အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း (၃၁၉) သူသည်ကား မြေအောက်ကမ္ဘာ၏ အရှင်သခင်
မြေအောက်ကမ္ဘာ။
ကိုးခုမြောက် အနက်ရောင်မြူထု အလွှာ။
ဤနေရာရှိ မြူထုတို့သည် အစိုင်အခဲဖြစ်လုနီးပါး ထူထပ်လှပြီး အနက်ရောင် သွေးရေကြည်များအလား စီးဆင်းနေကြ၏။
ထိုသွေးရေကြည်များကြားမှ ရုတ်တရက် အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် လူရိပ်တစ်ခုမှာ တဖြည်းဖြည်း ထင်ရှားလာကာ အဖြူရောင်ဝတ်ရုံနှင့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူသည် ကိုးခုမြောက် ဘဝသံသရာကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာသော ချန်မုပင် ဖြစ်၏။
အနက်ရောင် သွေးရေကြည်တို့သည် မကျေမနပ်ဖြစ်နေသယောင် ရှိသော်လည်း စည်းမျဉ်းများ၏ ကန့်သတ်ချက်ကြောင့် ချန်မု၏ရှေ့မှ ဖယ်ခွာပေးလိုက်ရပြီး အထက်သို့တက်မည့် လမ်းတစ်ခုကို ဖွင့်ပေးလိုက်ရလေသည်။
ချန်မုသည် အထက်သို့ မော့ကြည့်လိုက်၏။
ကိုးခုမြောက် မြူထုအလွှာ၏ အဆုံးသတ်တွင် မည်သူမျှ မရောက်ဖူးသေးသော၊ လျှို့ဝှက်ချက်အားလုံး၏ အဖြေရှိရာ နေရာတစ်ခု ရှိနေသည်။
သူသည် အသက်ကို ခပ်ဖွဖွရှူသွင်းလိုက်ပြီး အထက်သို့ လှမ်းတက်လိုက်၏။ မြူထုနက်တို့သည် သူ့ပတ်ဝန်းကျင်၌ ဟိန်းဟောက်ရုန်းကန်နေကြသော်လည်း သူ၏ခြေလှမ်းတိုင်းတွင် နောက်သို့သာ ဆုတ်ခွာသွားကြသည်။ နောက်ဆုံး၌ ချန်မုသည် မြေအောက်ကမ္ဘာကို ဖြတ်ကျော်ကာ ကိုးလွှာမြူထု၏ အဆုံးသတ်၊ လွန်ဟွေ (ဘဝသံသရာ) ၏ အထက်သို့ ရောက်ရှိသွားလေသည်။
မျက်စိရှေ့တွင် မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြောသွားတော့သည်။
မှောင်မိုက်သော မြူထုတို့ မရှိတော့ဘဲ ဖြူဖွေးနေသော ကမ္ဘာငယ်လေးတစ်ခု ပေါ်ထွက်လာ၏။
ဤကမ္ဘာမှာ မကျယ်လှပေ။ အကျယ်အဝန်းအားဖြင့် တစ်လံ၊ တစ်ဆယ်ခန့်သာ ရှိပေသည်။
ထိုဖြူဖွေးနေသော ကမ္ဘာငယ်လေး၏ အလယ်၌ လူရိပ်တစ်ခုမှာ ငြိမ်သက်စွာ ရပ်နေ၏။ သူသည် လျှောက်လှမ်းလာသော ချန်မုကို စိုက်ကြည့်နေပြီး ကပ်ကမ္ဘာပေါင်း ကုဋေကုဋာတိုင်အောင် စောင့်ဆိုင်းနေခဲ့သည့်အလားပင်။
ထိုသူ၏ ရုပ်ရည်မှာ ချန်မုနှင့် တစ်ပုံစံတည်း တူညီလှပေသည်။
“လာပြီလား”
“လာပြီ”
ချန်မုက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
တစ်ဖက်မှ ‘ချန်မု’ က အေးဆေးစွာ မေးမြန်းလိုက်သည်။
“ဘာတွေ သိချင်သေးလဲ”
ချန်မု ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းကာ ရယ်မောလိုက်၏။
“နားမလည်တာတွေ အများကြီး ရှိနေသေးပေမဲ့ မင်းက ငါပဲ၊ ငါကလည်း မင်းပဲလေ။ အရာအားလုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားရင် ငါ အလိုလို သိသွားမှာပဲ။ အင်း... ဒါပေမဲ့ အဲဒီမတိုင်ခင် သိချင်တာ တစ်ခုတော့ ရှိတယ်”
