အခန်း ၃၇၄
Vol. 25 Ch. 374
အခန်း(၃၇၄)
“ အနောက်ကနေ လိုက်ကြ ”
ယန်ရွှမ်းသည် သူ့အနောက်မှ တပည့်များကို အော်ပြောလိုက်သည်။ သူက အရှေ့မှ ဦးဆောင်၍ ယင်းခုန်နှင့် တခြားမိစ္ဆာများကို လိုက်ဖမ်းသည်။
ချက်ချင်းဆိုသလိုပင် တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာသည်။
ချန်းရှီနှင့် တခြားမိစ္ဆာများက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အမြန်ဦးတည်သွားနေကြစဉ် ယန်ရွှမ်းနှင့် သားရဲတစ်သောင်းဂိုဏ်းမှ တပည့်များက သူတို့အနောက်သို့ အလျှင်အမြန် လိုက်ဖမ်းနေကြသည်။
အချိန်တစ်ခဏကြာပြီးနောက် ယင်းခုန်း ဦးဆောင်လာသော မိစ္ဆာအုပ်စုသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
ချိုင့်ဝှမ်းထဲတွင် မိစ္ဆာထောင်သောင်းချီက အတူတကွ စုဝေးနေကြသည်။ ချီဟောင်က သူတို့အရှေ့မှာ ရပ်နေသည်။ သူက ချိုင့်ဝှမ်းအပြင်ဘက်မှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အဝေးမှ အနက်ရောင်မိုးတိမ်တစ်ခုက အမြန်ချဉ်းကပ်လာနေကြောင်း သူမြင်သောအခါ မျက်လုံးဝင်းလက်သွားသည်။
“ ညီအကိုတို့… ယင်းခုန်း ပြန်လာပြီ… အရှင်မချန်းရှီနဲ့ မိစ္ဆာညီအကိုတွေအများကြီး အနောက်မှာ လိုက်ပါလာကြတယ်… အားလုံးပဲ အသင့်ပြင်ထားကြပါ… ယင်းခုန်းရောက်လာတာနဲ့ အရှင်မင်းကြီး ငါတို့ကို သင်ထားပေးတဲ့အတိုင်း အစီအရင်ဝင်္ကပါကို ချက်ချင်း ဖွင့်လှစ်မယ် ”
“ အရှင်မင်းကြီးပြောတဲ့အတိုင်းဆို ဒီအစီအရင်ဝင်္ကပါက အရမ်းအစွမ်းထက်တယ်… အရှင်မင်းကြီးမရှိရင်တောင်… အရှင်မချန်းရှီရဲ့ အကူအညီမပါရင်တောင် အစီအရင်ဝင်္ကပါရဲ့ စွမ်းအားက အနှိုင်းမဲ့တယ်… လူသားမသေမျိုးကျင့်ကြံသူတွေက အစီအရင်ဝင်္ကပါကို အလွယ်တကူ ချိုးဖြတ်နိုင်ကြမှာ မဟုတ်ဘူး ”
ချီဟောင်သည် မယိမ်းယိုင်သော အရှိန်အဝါဖြင့် မြဲမြံစွာ ရပ်နေသည်။ သူက ယုံကြည်မှုအပြည့်ရှိစွာ ပြောသည်။ အရှင်မင်းကြီးပြောသော စကားတိုင်းကို အကြွင်းမဲ့ သူယုံကြည်သည်။
“ ကျီး ”
ကောင်းကင်ယံတွင် ယင်းခုန်းက ကျယ်လောင်စွာ အော်မြည်လိုက်သည်။ မကြာမီ ယင်းခုန်း၏ ဧရာမပုံရိပ်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အပေါ်မှာ ထွက်ပေါ်လာသည်။ သူက ချီဟောင်၏ အရှေ့သို့ အမြန်ဆင်းသက်သွားသည်။
“ ခေါင်းဆောင်… အရှင်မချန်းရှီနဲ့ မိစ္ဆာညီအကိုတွေကို ကျုပ်ခေါ်ဆောင်လာပါပြီ… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတစ်ဝက်ခန့်က ကျုပ်နောက်ကို လိုက်လာကြပါတယ်… သူတို့တွေ ချိုင့်ဝှမ်းထဲ ဝင်ရောက်သွားတာနဲ့ အစီအရင်ဝင်္ကပါကို ကျုပ်တို့တွေ စတင်အသက်သွင်းနိုင်ပါပြီ… မသေမျိုးကျင့်ကြံသူအုပ်စုက ကျုပ်တို့အနောက်ကနေ လိုက်လာနေပါတယ် ”
