← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း (၃၂၀) အရှင်သခင်

မြေအောက်ကမ္ဘာ၏ အလယ်ဗဟို။

နယ်စပ်မှတ်တိုင် ကျောက်တိုင်ကြီးသည် အတိတ်က မြေအောက်ကမ္ဘာအရှင်သခင်၏ သွေးများဖြင့် စိမ့်ဝင်နေသော ခြောက်သွေ့သည့် သွေးပင်လယ်ပြင်ထက်၌ ခန့်ညားစွာ တည်ရှိနေ၏။ ကျောက်တိုင်ထက်၌ လတ်ဆတ်သော သွေးရောင်အလင်းတန်းများ တောက်ပနေပြီး ပြင်းထန်သော တုန်ခါမှုများနှင့်အတူ ဖိအားများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။

အဲ့ချန်၊ ကျိုစူး...

မြေအောက်ကမ္ဘာလမ်းစဉ်၏ သူတော်စင်နတ်မင်းများ အပါအဝင် မရေမတွက်နိုင်သော တာအိုသခင်များမှာ ဤနေရာသို့ စုဝေးရောက်ရှိနေကြ၏။

သူတို့၏ မျက်ဝန်းများ၌ ထိတ်လန့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်းနှင့် နားမလည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

“ဘာကြောင့်လဲ...”

အဲ့ချန်သည် ကျောက်တိုင်ကြီးကို ကြည့်ရင်း မှင်တက်နေမိ၏။

ယခုအခါ ကျောက်တိုင်၏ အထွတ်အထိပ်၌ နာမည်တစ်ခုတည်းသာ ကျန်ရှိတော့သည်။ ၎င်းမှာ ‘ချန်မု’ ပင် ဖြစ်၏။

သူနှင့် ကျိုစူးမှာ အဋ္ဌမအလွှာ စမ်းသပ်မှုကို အောင်မြင်ထားသူများ ဖြစ်ကြရာ သူတို့နှစ်ဦးကို ကျော်ဖြတ်ကာ နာမည်က အထက်သို့ ရောက်သွားသည်ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ ချန်မုသည် ကိုးခုမြောက် မြေအောက်ကမ္ဘာ စမ်းသပ်မှုကို အောင်မြင်သွားခြင်း ပင်တည်း။

ယခုအခါ ချန်မုသည် မြေအောက်ကမ္ဘာ၏ အရှင်သခင် ဖြစ်နေပြီဟု ပြော၍ရသလို၊ နောက်ဆုံး အခမ်းအနားဖြင့် နန်းတက်ရန်သာ လိုတော့၏။

“ဘာလို့ တာအိုသခင် အဆင့်လေးနဲ့ ကိုးခုမြောက် စမ်းသပ်မှုကို အောင်မြင်နိုင်ရတာလဲ ငါ ဘာတွေ လိုအပ်နေလို့လဲ လွန်ဟွေ (ဘဝသံသရာ) အပေါ် ငါ့ရဲ့ နားလည်မှုတွေက လုံးဝ မှားယွင်းနေခဲ့တာလား” အဲ့ချန်သည် အဖြေမရှိသော ပုစ္ဆာတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ဇဝေဇဝါ ဖြစ်နေလေသည်။

ဘေးနားရှိ ကျိုစူးသည် ကျောက်တိုင်ကို စိုက်ကြည့်နေရင်းမှ ရုတ်တရက် ရယ်မောလိုက်၏။ ရယ်သံမှာ ပိုမိုကျယ်လောင်လာပြီး နောက်ဆုံး၌ မျက်ရည်များပင် ထွက်လာတော့မည့်အလား ဖြစ်နေသည်။

“ဟား... ဟားဟား မှားကုန်ပြီ အားလုံး မှားကုန်ပြီ ဒါတွေအားလုံးက မှားယွင်းနေခဲ့တာပဲ”

တာအိုသခင် တစ်ယောက်ကတောင် ကိုးခုမြောက် စမ်းသပ်မှုကို အောင်မြင်နိုင်တယ်ဆိုရင် သူတို့ တစ်လျှောက်လုံး ကြိုးစားခဲ့တဲ့ လမ်းကြောင်းတွေက မှားယွင်းနေခဲ့တာပဲ ဖြစ်ရမည်။ လွန်ဟွေအပေါ် သူတို့ရဲ့ နားလည်မှုတွေကလည်း အလွဲလွဲအချော်ချော်တွေ ဖြစ်နေခဲ့တာပေါ့။