ထိုသို့ပြောရင်း ချန်မုသည် တစ်ဖက်လူ၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်၏။
“ကမ္ဘာမြေကြီးပေါ်က အဲဒီဘဝဟာ ငါတို့ရဲ့ ပထမဆုံးဘဝလား၊ ဒါမှမဟုတ် အဲဒါကလည်း ဘဝသံသရာထဲက တစ်ခုပဲလား”
တစ်ဖက်မှ ချန်မု က ရိုးရှင်းစွာပင် ဖြေကြားသည်။
“ပထမဆုံးဘဝပဲ”
ထို့နောက် သူက သက်ပြင်းတစ်ချက်ချကာ ဆက်ပြော၏။
“ငါ ဒီကို ရောက်လာတုန်းက ဘာမှမရှိတဲ့ အခြေအနေကနေ ဒုက္ခပေါင်းစုံကို ကျော်ဖြတ်ပြီး တစ်လှမ်းချင်း ကျင့်ကြံလာခဲ့တာ။ နောက်ဆုံးမှာ ဧကရာဇ်သခင် ဖြစ်လာတယ်။ အဲဒီနောက်မှာ နောက်ဆုံးခြေလှမ်းကို လှမ်းဖို့ ကြိုးစားခဲ့ပေမဲ့ အလျင်စလို ဖြစ်သွားလို့ မှားယွင်းခဲ့တယ်။ ဒါကြောင့် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး ဝိညာဉ်မှတ်ဉာဏ် တစ်စွန်းတစ်စလေးပဲ ချန်ခဲ့ကာ ဘဝသံသရာထဲ ဝင်ခဲ့ရတာ။ ဘယ်နှစ်ဘဝတောင် ကုန်လွန်သွားပြီလဲ မသိပေမဲ့ နောက်ဆုံးတော့ မင်းကို စောင့်နိုင်ခဲ့ပြီ။ မင်းအတွက်တော့ အများကြီး သက်သာသွားတာပေါ့၊ ငါ ချန်ရစ်ခဲ့တဲ့ အရန်စီမံချက်တွေနဲ့ ဒီကို အားစိုက်စရာမလိုဘဲ ရောက်လာနိုင်ခဲ့တာပဲ မဟုတ်လား”
ချန်မုက ခေါင်းယမ်းလိုက်၏။
“ဒါကလည်း မင်းဖြစ်စေချင်တဲ့ အရာပဲ မဟုတ်လား။ မဟုတ်ရင် မင်း နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့တဲ့ ပထမပိုင်း ဘဝက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ မင်းက မင်းကိုယ်မင်း ပြန်ပြီး မနာလို ဖြစ်နေမှာလား”
တစ်ဖက်မှ ချန်မု က ပြုံးလိုက်သည်။
“မင်း ဒီလိုပြောတော့ ငါ စိတ်အေးသွားပြီ။ ပထမဘဝက မှတ်ဉာဏ်တွေကို ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ထိန်းသိမ်းခဲ့ရတာ၊ ပြီးတော့ မင်း နားလည်အောင် ဒီစမ်းသပ်မှုတွေကို ဖန်တီးခဲ့ရတာ တန်သွားပါပြီ”
တစ်ဖက်က ချန်မုသည် ချန်မု ထံသို့ လျှောက်လှမ်းသွားလိုက်၏။
“မင်း မွေးထားတဲ့ ခွေးက သိပ်တော့ စကားမနားထောင်ဘူးနော်”
ချန်မု က ချန်မုထံသို့ လက်ကမ်းပေးလိုက်ရင်း ဖြေသည်။
“ငါမွေးတာ မဟုတ်ဘူး၊ အမှတ်မထင် ပေါ်လာတာပဲ။ မင်း ကြိုက်တဲ့ကောင်နဲ့ လဲလိုက်ပေါ့”
ချန်မုကလည်း လက်ကို ဆန့်ထုတ်လိုက်၏။
“ကောင်းပြီ”
သူတို့နှစ်ဦး၏ လက်ဝါးချင်းမှာ လေထဲတွင် ထိတွေ့သွားကြသည်။
မှန်တစ်ချပ်ကို လက်ဖြင့် ထိလိုက်သကဲ့သို့ပင် လက်ဝါးချင်းမှာ ကွက်တိ ထပ်တူကျသွားလေသည်။
တိတ်ဆိတ်စွာပင်။
ဖြူဖွေးနေသော အလင်းတန်းများ စတင် မှိန်ဖျော့သွားပြီး ထိုနေရာတစ်ခုလုံး ပြိုကွဲပျက်စီးသွားတော့သည်။ အဖြူရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် အခြားတစ်ဦးသော ချန်မု လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ချန်မု တစ်ဦးတည်းသာ မြေအောက်ကမ္ဘာ၏ အမြင့်ဆုံးနေရာ၌ ရပ်ကျန်ရစ်ခဲ့၏။
