← Chapters

အခန်း ၃၇၅

Vol. 25 Ch. 375

အခန်း ၃၇၅

Vol. 25 Ch. 375

အခန်း(၃၇၅)

“ မင်းတို့တွေ ဒီကို ထွက်ပြေးလာတာ မထူးဆန်းတော့ပါဘူး… မင်းတို့က မှော်အစီအရင်ကို အသုံးပြုပြီး ငါ့ကို တားဆီးချင်နေတာပေါ့… အဲ့ဒါက ငပိန်းအတွေးဆိုတာ မင်းတို့ကို ငါသက်သေပြမယ်… မှော်အစီအရင်တစ်ခုက မိစ္ဆာနှိမ်နင်းစေတီရဲ့ အရှေ့မှာ ဘာမှမဟုတ်ဘူး… မင်းတို့ရဲ့ မျှော်လင့်ချက်ကို ငါဘယ်လို ဖျက်ဆီးမလဲ စောင့်ကြည့်လိုက်စမ်းပါ ”

ယန်ရွှမ်းက ယုံကြည်မှုရှိစွာ အော်လိုက်သည်။ ထို့နောက် သူက စေတီကို ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်သည်။

နောက်အခိုက်အတန့်မှာ သူ၏ လက်ချောင်းများက မြန်ဆန်စွာ လှုပ်ရှားသွားသည်။ သူက မိစ္ဆာနှိမ်နင်းစေတီ၏ ပိုင်ရှင်မဟုတ်ပေ။ ထို့ကြောင့် မိစ္ဆာနှိမ်နင်းစေတီ၏ စွမ်းအားကို သူအသုံးပြုချင်သည်ဆိုလျှင် ချိပ်တံဆိပ်သင်္ကေတများကို ကြားခံနယ်အဖြစ် လိုအပ်လိမ့်မည်။ ယခု သူက မိစ္ဆာနှိမ်နင်းစေတီ၏ ဖိနှိပ်မှုစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။

လေထဲတွင် သူ၏ လက်ဆယ်ချောင်းက မြန်ဆန်စွာ လှုပ်ရှားသွားသည်။ အလျှင်က အလွန်မြန်ဆန်သောကြောင့် ကြွင်းကျန်ပုံရိပ်များပင် ကျန်နေခဲ့သည်။ ချိပ်တံဆိပ် ပြီးမြောက်သွားသည့်အခါ သူက ကျယ်လောင်စွာ အော်လိုက်ပြီး ချိပ်တံဆိပ်ကို စေတီထဲသို့ ထည့်သွင်းလိုက်သည်။

“ ဝီး ”

စေတီက အပြင်းအထန် တုန်ယင်သွားသည်။ စေတီတစ်ခုလုံးက ထွန်းလင်းတောက်ပသော အလင်းရောင်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ စေတီက မြန်ဆန်စွာ အရွယ်ကြီးမားသွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ စေတီက ပေရာပေါင်းများစွာ မြင့်မားသော တောင်ကုန်းတစ်လုံးပမာ ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ စေတီက အကန့်အသတ်မဲ့စွာ တောက်ပသော နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။

စေတီသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး‌ အောက်သို့ တိုက်ရိုက် ဖိချလိုက်သည်။

ထိုမျှကြီးမားသော ဧရာမစေတီသာ အောက်သို့ ကျဆင်းလာမည်ဆိုလျှင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံး ပြားပြားဝပ်သွားမည်မှာ သံသယရှိရန် မလိုပေ။ ချိုင့်ဝှမ်းအတွင်းမှ သက်ရှိများသည်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်မှာ သေကြေပျက်စီးသွားကြလိမ့်မည်။

“ ခရက်… ”

“ ဘန်း… ဘန်း… ဘန်း ”

သို့သော်လည်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အပေါ်မှာ မှော်အစီအရင်ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်လေရာ မည်သို့ကြောင့် စေတီက ယင်း၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်မည်နည်း။ မီးခိုးဖြူရောင်တိမ်တိုက်များ လှုပ်ယမ်းသွားသည့်အခါ အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက ချိုင့်ဝှမ်းအတွင်းမှ မိစ္ဆာများ၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက မူလလောကနှင့် တသီးတခြား တည်ရှိနေဟန် ရသည်။ ထိုအခြေအနေကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။ ချိုင့်ဝှမ်း၏ ဘေးပတ်ဝန်းကျင်၌ အရိုးစုတောင်ကုန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ အရိုးစုတောင်ကုန်းများ၏ အောက်ခြေမှာ မရေမတွက်နိုင်သော အရိုးစုစစ်သည်တော်များ စုဝေးနေကြသည်။ အရိုးစုစစ်သည်တော်တစ်ကောင်စီ၏ ဦးခေါင်းခွံထဲမှာ ထူးဆန်းသော အစိမ်းရောင်မီးတောက်တစ်ခု ရှိသည်။ ၎င်းတို့က တမူထူးခြားသော အသက်ဓာတ်အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ယင်းက အရိုးစုစစ်တပ် ဖြစ်သည်။

