← Chapters

အခန်း ၃၇၃

Vol. 25 Ch. 373

အခန်း ၃၇၃

Vol. 25 Ch. 373

အခန်း(၃၇၃)

“ ဝီး ”

စေတီက လေထဲသို့ မြှောက်တတ်သွားသည်။ စေတီသည် သူ၏ ဦးခေါင်းထက်မှာ ရပ်တန့်သွားပြီး လှည့်ပတ်သွားသည်။ စေတီ၏ အောက်ခြေတွင် အနက်ရောင်တွင်းပေါက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ တွင်းပေါက်က ဝဲကတော့အဖြစ် ပြောင်းလဲသွားသည်။

အဆုံးမဲ့သော ဝါးမျိုခြင်းစွမ်းအားက စေတီထံမှ အရူးအမူး ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဝါးမျိုခြင်းစွမ်းအားက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ သက်ရှိများသည် သဏ္ဍာန်မဲ့သော ချုပ်နှောင်မှုက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာကြောင်း ခံစားမိသွားကြသည်။ နောက်အခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်က စေတီနားသို့ အတင်းအဓမ္မ ဆွဲခေါ်ခံသွားရသည်။ သူတို့က ကူကယ်ရာမဲ့သွားကြသည်။

ထူးဆန်းသည်မှာ စေတီထံမှ ထုတ်လွှတ်နေသော ဝါးမျိုခြင်းစွမ်းအားသည် ယန်ရွှမ်းနှင့် တခြားလူသားကျင့်ကြံသူများအပေါ်မှာ လုံးဝ သက်ရောက်မှုမရှိပေ။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာများပေါ်မှာသာ သက်ရောက်မှုရှိသည်။

“ အူး… ”

မိစ္ဆာသားရဲနယ်ပယ်မှ မိစ္ဆာသားရဲများသည် ယင်းကို ယာယီခုခံတားဆီးနိုင်ကြသည်။ သို့သော်လည်း မိစ္ဆာသားရဲနယ်ပယ်သို့ မရောက်ရှိသေးသော ဝိညာဉ်သားရဲများသည် သူတို့၏ ခန္ဓာကိုယ်ကို လုံးဝ မထိန်းချုပ်နိုင်ကြချေ။ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားကြောင့် သူတို့က လေထဲသို့ စုပ်ယူခံလိုက်ကြရသည်။ သူတို့က စေတီဆီသို့ ပျံသန်းသွားကြသည်။ စေတီနား ချဉ်းကပ်သွားလေ သူတို့၏ ခန္ဓာကိုယ်က ပိုပြီးသေးငယ်သွားလေ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က ဝဲကတော့မှတဆင့် စေတီထဲသို့ စုပ်ယူခံလိုက်ကြရသည်။

အော်ဟစ်ညည်းတွားသံများက လေထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ကျီး ”

ယင်းကို ချန်းရှီမြင်သောအခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူလှုပ်ရှားတော့မည့်အချိန် လင်းတအော်သံက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူခေါင်းမော့ကြည့်လိုက်သည့်အခါ ဧရာမလင်းတတစ်ကောင်က ကောင်းကင်ပေါ်မှာ ပျံဝဲနေကြောင်း မြင်သွားသည်။

“ အရှင်မချန်းရှီ… ကျုပ်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက လင်းတဘုရင်ပါ… အရှင်မင်းကြီးက သူမထွက်သွားခင် တောင်ပိုင်းမြေရိုင်းဒေသဆီ လူသားကျင့်ကြံသူတွေ လာရောက်တိုက်ခိုက်လိမ့်မယ်လို့ ကြိုခန့်မှန်းခဲ့ပါတယ်… ဒါကြောင့် အရှင်မင်းကြီးက ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်… ကျေးဇူးပြုပြီးတော့ တခြားမိစ္ဆာသားရဲတွေကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ဦးဆောင်လမ်းပြပေးပါ ”

“ အရှင်မင်းကြီးက ချိုင့်ဝှမ်းထဲမှာ သူတို့ကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခု ချန်ထားခဲ့ပါတယ်… အရှင်မ၊ မိစ္ဆာညီအကိုတို့… ကျုပ်နောက်ကနေ အမြန်လိုက်ခဲ့ကြပါ ”