ယင်းခုန်းက အလျင်စလို ပြောသည်။
“ ဟား ဟား ဟား… ဒီတော့ ဒီနေရာက အကိုသီရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို… တကယ်ကောင်းမွန်တာပဲ… ဒီနေရာက ရှားပါးနေရာတစ်ခုပဲ ”
အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာများသည် ယင်းခုန်းနောက်မှ နီးကပ်စွာ လိုက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က ချိုင့်ဝှမ်းထဲသို့ ဆင်းသက်သွားကြသည်။ ကင်းကောင်သည် ဘေးဘီကို ကြည့်ပြီးလျှင် အော်ရယ်လိုက်သည်။
“ ဒီနေရာက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းနဲ့တောင် နှိုင်းယှဉ်နိုင်တယ် ”
သရဖူနီကြိုးကြာဘုရင်သည် သီရှီထျန်၏ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသွားသည်။ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် သူက ကောင်းမွန်သော မှတ်ချက်ကို ပေးလိုက်သည်။ ယင်းက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းနှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်သည်။ တစ်ခုသိထားရမည်မှာ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းသည် တောင်ပိုင်းမြေရိုင်းဒေသ၏ အဓိကအချက်အချာနေရာ ဖြစ်သည်။
သူတို့စကားပြောနေကြစဉ် ချန်းရှီသည် နောက်ဆုံးမှ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာသည်။ သူက ချိုင့်ဝှမ်းထဲမှ အလှအပရှုခင်းများကို ကြည့်ရန် စိတ်မဝင်စားပေ။ သူက ချီဟောင်တို့အုပ်စုကို ကြည့်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။
“ နင်တို့ရဲ့ အရှင်မင်းကြီးက ပြင်ပရန်သူတွေကို ခုခံတားဆီးဖို့ နည်းလမ်းတစ်ခု ချန်ထားခဲ့တယ်ဟုတ်လား… အဲ့ဒါက ဘာလဲ ”
ချန်းရှီက စူးစမ်းလိုစွာ ပြောသည်။ ပြင်ပရန်သူများကို ခုခံတားဆီးရန် သီရှီထျန်က မည်သို့နည်းလမ်းကို ချန်ထားခဲ့ကြောင်း သူမြင်ချင်သည်။ ထို့ပြင် သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ မထွက်သွားမီ အားလုံးကို ကြိုပြင်ဆင်ခဲ့သည်။
သီရှီထျန်ရဲ့ နည်းလမ်းက မိစ္ဆာနှိမ်နင်းစေတီကို တားဆီးနိုင်ပါ့မလား… ။
ယင်းကို မသိနိုင်သေးပေ။
“ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတွေ… မင်းတို့ဘယ်ပြေးမလဲ ငါကြည့်မယ် ”
ထိုစဉ် မောက်မာထောင်လွှားသော အော်သံက အဝေးမှ ပျံ့လွင့်လာသည်။ ထိုအော်သံထဲမှာ ဝိညာဉ်စွမ်းအား ကိန်းအောင်းနေလေရာ အော်သံက ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်သွားသည်။ တိမ်တိုက်များသည်ပင် အော်သံကြောင့် အဝေးသို့ လွင့်မျောသွားသည်။