အရိုးစုတောင်ကုန်းများပေါ်တွင်တော့ အရိုးဖြူများဖြင့် တည်ဆောက်ထားသော ပလ္လင်တစ်ခု ရှိသည်။ ပလ္လင်ပေါ်တွင် အရွယ်အစားကြီးမားသော အရိုးစုဘုရင်က ထိုင်နေသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုသို့အရိုးစုတောင်ကုန်းသည် စုစုပေါင်း ရှစ်ခုရှိပြီး အရိုးစုဘုရင်သည်လည်း ရှစ်ကောင်ရှိသည်။ သို့သော်လည်း အရိုးစုတောင်ကုန်းရှစ်ခု၏ အလယ်ဗဟိုတွင် ပိုပြီးအရွယ်အစားကြီးမားသော ဧရာမအရိုးစုတောင်ကုန်းတစ်ခု ရှိ၏။ ထိုတောင်ကုန်းပေါ်တွင် အထွတ်အမြတ်အရိုးစုပလ္လင် ရှိသည်။ ပလ္လင်ပေါ်တွင် အထွတ်အမြတ်အရိုးစုဘုရင်က မှေးစက်နေသည်။

အထွတ်အမြတ်အရိုးစုဘုရင်သည် အရိုးဖြူစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ၎င်း၏ လက်ထဲမှာ ကောင်းကင်ခွဲ စစ်ပုဆိန်လှံကို ကိုင်ထားသည်။

ဤအခိုက်အတန့်မှာ ဧရာမစေတီက ၎င်း၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက စေတီထံမှ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်မှာ ပလ္လင်ပေါ်တွင် မှေးစက်နေသော အထွတ်အမြတ်အရိုးစုဘုရင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ အစိမ်းရောင်မီးတောက်က ၎င်း၏ ဟောင်းလောင်းပေါက် မျက်လုံးများထဲမှာ လှုပ်ယမ်းသွားသည်။ ၎င်း၏ မျက်လုံးများထဲမှ မီးတောက်က တစ္ဆေမီးအိမ်နှင့် ဆင်တူသည်။ နတ်ဘုရားအလင်းက ၎င်း၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ ၎င်းက တစ်ချက်ဟိန်းလိုက်ပြီး ပလ္လင်ပေါ်မှ ထရပ်လိုက်သည်။ ၎င်းက လက်ထဲမှ ကောင်းကင်ခွဲ စစ်ပုဆိန်လှံကို မြှောက်ကာ စေတီပေါ်သို့ ထိုးလွှတ်လိုက်သည်။

“ ဝုန်း ”

အလွန်ကျယ်လောင်သော မြည်သံက ပဲ့တင်ထပ်သွားသည်။ နောက်အခိုက်အတန့်မှာ အနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားဟန်ရသော စေတီက စစ်ပုဆိန်လှံ၏ ထိုးချက်ကြောင့် အဝေးသို့ လွင့်စင်သွားသည်။ အရပ်ရှစ်မျက်နှာမှ တခြားအရိုးစုဘုရင်များသည်လည်း ဟိန်းလိုက်ကြသည်။ ထိုအခါ ၎င်းတို့၏ ခြေဖဝါးအောက်မှ အရိုးစုတောင်ကုန်းများက ပြင်းထန်စွာ တုန်ခါသွားသည်။

ထို့နောက် အရိုးစုဘုရင်ရှစ်ကောင်နှင့် အထွတ်အမြတ်အရိုးစုဘုရင်က မီးခိုးရောင်တိမ်တိုက်များထဲမှာ ပြန်ပျောက်ကွယ်သွားသည်။ ၎င်းတို့အားလုံးက တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြသည်။ ယင်းက အလွန်ထူးဆန်းသည်။ ဤသည်မှာ အစောနက အဖြစ်အပျက်က အိမ်မက်တစ်ခုသာ ဖြစ်သည့်အလားပင်။

“ ဝေါ့ ”

