အခန်း ၃၇၂
Vol. 25 Ch. 372
အခန်း(၃၇၂)
ကောင်းကင်မိစ္ဆာ စီစဉ်ထားခဲ့သော အမွေအနှစ်လျှောက်လမ်းသည် အမှန်တကယ် ထူးခြားသည်။ သူက အမွေအနှစ်လျှောက်လမ်းထဲမှာ နှစ်ကြိမ်တိုင်အောင် သေလုနီးပါးအခြေအနေဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း အပြင်သို့ သူထွက်လာသည့်အချိန် သူ၏ စိတ်ကို တစ်စုံတစ်ခုက ဆေးကြောသန့်စင်ပေးလိုက်ဟန် ရ၏။ ယင်းက ပြီးပြည့်စုံသော အသွင်ပြောင်းလဲမှု ဖြစ်သည်။ သူ၏ စိတ်က ပုံစံသွင်းခံလိုက်ရသော ကျောက်ရိုင်းတုံးနှယ် ဖြစ်လာသည်။ အပြင်လောကကို သူကြည့်လိုက်သည့်အခါ အရာအများစုက ယခင်ကနှင့် ကွဲပြားသွားကြောင်း မြင်တွေ့သွားသည်။
သူ၏ အသွေးအသားတစ်လက်မစီနှင့် မရီဒျန်များထဲတွင် မိစ္ဆာချီက ချောမွေ့စွာ စီးဆင်းနေသည်။ ထိုသို့ခြားနားမှုက စကားလုံးများဖြင့် ဖော်ပြနိုင်သောအရာ မဟုတ်ပေ။
သို့သော်လည်း စက်ကရာသည် အကယ်၍ သူသာ အမွေအနှစ်လျှောက်လမ်းပေါ်မှ စမ်းသပ်မှုအားလုံးကို အောင်မြင်သွားမည်ဆိုလျှင် အပြင်သို့ ပြန်ထွက်လာသည့်အခါ မည်သည့်ကိုယ်တွင်းနတ်ဆိုးမှ သူ့ကို လှည့်စားနိုင်တော့မည်မဟုတ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးသားက ကြည်လင်သန့်ရှင်းနေသောကြောင့်ပင်။ သူ့နှလုံးသားက သန့်ရှင်းနေပြီး သူ့ကိုယ်သူ အသိအမှတ်ပြုလိုက်သည့်အခါ မည်သည့်ကိုယ်တွင်းနတ်ဆိုးမှ သူ့အား အနှောင့်အယှက်ပေးနိုင်တော့မည် မဟုတ်ချေ။
ပိုပြီးအံ့ဖွယ်ကောင်းသည့်အချက်မှာ စမ်းသပ်မှုအားလုံးကို အောင်မြင်သွားလျှင် သူ၏ စိတ်က လိုအင်ဆန္ဒစွမ်းအား၏ စမ်းသပ်မှုကိုလည်း တောင့်ခံနိုင်သွားလိမ့်မည်ဟု သူအာရုံရနေသည်။ ထိုအခါ ကြာပန်းနက်ထဲမှ လိုအင်ဆန္ဒစွမ်းအားက မိစ္ဆာချီနှင့် အပြည့်အဝ ပေါင်းစပ်သွားပြီး စွမ်းအားအသစ်တစ်မျိုး မွေးဖွားလာလိမ့်မည်။ ထို့ပြင် ထိုစွမ်းအားအသစ်က သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိလိမ့်မည်။
ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို အလွှာနှစ်လွှာ ခွဲခြားထားသည်။ တစ်နည်းဆိုရလျှင် ယင်းက မတူညီသော ကမ္ဘာနှစ်ခု ဖြစ်သည်။ ပထမအလွှာထဲတွင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာများ ရှင်သန်နေထိုင်ကြသည်။ ဒုတိယအလွှာထဲတွင် လူသားမသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာများက စမ်းသပ်မှုများကို ရင်ဆိုင်နေကြသည်။