ချိုင့်ဝှမ်းအပြင်ဘက်တွင် ယန်ရွှမ်းနှင့် တပည့်အများအပြားက မောက်မာထောင်လွှားစွာ ထွက်ပေါ်လာကြသည်။ ချိုင့်ဝှမ်းထဲမှ မိစ္ဆာများသည် သူတို့တစ်ယောက်စီ၏ မျက်နှာကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။
“ ဒုတိယညီလေး၊ တတိယညီလေး၊ စတုတ္ထညီလေး၊ ပဉ္စမညီမလေး အစီအရင်ဝင်္ကပါခင်းကျင်းဖို့ အသင့်ပြင်ကြပါ ”
ချီဟောင်က ပိုင်ယွဲ့၊ ယင်းခုန်းနှင့် တခြားမိစ္ဆာများကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ ဟုတ်ကဲ့ပါ ခေါင်းဆောင် ”
ပိုင်ယွဲ့နှင့် တခြားမိစ္ဆာများက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။ ထို့နောက် သူတို့က စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းဖွဲ့လိုက်ကြသည်။
“ ဟူး လား လား ”
ချီဟောင်နှင့် တခြားမိစ္ဆာများ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူတို့က ရုတ်တရက် ပါးစပ်ဟလိုက်ကြပြီး ကျောက်စိမ်းအလင်းတန်းကို ထွေးထုတ်လိုက်ကြသည်။
ကျောက်စိမ်းအလင်းတန်းတစ်ခုစီက အက်ကွဲနေသော ကျောက်စိမ်းအပိုင်းအစတစ်ခုကို ရစ်ပတ်ထားသည်။ ယင်းတို့က ကျောက်စိမ်းအပိုင်းအစငါးခု ဖြစ်ကြသည်။ အကယ်၍ ထိုအပိုင်းအစငါးခုကို အတူပေါင်းစည်းလိုက်လျှင် ပြီးပြည့်စုံသော ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာလိမ့်မည်။
လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်အင်းကွက်များကို ကျောက်စိမ်းအပိုင်းအစများပေါ်မှာ ရေးထွင်းထားသည်။ ဤအခိုက်အတန့်မှာ အင်းကွက်များက အဖြူရောင်မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
“ ကျစ်… ကျစ်… ”
ကျောက်စိမ်းအပိုင်းအစငါးခုသည် လေထဲ၌ ထွက်ပေါ်လာပြီးလျှင် လျှို့ဝှက်ဆန်းကြယ်စွာ အတူတကွ ပေါင်းစည်းသွားကြသည်။ နောက်အခိုက်အတန့်မှာ ပိုပြီးထွန်းလင်းတောက်ပသော ကျောက်စိမ်းအလင်းရောင်က ပေါ်လျှိုးလာသည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် မိုးမြေဝိညာဉ်စွမ်းအားက အရူးအမူး စုဝေးသွားသည်။ ကြီးမားသော အပြောင်းအလဲတစ်ခုက ချိုင့်ဝှမ်းထဲမှာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ထူးဆန်းသော မှော်အင်းချပ်တစ်ခုက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မှော်အင်းချပ်က အရွယ်အစားကြီးမားသွားပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
ချီဟောင်နှင့် တခြားမိစ္ဆာများ ထွေးထုတ်လိုက်သော ကျောက်စိမ်းအပိုင်းအစများထဲမှာ အံ့ဖွယ်ထူးခြားသော စွမ်းအား ကိန်းအောင်းနေဟန် ရ၏။ ယင်းတို့က ချိုင့်ဝှမ်း၏ ကောင်းကင်ယံမှာ ဧရာမမှော်အင်းချပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