ယင်းခုန်းသည် လေထဲမှ မိစ္ဆာနှိမ်နင်းစေတီကို ကြည့်လိုက်သည်။ ရံဖန်ရံခါ မိစ္ဆာသားရဲများသည် စေတီထံမှ စုပ်ယူအားကို မတောင့်ခံနိုင်သောကြောင့် စေတီထဲသို့ စုပ်ယူခံလိုက်ကြရသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ စုပ်ယူအားက ပိုပိုပြီး သန်စွမ်းလာသည်။

ကြမ်းတမ်းသော လေပြင်းက မြေကြီးပေါ်မှာ တိုက်ခတ်သွားသည်။

ယန်ရွှမ်းသည်တော့ စေတီအောက်မှာ ရှိနေသည်။ သူက စိတ်အာရုံတစ်ခုလုံးကို စေတီပေါ်မှာ ထည့်သွင်းထားသည်။ သူ၏ မျက်နှာက တည်ကြည်လေးနက်နေသည်။ စေတီထံမှ အံ့ဖွယ်စွမ်းအားကို ထုတ်လွှတ်ရန် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုထားရသည်။ သို့သော်လည်း ယင်းက သူ၏ စွမ်းအားများကို ကန့်သတ်ချုပ်နှောင်ထားသည်။ ယင်းကို သူဘာမှမတတ်နိုင်ပေ။ ကြည့်ရသည်မှာ မိစ္ဆာနှိမ်နင်းစေတီ၏ အစစ်အမှန်စွမ်းအားက ထိုထက် အများကြီး ပိုဟန် ရ၏။ ယခု သူက စေတီ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ ထုတ်လွှတ်နိုင်ပေသည်။

ဝိညာဉ်သားရဲများက စေတီထဲသို့ အဆက်မပြတ် စုပ်ယူခံနေရသော်လည်း သူတို့က ရုန်းကန်လှုပ်ရှားနိုင်ကြဆဲပင်။ စေတီ၏ စွမ်းအားက သူတို့အပေါ် အပြည့်အဝ မချုပ်ခြယ်နိုင်ပေ။

ဝိညာဉ်သားရဲများသာလျှင် စေတီထဲသို့ စုပ်ယူခံနေကြရသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စေတီ၏ စုပ်ယူအားက ပိုပိုပြီး သန်စွမ်းလာသည်။ ယခုအချိန်မှာ မိစ္ဆာသားရဲများသည်ပင် ယင်းကို ခုခံတားဆီးရန် အခက်တွေ့လာကြသည်။ စေတီသည် ရွှေရောင်ထွန်းလင်းနေသည်။ သာမန်တိုက်ခိုက်မှုများက စေတီ၏ နတ်ဘုရားအလင်းကို ချိုးဖြတ်နိုင်လိမ့်မည်မဟုတ်ချေ။ အကယ်၍ ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် ဘေးပတ်ဝန်းကျင်မှ မိစ္ဆာအားလုံးက စေတီထဲသို့ အနှေးနှင့်အမြန် စုပ်ယူခံကြရလိမ့်မည်။ ထို့ကြောင့် ယင်းခုန်းသည် ချိုင့်ဝှမ်းအနားသို့ မချဉ်းကပ်ဝံ့ဘဲ အဝေးမှ အော်ပြောလိုက်သည်။

“ ဘာ… အကိုသီက အဲ့ဒီကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခု စီစဉ်ခဲ့တယ်လား… ဒါပေမဲ့ စေတီထဲ စုပ်ယူခံလိုက်ရတဲ့ ညီအကိုတွေကို ဘယ်လိုလုပ်မလဲ ”

အနက်ရောင်မျောက်ဝံဘုရင်သည် ချိုင့်ဝှမ်းထဲတွင် ကောင်းကင်ဘုံထောင့်တိုင်တစ်ခုပမာ မတ်တတ်ရပ်နေသည်။ သူက အလွန်သန်စွမ်းသော ရုပ်ခွန်အားကို အသုံးပြု၍ စေတီ၏ စုပ်ယူအားကို တောင့်ခံနေသည်။ သူ၏ ခြေထောက်များက မြေကြီးထဲမှာ နက်ရှိုင်းစွာ နစ်ဝင်နေသည်။ တစ်ချိန်တည်းမှာ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်၍ စေတီ၏ စုပ်ယူခံနေရပြီး လေထဲသို့ မြှောက်တတ်သွားနေသော မိစ္ဆာများကို လှမ်းဖမ်းလိုက်သည်။