ဘဝသံသရာ အကြိမ်ကြိမ် ဝင်စားခြင်းက သူ၏ အသိစိတ်ကို ကွဲထွက်စေခဲ့ပြီး အချိန်တိုင်းမှာ ကစဉ့်ကလျား ဖြစ်နေတဲ့ စိတ်ဆန္ဒတွေက အချင်းချင်း အားပြိုင်နေကြသည်။ သူကိုယ်တိုင်ပင် ကျိုစူး လား၊ ဒါမှမဟုတ် တခြား တစ်ယောက်ယောက်လား ဆိုတာ မဝေခွဲနိုင်တော့ပေ။

ဤစမ်းသပ်မှုအတွက်၊ မြေအောက်ကမ္ဘာ အရှင်သခင် နေရာအတွက် သူသည် ဤကဲ့သို့သော အခြေအနေဆိုးထဲသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။

မှားယွင်းခဲ့ပြီ။

အစကတည်းက မှားယွင်းနေခဲ့တာ။

အစကတည်းက ဤလမ်းကြောင်းမှာ မှားနေမှန်း သိခဲ့လျှင် သူသည် မြေအောက်ကမ္ဘာ အရှင်သခင် နေရာကို စွန့်လွှတ်ပြီး တတိယခြေလှမ်း ဖြစ်သော ဧကရာဇ်သခင် အဆင့်ကို ရောက်အောင် ကြိုးစားခဲ့မည် ဖြစ်သည်။ ယခုကဲ့သို့ နောက်ဆုတ်မရသော အခြေအနေမျိုးသို့ အရောက်ခံမည် မဟုတ်ပေ။

“မဖြစ်ဘူး... ဒီ မြေအောက်ကမ္ဘာ အရှင်သခင် နေရာကို ဘယ်သူ့ကိုမှ အလကား မပေးနိုင်ဘူး...”

ကျိုစူးသည် ရယ်လိုက်၊ ငိုလိုက် ဖြစ်နေသော်လည်း သူ၏ မျက်ဝန်းများ၌ သွေးကြောများ ယှက်သန်းကာ ရူးသွပ်ခြင်းနှင့် ရက်စက်ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာ၏။

သူသည် စမ်းသပ်မှုကို အောင်မြင်ပြီး မြေအောက်ကမ္ဘာ အရှင်သခင် ဖြစ်မှသာ လွန်ဟွေ၏ စွမ်းအားနှင့် အာဏာစက်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက သူသည် ဤနေရာ၌သာ ထာဝရ ပိတ်မိနေပြီး ဧကရာဇ်သခင် လမ်းစဉ်သို့ တက်လှမ်းရန်လည်း အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ချန်မုက စမ်းသပ်မှုကို အောင်မြင်သွားပြီ ဆိုသော်လည်း သူသည် တာအိုသခင် အဆင့်သာ ရှိနေသေးသဖြင့် မြေအောက်ကမ္ဘာကြီး၏ စွမ်းအားကို အပြည့်အဝ ခံနိုင်ရည် ရှိချင်မှ ရှိမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူ့အတွက် အခွင့်အရေး ကျန်နေသေးသည်ပေါ့။

'ဝှစ်'

ကျိုစူး၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံရှိ မြူထုနက်ကြီးဆီသို့ ပျံတက်သွားတော့သည်။

ချန်မုသည် စမ်းသပ်မှု အောင်မြင်ပြီးနောက် သွေးအိုင်အတွင်းသို့ ရောက်ရှိလာကာ မြေအောက်ကမ္ဘာ ကျောက်တိုင်ကို အပိုင်သိမ်းပြီး အရှင်သခင် အဖြစ် နန်းတက်မည်မှာ သေချာလှသည်။ ထို့ကြောင့် ထိုအရာများ မဖြစ်လာမီ သူက တားဆီးရမည် ဖြစ်၏။

ကျိုစူး သူတော်စင်နတ်မင်း ကောင်းကင်သို့ ပျံတက်သွားခြင်းက မြေအောက်ကမ္ဘာလမ်းစဉ်၏ အခြားသော သူတော်စင်နတ်မင်းများကိုလည်း လှုပ်ခတ်သွားစေသည်။ အားလုံးက ကျိုစူး၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်လိုက်ကြ၏။

အချို့ကတော့ နေရာမှာပင် မှင်တက်လျက် ကျန်ရစ်နေခဲ့သော်လည်း။

အချို့ကမူ အံကိုတင်းတင်းကြိတ်ကာ ကောင်းကင်သို့ ပျံတက်ပြီး ကျိုစူးအနောက်သို့ လိုက်ပါသွားကြတော့သည်။

