အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း (၃၁၄) နတ်ဘုရားတို့၏ လျှို့ဝှက်ပညာရပ်လား
စနစ်၏ စွမ်းအားကို အမှီပြုထားသောကြောင့် ဒုတိယအကြိမ် စမ်းသပ်မှုတွင် ချန်မုသည် ဘဝသံသရာ၏ အစပျိုးချိန်ကတည်းကပင် အသိစိတ် ပြတ်သားစွာဖြင့် နိုးထလာခဲ့၏။
ဤတစ်ကြိမ်တွင်မူ မြေအောက်ကမ္ဘာကြီး၏ စိတ်ဆန္ဒသည် ၎င်း၏ ရန်လိုမှုကို အထင်းသား ဖော်ပြလာခဲ့သည်။ နိုးထရန် ခက်ခဲမှုကို အဆပေါင်းများစွာ မြှင့်တင်ထားရုံမျှမက သံသရာ၏ အစဦး၌ပင် ချန်မုအတွက် ‘သေလမ်း’ ကို အသေအချာ ရွေးချယ်ပေးခဲ့လေသည်။
အကယ်၍ သူသည် အစကတည်းက နိုးထမလာခဲ့ပါက မွေးကင်းစကလေးငယ် တစ်ဦးအနေဖြင့် ဤဘဝတွင် ဧကန်မုချ သေဆုံးရမည်ဖြစ်ပြီး၊ ဖွားမြင်ရန် အခွင့်အရေးပင် ရရှိလိမ့်မည်မဟုတ်ဘဲ နောက်ထပ် သံသရာနွံတွင်းသို့ ထပ်မံ ကျဆင်းသွားပေလိမ့်မည်။ သေဆုံးခြင်းနှင့် နိုးထခြင်းကြား၌ မရုန်းထွက်နိုင်ပါက သံသရာ၏ ထောင်ချောက်အတွင်း ထပ်ခါတလဲလဲ ပိတ်မိသွားနိုင်ခြေ ရှိပေသည်။
သို့ရာတွင် ချန်မုသည် စနစ်၏ စွမ်းအားဖြင့် စမ်းသပ်မှုအတွင်းသို့ ဝင်ရောက်လာသူ ဖြစ်သဖြင့် အစကတည်းကပင် နိုးထနေသည့် အခြေအနေ၌ ရှိနေခဲ့၏။ ယခုအခါ မွေးကင်းစကလေးငယ်၏ ပုံသဏ္ဌာန်မျှသာ ရှိနေသေးသော်လည်း အသိစိတ် နိုးကြားနေသရွေ့ ဤဘေးဒုက္ခများမှာ သူ၏ရှေ့မှောက်၌ အရာမဝင်လှပေ။
ညမှောင်မှောင်အောက်တွင် မိုးစက်မိုးပေါက်တို့သည် တိတ်ဆိတ်စွာ စီးကျလျက်ရှိ၏။
ယုဟန်သည် ရင်ခွင်ထဲမှ ကလေးငယ်ကို တင်းကျပ်စွာ ပွေ့ပိုက်ထားရင်း ခန္ဓာကိုယ်အတွင်း ကြွင်းကျန်နေသော စွမ်းအားတို့ကို အသုံးပြုကာ ကျောက်တုံးကြီးတစ်ခုကို ကျင်းသဖွယ် ထွင်းထု၍ အတွင်း၌ ခိုလှုံလိုက်လေသည်။
မွေးဖွားလာချိန်၌ ပြသခဲ့သော ထူးခြားသည့် ဖြစ်ရပ်များကြောင့် ဤကလေးငယ်မှာ မည်မျှအထိ ထူးကဲလှသည်ကို သူမ ကောင်းစွာ သိမြင်လိုက်ရ၏။ ထို့ကြောင့်လည်း ရင်ခွင်ထဲမှ ကလေးငယ်သည် ငိုယိုခြင်း၊ ဆူပူခြင်း မရှိဘဲ ငြိမ်သက်နေသည့်အတွက် သူမမှာ အလွန်အမင်း အံ့ဩတုန်လှုပ်နေရတော့သည်။