လူသားမသေမျိုးကျင့်ကြံသူများက ဓားတောင်နှင့် မီးပင်လယ်ကို ဖြတ်ကျော်နေကြစဉ် မိစ္ဆာများသည်တော့ အမွေအနှစ်လျှောက်လမ်းကို ဖြတ်ကျော်နေကြသည်။ အမွေအနှစ်လျှောက်လမ်းတွင် စုစုပေါင်း စမ်းသပ်မှုငါးခု ရှိသည်။ ယင်းတို့ကို ဖြတ်ကျော်ရန် အလွန်ခက်ခဲသည်။ ပထမစမ်းသပ်မှုက ရဲစွမ်းသတ္တိကို စမ်းသပ်သည်။ မရေမတွက်နိုင်သော မိစ္ဆာများက ပထမစမ်းသပ်မှုမှာတင် ကျရှုံးသွားကြသည်။ လူအနည်းစုသာလျှင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ကြသည်။ အောင်မြင်သွားသော ပုဂ္ဂိုလ်များသည် မိစ္ဆာတစ်သန်းမှာတစ်ယောက်သာလျှင် ပေါ်ထွန်းနိုင်သော ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က အနာဂတ်မှာ ကြီးမြတ်သော ပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည်။
သို့သော်လည်း ကျရှုံးသွားကြသော မိစ္ဆာများက အရေအတွက်အလွန်များသည်။ ကောင်းကင်မိစ္ဆာသည် ထိုမိစ္ဆာများကို မသတ်ပစ်ပေ။ မည်သို့ဖြစ်ပါစေ သူတို့အားလုံးက မိစ္ဆာအနွယ်အဝင်များ ဖြစ်ကြသည်။ သူတို့က စမ်းသပ်မှု မဖြတ်ကျော်နိုင်လျှင်ပင် အသတ်ခံကြရမည် မဟုတ်ချေ။ ယင်းအစား သူတို့က တခြားနယ်မြေဆီသို့ တည်နေရာပြောင်းရွှေ့ခံရလိမ့်မည်။
လေထဲတွင် လွင့်မျောနေသော ကျွန်းစုနှစ်ခု ရှိသည်။ ကျွန်းစုနှစ်ခုကြားမှ အကွာအဝေးက အလွန်မကြီးမားပေ။ သို့သော်လည်း ကျွန်းစုနှစ်ခုကြားတွင် ရှေးဟောင်းတံတားတစ်စင်း ရှိသည်။ ရှေးဟောင်းတံတား၏ အစွန်းတစ်ဖက်စီတွင် သဏ္ဍာန်မဲ့သော အတားအဆီးအလွှာတစ်ခု ရှိသည်။ ယင်းက ကျွန်းစုနှစ်ခုကို သီးခြားဖြစ်စေသည်။ ရှေးဟောင်းတံတားက ကျွန်းစုနှစ်ခု၏ အလယ်မှာ တည်ရှိနေသော်လည်း သက်ရှိများသည် ရှေးဟောင်းတံတားကို မဖြတ်ကျော်နိုင်ကြချေ။ သဏ္ဍာန်မဲ့သော အတားအဆီးအလွှာက သူတို့ကို တားဆီးထားသည်။
ဤအခိုက်အတန့်မှာ ညာဘက်ကျွန်းစုပေါ်တွင် မိစ္ဆာအများအပြားသည် သူတို့၏ မူလခန္ဓာကိုယ်ဖြင့် စုဝေးနေကြသည်။ မှန်ပေသည်။ အသွင်သဏ္ဍာန်ပြောင်းလဲထားပြီးသော မိစ္ဆာများလည်း ရှိသည်။ သူတို့က အရေအတွက်တစ်သိန်းကျော်သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို အနီးကပ် သေချာကြည့်မည်ဆိုလျှင် သူတို့က မီးခိုးလှိုင်းကျွန်းစုမှတဆင့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သော မိစ္ဆာများဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။
