← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း (၂၉၀) ကယ်တင်ခြင်း

ထိုက်ရွှမ်၊ ချင်းလွမ်တို့နှင့် ယှဉ်လျှင် ယင်ယန်ကောင်းကင်နတ်မင်းသည် ချန်မုနှင့် ရင်ဆိုင်ရချိန်တွင် ဖိအားပိုမိုကြီးမားနေသည်မှာ သိသာလှသည်။ ထို့ကြောင့် အနည်းငယ်မျှ မလေးမစားမလုပ်ဝံ့ဘဲ ချန်မုကို ရိုသေစွာ ဂါရဝပြုရင်း "စီနီယာ့ကို ဂါရဝပြုပါတယ်။ ကျွန်တော်လည်း စီနီယာ့အကြောင်း ကြားဖူးတာ ကြာပါပြီ" ဟု ဆိုလိုက်သည်။

ချန်မုက သူ့ကို ပြုံးစစဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ယမ်းပြကာ "သွားကြစို့" ဟု ဆိုလျက် ရှေ့သို့ လှမ်းလျှောက်သွားသည်။

ယင်ယန်ကောင်းကင်နတ်မင်းသည်လည်း မတွန့်ဆုတ်ဘဲ ချက်ချင်းပင် နောက်မှ လိုက်သွားရာ နှစ်ဦးသား ကောင်းကင်ယံတွင် ပျောက်ကွယ်သွားကြတော့သည်။ ကျန်ရစ်ခဲ့သော ထိုက်ရွှမ်နှင့် ချင်းလွမ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့တွင်လည်း ချန်မုကို မေးမြန်းစရာများ ရှိသော်လည်း ယင်ယန်ကောင်းကင်နတ်မင်းက အရင်ဦးစားပေး ဖြစ်သွားသည်မှာ သိသာလှပေသည်။

ဖြူဖွေးသော တိမ်တိုက်များအကြားတွင် ချန်မုက တည်ငြိမ်စွာ ရပ်နေသည်။ ယင်ယန်ကောင်းကင်နတ်မင်းက သူ့နောက်သို့ ရောက်ရှိလာပြီး ရိုသေစွာဖြင့် ခေါင်းငုံ့ကာ စောင့်ဆိုင်းနေသည်။

"ဘာကိစ္စလဲ" ဟု ချန်မုက တည့်တည့်တိုးတိုး မေးလိုက်သည်။

ယင်ယန်ကောင်းကင်နတ်မင်းသည်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဝံ့ဘဲ "ကျွန်တော့်ရဲ့ဆရာကို ကယ်တင်ပေးဖို့ စီနီယာ့ကို တောင်းဆိုချင်လို့ပါ" ဟု တည့်တည့်ပြောလိုက်သည်။

"အော်... ဒါဆို သူ တကယ်ပဲ မသေသေးဘူးပေါ့" ဟု ချန်မုက ယင်ယန်ကောင်းကင်နတ်မင်းကို လှည့်ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။

ယင်ယန်ကောင်းကင်နတ်မင်းက "ဆရာက အဲဒီတုန်းက ရန်သူနဲ့ ရင်ဆိုင်ရချိန်မှာ တကယ်တော့ နယ်စပ်မြစ်ကြီးထဲမှာ သေဆုံးခဲ့တာပါ…ဒါပေမဲ့ ဆရာက အဲဒီတုန်းက ထူးခြားတဲ့ ရတနာတစ်ခု ရထားခဲ့လို့ ဝိညာဉ်အသိစိတ် တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အလွှာနှစ်ဆယ့်ရှစ်လွှာ လေဟာနယ်ထဲကို ကျဆင်းသွားခဲ့တာပါ" ဟု ရှင်းပြသည်။

ချန်မုက စဉ်းစားဟန်ဖြင့် "အသိစိတ်တစ်စိတ်တစ်ပိုင်းက အလွှာနှစ်ဆယ့်ရှစ်လွှာ ထဲမှာပုန်းအောင်းနေတာလား…ဒါဆိုရင်တော့ မသေတာ မဆန်းပါဘူး" ဟု ဆိုသည်။ အလွှာနှစ်ဆယ့်ရှစ်လွှာသည် သူတော်စင်နတ်မင်းများ၏ နယ်ပယ်ဖြစ်သည်။ သူကဲ့သို့ ဝိညာဉ်လမ်းစဉ် တာအိုသခင်၏ ထူးခြားချက်ကြောင့်သာ အလွှာနှစ်ဆယ့်ရှစ်လွှာထဲသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်ပြီး သာမန် တာအိုသခင်များအတွက်မူ ထိုသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