သူမ ငုံ့ကြည့်လိုက်သည့်အခါ ကလေးငယ်မှာ မျက်လုံးလေးမှိတ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသကဲ့သို့ ရှိနေ၏။ သို့သော် သိုင်းဆရာကြီးတစ်ဦးဖြစ်သည့် ယုဟန်သည် ကလေးငယ် အသက်တစ်ခါရှူတိုင်း၌ ကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအားတို့သည် အရှိန်အဟုန်ဖြင့် စီးဝင်လာကာ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်း ခံနေရသည်ကို အာရုံခံမိနေလေသည်။
အသက်တစ်ခါရှူတိုင်းတွင် ရင်ခွင်ထဲမှ ကလေးငယ်သည် ပိုမို အင်အားကြီးမားလာနေ၏။
အကယ်၍ အပြင်လောက၌သာဆိုလျှင် မိစ္ဆာသန္ဓေ သို့မဟုတ် မိစ္ဆာသတ္တဝါ ဟု ကင်ပွန်းတပ်ကာ အုတ်အော်သောင်းနင်း ဖြစ်ကြမည်မှာ ဧကန်ပင်။ ဖွားမြင်ချိန်၌ပင် သိုင်းဆရာကြီး ထျန်းကျီကို ခြေမှုန်းနိုင်ခဲ့သည့် စွမ်းအားမျိုးကို သိရှိသွားပါက မိစ္ဆာနှိမ်နင်းမည် ဟု အကြောင်းပြကာ အင်အားကြီးဂိုဏ်းများက ဝိုင်းဝန်းလုယူကြပေလိမ့်မည်။
ယုဟန်သည် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ ဤနေရာသည် မလုံခြုံသေးပေ။
ထျန်းကျီ ကျဆုံးသွားပြီဖြစ်သော်လည်း ယနေ့ညတွင် သူမကို လိုက်လံလုပ်ကြံနေသူများ၌ နောက်ထပ် သိုင်းဆရာကြီး တစ်ဦးဖြစ်သည့် ထျန်းရှူး ကျန်ရှိနေသေးသည်။ တစ်ဖက်လူ မည်သည့်နေရာ၌ ရှိနေသည်ကို သူမ မသိသော်လည်း ခုနက ဖြစ်ပျက်သွားသည့် ပြင်းထန်သော လှုပ်ရှားမှုများကြောင့် ဝိညာဉ်စွမ်းအားများ ကမောက်ကမ ဖြစ်သွားသည်မှာ သေချာသဖြင့် တစ်ချိန်ချိန်တွင် ဤနေရာကို ရှာတွေ့လာမည်မှာ မလွဲဧကန်ပင်။
ရင်ခွင်ထဲမှ ကလေးငယ်သည် ခုနကကဲ့သို့ ထူးဆန်းသော စွမ်းအားမျိုး ထပ်မံပြသနိုင်ဦးမည်လား သူမ မသိပေ။ မွေးကင်းစကတည်းက ကောင်းကင်နှင့်မြေကြီး တစ်သားတည်း ဖြစ်တည်ခြင်းနယ်ပယ်၌ ရှိနေသော်လည်း ကလေးငယ်မှာ ကြီးထွားရန် လိုအပ်သေးသည်မဟုတ်ပါလား။
ယခု သူမ လုပ်ဆောင်နိုင်သည်မှာ ဤကလေးငယ် မကြီးထွားမီအချိန်အထိ မိမိစွမ်းနိုင်သမျှဖြင့် အသက်ပေးကာ ကာကွယ်ပေးထားရန်သာ ဖြစ်၏။
“ဟူး...”
