အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း (၃၁၆) သူတော်စင်နတ်မင်းများ စုဝေးလာခြင်း
မြေအောက်ကမ္ဘာ၏ အလယ်ဗဟို၊ နယ်စပ်မှတ်တိုင် ကျောက်တိုင်ကြီး၏ အနီး။
အဲ့ချန် သူတော်စင်နတ်မင်းသည် ဟင်းလင်းပြင် လေထဲ၌ ပျံဝဲလျက် ကောင်းကင်ယံကို စူးစိုက်ကြည့်နေ၏။ ခဏအကြာတွင် သူ၏အကြည့်ကို ဘေးနားရှိ ကျောက်တိုင်ကြီးထံသို့ ရွှေ့လိုက်သောအခါ ကမ္ပည်းစာရင်းပေါ်ရှိ နာမည်များ အစီအစဉ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရလေသည်။
“တကယ်ပဲလား”
အဲ့ချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်၏။ လေဟာနယ်သန့်စင်ခြင်း တာအိုသခင်များ၏ အဆင့်သတ်မှတ်ချက်တွင် ယခုအခါ ချန်မု၏အမည်မှာ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။
ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူတစ်ဦးအနေဖြင့် တာအိုသခင်အဆင့်သို့ တက်လှမ်းပြီးသည်နှင့် မြေအောက်ကမ္ဘာလမ်းစဉ်၏ ထိပ်တန်းဆယ်ဦးစာရင်းဝင် ဖြစ်ခဲ့ရာ၊ ပထမအဆင့် စမ်းသပ်မှု သုံးခုကို အောင်မြင်ပြီးနောက် ထိပ်ဆုံးစာရင်းဝင် ဖြစ်လာခြင်းမှာ အလွန်အမင်း အံ့ဩစရာတော့ မဟုတ်ပေ။
“သူ့ရဲ့ နောက်ကြောင်းကို တကယ်ပဲ စိတ်ဝင်စားမိသွားပြီ”
အဲ့ချန်သည် စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီးနောက် မျက်လုံးကိုမှိတ်ကာ လက်ချောင်းများဖြင့် နိမိတ်ဖတ်၍ တွက်ချက်ကြည့်လိုက်၏။
သူတော်စင်နတ်မင်းတစ်ဦးအတွက်မူ ကံကြမ္မာဆက်နွှယ်မှု အနည်းငယ်ရှိရုံဖြင့် အခြားသူတော်စင်နတ်မင်းများက ကံကြမ္မာကို ဖုံးကွယ်မထားပါက အရာအတော်များများကို တွက်ချက်သိမြင်နိုင်ပေသည်။
တစ်လမ်းစဉ်တည်းသား ဖြစ်သလို ခုနကပင် အဝေးမှ လှမ်းကြည့်ဖူးထားသဖြင့် ဤသည်မှာ တွက်ချက်ရန် လုံလောက်သော အခြေအနေပင်။
သို့ရာတွင် အဲ့ချန်ကို အံ့အားသင့်သွားစေသည်မှာ သူ အကြိမ်ကြိမ် တွက်ချက်ကြည့်သော်လည်း ရလဒ်မှာ မြူထုကြီးတစ်ခုကို ကြည့်နေရသကဲ့သို့ မရေမရာ ဖြစ်နေခြင်းပင်။
“ဘယ်လိုဖြစ်လို့လဲ”
အဲ့ချန် မျက်လုံးဖွင့်လိုက်ရာ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။ သူသည် မြေအောက်ကမ္ဘာလမ်းစဉ်တွင် အရှေးအကျဆုံး သူတော်စင်နတ်မင်းများထဲမှ တစ်ဦးဖြစ်ရာ အခြားသူတော်စင်နတ်မင်းများပင်လျှင် သူ့ကို ရိုသေကြောက်ရွံ့ ရပေသည်။