"သူ့ရဲ့ ဝိညာဉ်အသိစိတ်က အလွှာနှစ်ဆယ့်ရှစ်လွှာထဲမှာ ရှိနေပြီး ဘယ်တာအိုသခင်ကမှ သူ့ကို မခြိမ်းခြောက်နိုင်ဘူးဆိုရင် ငါက ဘာကို ကယ်ပေးဖို့ လိုသေးလို့လဲ" ဟု ချန်မုက မေးသည်။

ယင်ယန်ကောင်းကင်နတ်မင်းက "ဆရာက အဲဒီရတနာကို သုံးပြီး ဝိညာဉ်အသိစိတ်ကို ပုန်းအောင်းထားနိုင်ပေမဲ့ အဲဒီကနေ ပြန်ထွက်လာလို့ မရပါဘူး….တစ်ယောက်ယောက်က ကူညီမှသာ ရမှာပါ… မဟုတ်ရင် အဲဒီမှာပဲ အမြဲတမ်း ပိတ်မိနေမှာပါ" ဟု ပြန်ဖြေသည်။

ချန်မုက "ဒါဆိုရင် မင်း ငါ့ဆီ လာတာ လူမှားနေပြီ….အလွှာနှစ်ဆယ့်ရှစ်လွှာကနေ ကယ်ထုတ်ဖို့ဆိုရင် သူတော်စင်နတ်မင်းကပဲ လုပ်နိုင်တာ" ဟု ဆိုသည်။

ယင်ယန်ကောင်းကင်နတ်မင်းက "ဆရာက မနေ့က ကံကြမ္မာဆက်နွှယ်မှုကနေတစ်ဆင့် ကျွန်တော့်ဆီ အသိပေးပြီး စီနီယာ့ဆီမှာ အကူအညီတောင်းဖို့ ပြောခဲ့တာပါ" ဟု ဆိုသည်။

ချန်မုက ပြုံးလိုက်ပြီး "ဒီ ရွှမ်လင်တာအိုမိတ်ဆွေက ဝိညာဉ်အသိစိတ်လေးပဲ ကျန်နေပေမဲ့ ရွှမ်လင်ကမ္ဘာမှာ ဘာတွေ ဖြစ်နေလဲဆိုတာကိုတော့ သိနေသေးတာပဲ" ဟု ဆိုသည်။ ရွှမ်လင်ကမ္ဘာသခင်သည် ချန်မု၏ လက်ရှိ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်လမ်းစဉ် တာအိုသခင် အစစ်အမှန်ဖြစ်ကြောင်း သိရှိနေ၍သာ သူ့ကို လာရောက်အကူအညီတောင်းခိုင်းခြင်း ဖြစ်ပေမည်။

ထို့နောက် ချန်မုက "အလွှာနှစ်ဆယ့်ရှစ်လွှာထဲကနေ ကယ်ထုတ်ဖို့ ငါ့မှာ နည်းလမ်းရှိတာတော့ အမှန်ပဲ… ဒါပေမဲ့ ရွှမ်လင်တာအိုမိတ်ဆွေက ရွှမ်လင်ကမ္ဘာသခင် ဖြစ်ခဲ့ပြီး ငါ့အပေါ်မှာ ကျေးဇူးအနည်းငယ်ရှိခဲ့ဖူးပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး" ဟု ဆိုသည်။ ချန်မုသည် သူ၏ ကျင့်ကြံမှုတစ်လျှောက်တွင် အကူအညီအများစုကို မြေအောက်ကမ္ဘာနှင့် စနစ်တို့မှသာ ရရှိခဲ့သဖြင့် ရွှမ်လင်ကမ္ဘာသခင်နှင့် ကံကြမ္မာဆက်နွှယ်မှုမှာ အလွန်နည်းပါးလှပေသည်။

ယင်ယန်ကောင်းကင်နတ်မင်းသည် ခဏတာ မှင်တက်သွားပြီးနောက် တစ်စုံတစ်ဦး၏ အသံပေးပို့မှုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားကာ "ဆရာက စီနီယာ ကူညီပေးမယ်ဆိုရင် လေဟာနယ် အဖိုးတန်ရတနာတစ်ခုကို ကျေးဇူးဆပ်ဖို့ အဆင်သင့်ရှိပါတယ်" ဟု အလျင်အမြန် ပြောလိုက်သည်။