ယခုအခြေအနေကို သုံးသပ်ကြည့်လျှင် သူတို့က စမ်းသပ်မှုကို မဖြတ်ကျော်နိုင်ခဲ့သော မိစ္ဆာများဖြစ်ကြဟန် ရသည်။ စမ်းသပ်မှုကျရှုံးသွားပြီးနောက် သူတို့က ဤကျွန်းစုပေါ်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။
“ ရှက်လိုက်တာ… ကြည့်ရတာ ကောင်းကင်မိစ္ဆာက ငါ့ရဲ့ တာအိုနှလုံးသားကို အသိအမှတ်မပြုတဲ့ပုံပဲ… ငါသေဆုံးသွားတာတောင် ဒုတိယစမ်းသပ်မှုက ဘာကိုစမ်းသပ်တာလဲ နားမလည်လိုက်ဘူး ”
ကျွန်းစု၏ အစွန်အဖျားတစ်နေရာတွင် ငွေရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသားက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည်။ ထို့နောက် သူက ဝိညာဉ်ဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာပေါ်မှ အားမလိုအားမရမှုက တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။ ယင်းကို ကြည့်လျှင် သူက အပူအပင်ကင်းမဲ့ပြီး လွတ်လပ်သူဖြစ်ကြောင်း မြင်နိုင်ပေသည်။
သူ့အရှေ့တွင် ယုအာက မတ်တတ်ရပ်နေသည်။ သွေးနဂါးဘုရင်၊ ရွှေတောင်ပံလင်းနို့ဘုရင်၊ လန်ဝူချင်းနှင့် တခြားလူများသည်လည်း ဤနေရာမှာ စုဝေးနေကြသည်။ ကြည့်ရသည်မှာ သူတို့အားလုံးက အမွေအနှစ်လျှောက်လမ်းပေါ်မှ ကန်ထုတ်ခံလိုက်ကြရဟန် ရ၏။
“ ဒါနဲ့ သီရှီထျန် ထွက်မလာသေးဘူး ”
သွေးနဂါးဘုရင်၏ မျက်လုံးက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ သူ၏ မျက်နှာပေါ်မှ ရက်စက်ကြမ်းကြုတ်သော အမူအရာက ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သူက ပြောသည်။
“ သူက အမွေအနှစ်လျှောက်လမ်းထဲ အရင်ဆုံး ဝင်သွားခဲ့တဲ့လူပဲ… ငါတို့အားလုံးက သူ့နောက်ကနေ လိုက်သွားခဲ့ကြတယ်… အခု ငါတို့ပြန်ထွက်လာကြပေမဲ့ သူက မရောက်သေးဘူး… ကြည့်ရတာ ဒုတိယစမ်းသပ်မှုကို သူဖြတ်ကျော်နိုင်သွားပြီ ထင်တယ်… အထင်ကြီးစရာပဲ… တကယ်အထင်ကြီးစရာပဲ… ငွေဆံရှည်… မင်းရဲ့ အကဲဖြတ်နိုင်စွမ်းက သာမန်မဟုတ်ဘူးဆိုတာ ငါလက်ခံသွားပြီ ”
ထိုသို့ပြောပြီးနောက် တည်ကြည်လေးနက်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါ ပြောဖို့ ခက်ခဲတယ်… မီးခိုးလှိုင်းကျွန်းစုပေါ်မှာ ငါရှိနေခဲ့တုန်းက ညီလေးသီကို ထွင်းဖောက်မမြင်နိုင်ဘူးလို့ ခံစားခဲ့ရတယ်… အခုကြည့်ရတာ ညီလေးသီက တကယ်သာမန်မဟုတ်ဘူးပဲ… ကောင်းကင်မိစ္ဆာရဲ့ စမ်းသပ်မှုတွေကို သူဖြတ်ကျော်နိုင်လောက်တယ် ”
ငွေဆံရှည်က မထူးမခြားနား ပြောသည်။ သို့သော်လည်း သူ့အကြည့်က အဝေးမှ ရှေးဟောင်းတံတားပေါ်သို့ ကျရောက်နေသည်။