သူသည် အောက်ဘက်တွင် လှုပ်ရှားနေသော မြူထုနက်ကြီးကို ငုံ့ကြည့်လိုက်သည်။ မြူထုနက်ကြီးမှာ ၎င်း၏ ကံကြမ္မာကို သိရှိသွားသည့်အလား မကျေမနပ်ဖြစ်လျက် အသံမထွက်သော ဟိန်းဟောက်သံများဖြင့် ရုန်းကန်နေသော်လည်း ချန်မု၏ အကြည့်မှာမူ အေးစက်တည်ငြိမ်နေလေသည်။
ယခုအခါ သူသည် ချန်မု ဖြစ်သလို ကျိုးကျင် လည်း ဖြစ်သည်၊ ထို့အပြင်... သူသည်ကား မြေအောက်ကမ္ဘာ၏ အရှင်သခင် ပင် ဖြစ်တော့သည်။
အဆုံးမရှိလှသော မှတ်ဉာဏ်များ၊ ကပ်ကမ္ဘာပေါင်း ကုဋေကုဋာစာ မှတ်ဉာဏ်များသည် ချန်မု၏ စိတ်အာရုံအတွင်းသို့ အဆက်မပြတ် စီးဝင်လာ၏။ သို့သော် ထိုမှတ်ဉာဏ်များက သူ့အား မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများမှာ မူလကပင် သူ၏ မှတ်ဉာဏ်များ ဖြစ်နေသောကြောင့်ပင်။
မြေအောက်ကမ္ဘာအရှင်သခင် ဆိုသည်မှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ ဘဝ၏ ပထမပိုင်းကို ဖြတ်သန်းခဲ့သူ၊ ဘဝသံသရာ မတိုင်ခင်က မိမိကိုယ်တိုင်ပင် ဖြစ်ပေသည်။
ယခု သူသည် ဘဝသံသရာမှ ပြန်လာသော မိမိကိုယ်တိုင် ဖြစ်သလို၊ ကမ္ဘာမြေကြီးမှ ဤစကြာဝဠာသို့ ရောက်ရှိလာသော မိမိကိုယ်တိုင်ပင် ဖြစ်နေဆဲပင်။
မြေအောက်ကမ္ဘာအရှင်သခင်သည် အရာအားလုံးကို စွန့်လွှတ်ကာ မိမိကိုယ်ကို ဖျက်ဆီးပစ်ခဲ့ပြီး သူ၏ သွေးများကို မြေအောက်ကမ္ဘာ တစ်ခုလုံးသို့ ပျံ့နှံ့စေခဲ့၏။
သူသည် ကိုးခုမြောက် ဘဝသံသရာ စမ်းသပ်မှုများကို ဖန်တီးခဲ့သော်လည်း ထိုစမ်းသပ်မှုများ၏ ရည်ရွယ်ချက်မှာ အခြားသူတစ်ဦးအား မြေအောက်ကမ္ဘာအရှင်သခင် နေရာကို ဆက်ခံစေရန် မဟုတ်ပေ။ ၎င်းမှာ ဘဝသံသရာမှ ပြန်လာသော မိမိကိုယ်ကိုယ်၊ ဘဝသံသရာ၏ အဓိပ္ပာယ်ကို နားလည်စေရန် ဖြစ်၏။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၊ ဘဝသံသရာ အဆက်ဆက်မှ အသိစိတ် အားလုံးမှာ တစ်ဦးတည်းသာ ဖြစ်ကြောင်း နားလည်စေရန် ပင်ဖြစ်၏။
အကယ်၍ ဤအချက်ကို နားမလည်ပါက၊ သံသယရှိနေပါက အတိတ်နှင့် ပစ္စုပ္ပန်မှ ဘဝသံသရာမှတ်ဉာဏ်များမှာ တစ်သားတည်း ဖြစ်မသွားဘဲ တစ်ခုနှင့်တစ်ခု တွန်းကန်နေကြမည်ဖြစ်ကာ အချင်းချင်း အားပြိုင်နေကြပေလိမ့်မည်။
ပေါင်းစပ်လာသော မှတ်ဉာဏ်များကြား၌။
ချန်မုသည် မြေအောက်ကမ္ဘာအရှင်သခင်က တစ်လှမ်းချင်း ကျင့်ကြံကာ ဧကရာဇ်သခင် ဖြစ်လာပုံနှင့် တာအိုနှင့် ပေါင်းစပ်ခြင်း အဆင့်သို့ လှမ်းတက်ပုံ မြင်ကွင်းများကိုသာမက၊ ဘဝသံသရာ အကြိမ်ကြိမ်အတွင်းက မြင်ကွင်းများကိုလည်း မြင်တွေ့လိုက်ရသည်။
သူ မြင်တွေ့လိုက်ရသည်မှာ အချို့သော ဘဝသံသရာမှ မိမိကိုယ်ကိုယ်သည် စနစ်၏ စွမ်းားဖြင့် တာအိုသခင်အဆင့်သို့ ရောက်ရှိကာ မြေအောက်ကမ္ဘာသို့ ရောက်လာပြီး စမ်းသပ်မှုများကို ဖြေဆိုခဲ့ကြဖူး၏။ သို့သော် သူတို့မှာ နောက်ဆုံးတွင် မိမိကိုယ်ကိုယ်နှင့် အားပြိုင်ရင်း ရူးသွပ်သွားခဲ့ကြရသည်။