"လေဟာနယ် အဖိုးတန်ရတနာ တစ်ခုလား..." ဟု ချန်မုက စဉ်းစားလိုက်သည်။ အပြည့်အစုံရှိသော လေဟာနယ် အဖိုးတန်ရတနာတစ်ခုမှာ အမှန်တကယ်ပင် တန်ဖိုးကြီးလှပေသည်။

နောက်ဆုံးတွင် ချန်မုက "ကောင်းပြီလေ... ရွှမ်လင်တာအိုမိတ်ဆွေရဲ့ ကျေးဇူးကို ထောက်ထားပြီး တစ်ကြိမ်တော့ ကူညီပေးပါ့မယ်" ဟု ဆိုလိုက်သည်။

ယင်ယန်ကောင်းကင်နတ်မင်းက ဝမ်းသာအားရဖြင့် "စီနီယာ ဘယ်တော့ သွားမှာလဲ" ဟု မေးရာ ချန်မုက "အခုပဲ" ဟု ပြောလျက် ယင်ယန်ကောင်းကင်နတ်မင်းကို ခေါ်ဆောင်သွားတော့သည်။

ချန်မုသည် ယင်ယန်ကောင်းကင်နတ်မင်းကို ခေါ်ဆောင်ကာ နယ်စပ်မြစ်ကြီးသို့ ရောက်ရှိလာပြီး လေဟာနယ် အလွှာနှစ်ဆယ့်ခုနစ်လွှာအထိ တစ်ဟုန်ထိုး ဆင်းသက်သွားသည်။

"ဘယ်အရပ်မှာလဲ" ဟု ချန်မုက မေးသည်။

ယင်ယန်ကောင်းကင်နတ်မင်းသည် အနီးနားရှိ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်ဖိအားများကြောင့် အလွန်ထိတ်လန့်နေရသည်။ ချန်မုက သူ့ကို ခေါ်ဆောင်ကာ အလွှာနှစ်ဆယ့်ခုနစ်လွှာထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းမှာ ကျော်ကြားနေသော 'မဟာစွမ်းအားရှင်များနှင့် ယှဉ်နိုင်သူ' မဟုတ်ဘဲ အမှန်တကယ်ပင် ဝိညာဉ်လမ်းစဉ် တာအိုသခင် အစစ်အမှန် ဖြစ်ကြောင်း သူ သိရှိသွားတော့သည်။

ယင်ယန်ကောင်းကင်နတ်မင်းက ဆရာ့ထံမှ အသိပေးချက်ကို စောင့်ဆိုင်းပြီးနောက် အရပ်မျက်နှာကို ညွှန်ပြရာ ချန်မုက ထိုအရပ်ရှိ အလွှာနှစ်ဆယ့်ရှစ်လွှာ အစွန်အဖျားသို့ ရောက်ရှိလာသည်။ ထို့နောက် ချန်မုက ယင်ယန်ကောင်းကင်နတ်မင်းကို အပြင်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီးနောက် မိမိကိုယ်တိုင် အလွှာနှစ်ဆယ့်ရှစ်လွှာထဲသို့ အတင်းအဓမ္မ ဝင်ရောက်သွားတော့သည်။

အလွှာနှစ်ဆယ့်ရှစ်လွှာသည် အလွန်ကျယ်ဝန်းလှရာ ရွှမ်လင်ကမ္ဘာသခင်၏ ဝိညာဉ်အသိစိတ်ကို ရှာဖွေရန်မှာ ခက်ခဲလှပေသည်။ ချန်မုသည် ထိုအရပ်တွင် အမှတ်အသားများကို ဖြန့်ကြက်ရင်း နှစ်ပေါင်း ထောင်ချီတိုင်အောင် ရှာဖွေခဲ့ရသည်။

နောက်ဆုံးတွင် နှစ်ပေါင်း တစ်သောင်းနီးပါး ကြာမြင့်ချိန်၌ ချန်မုသည် အလွှာနှစ်ဆယ့်ရှစ်လွှာ အနက်ရှိုင်းဆုံးနေရာတွင် လေဟာနယ်နှင့် တစ်သားတည်း ဖြစ်နေသော မီးခိုးရောင် ပုတီးစေ့တစ်ခုကို ရှာတွေ့ခဲ့သည်။ ချန်မုက ထိုပုတီးစေ့ကို လက်ထဲသို့ ယူလိုက်တော့သည်။

All Chapters