မြေအောက်ကမ္ဘာလမ်းစဉ်၏ သူတော်စင်နတ်မင်း ဆယ်ဂဏန်းခန့် ရှိသည့်အနက် အချို့က ကျောက်တိုင်ရှေ့၌ မှင်တက်နေကြပြီး၊ အချို့က ခါးသီးစွာ ပြုံးနေကြသလို၊ အချို့ကမူ မကျေမနပ်ဖြစ်လျက် နောက်ဆုံးအကြိမ် တားဆီးရန် ကျိုစူးနှင့်အတူ ပျံတက်သွားကြလေသည်။

အချို့လူများကမူ ကောင်းကင်ကို ကြည့်လိုက်၊ ကျောက်တိုင်ရှေ့၌ လှုပ်ရှားမှုမရှိဘဲ ရပ်နေသော အဲ့ချန်ကို ကြည့်လိုက် ဖြစ်နေကြ၏။

သို့သော် အဲ့ချန်မှာ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ပေ။

အစောပိုင်းက ချန်မု စမ်းသပ်မှုများကို တစ်ခုပြီးတစ်ခု အောင်မြင်နေစဉ်က သူ၏ သတ်ဖြတ်လိုစိတ်မှာ ကျိုစူးထက်ပင် ပိုမို ပြင်းထန်ခဲ့သည်။ ကျိုစူးမှာ ရူးသွပ်နေပြီး စကားကို ပေါ့ပေါ့တန်တန် ပြောနေခြင်း ဖြစ်ကြောင်း သိသဖြင့် သူက ဝင်မပါခဲ့ခြင်း ဖြစ်၏။ ယခုအချိန်သို့ ရောက်သောအခါတွင်မူ သူသည် သက်ပြင်းတစ်ချက်သာ ချလိုက်မိတော့သည်။

သူ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်များ အကုန်အစင် ပျောက်ကွယ်သွားသလို၊ မကျေနပ်မှုများပင် လျော့ပါးသွားခဲ့ပြီ။

“အခွင့်အရေး မရှိတော့ဘူး”

အဲ့ချန်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

အကယ်၍ တစ်ဖက်လူက ဝိညာဉ်လမ်းစဉ် တာအိုသခင် တစ်ယောက်သာ ဆိုလျှင် ဘယ်လောက်ပဲ လက်ဝင်နေပါစေ၊ မြေအောက်ကမ္ဘာ သူတော်စင်နတ်မင်းများ အားလုံး ပူးပေါင်းလိုက်လျှင် သတ်ပစ်ရန်မှာ မခက်ခဲလှပေ။

သို့သော် တစ်ဖက်လူက စမ်းသပ်မှု အားလုံးကို အောင်မြင်ပြီးသူ ဖြစ်နေ၏။ သူသည် နန်းတက်ပွဲ မပြုလုပ်ရသေးသလို မြေအောက်ကမ္ဘာကြီး၏ စွမ်းအားကို အပြည့်အဝ မရရှိသေးသော်လည်း၊ ဤ မြေအောက်ကမ္ဘာ အတွင်း၌မူ သူ့ကို သတ်နိုင်စရာ အကြောင်းမရှိတော့ပေ။

အဲ့ချန်၏ တွက်ချက်မှုကို အတည်ပြုပေးလိုက်သည့်အလား။

ခဏအကြာတွင်။

မြေအောက်ကမ္ဘာ ကျောက်တိုင်ထက်၌ လတ်ဆတ်သော သွေးရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး၊ ထိပ်ဆုံးရှိ ချန်မု၏ အမည်ပေါ်မှ အနက်ရောင် စာလုံးမှာ တစ်စတစ်စ ပျောက်ကွယ်သွားကာ အတွင်းမှ နီရဲတောက်ပသော အရောင်များ ထွက်ပေါ်လာပြီးနောက် နောက်ဆုံး၌ နီရဲသော အမည်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

“ကိုးခုမြောက် စမ်းသပ်မှုကို အောင်မြင်ပြီးတဲ့သူက ဒုတိယခြေလှမ်းကို ဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေမလဲ” အဲ့ချန်က တိုးတိုးလေး ရေရွတ်လိုက်၏။

အနီးအနားရှိ မြေအောက်ကမ္ဘာ သူတော်စင်နတ်မင်းများမှာလည်း ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များ ဖြစ်ပေါ်နေကြသည်။

'ဝုန်း'

နီရဲသော သွေးရောင်အလင်းတန်းများ ကောင်းကင်ယံ၌ ပေါက်ကွဲထွက်ပေါ်လာပြီး လိပ်တက်နေသော မြူထုနက်ကြီးကို ဆုတ်ဖြဲပစ်လိုက်လေသည်။

လူရိပ် ဆယ်ဂဏန်းခန့်မှာ မြူထုနက်ထဲမှ လွင့်စင်ထွက်လာပြီး၊ မိုးရေစက်များအလား ခြောက်သွေ့နေသော သွေးအိုင်ကြီးအတွင်းသို့ တစ်ဦးပြီးတစ်ဦး ပြုတ်ကျကုန်ကြတော့သည်။