ရှေးဟောင်းတံတားပေါ်တွင် ကျောက်ပြားတစ်ချပ်က ထောင်မတ်နေသည်။ ကျောက်ပြားပေါ်တွင် ရှေးဟောင်းစာလုံးများကို ရေးသားထားသည်။
ယင်ယန်ကောင်းကင်တံတား… ။
မှန်ပေ၏။ ထိုတံတားသည် ငွေဆံရှည် ယခင်ပြောခဲ့ဖူးသော သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည့် ရှေးဟောင်းတံတား ဖြစ်သည်။ ယခု ထိုတံတားသည် သက်ရှိအားလုံးနှင့် သီးခြားတည်ရှိနေသည်။ တံတားက ကျွန်းစုနှစ်ခုကို ခွဲခြားထားသည်။ မည်သည့်သက်ရှိမှ တံတားပေါ်သို့ ခြေမချနိုင်သေးပေ။
“ ယင်ယန်ကောင်းကင်တံတား… တံတားပေါ် ခြေချလိုက်တာနဲ့ အဆုံးမဲ့တဲ့ သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရလိမ့်မယ်… တံတားဖွင့်လှစ်တဲ့အခါ သတ်ဖြတ်ပွဲ စတင်လိမ့်မယ်… ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ဘယ်လောက်များတဲ့ လူသားကျင့်ကြံသူတွေက ဓားတောင်နဲ့ မီးပင်လယ်ကို ဖြတ်ကျော်ရင်း ထွက်သွားကြပြီလဲ ငါသိချင်မိတယ် ”
ငွေဆံရှည်သည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး ဆန့်ကျင်ဘက်မှ ကျွန်းစုကို ကြည့်လိုက်သည်။ ဆန့်ကျင်ဘက်မှ ကျွန်းစုသည် ဟာလာဟင်းလင်း ဖြစ်နေသည်။ မည်သည့်သက်ရှိကိုမှ မမြင်တွေ့ရပေ။
ကျွန်းစုနှစ်ခုတွင် ကျွန်းစုတစ်ခုက မိစ္ဆာများ စုဝေးရန်ဖြစ်ပြီး အခြားကျွန်းစုတစ်ခုက လူသားမသေမျိုးကျင့်ကြံသူများ စုဝေးရန် ဖြစ်သည်။ ရှေးဟောင်းတံတားပေါ်မှ သဏ္ဍာန်မဲ့အတားအဆီး ပျောက်ဆုံးသွားသည့်အခါ လူသားမသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာများသည် တံတားပေါ်သို့ တစ်ပြိုင်နက် ခြေချကြလိမ့်မည်။ ထို့နောက် သတ်ဖြတ်ပွဲက စတင်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ရှေးဟောင်းတံတားသာမက ကောင်းကင်သည်ပင် သွေးရောင်စွန်းထင်သွားလိမ့်မည်။
… … …
“ သေမင်းနတ်ဘုရားအကြည့် ”
ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ ကောင်းကင်ယံတွင် မရဏကျီးကန်းတစ်အုပ်စုက ကောင်းကင်နှင့် မြေကြီးကို အပြည့်ဖုံးလွှမ်းထားကြသည်။ ကျီးကန်းတစ်ကောင်စီက အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူတို့၏ မျက်လုံးများက ခါတိုင်းကဲ့သို့ မထူးမခြားနား အေးစက်နေသည်။ ဤသည်မှာ သူတို့က အလောင်းများကို ကြည့်နေသည့်အလားပင်။ ယင်းက သူတို့၏ မွေးရာပါသဘာဝစွမ်းရည် ‘ သေမင်းနတ်ဘုရားအကြည့် ’ ဖြစ်သည်။