ထိုအခါတိုင်း မြေအောက်ကမ္ဘာအရှင်သခင်၊ သို့မဟုတ် သူကိုယ်တိုင် ချန်ရစ်ခဲ့သော အရန်စီမံချက် စနစ် က မြေအောက်ကမ္ဘာ၏ စွမ်းအားကို အသုံးပြုကာ ရူးသွပ်သွားသော မိမိကိုယ်ကိုယ်ကို ခြေမှုန်းပစ်ပြီး နောက်ထပ် ဘဝသံသရာတစ်ခုထဲသို့ ထပ်မံ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ဘဝသံသရာများကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရ၏။
ယခုတစ်ကြိမ် ရောက်ရှိလာသော သူသည်ကား အတိတ်အပေါ် မည်သည့် သံသယမျှ မရှိတော့ပေ။ အတိတ်ဘဝ အဆင့်ဆင့်မှာ သီးခြားစီ ဖြစ်နေသော လူများဟု မယူဆတော့ဘဲ အတိတ်အားလုံးမှာ မိမိကိုယ်တိုင်သာ ဖြစ်ကြောင်း နားလည်သွားခဲ့ပြီ။
မိမိကိုယ်တိုင်နှင့် မိမိကိုယ်တိုင်ကြားတွင် နားလည်မှု ရရှိသွားသောအခါ ပဋိပက္ခများ မရှိတော့ပေ။ ဘဝတိုင်း၏ အတွေ့အကြုံများ ကွဲပြားနိုင်သလို၊ စိတ်နေစိတ်ထားများ မတူညီနိုင်သော်လည်း နောက်ဆုံးတွင်မူ ‘ဘဝ’ ဟူသော စာအုပ်ကြီး၏ မတူညီသော အခန်းကဏ္ဍများသာ ဖြစ်ကြပေသည်။
တိတ်ဆိတ်စွာပင်။
ချန်မုသည် စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်၏။
ဤတစ်ကြိမ်တွင်မူ စနစ်မှာ ယခင်ကကဲ့သို့ မျက်နှာပြင်တစ်ခုအဖြစ် ပေါ်မလာတော့ဘဲ သူ၏ရှေ့၌ လွင့်မြောနေသော အလင်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ဤသည်မှာ သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာ၌ ခတ်နှိပ်ထားသော၊ တာအိုနှင့် ပေါင်းစပ်ခြင်း အဆင့်သို့ တက်လှမ်းစဉ် နယ်စပ်မြစ်၏ မူလအစမှ လုယူခဲ့သော ဘဝသံသရာ အာဏာစက် ပင် ဖြစ်၏။
ဤအာဏာစက်သည် နယ်စပ်မြစ်အတွင်းရှိ အရာအားလုံး၏ အထက်၌ ရှိပြီး စည်းမျဉ်းတစ်ခု၏ ဖော်ပြချက်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း အတိတ်က သူသည် စနစ်၏ သဲလွန်စကို မည်သို့မျှ ရှာမတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
စနစ်၏ မူလအစမှာ အရာအားလုံးထက် သာလွန်နေလေသည်။
ဧကရာဇ်သခင်များ၊ အရှင်သခင်များ သို့မဟုတ် မြေအောက်ကမ္ဘာမှ နောက်မှ ပေါ်ထွက်လာသော ကိုယ်ပိုင်စိတ်ဆန္ဒသည်ပင် ဤအာဏာစက်ကို ထိတွေ့နိုင်ခြင်း၊ လွှမ်းမိုးနိုင်ခြင်း မရှိကြပေ။
ချန်မုသည် လက်ကို ဆန့်ထုတ်ကာ ထိုအလင်းစက်လေးကို ဖမ်းဆုပ်လိုက်၏။
ယခုအခါ သူသည် ထိုမျက်နှာပြင်များကို မလိုအပ်တော့ပေ။ စနစ်ဆိုသည်မှာ သူကိုယ်တိုင် ဖန်တီးခဲ့သော အရန်စီမံချက်သာ ဖြစ်သည်။
“အရင်က စွမ်းအားတွေထဲက ဒီလောက်ပဲ ကျန်တော့တာလား၊ ဧကရာဇ်သခင် အဆင့်ကို ပြန်ရောက်ဖို့တောင် အများကြီး လိုနေသေးတယ်...”