သီရှီထျန်က နည်းလမ်းတစ်ခု ပြင်ဆင်ထားခဲ့ကြောင်း သူကြားသောအခါ မျက်လုံးဝင်းလက်သွားသည်။ သို့သော်လည်း လေထဲမှ စေတီကို သူစိုက်ကြည့်လိုက်သည့်အခါ သူ့မျက်နှာက သုန်မှုန်သွားသည်။

ဤအခိုက်အတန့်မှာ စေတီသည် မိစ္ဆာတစ်ရာခန့်ကို စုပ်ယူဝါးမျိုပြီးသွားပြီ ဖြစ်၏။ သူတို့ထဲမှ တချို့က မိစ္ဆာသားရဲများ ဖြစ်ကြသည်။ စေတီထဲသို့ စုပ်ယူခံရပြီးလျှင် သူတို့၏ အဆုံးသတ်က မည်သို့မှ ကောင်းမွန်လိမ့်မည် မဟုတ်ချေ။

“ ဟုတ်တယ်… စေတီက အရမ်းသန်မာတယ်… ငါတို့ရဲ့ တိုက်ခိုက်မှုတွေက စေတီကို ထိခိုက်ပျက်စီးအောင် မလုပ်နိုင်ဘူး ”

ရွှေခြင်္သေ့ဘုရင်သည် သူ၏ ဘယ်ဘက်ဦးခေါင်းနှင့် ညာဘက်ဦးခေါင်းကို လှုပ်ယမ်းလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဂုဏ်သိက္ခာကြီးမြတ်သော အလင်း ပေါ်လျှိုးလာသည်။

အမြဲတမ်း မျက်လုံးမှိတ်နေသော သူ၏ ဘယ်ဘက်ဦးခေါင်းနှင့် ညာဘက်ဦးခေါင်းသည်ပင် နိုးထလာတော့မည့် လက္ခဏာများ ဖော်ပြလာသည်။ ဦးခေါင်းနှစ်လုံးထံမှ မျက်တောင်များက အနည်းငယ် လှုပ်သွားသည်။

“ အမရှီ… ငါတို့ ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး… သီရှီထျန်ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ အရင်သွားပြီးမှပဲ ဘာဆက်လုပ်မလဲ ဆုံးဖြတ်ကြတာ ပိုကောင်းလိမ့်မယ်… ငါတို့က တောင့်ခံနိုင်ရင်တောင် တခြားမိစ္ဆာသားရဲတွေက စေတီထဲ စုပ်ယူခံရလိမ့်မယ် ”

သရဖူနီကြိုးကြာဘုရင်သည် ကောင်းကင်ပေါ်မှာ ပျံသန်းနေရင်း ပြောသည်။ သူက အတောင်ပံများကို ဖြန့်ထုတ်လိုက်လေရာ အဖြူရောင်ငှက်မွှေးများက အဆုံးမဲ့သော ဓားမိုးသဖွယ် စေတီထံသို့ ကျဆင်းသွားသည်။

သို့သော်လည်း မိစ္ဆာနှိမ်နင်းစေတီသည် သားရဲတစ်သောင်းဂိုဏ်း၏ တန်ဖိုးအကြီးမားဆုံး ရတနာ ဖြစ်သည်။ ယင်း၏ စွမ်းအားက အကန့်အသတ်မဲ့သည်။ ရွှေရောင်အလင်းက အနည်းငယ် တုန်ခါသွားသော်လည်း ပျက်စီးသွားမည့် အရိပ်အယောင်ကို မပြချေ။

စေတီသည် အလွန်သန်စွမ်းသည်။

ယင်းက စိတ်ဝိညာဉ်အဆင့် ရတနာတစ်ခုဖြစ်လေရာ မည်သို့ကြောင့် အစွမ်းမထက်ဘဲနေမည်နည်း။ အကယ်၍ ယင်း၏ အစစ်အမှန်စွမ်းအားကိုသာ ထုတ်လွှတ်နိုင်မည်ဆိုလျှင် မိုးမြေတစ်ခုလုံး ဖရိုဖရဲဖြစ်သွားလိမ့်မည်။ ယင်းက တစ္ဆေများနှင့် နတ်ဘုရားများကို ငိုကြွေးသွားစေရန် စွမ်းဆောင်နိုင်သည်။

မိစ္ဆာနှိမ်နင်းစေတီ ထွက်ပေါ်လာသည်နှင့်ချက်ချင်း အခြေအနေက ပြောင်းပြန်လှန်သွားသည်။ မိစ္ဆာနှိမ်နင်းစေတီ၏ အံ့ဖွယ်စွမ်းအားအောက်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာများက ကပ်ဘေးအခြေအနေသို့ ကျရောက်သွားသည်။ သို့သော်လည်း လင်းတ၏ ရုတ်တရက် ရောက်ရှိလာမှုက သူတို့အား မျှော်လင့်ချက်တစ်ခုကို ပေးသည်။