ယုဟန်သည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး မျက်လုံးကိုမှိတ်လျက် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများကို ထိန်းချုပ်ကာ ဒဏ်ရာများမှ သွေးထပ်မထွက်အောင် တားဆီးလိုက်၏။ ထို့နောက် ကစဉ့်ကလျား ဖြစ်နေသော အတွင်းအားများကိုလည်း ပြန်လည် တည်ငြိမ်အောင် စုစည်းလိုက်လေသည်။
လုပ်ဆောင်ဖွယ်များကို အပြီးသတ်ပြီးနောက် သူမသည် မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ သူမ၏ ဒူးပေါ်၌ ရှိနေသော ကလေးငယ်သည် မျက်လုံးလေး မှိတ်ထားဆဲဖြစ်ပြီး၊ လက်ကလေးနှစ်ဖက်မှာမူ ထူးဆန်းသော တာအိုလက်ဟန်တစ်ခုကို ပြုလုပ်လျက် ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေဆဲပင်။
ယုဟန်သည် ကလေးငယ်ကို ကြည့်ရင်း ငေးမှိုင်နေမိရာမှ သတိပြန်ဝင်လာကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ သူမ၏ ကိုယ်ပေါ်ရှိ စုတ်ပြဲနေသော ဝတ်ရုံနက်ကို ဆုတ်ဖြဲကာ ကလေးငယ်ကို ထုပ်ပိုး၍ သူမ၏ကိုယ်၌ မြဲမြံစွာ ပတ်လိုက်ပြီးနောက် ကျောက်ကျင်းအတွင်းမှ ထွက်ခွာခဲ့လေသည်။
သူမသည် ကမ္ဘာကြီး၏ စွမ်းအားကို အနည်းငယ်မျှ အသုံးပြုကာ ကျဆင်းနေသော မိုးရေစက်များကို ဖယ်ရှားလိုက်၏။ အဝေး၌ လွင့်စင်နေသော ယုဟန်ဓားကို ပြန်လည်ကောက်ယူပြီး ညမှောင်မှောင်အတွင်းသို့ တစ်ဟုန်ထိုး ပြေးထွက် ပျောက်ကွယ်သွားတော့သည်။
ယုဟန် ထွက်ခွာသွားပြီး မကြာမီမှာပင် လူရိပ်တစ်ခုသည် လေထဲ၌ လမ်းလျှောက်လျက် ရောက်ရှိလာ၏။ အနက်ရောင် ဝတ်ရုံကို ခြုံလွှမ်းထားကာ ညမှောင်မှောင်အတွင်း၌ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေလေသည်။ ဝတ်ရုံအောက်တွင်မူ ခြောက်သွေ့နေသော အဖိုးအိုတစ်ဦး၏ မျက်နှာ ရှိနေ၏။ သူသည် ကျောက်ကျင်း အထက်၌ ရပ်တန့်ကာ အောက်မှ အမှတ်အသားများကို ကြည့်ရှုရင်း ထိတ်လန့်အံ့ဩသွားရတော့သည်။
“မဟာသိုင်းဆရာကြီးလား... ဘယ်လိုဖြစ်နိုင်မှာလဲ”
ထျန်းရှူး၏ အကြည့်တို့သည် အဝေး၌ လူသတ်သမားများ ဖုန်မှုန့်ဖြစ်သွားသည့် နေရာကို ဖြတ်ကျော်သွားရင်း တုန်လှုပ်ချောက်ချားသွားမိ၏။ ဤမျှ ကျယ်ပြန့်သော ကမ္ဘာကြီး၏ စွမ်းအားကို ခြယ်လှယ်နိုင်ခြင်းမှာ မဟာသိုင်းဆရာကြီးများသာ တတ်စွမ်းနိုင်သည့် အရာ မဟုတ်ပါလား။
သို့သော် သူသိသလောက်မှာ ချူကျန်း နတ်ဘုရားနန်းဆောင်သည် မနေ့ကပင် ပွင့်သွားပြီဖြစ်ရာ လောက၏ မဟာသိုင်းဆရာကြီး လေးဦးနှင့် ထိပ်တန်း သိုင်းဆရာကြီးများ အားလုံးမှာ ထိုနေရာသို့ သွားနေကြပြီ ဖြစ်သည်။ ဤနေရာ၌ မဟာသိုင်းဆရာကြီး တစ်ဦး ရောက်ရှိနေစရာ အကြောင်းမရှိပေ။
“မဖြစ်နိုင်တာ... ပြီးတော့ ယုဟန်ကလည်း...”