ခုနက တွက်ချက်မှုမှာ သူတော်စင်နတ်မင်းအဆင့် တည်ရှိမှုတစ်ခုက ကံကြမ္မာကို ဖုံးကွယ်ထားလျှင်ပင် အမှတ်အသား အနည်းငယ်မျှကိုတော့ ဖမ်းယူနိုင်ရမည်ဖြစ်သည်။ ယခုမူ နက်ရှိုင်းလှသော မြူထုအတွင်း ကျရောက်နေသကဲ့သို့ ဘာကိုမျှ မမြင်ရဘဲ ဖြစ်နေတော့သည်။
‘ဧကရာဇ်သခင်တစ်ပါးက သူ့အတွက် ကံကြမ္မာကို ဖုံးကွယ်ပေးထားတာလား။ ဒါမှမဟုတ် အရှင်သခင် သုံးပါးထဲက တစ်ယောက်လား။’
အဲ့ချန်၏ မျက်မှောင်များ တဖြည်းဖြည်း ကြုတ်လာတော့သည်။ ဧကရာဇ်သခင် ဆယ်ပါးနှင့် အရှင်သခင် သုံးပါးတို့ကြားတွင် မြေအောက်ကမ္ဘာလမ်းစဉ်ကို စောင့်ကြည့်နေပြီး မြေအောက်ကမ္ဘာ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ကာ အနာဂတ်တွင် ပေါ်ထွက်လာမည့် မြေအောက်ကမ္ဘာအရှင်သခင်အပေါ် လွှမ်းမိုးမှုပြုလိုသူများ ရှိနေသည်မှာ အမှန်ပင်။
သို့သော် အဲ့ချန်ကို တစ်စတစ်စ ထူးဆန်းသွားစေသည်မှာ အချိန်များ ကုန်လွန်သွားသော်လည်း ချန်မုမှာ မြူထုထဲမှ ပြန်ထွက်မလာခြင်းပင်။ လက်ရှိ အခြေအနေအရ တစ်ဖက်လူသည် ပထမစမ်းသပ်မှု သုံးခုကို အောင်မြင်ပြီး သွေးအိုင်အတွင်းသို့ ဝင်ရောက်ရန် အရည်အချင်း ရရှိပြီး ဖြစ်သင့်သည်။
‘သူက စတုတ္ထအလွှာကို ဆက်တက်ဖို့ ကြိုးစားနေတာလား။ သူက သူတော်စင်နတ်မင်းအဆင့်ကို မရောက်သေးဘဲနဲ့ စတုတ္ထအလွှာကို သွားရဲတယ်ပေါ့။’
အဲ့ချန် စဉ်းစားနေစဉ်မှာပင်။
ရုတ်တရက် ကျောက်တိုင်ကြီးပေါ်မှ ပြင်းထန်သော ဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပြန့်နှံ့သွားရာ အောက်ဘက်ရှိ ခြောက်သွေ့နေသော သွေးအိုင်ကြီးအတွင်း၌ပင် လှိုင်းတံပိုးများ ထွက်ပေါ်လာတော့သည်။
“ဒင်”
အဲ့ချန် ထိတ်လန့်တကြား လှည့်ကြည့်လိုက်သောအခါ ကျောက်တိုင်ပေါ်ရှိ နာမည်များတွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ထပ်မံ ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရ၏။
မူလက တာအိုသခင်များ၏ ထိပ်ဆုံးတွင် ရှိနေသော ချန်မု ဟူသော အမည်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရာမှ ရုတ်တရက် အထက်သို့ တစ်ဆင့် မြင့်တက်သွားပြီး သူတော်စင်နတ်မင်းများကို ကိုယ်စားပြုသော နာမည်များကြားသို့ ရောက်ရှိသွားတော့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အဲ့ချန်၏ မျက်နှာတွင် ဖုံးကွယ်မရသော တုန်လှုပ်မှုများ ပထမဆုံးအကြိမ် ပေါ်ထွက်လာ၏။ ချန်မု၏ အမည်မှာ အနက်ရောင် စာလုံးအဖြစ် ရှိနေဆဲ ဖြစ်သဖြင့် သူသည် တာအိုသခင်သာ ဖြစ်နေဆဲဖြစ်ကြောင်း ပြသနေသော်လည်း သူ၏ နာမည်မှာမူ သူတော်စင်နတ်မင်းများ၏ တန်းစီဇယားထဲသို့ ရောက်ရှိသွားခဲ့ပြီ။