မှော်အင်းချပ်က အရွယ်အစား အလွန်ကြီးမားလေရာ ကောင်းကင်နှင့် နေလုံးကိုပင် ဖုံးကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ မှော်အင်းချပ်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချိုင့်ဝှမ်းထဲမှ တစ်စုံတစ်ယောက်သည် ခေါင်းမော့လိုက်ရုံဖြင့် မှော်အင်းချပ်ကို မြင်နိုင်သွားလိမ့်မည်။
မှော်အင်းချပ်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ ရှိသည်။ မှော်သင်္ကေတတစ်ခုစီမှာ အံ့ဖွယ်ကောင်းသော စွမ်းအား ကိန်းအောင်းနေသည်။ ယင်းက အကန့်အသတ်မဲ့သော လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်လွှတ်နေသည်။
မှော်အင်းချပ်ထဲမှာ မိုးမြေ၏ အနှစ်သာရသဘောတရား ကိန်းအောင်းနေဟန် ရ၏။ ဤသည်မှာ ယင်းက မိုးမြေနှင့် ချိတ်ဆက်နေသည့်အလား သို့မဟုတ် မိုးမြေ၏ အထောက်အပံ့ကို ရရှိထားသည့်အလားပင်။ မရေမတွက်နိုင်သော မှော်သင်္ကေတများက မှော်အင်းချပ်ပေါ်မှာ အစီအစဉ်တကျ ရွေ့လျားနေကြသည်။
ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
အကယ်၍ တစ်စုံတစ်ယောက်က သေချာဂရုတစိုက် စစ်ဆေးကြည့်မည်ဆိုလျှင် မှော်အင်းချပ်ထဲမှာ သီးခြားနယ်မြေလွတ်တစ်ခု ရှိနေကြောင်း မြင်နိုင်လိမ့်မည်။ ဤသည်မှာ မှော်အင်းချပ်က ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခု ဖြစ်သည့်အလားပင်။ ယင်းက လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ထူးခြားသည်။
“ အဲ့ဒါက… မှော်အင်းချပ်ပဲ ”
ချန်းရှီ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သောအမူအရာ ထွက်ပေါ်လာသည်။ သူက သူ၏ ဦးခေါင်းထက်မှ ဧရာမမှော်အင်းချပ်ကို အံဩစွာ ကြည့်လိုက်သည်။
“ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သီရှီထျန်ဆီမှာ မှော်အင်းချပ်ရှိတယ်လား… ရှေးခေတ်တုန်းက စစ်ပွဲမှာ မှော်အင်းချပ်တွေ ပျောက်ဆုံးသွားခဲ့တယ်လို့ မှတ်တမ်းတွေထဲမှာ ဖော်ပြထားတယ်လေ… အဲ့ဒီနောက် မှော်အင်းချပ်တွေကို မြင်တွေ့ဖို့ ခဲယဉ်းသွားတယ်… ဘယ်လိုလုပ် သီရှီထျန်က မှော်အင်းချပ်တစ်ခုကို ပိုင်ဆိုင်သွားတာလဲ… အမ် မဟုတ်သေးဘူး… ဒီဟာက ရှေးခေတ်မှော်အင်းချပ် မဟုတ်ဘူး… အဲ့ဒါကို မကြာသေးခင်ကမှ သန့်စင်ထားခဲ့တာ ”