သို့သော်လည်း လက်ရှိအချိန်တွင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာအားလုံးကို အမိန့်ပေးနိုင်သူက ချန်းရှီသာ ဖြစ်သည်။ အကယ်၍ ချန်းရှီမထွက်သွားလျှင် သူတို့သည်လည်း ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ ဤနေရာမှာ သူတို့ဆက်နေမည်လော သို့မဟုတ် ထွက်သွားမည်လောက ချန်းရှီ၏ အဆုံးအဖြတ်ပေါ်မှာ မူတည်နေသည်။

စိတ်ရှုပ်ထွေးသော အကြည့်က ချန်းရှီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ရွှေစေတီကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ပါးစပ်ဖွင့်လိုက်သည်။

“ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ သွားရအောင် ”

စကားဆုံးသွားသည်နှင့်ချက်ချင်း ချန်းရှီ၏ လက်နှစ်ဖက်က အမြန်လှုပ်ရှားသွားသည်။ သူက လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ပန်းပွင့်ပင်လယ်ကို မိစ္ဆာနှိမ်နင်းစေတီဆီသို့ ပို့လွှတ်လိုက်သည်။ ပန်းပွင့်ပင်လယ်သည် ဒီရေသဖွယ် ရွေ့လျားသွားပြီး မိစ္ဆာနှိမ်နင်းစေတီကို ဝင်ဆောင့်သွားသည်။

ဤတစ်ကြိမ်တွင် မရေမတွက်နိုင်သော ပန်းပွင့်များက သူတို့ဘာသာ ပေါက်ကွဲသွားသည်။ ပန်းတစ်ပွင့် ပေါက်ကွဲသွားသည့်အခါတိုင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ယင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။ ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော ပန်းပွင့်များ၏ ပေါက်ကွဲမှုစွမ်းအားက မိစ္ဆာနှိမ်နင်းစေတီ၏ ဝါးမျိုစုပ်ယူမှုကို ခုခံတားဆီးလိုက်သည်။

နောက်အခိုက်အတန့်မှာ ချိုင့်ဝှမ်းထဲမှ မိစ္ဆာအားလုံးသည် ပုံမှန်အတိုင်း ပြန်ရွေ့လျားနိုင်သွားကြသည်။

သို့သော်လည်း ထိုခုခံကာကွယ်မှုက ယာယီသာဖြစ်၏။

ချန်းရှီက မျက်နှာတည်ကြည်သွားသည်။ သူက ကောင်းကင်ပေါ်မှ ယင်းခုန်းကို ကြည့်လိုက်ပြီး ပြောသည်။

“ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ အမြန်ဆုံး ရောက်နိုင်မယ့် လမ်းကြောင်းကို အရှေ့ကနေ နင်လမ်းပြပေးပါ ”

“ အရှင်မ… မိစ္ဆာညီအကိုတွေ… ကျေးဇူးပြုပြီး ကျုပ်နောက်ကနေ လိုက်ခဲ့ကြပါ… ဘာမှမစိုးရိမ်ပါနဲ့… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ရောက်ရင် သူတို့တွေ ကျုပ်တို့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး ”

ချန်းရှီ သဘောတူလိုက်ကြောင်း မြင်သောအခါ ယင်းခုန်းက သူ၏ အတောင်ပံကို တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် အရှေ့တည့်တည့်သို့ ပျံသန်းသွားသည်။ အရှေ့သို့ သူပျံသန်းသွားနေစဉ် ရွှေရောင်အလင်းစီးကြောင်းတစ်ခုက လေထဲမှာ ကျန်နေခဲ့သည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အမြန်သွားသည်။

“ သွားကြစို့ ”

ဤအခိုက်အတန့်မှာ မည်သည့်မိစ္ဆာမှ တုံ့ဆိုင်းမနေကြပေ။ သူတို့အားလုံးက မိစ္ဆာလေကို စီးနင်း၍ ယင်းခုန်းနောက်သို့ အမြန်လိုက်သွားကြသည်။ ချန်းရှီသည်တော့ အနောက်မှာ ကျန်နေခဲ့သည်။ သူက ယန်ရွှမ်းနှင့် တခြားမသေမျိုးကျင့်ကြံသူများကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