စေတီသည် ယန်ရွှမ်း၏ ထိန်းချုပ်မှုအောက်မှာ ရှိသည်။ ယခု စေတီက စစ်ပုဆိန်လှံ၏ ထိုးချက်ကြောင့် အဝေးသို့ လွင့်စင်သွားလေရာ သူသည်လည်း တန်ပြန်ဆိုးကျိုးကို ခံစားသွားရသည်။ သူက ပါးစပ်အပြည့် သွေးတစ်လုပ်ကို ချက်ချင်း အန်လိုက်ရသည်။ သူ့အရှေ့မှ လေက အနီရောင်စွန်းထင်သွားသည်။

“ ဘာကြီးလဲ ”

ယန်ရွှမ်းက အံ့ဩထိတ်လန့်သွားသည်။ မုန်တိုင်းက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ မိစ္ဆာနှိမ်နင်းစေတီက တစ်ဖက်လူ၏ ရိုက်ချက်ကြောင့် အဝေးသို့ လွင့်စင်ထွက်သွားမည်ဟု သူမမျှော်လင့်ထားပေ။ ထိုအဖြစ်အပျက်က သူ့အား အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားစေသည်။

“ ဘယ်လောက် အားကောင်းလိုက်တဲ့ အစီအရင်ဝင်္ကပါလဲ… မှော်အင်းချပ်ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်တွေကို လုံးဝ ရန်မပြုသင့်ဘူးလို့ ဘိုးဘေးတွေ မှာကြားခဲ့တာ အလကားမဟုတ်ဘူးပဲ… နယ်ပယ်တူမှာဆိုရင် မှော်အင်းချပ်ပိုင်ရှင်တွေကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး… တကယ် အံ့ဩစရာပဲ… ”

ချန်းရှီသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် သူ့အကြည့်ကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်သည်။ သူ့နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုက ပျောက်ကွယ်သွားသည်။ ထိုမှော်အင်းချပ်ဖြင့်ဆိုလျှင် တံခါးပိတ်ကျင့်ကြံနေသော လူသားမျိုးနွယ်ဘိုးဘေးများ မထွက်လာသရွေ့ မည်သူမှ ယင်းကို ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းကို မြင်သောအခါ တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကျင့်ကြံသူများက အော်ဟစ်ချီးမြှောက်လိုက်ကြသည်။

ထိုသို့ဖြင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကပ်ဘေးက ယာယီငြိမ်သက်သွားသည်။

… … …

ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲတွင် လူသားမျိုးနွယ်ကျင့်ကြံသူများသည် ဓားတောင်နှင့် မီးပင်လယ်ကို ဖြတ်ကျော်နေကြသည်။ ကောင်းကင်မိစ္ဆာသည် သူတို့ကို အရေးမစိုက်ပေ။ သူက လူသားမျိုးနွယ်ကျင့်ကြံသူတစ်ဝက်ခန့်ကို ယင်ယန်ကောင်းကင်တံတားဆီသို့ မရောက်မီ သေဆုံးစေလိုသည်။ ထို့ကြောင့် သူက ဓားတောင်နှင့် မီးပင်လယ်ကဲ့သို့ အန္တရာယ်များသော စိန်ခေါ်မှုများကို တမင်ပြင်ဆင်ထားခဲ့ခြင်းပင်။

သို့သော်လည်း အန္တရာယ်များသော ထိုစိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ပြီး ယင်ယန်ကောင်းကင်တံတားဆီသို့ ရောက်လာနိုင်သူများသည် လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့က အလွန်အစွမ်းထက်ကြသည်။

မိစ္ဆာကျွန်းစုပေါ်တွင် မိစ္ဆာများသည် အုပ်စုငယ်များဖွဲ့၍ လျှို့ဝှက်နယ်မြေထဲမှာ သူတို့ကြုံတွေ့ခဲ့သော ကိစ္စများကို ပြန်ပြောပြနေကြသည်။ သူတို့က ဤအခြေအနေကို အသုံးချ၍ စိတ်တူကိုယ်တူရှိသော မိတ်ဆွေများကို ရှာဖွေချင်ကြသည်။ သို့မှသာ သူတို့က ယင်ယန်ကောင်းကင်တံတား ဖွင့်လှစ်သည့်အခါ အပြန်အလှန် ဖေးမကူညီပေးနိုင်ကြလိမ့်မည်။