ချန်းရှီသည် သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။ သူက ရှေးဟောင်းပန်းမျိုးတစ်ရာကောင်းကင်နတ်သမီး၏ အမွေအအနှစ်နှင့် အသိပညာကို ဆက်ခံနိုင်ခဲ့သည်။ ထို့ကြောင့် ဤလောကတွင် အသိပညာပိုင်းမှာ သူ့ကို ယှဉ်နိုင်သည့်လူက အလွန်နည်းပါးသည်။ သို့ဖြစ်လေရာ မှော်အင်းချပ်က သူမရင်းနှီးသောအရာ မဟုတ်ပေ။ သူသိထားသည်မှာ မှော်အင်းချပ်များက ရှေးခေတ်ကတည်းက တည်ရှိခဲ့ကြသည်။ မှော်အင်းချပ်တစ်ခုစီက အံ့ဖွယ်ထူးခြားသော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ မှော်အင်းချပ်ကို အသက်သွင်းလိုက်သည့်အခါ မိုးမြေကြား၌ သီးခြားနယ်မြေလွတ်တစ်ခု ထွက်ပေါ်လာလိမ့်မည်။ ထို့ပြင် မှော်အင်းချပ်ကို ဤလောကနှင့် ချိတ်ဆက်နိုင်သည်။ ဥပမာ မှော်အင်းချပ်များကို ကမ္ဘာမြေ၏ ဝိညာဉ်သွေးကြောများ၊ နေ၊ လ၊ ကြယ်များနှင့် အတူတကွ ချိတ်ဆက်နိုင်သည်။
မှော်အင်းချပ်က ကမ္ဘာမြေဝိညာဉ်သွေးကြောနှင့် ချိတ်ဆက်သွားသည့်အခါ မှော်အင်းချပ်၏ အကျယ်အဝန်းက ကမ္ဘာမြေဝိညာဉ်သွေးကြောရှိသော ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မည်။ မှော်အင်းချပ်မှာ ကိုယ်ပိုင်ကမ္ဘာငယ် ရှိသည်။ တစ်စုံတစ်ယောက်က ထိုကမ္ဘာငယ်ထဲသို့ ကျရောက်သွားမည်ဆိုလျှင် အလွယ်တကူ ပြန်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။ မှော်အင်းချပ်များသည် အစီအရင်တာအို၏ အထွတ်အထိပ် ဖြစ်တည်မှု ဖြစ်သည်။
အစီအရင်တာအိုသည် မိုးမြေ၏ နက်နဲသိမ်မွေ့သော ဥပဒေသများမှ ဖွဲ့စည်းသွားခြင်းဖြစ်သည်။ အစီအရင်တာအိုထဲမှာ မိုးမြေဥပဒေသများ၊ မိုးမြေအမှန်တရားများနှင့် မဟာတာအို၏ ဆွဲဆောင်မှုတို့ ပါရှိသည်။ သို့ဖြစ်၍ အစီအရင်၏ စွမ်းအားက အနှိုင်းမဲ့ပြီး အကန့်အသတ်မဲ့သည်။ မှော်အင်းချပ်များသည် တန်ဖိုးကြီးမားသော ရှားပါးရတနာများ ဖြစ်ကြသည်။
ထို့ကြောင့် ချန်းရှီသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီမှာ မှော်အင်းချပ်တစ်ခုရှိကြောင်း မြင်လိုက်ရသောအခါ အံ့ဩသွားသည်။
“ မှော်အစီအရင်… အသက်ဝင်လာတော့ ”
ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားမိစ္ဆာများသည် တစ်ပြိုင်နက် အော်လိုက်ကြပြီး ပါးစပ်အပြည့်ရှိသော သွေးအနှစ်သာရကို ထွေးထုတ်လိုက်ကြသည်။ မှော်အင်းချပ်၏ အလယ်တွင် မှော်ဆန်သော ကျောက်စိမ်းပြားက ငြိမ်သက်စွာ လွင့်မျောနေသည်။
ကျောက်စိမ်းပြား၏ မျက်နှာပြင်ပေါ်မှာ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်နေသည်။ ယင်းက ကောင်းကင်ပေါ်မှ မှော်အင်းချပ်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေဟန် ရ၏။
သွေးအဆီအနှစ်ငါးခုက ကျောက်စိမ်းပြားပေါ်သို့ ကျဆင်းသွားသည်။ နောက်အခိုက်အတန့်မှာ ကျောက်စိမ်းပြားက တုန်ယင်လာပြီး ရုတ်တရက် အရောင်မှေးမှိန်သွားသည်။ မကြာမီ ကျောက်စိမ်းပြားက မရေမတွက်နိုင်သော မှော်အက္ခရာများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ မှော်အင်းချပ်ထဲသို့ ဝင်ရောက်သွားသည်။