“ မင်းတို့က ထွက်ပြေးချင်တာလား ”

ယန်ရွှမ်း၏ မျက်နှာက မောက်မာထောင်လွှားနေသည်။ သူက လေထဲသို့ ပျံတတ်သွားကြသော မိစ္ဆာများကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။ သူက အေးစက်စက် ပြောသည်။

“ တောင်ပိုင်းမြေရိုင်းဒေသရဲ့ အပြင်ဘက်မှာ သားရဲတစ်သောင်းဂိုဏ်းက တပည့်တွေ စောင့်ကြပ်နေကြတယ်… မင်းတို့တွေ ဘယ်ကို ထွက်ပြေးမလဲ ငါကြည့်မယ်… မင်းတို့ ဘယ်လိုပဲ ကြိုးစားပါစေ မိစ္ဆာနှိမ်နင်းစေတီရဲ့ စုပ်ယူဝါးမျိုမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… ငြိမ်ငြိမ်လေးနေပြီး မိစ္ဆာနှိမ်နင်းစေတီထဲ ဝင်သွားစမ်းပါ… ဒါဆိုရင် ဘာနာကျင်မှုမှ ခံစားရတော့မှာ မဟုတ်ဘူး ”

သူက ထိုမိစ္ဆာများကို အနောက်မှ လိုက်ဖမ်းချင်သည်။ သို့သော်လည်း မရေမတွက်နိုင်သော ပန်းပွင့်များ၏ ပေါက်ကွဲမှုက အလွန်အားကောင်းသည်။ ယင်းထံမှ အဖျက်စွမ်းအားက မိစ္ဆာနှိမ်နင်းစေတီကို ယာယီဟန့်တားလိုက်သည်။ သူက အချိန်တိုလေးအတွင်းမှာ ရုန်းထွက်နိုင်လိမ့်မည်မဟုတ်ချေ။

အကယ်၍ သူက မိစ္ဆာနှိမ်နင်းစေတီကို ပြန်ရုပ်သိမ်းလိုက်မည်ဆိုလျှင် ပန်းပွင့်များ၏ ပေါက်ကွဲမှုက သူ့အပေါ်သို့ တိုက်ရိုက် ကျဆင်းလာလိမ့်မည်။ ထိုအခါ သူက အသက်မဆုံးရှုံးသွားလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။

“ … ”

ချန်းရှီသည် သူ့ကို မထူးမခြားနား စိုက်ကြည့်နေသည်။ ချိုင့်ဝှမ်းထဲမှ မိစ္ဆာအားလုံး ထွက်သွားပြီဖြစ်ကြောင်း မြင်လိုက်သောအခါ သူသည်လည်း ထွက်သွားသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ လေကြမ်းက အောက်ဘက်မှ ပင့်မြှောက်လာပြီး ချိုင့်ဝှမ်းထဲမှ ညှိုးခြောက်နေသော ပန်းပွင့်အားလုံးကို သယ်ဆောင်သွားသည်။

ကောင်းကင်ယံတွင် ထိုပန်းပွင့်အားလုံးက လျှောက်လမ်းတစ်ခုအဖြစ် စုဝေးသွားသည်။ ချန်းရှီသည် ထိုပန်းခင်းလမ်းပေါ်မှာ လမ်းလျှောက်နေရင်း ယင်းခုန်းနှင့် တခြားမိစ္ဆာများနောက်သို့ လိုက်သွားသည်။

“ မိစ္ဆာနှိမ်နင်းစေတီ… မိစ္ဆာနှိမ်နင်း နတ်ဘုရားအလင်း… ”

ယန်ရွှမ်းသည် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး နောက်ထပ် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ်သင်္ကေတက စေတီထဲသို့ ဝင်ရောက်သွားသည့်အခါ စေတီက အပြင်းအထန် တုန်ယင်သွားသည်။ စေတီထိပ်ဖူးပေါ်မှ အဌဂံအဝါရောင်သလင်းကျောက်သည် အချင်းမီတာတစ်ရာအထိ ပျံ့နှံ့သွားမည့် ရွှေရောင်နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်နတ်ဘုရားအလင်း၏ ရိုက်ခတ်မှုကြောင့် မရေမတွက်နိုင်သော ပန်းပွင့်များက လေထဲမှာ လွင့်ပြယ်သွားကြသည်။ ပန်းပွင့်များ၏ ပေါက်ကွဲမှုသည်ပင် ချက်ချင်း ရပ်တန့်သွားသည်။

All Chapters