တစ်ယောက်တည်း ဖြတ်ကျော်ခြင်းထက်စာလျှင် မဟာမိတ်ဖွဲ၍ ဖြတ်ကျော်ခြင်းက အောင်မြင်နိုင်ရန် ရာခိုင်နှုန်းပိုများသည်။ သို့သော်လည်း မိစ္ဆာဘုရင်အများစုသည် တစ်ကိုယ်တည်းလှုပ်ရှားရန် ပိုပြီးဆန္ဒရှိကြသည်။ ဤအခိုက်အတန့်မှာ မိစ္ဆာဘုရင်များသည် တိတ်ဆိတ်သော နေရာတစ်နေရာ ရှာဖွေ၍ ကျင့်ကြံနေကြသည်။ သူတို့က ယင်ယန်ကောင်းကင်တံတားမဖွင့်လှစ်မီ သူတို့၏ စွမ်းအားကို အထွတ်အထိပ်အခြေအနေမှာ အမြဲတမ်း ထိန်းသိမ်းချင်ကြသည်။ သို့မှသာ နောက်လာမည့် တိုက်ပွဲများတွင် ရလဒ်ကောင်းရရှိနိုင်လိမ့်မည်။

ထိုအချိန်မှာ သီရှီထျန်၏ ပုံရိပ်က တတိယမြောက် နှလုံးသားရှာဖွေဘုရားကျောင်း၏ စင်မြင့်ပေါ်မှာ ပြန်ထွက်ပေါ်လာသည်။

ဤစင်မြင့်သည် အတိတ်မှာ သူမြင်တွေ့ခဲ့သော စင်မြင့်များနှင့် တစ်ပုံစံတည်း တူညီသည်။ စင်မြင့်၏ အရှေ့၌ နတ်ဘုရားအလင်းတိုင်လုံးနှစ်လုံးရှိပြီး ယင်းတို့ကြားမှာ ကျောက်ပြားတစ်ချပ်ရှိသည်။ သူထွက်ပေါ်လာသည့်အခိုက် ကျောက်ပြားက ခရမ်းရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

သီရှီထျန်သည် ယခုအခြေအနေကို မအံ့ဩတော့ပေ။ မည်သို့ဖြစ်ပါစေ သူက ယင်းကို နှစ်ကြိမ်တွေ့ကြုံပြီးပြီ ဖြစ်၏။ သူက နေရာမှာ ရပ်နေရင်း တိတ်တဆိတ် တွေးတောလိုက်သည်။

“ ပထမဆုံး စမ်းသပ်မှုက ငါ့ရဲ့ ရဲစွမ်းသတ္တိကို စမ်းသပ်တယ်… ဒုတိယ စမ်းသပ်မှုက တာဝန်ယူမှုနဲ့ သစ္စာရှိမှုကို စမ်းသပ်တယ်… တတိယ စမ်းသပ်မှုက ငါ့ရဲ့ ဉာဏ်ပညာကို စမ်းသပ်တယ်… တတိယ စမ်းသပ်မှုက ငါ့ကို မြူခိုးကမ္ဘာထဲမှာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ထွက်ပေါက်ရှာဖွေခိုင်းတယ် ”

သီရှီထျန်က တီးတိုးရေရွတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိစွာ ပြောသည်။

“ မြူခိုးဝင်္ကပါတစ်ခုက ငါသီရှီထျန်ကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ… စတုတ္ထ စမ်းသပ်မှုက ဘာဖြစ်မလဲ မသိဘူး ”

သီရှီထျန်က တစ်ခဏကြာ စဉ်းစားလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ ခရမ်းရောင်နတ်ဘုရားအလင်းတိုင်လုံးထဲသို့ ဝင်ရောက်သွားသည်။ သူက အမွေအနှစ်လျှောက်လမ်း၏ စမ်းသပ်မှုငါးခုစလုံးကို တစ်ခါတည်း ဖြတ်ကျော်ရန် စိတ်ဆုံးဖြတ်ထားသည်။

အမွေအနှစ်လျှောက်လမ်းပေါ်တွင် တစ်စုံတစ်ယောက်သည် အရှေ့ဆက်သွားရန်သာ လုပ်ဆောင်နိုင်သည်။ အနောက်မဆုတ်ရပေ။ မည်သည့်အခက်အခဲဖြင့် ရင်ဆိုင်နေရပါစေ အကယ်၍ တစ်စုံတစ်ယောက်က အရှေ့ဆက်သွားရန် စိတ်ဆုံးဖြတ်ထားလျှင် အထွတ်အထိပ်သို့ သေချာပေါက် ရောက်နိုင်လိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဓာတ်မပြတ်မသားဖြစ်နေလျှင် ကောင်းကင်မိစ္ဆာအရှင် ချန်ထားခဲ့သော စမ်းသပ်မှုများကို ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် တစ်ခါကျရှုံးသွားပြီးလျှင် ယင်းကို နောက်တစ်ကြိမ် ကျော်ဖြတ်ရန် ပိုပြီးခက်ခဲသွားလိမ့်မည်။