ထျန်းရှူး၏ မျက်ဝန်း၌ ဇဝေဇဝါ ဖြစ်မှုများ ပေါ်ပေါက်လာ၏။
ဤအမှတ်အသားများအရ မဟာသိုင်းဆရာကြီး တစ်ဦးသည် ထျန်းကျီနှင့် လူသတ်သမားများကို သတ်ဖြတ်ကာ ယုဟန်ကို ကယ်တင်ခဲ့ခြင်းဖြစ်၏။ သို့သော် ယုဟန်ကို ခေါ်မသွားဘဲ ဤနေရာ၌သာ ထားရစ်ခဲ့သည်။ ယုဟန်သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပုံရသဖြင့် ဤနေရာ၌ပင် ဒဏ်ရာကို အလျင်အမြန် ကုသပြီးမှ ထွက်ခွာသွားခြင်း ဖြစ်ရမည်။
သူသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ယုဟန် ထွက်ပြေးသွားရာဘက်သို့ အနောက်မှ လိုက်ပါသွားတော့သည်။
ဤဖြစ်ရပ်များမှာ လုံးဝ နားမလည်နိုင်စရာပင်။ လက်ရှိ အခြေအနေအရဆိုလျှင် ယုဟန်သည် တစ်စုံတစ်ခုကို အသုံးပြုလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ မဟာသိုင်းဆရာကြီး၏ စွမ်းအားမျိုး ထွက်ပေါ်လာစေသည့် ကြောက်မက်ဖွယ် လျှို့ဝှက်ပညာရပ် တစ်ခုခုကို အသုံးပြုကာ ထျန်းကျီတို့ကို သတ်ဖြတ်ခဲ့ခြင်းများလား။
အကယ်၍ ထိုသို့သာဆိုလျှင် သူသည် အနောက်မှ မပြတ်လိုက်ရန် လိုအပ်၏။ အဘယ်ကြောင့်ဆိုသော် မဟာသိုင်းဆရာကြီး၏ စွမ်းအားမျိုး ထွက်ပေါ်စေသည့် ပညာရပ်သည် တန်ပြန်သက်ရောက်မှု အလွန် ပြင်းထန်ပေလိမ့်မည်။ ယခုအချိန်၌ ယုဟန်၏ အခြေအနေမှာ အလွန် ဆိုးရွားနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
တိတ်ဆိတ်စွာပင် ထျန်းရှူး၏ ပုံရိပ်သည် မှောင်မိုက်သော ညအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
တောအုပ်အတွင်း၌မူ ရုတ်တရက် ထူးဆန်းသော အလင်းတန်းတစ်ခုသည် ညထဲမှ ပျံသန်းလာပြီး သစ်ပင်အမြောက်အမြားကို တစ်ဝက်မှ ဖြတ်တောက်လိုက်လေသည်။ ယုဟန်၏ ပုံရိပ်သည် တောအုပ်အတွင်းမှ ထွက်ပေါ်လာပြီး အဝေးသို့ အမြန်ဆုံး ထွက်ပြေးနေရ၏။
သူမသည် သိုင်းဆရာကြီး ဖြစ်သလို ကိုယ်ဖော့ပညာ၌လည်း အကျွမ်းကျင်ဆုံး ဖြစ်သော်လည်း ထျန်းကျီနှင့် တိုက်ခိုက်စဉ်က ရရှိထားသော ဒဏ်ရာနှင့် ကလေးမွေးဖွားထားရသဖြင့် အားနည်းနေလေသည်။ အရှိန်အဝါနှင့် အမှတ်အသားများကို ဖျောက်ကွယ်ကာ ပုန်းအောင်းနေခဲ့သော်လည်း နောက်ဆုံးတွင်မူ ထျန်းရှူးက ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