ချန်မုက ခေါင်းယမ်းလိုက်၏။
“ဒါပေမဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ သူတော်စင်နတ်မင်းအဆင့်ကို ပြန်ရောက်ဖို့တော့ လုံလောက်ပါတယ်”
သူ၏ စကားအဆုံး၌။
လက်ထဲမှ အလင်းစက်လေးမှာ တိတ်ဆိတ်စွာ ကွဲအက်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ကြီးမားလှသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ချန်မုသည် မျက်လုံးများကို မှိတ်လိုက်ပြီး လေဟာနယ်အတွင်းသို့ ပျော်ဝင်သွား၏။ အချိန်အတော်ကြာမှ သူ၏ ပုံရိပ်မှာ ပြန်လည် ထင်ရှားလာသော်လည်း သူ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမို၍ နက်နဲဆိတ်ငြိမ်သွားခဲ့ပြီ။
စနစ်က စုဆောင်းပေးခဲ့သော ဝိညာဉ်မှတ် များမှာ သူ နားလည်လွယ်အောင် ပြသထားသော ဝိညာဉ်စွမ်းအားများသာ ဖြစ်၏။
နောက်ဆုံးကျန်ရှိနေသော ထိုဝိညာဉ်စွမ်းအားများကို ယခင်က စုဆောင်းထားသည်များနှင့် ပေါင်းစပ်လိုက်သောအခါ ဒုတိယခြေလှမ်းဖြစ်သော သူတော်စင်နတ်မင်းအဆင့်သို့ ပြန်လည်ရောက်ရှိရန် လုံလောက်သွားခဲ့သည်။ ထိုစွမ်းအားများကို စုပ်ယူလိုက်သည်နှင့် သူသည် သဘာဝကျစွာပင် သူတော်စင်နတ်မင်းအဆင့်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ။
စနစ်သည် မည်သည့် ကန့်သတ်ချက်ကိုမဆို ကျော်လွန်ကာ သူ၏ ဝိညာဉ်အဆင့်ကို တိုက်ရိုက် မြှင့်တင်ပေးနိုင်ခြင်းမှာ သူသည် ဤလမ်းစဉ်၏ အထွတ်အထိပ်၌ ရှိခဲ့ဖူးသူ၊ နယ်စပ်မြစ်တစ်ခုလုံးကို အုပ်စိုးခဲ့သော ဝိညာဉ်လမ်းစဉ် ဧကရာဇ်သခင်၊ တာအိုနှင့် ပေါင်းစပ်ခြင်း အဆင့်သို့ လှမ်းတက်ခဲ့သော မြေအောက်ကမ္ဘာ အရှင်သခင် ဖြစ်ခဲ့သောကြောင့်ပင်။
“နည်းနည်းတော့ အားနည်းသေးတာပေါ့”
ချန်မုက အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
“ဒါပေမဲ့ သုံးဖို့တော့ လောက်ပါတယ်”
ထို့နောက် သူသည် ကောင်းကင်ယံထက်မှ အေးဆေးစွာ လှမ်းဆင်းလိုက်ပြီး အောက်ဘက်ရှိ မြေအောက်ကမ္ဘာအတွင်းသို့ ဆင်းသက်သွားတော့သည်။