သီရှီထျန်သည်တော့ တစ်ခေါက်တည်းဖြင့် စမ်းသပ်မှုသုံးခုကို ဖြတ်ကျော်နိုင်သွားသည်။ အမွေအနှစ်လျှောက်လမ်းပေါ်တွင် စမ်းသပ်မှုငါးခုရှိသည်။ ယခု သူက စမ်းသပ်မှုသုံးခုကို ဖြတ်ကျော်နိုင်သွားလေရာ ခရီးတစ်ဝက်ကျိုးသွားပြီ ဖြစ်၏။ ဤအခြေအနေထိ ရောက်လာမှတော့ သူ့မှာ လက်လျော့ရန်အတွေး လုံးဝ မရှိပေ။

သူက အရှေ့သို့ ဆက်လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူကျရှုံးသွားမည်ဆိုလျှင်ပင် လုံးဝ နောင်တရလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူသာ အနောက်ဆုတ်လိုက်မည်ဆိုလျှင် သူက သူရဲဘောကြောင်သူ ဖြစ်သွားလိမ့်မည်။ သူ့ကိုယ်သူပင်မယုံကြည်လျှင် သူက တခြားလူများထံမှ ယုံကြည်မှုကို မည်သို့ရယူနိုင်မည်နည်း။

ဖန်ခွက်တစ်ခွက်မှာ အပိုင်းအစသေးသေးလေးတစ်ခု ပျောက်နေလျှင်ပင် ယင်းက ပြီးပြည့်စုံသော ဖန်ခွက်တစ်ခွက် မည်သည့်အခါမှ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။

နှလုံးသားသည်လည်း ထို့နည်းတူပင်။ အကယ်၍ နှလုံးသားမှာ ချို့ယွင်းချက်တစ်ခုရှိနေလျှင် နှလုံးသားက မည်သည့်အခါမှ ပြီးပြည့်စုံလာလိမ့်မည် မဟုတ်ချေ။ ချို့ယွင်းချက်မဲ့သော နှလုံးသားပိုင်ရှင်သာလျှင် အထွတ်အထိပ်သို့ ရောက်နိုင်လိမ့်မည်။

မည်သို့ကြောင့် အမွေအနှစ်လျှောက်လမ်းပေါ်မှ စမ်းသပ်မှုများကို နှလုံးသားရှာဖွေဘုရားကျောင်းများထဲမှာ လုပ်ဆောင်ရသနည်း။ ယင်းက နှလုံးသားကို ထုဆစ်သန့်စင်ပေးရန်အတွက် မဟုတ်ပါလော။ သီရှီထျန်သည် စမ်းသပ်မှုသုံးခုကို ဖြတ်ကျော်ပြီးနောက် အမွေအနှစ်လျှောက်လမ်း၏ အကျိုးကျေးဇူးကို နားလည်သဘောပေါက်သွားသည်။ သို့ဖြစ်လေရာ မည်သို့ကြောင့် ယင်းကို သူလက်လျော့ရမည်နည်း။ သူက တတိယ စမ်းသပ်မှုကို ဖြတ်ကျော်ပြီးသွားသည်နှင့် စတုတ္ထ စမ်းသပ်မှုထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်က ခရမ်းရောင်နတ်ဘုရားအလင်းတိုင်လုံးထဲသို့ ဝင်ရောက်ပြီးနောက် ပျောက်ကွယ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သီရှီထျန်၏ ခန္ဓာကိုယ်က အမည်မသိသော နေရာမှာ ပြန်ပေါ်လာသည်။ ခါတိုင်းကဲ့သို့ပင် သူ၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းက ချိပ်ပိတ်ခံလိုက်ရသည်။ စမ်းသပ်မှုနှင့်ပတ်သက်သော အရာအားလုံးကို သူမေ့ပျောက်သွားသည်။ တစ်နည်းဆိုရသော် သူက စမ်းသပ်မှုနှင့်ပတ်သက်သော မှတ်ဉာဏ်များကို ယာယီဆုံးရှုံးသွားသည်။ သူသိသည်မှာ ခရမ်းလျှပ်စီးမိုးကို သူမြင်ပြီးနောက် ဤနေရာဆီသို့ တည်နေရာပြောင်းရွှေ့သွားသည်။

သူက ကောင်းကင်မိစ္ဆာအရှင်၏ စတုတ္ထမြောက် စမ်းသပ်မှုထဲသို့ ကျရောက်နေကြောင်း မသိပေ။

… … …

All Chapters