အနောက်ဘက် လေထဲတွင်မူ ထျန်းရှူးသည် လမ်းလျှောက်လျက် လိုက်ပါလာ၏။ လက်ထဲ၌ ညိုမည်းသော ထျန်းရှူးဓားကို ကိုင်ဆောင်ထားကာ အပေါ်စီးမှ ကြည့်လျက်။
“မင်းရဲ့ အခြေအနေကို မင်းလည်း သိမှာပါ။ ငါ့လက်ကနေ လွတ်အောင် ပြေးလို့ မရပါဘူး။”
ယုဟန်က ဘာမှ ပြန်မပြောဘဲ တောအုပ်အတွင်း၌သာ ဆက်လက် ပြေးလွှားနေ၏။
ထျန်းရှူးသည် အနောက်မှ အေးအေးဆေးဆေး လိုက်ပါလာရင်း တစ်ခါတရံ၌ ဓားတစ်ချက်ကို ဝှေ့ယမ်းလိုက်၏။ ၎င်းမှာ သတ်ဖြတ်ရန်မဟုတ်ဘဲ ယုဟန်၏ လမ်းကိုပိတ်ကာ တောအုပ်အတွင်းမှ ထွက်လာအောင် မောင်းထုတ်နေခြင်းသာ ဖြစ်သည်။
သူ၏ စိတ်ထဲ၌ သံသယများစွာ ရှိနေ၏။ ထျန်းကျီ ကျဆုံးသွားသည်ကို သိထားသဖြင့် သူသည် အန္တရာယ် မကြုံချင်ပေ။ အားနည်းနေပုံရသော ယုဟန်အနားသို့ မကပ်ချင်သေးဘဲ အဝေးမှသာ လိုက်လံကာ သူမ၏ ခွန်အားနှင့် အတွင်းအားများ ကုန်ခန်းသွားအောင် အရင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
“ထျန်းကျီ ဘယ်လို သေသွားတာလဲ”
ထျန်းရှူးက အနောက်မှ လိုက်ပါရင်း တည်ငြိမ်စွာ မေးမြန်းလိုက်၏။
ယုဟန်က ဘာမှ ပြန်မပြောပေ။ ထျန်းရှူး အဝေးမှ ခုတ်လိုက်သော ဓားချက်ကို ရှောင်တိမ်းကာ တောအုပ်အတွင်း၌ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
ထျန်းရှူးသည် ခေါင်းယမ်းလိုက်ပြီး ဆက်လက် လိုက်လံနေဆဲပင်။
သူသည် ယုဟန်ကို ရှာတွေ့ပြီးနောက် လိုက်လံနေသည်မှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ အကယ်၍ ယုဟန်၏အနောက်၌ တကယ်ပင် မဟာသိုင်းဆရာကြီး တစ်ဦး ရှိနေပါက သူ့ကို ဤသို့ လိုက်ခွင့် ပေးမည်မဟုတ်ပေ။ ထွက်လာရန်ပင် မလိုဘဲ အရှိန်အဝါ တစ်ချက်လောက် ပြရုံဖြင့် သူသည် ဆုတ်ခွာသွားမည် ဖြစ်သည်။
ဤအခြေအနေက သူ၏ တွက်ချက်မှုကို ပိုမို သေချာစေ၏။ ယုဟန်သည် အလွန် ရှားပါးသော နတ်ဘုရားတို့၏ လျှို့ဝှက်ပညာရပ် တစ်ခုခုကို ရရှိထားသဖြင့် သိုင်းဆရာကြီး အဆင့်ဖြင့် မဟာသိုင်းဆရာကြီး၏ စွမ်းအားမျိုး ထုတ်ပြနိုင်ခြင်း ဖြစ်ရမည်။
“နတ်ဘုရားတို့ရဲ့ လျှို့ဝှက်ပညာရပ်...”
ထျန်းရှူး၏ ရင်ထဲတွင် ရင်ခုန်သံများ လျင်မြန်လာတော့သည်။