ဤသည်မှာ ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ ၎င်းမှာ ချန်မုသည် တာအိုသခင်အဆင့်ဖြင့် မြေအောက်ကမ္ဘာ၏ စတုတ္ထအလွှာ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ပင်တည်း။
ထိုအချိန်မှာပင် ကျယ်ပြောလှသော နယ်စပ်မြစ်ကြီး၏ အရပ်မျက်နှာအသီးသီးမှ သူတော်စင်နတ်မင်းများမှာ မြေအောက်ကမ္ဘာအတွင်းသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြတော့သည်။
ကျောက်တိုင်ကြီး၏ ရှေ့တွင် လူရိပ်တစ်ခု လမ်းလျှောက်လျက် ရောက်ရှိလာ၏။
“အဲ့ချန်”
ထိုလူရိပ်မှာ ကျောက်တိုင်ကြီးနှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ပြီး အဲ့ချန်ကို ကြည့်ကာ မျက်ဝန်းထဲတွင် ကြောက်ရွံ့ရိုသေမှုအချို့ ရှိနေပေသည်။ ယခု လက်ရှိ မြေအောက်ကမ္ဘာတွင် အဲ့ချန်သည် ထိပ်တန်းအဆင့်ရှိသူဖြစ်ကြောင်းမှာ ငြင်းမရသဖြင့် သူတော်စင်နတ်မင်း အချင်းချင်းပင်လျှင် သူ့ကို ရိုသေခန့်ညားကြ ရသည်။
“ကပ်ကမ္ဘာ ဘယ်လောက်တောင် ကုန်လွန်သွားပြီလဲ အဲ့ချန် စီနီယာကြီးက ဝင်စားခြင်းအပေါ် ဘာတွေ ထပ်ပြီး နားလည်သွားပြီလဲ”
နောက်ထပ် လူရိပ်တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဝတ်ရုံဝါကို ဝတ်ဆင်ထားပြီး အဲ့ချန်အပေါ် သိပ်ပြီး ကြောက်ရွံ့ခြင်း မရှိဘဲ စနောက်သော လေသံဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်၏။ အဲ့ချန်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
မကြာမီမှာပင် နောက်ထပ် သူတော်စင်နတ်မင်းများစွာ ရောက်ရှိလာကြပြီး ကျောက်တိုင်ကြီးပေါ်ရှိ အနက်ရောင် စာလုံးဖြင့် ရှိနေသော်လည်း သူတော်စင်နတ်မင်းများ၏ စာရင်းထဲသို့ ရောက်နေသည့် ထူးဆန်းသော အမည်ကို သတိထားမိသွားကြတော့သည်။
“ချန်မု ဟင် ဒါက ဘယ်သူလဲ”
“သူက သူတော်စင်နတ်မင်းအဆင့်ကို မရောက်သေးဘဲ စတုတ္ထအလွှာကို အောင်မြင်သွားတာလား”
“ဒီလူက ဘယ်သူလဲ အရင်က တစ်ခါမှ မကြားဖူးပါဘူး”
လူအချို့မှာ မျက်မှောင်ကြုတ်သွားကြသည်။ အသစ်ရောက်လာသော သူတော်စင်နတ်မင်းများအားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြပြီး နောက်ဆုံးတွင် အားလုံး၏ အကြည့်မှာ အဲ့ချန်ထံသို့ စုပြုံ ရောက်ရှိသွားတော့သည်။