မရဏကျီးကန်းတစ်ကောင်သည် အရွယ်ရောက်သွားလျှင် သေမင်းနတ်ဘုရားအကြည့်ကို အသုံးပြုနိုင်သွားလိမ့်မည်။ သို့သော်လည်း ယင်းကို စိတ်တိုင်းကျ အသုံးမပြုနိုင်ပေ။ အကြိမ်ရေအကန့်အသတ်ရှိသည်။ တစ်နေ့လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ မရဏကျီးကန်းဘုရင်သာလျှင် ယင်းကို စိတ်တိုင်းကျ အသုံးပြုနိုင်သည်။ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ရောက်လာပြီးလျှင် မရဏကျီးကန်းဘုရင်သည် တုံ့ဆိုင်းမနေဘဲ မသေမျိုးကျင့်ကြံသူရာပေါင်းများစွာကို စိုက်ကြည့်လိုက်သည်။ သူက နားဝင်စူးရှသော အော်သံကို ထုတ်လွှတ်လိုက်သည်။ သဏ္ဍာန်မဲ့သော သေခြင်းစွမ်းအားက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ထိုကျင့်ကြံသူသည် သေမင်းနတ်ဘုရားအကြည့်ကို လုံးဝ မခုခံနိုင်ပေ။ သူ၏ ဦးခေါင်းက ပြင်းထန်စွာ နာကျင်လာပြီး သူ၏ အသိစိတ်က စတင်ဝေဝါးသွားသည်။ သေမင်းနတ်ဘုရားအကြည့်အောက်မှာ သူ၏ ဝိညာဉ်က ပြိုကွဲပျက်စီးသွားသည်။ သူ၏ ခန္ဓာကိုယ်က ရေခဲတုံးပမာ အေးစက်လာသည်။ ထို့နောက် မည်သည့်အသက်ငွေ့မှမကျန်ဘဲ သူက မြေကြီးပေါ်သို့ လဲကျသွားသည်။
“ အား… အား… ”
“ အား ခေါင်းကိုက်တယ် ”
“ ဂိုဏ်းတူဦးလေး… ကျုပ်တို့ကို ကယ်ပါ… အဲ့ဒါ မရဏကျီးကန်းရဲ့ သေမင်းနတ်ဘုရားအကြည့်… မရဏကျီးကန်းတွေက အများကြီးပဲ… ကျုပ်တို့တော့ သွားပြီ ”
ထိုအခိုက်အတန့်မှာ မသေမျိုးကျင့်ကြံသူများသည် သူတို့၏ ဦးခေါင်းကို ကိုင်၍ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ကျင့်ကြံသူအများအပြားက မျက်လုံးမှိတ်သွားကြပြီး မြေကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားကြသည်။
မရဏကျီးကန်းတစ်ကောင်က ကြောက်စရာမကောင်းပေ။ သို့သော်လည်း အရေအတွက်ထောင်သောင်းချီသော မရဏကျီးကန်းများက အလွန်ကြောက်စရာကောင်းသည်။ ယင်းက ကပ်ဘေးဆိုး ဖြစ်သည်။ အကယ်၍ မရဏကျီးကန်းတစ်သောင်းက သေမင်းနတ်ဘုရားအကြည့်ကို တစ်ပြိုင်နက် အသုံးပြုလိုက်မည်ဆိုလျှင် ကပ်ဘေးဒုက္ခနယ်ပယ်မှ ပညာရှင်သည်ပင် အဝေးသို့ ထွက်ပြေးရလိမ့်မည်။ တစ်ခုသိထားရမည်မှာ သေမင်းနတ်ဘုရားအကြည့်သည် တစ်ခုပေါ်တစ်ခု ထပ်ဆင့်တိုးသွားနိုင်သည်။ သို့ဖြစ်၍ မရဏကျီးကန်းတစ်သောင်း၏ သေမင်းနတ်ဘုရားအကြည့်က မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“ ဟွန့်… မရဏကျီးကန်းတွေ ဘယ်လောက်ပဲ သန်မာပါစေ ငါ့ရဲ့ မိစ္ဆာနှိမ်နင်းစေတီအရှေ့မှာ ခွန်အားပြဖို့ မစဉ်းစားကြနဲ့… ရွှေရောင်နတ်ဘုရားအလင်း သူတို့ကို ကာကွယ်ပေးမယ် ”