ကောင်းကင်ပေါ်မှ မှော်အင်းချပ်သည် မှော်အက္ခရာများကို လက်ခံပြီးလျှင် နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ယင်းက ဤလောက၏ တစ်ထောင့်တစ်နေရာမှာ ပုန်းအောင်းသွားဟန် ရ၏။ တစ်ချိန်တည်းမှာ မီးခိုးဖြူရောင်တိမ်တိုက်များက လေထဲမှာ ထွက်ပေါ်လာကြပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
ထူးဆန်းသည်မှာ ထိုမီးခိုးဖြူရောင်တိမ်တိုက်များကို ထွင်းဖောက်မြင်နိုင်ပေသည်။ ချိုင့်ဝှမ်းထဲမှ မိစ္ဆာများသည် မီးခိုးဖြူရောင်တိမ်တိုက်များ၏ အပြင်ဘက်မှ အခြေအနေကို သာမန်မျက်စိဖြင့် မြင်နိုင်ကြသည်။ ဤသည်မှာ မီးခိုးဖြူရောင်တိမ်တိုက်များက ပုံရိပ်ယောင်တည်ရှိမှု ဖြစ်သည့်အလားပင်။ ယင်းတို့က မည်သည့်အရာကိုမှ မဖုံးကွယ်ပေးနိုင်ပေ။
ယင်းက မှော်အင်းချပ်များ၏ အံ့ဖွယ်စွမ်းရည်များအနက် တစ်ခုဖြစ်သည်။ ချိုင့်ဝှမ်းအတွင်းမှ သက်ရှိများက အပြင်လောကကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း အပြင်ဘက်မှ သက်ရှိများသည်တော့ ချိုင့်ဝှမ်းအတွင်းသို့ လုံးဝ ထွင်းဖောက်မမြင်နိုင်ပေ။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း ချိုင့်ဝှမ်းအပေါ်တွင် မှော်အင်းချပ် ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားရန် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။
ချိုင့်ဝှမ်းအပြင်သို့ ယန်ရွှမ်းနှင့် သားရဲတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများ ရောက်လာကြသည့်အချိန် မှော်အစီအရင်က အသက်ဝင်သွားပြီ ဖြစ်၏။
“ ဘာကြီးလဲ… မှော်အစီအရင်လား ”
ယန်ရွှမ်းသည် ချိုင့်ဝှမ်းကို ထင်ရှားစွာ မမြင်နိုင်တော့ပေ။ သူမြင်နိုင်သည်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အပေါ်တွင် ထူးဆန်းသော မီးခိုးဖြူရောင်တိမ်တိုက်များ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ထိုတိမ်တိုက်များက အလွန်ထူးဆန်းသည်။ သူ၏ နတ်ဘုရားစိတ်အာရုံသည်ပင် တိမ်တိုက်များကို မထိုးဖောက်နိုင်ပေ။ ဤသည်မှာ သူ၏ နတ်ဘုရာစိတ်အာရုံက ဝါဂွမ်းပေါ်သို့ ကျရောက်သွားသည့်အလားပင်။ သူက မည်သည့်စွမ်းအားမှ မထုတ်ဖော်နိုင်ပေ။
ထိုမြင်ကွင်းသည် မှော်အစီအရင်အသက်ဝင်လာလျှင် ဖြစ်ပေါ်လာသော မြင်ကွင်းနှင့် အတော်လေး ဆင်တူသည်။ ထို့ကြောင့် ယန်ရွှမ်းသည် ထိုမီးခိုးဖြူရောင်တိမ်တိုက်များက မှော်အစီအရင်တစ်ခုဖြစ်ကြောင်း ချက်ချင်း သိသွားသည်။