ပံရှိခိုးကောင်သည် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်နှင့် တူညီသည်။
သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည့်အခါ ရန်သူများက လွယ်ကူလိမ့်မည် မဟုတ်ချေ။