အရေအတွက်ရာထောင်ချီသော မရဏကျီးကန်းများကို မြင်သွားသောအခါ ယန်ရွှမ်း၏ မျက်နှာက ရုပ်ဆိုးအကျည်းတန်သွားသည်။ အရိုးသားဆုံး ဝန်ခံရလျှင် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ သူရောက်မလာခင် တောင်ပိုင်းမြေရိုင်းဒေသကို လုံးဝ အလေးအနက်မထားခဲ့ပေ။ သို့သော်လည်း တောင်ပိုင်းမြေရိုင်းဒေသထဲသို့ သူဝင်ရောက်ပြီးနောက် မမျှော်လင့်ထားသော အဖြစ်အပျက်များက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်လာသည်။ အကယ်၍ သူ့မှာသာ မိစ္ဆာနှိမ်နင်းစေတီ ရှိမနေလျှင် သူက အစောကြီးကတည်းက ဤနေရာမှ ထွက်ပြေးသွားလောက်ပြီ။
သူက အော်ပြောလိုက်သည်။ သူ၏ လက်ထဲမှ စေတီက တုန်ယင်သွားသည်။ ရွှေရောင်အလင်းက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ ရွှေရောင်အလင်းက သူ့အနောက်မှ တပည့်အားလုံးကို ဖုံးအုပ်သွားသည်။
ရွှေရောင်အလင်း၏ အပြင်ဘက်တွင် လှိုင်းဂယက်တချို့က အဆက်မပြတ် ထွက်ပေါ်နေသည်။ ယင်းက သေမင်းနတ်ဘုရားအကြည့်၏ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းစွမ်းအား ဖြစ်သည်။
အစတွင် သေခြင်းစွမ်းအားက သဏ္ဍာန်မဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှေရောင်အလင်း၏ တွန်းလှန်မှုကြောင့် သေခြင်းစွမ်းအားက အပြင်လောကမှာ မြင်သာလာသည်။
မိစ္ဆာနှိမ်နင်းစေတီ၏ စွမ်းအားက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ယင်းက သာမန်ဓမ္မရတနာတစ်ခု မဟုတ်ပေ။ ယင်းက စိတ်ဝိညာဉ်အဆင့် ရတနာဖြစ်သည်။ ယင်း၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။
“ ဒီနေ့… မင်းတို့မိစ္ဆာအားလုံးကို ငါဖမ်းဆီးမယ် ”
မိစ္ဆာနှိမ်နင်းစေတီဆီမှာ အဆုံးမဲ့သော စွမ်းအားရှိကြောင်း ယန်ရွှမ်း မြင်သောအခါ သူက ယုံကြည်မှုပြန်ရသွားသည်။ မောက်မာထောင်လွှားမှုက သူ၏ မျက်နှာပေါ်မှာ တဖန် ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှာ ခြိမ်းခြောက်မှုအလင်းရောင် ရှိသည်။ ဘေးဘီကို သူကြည့်လိုက်သည့်အခါ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာအားလုံးနှင့် ဝိညာဉ်သားရဲအားလုံးက ဤနေရာဆီသို့ ပြေးလာနေကြကြောင်း မြင်တွေ့သွားသည်။
“ မိစ္ဆာနှိမ်နင်းစေတီ… ကျေးဇူးပြုပြီးတော့ မိစ္ဆာတွေကို နှိမ်နင်းပစ်ပေးပါ ”
ယန်ရွှမ်း၏ မျက်နှာက တည်ကြည်သွားသည်။ သူက တိုးညင်းစွာ အော်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်သင်္ကေတများကို ထုတ်ဖော်လိုက်သည်။