ထိုစဉ် ကောင်းကင်ယံထက်မှ မြေအောက်ကမ္ဘာကို ဆုတ်ဖြဲပစ်နိုင်သည့်အလား ထက်မြက်လှသော ဖြူစင်သည့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြူထုနက်ကြီးကို ဖြတ်ကျော်ကာ မြေပြင်သို့ ထိုးဆင်းလာရာ၊ ကျိုစူး၏ ပုံရိပ်မှာ မြူထုထဲမှ လွင့်စင်လာပြီး ကျောက်တိုင်နှင့် မလှမ်းမကမ်းသို့ ပြုတ်ကျသွားလေသည်။

“အဟွတ်... အဟွတ်...”

ကျိုစူး၏ ခန္ဓာကိုယ်မှာ ပျက်စီးနေပြီး သွေးများကို အန်ထုတ်နေရ၏။

ကောင်းကင်ယံထက်၌မူ အဖြူရောင်အလင်းတန်းများ ရစ်ပတ်နေသော လူရိပ်တစ်ခုမှာ အောက်သို့ အေးဆေးစွာ ဆင်းသက်လာပြီး သွေးအိုင်အလယ်ရှိ ကျောက်တိုင်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာလေသည်။ သူ၏ အရှိန်အဝါများက အရပ်မျက်နှာအသီးသီးသို့ လွှမ်းခြုံထား၏။

ကျောက်တိုင်ကြီးမှာ တုန်ခါနေသလို သွေးပင်လယ် တစ်ခုလုံးမှာလည်း လှုပ်ခတ်နေသည်။ ကာလကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသော မြေအောက်ကမ္ဘာကြီးသည် နောက်ဆုံး၌ ၎င်း၏ အစစ်အမှန် အရှင်သခင်ကို ကြိုဆိုခွင့် ရရှိလိုက်ပြီ ဖြစ်၏။

“ငါ မကျေနပ်ဘူး”

ကျိုစူးသည် အသည်းအသန် ရုန်းကန်ရင်း ဟိန်းဟောက်လိုက်ကာ၊ လက်နှစ်ဖက်ကို မြှောက်လျက် နီရဲသော လှံရှည်ကြီးတစ်ခုကို ကိုင်ဆောင်ကာ ချန်မုထံသို့ အစွမ်းကုန် ပစ်လွှတ်လိုက်သည်။ ၎င်းမှာ စကြဝဠာ ကြယ်စင်မြစ်ကြီးကိုပင် ဖောက်ထွင်းနိုင်သည့် စွမ်းအားရှိသော ဟင်းလင်းပြင် ရတနာတစ်ခု ဖြစ်၏။

လွင့်စင်သွားကြသော သူတော်စင်နတ်မင်းများမှာလည်း အသည်းအသန် ပြန်ထလာကြပြီး မိမိတို့၏ အစွမ်းကုန် တိုက်ကွက်များကို ထုတ်ဖော်လျက် ချန်မုထံသို့ ပစ်လွှတ်လိုက်ကြတော့သည်။

သို့သော် ပြည့်နှက်နေသော ထိုတိုက်ကွက်များကို ချန်မုက ကြည့်ပင်မကြည့်ပေ။

သူ၏ ခန္ဓာကိုယ်မှာ တိတ်ဆိတ်စွာပင် ဟင်းလင်းပြင်အလား ပျော်ဝင်သွားပြီး ထိုတိုက်ကွက်အားလုံးမှာ သူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်ကာ ကောင်းကင်ယံ အဆုံးသတ်ဆီသို့ ပျံသန်းသွားကြပြီးနောက် ပျောက်ကွယ်သွားတော့သည်။

ယခုအခါ သူသည် ဒုတိယခြေလှမ်းသို့ ရောက်ရှိသွားသော ဝိညာဉ်လမ်းစဉ် သူတော်စင်နတ်မင်း သာမက၊ ပြန်လည်ရောက်ရှိလာသော မြေအောက်ကမ္ဘာအရှင်သခင် ဖြစ်သလို၊ အရှေးအကျဆုံးသော ဧကရာဇ်သခင်များထဲမှ တစ်ဦးလည်း ဖြစ်သည်၊ မြေအောက်ကမ္ဘာကို စတင်ဖန်တီးခဲ့သူ ဖြစ်သလို၊ တာအိုနှင့် ပေါင်းစပ်ခြင်း အဆင့်သို့ လှမ်းတက်ခဲ့ဖူးသော အရှင်သခင် လည်း ဖြစ်နေပေပြီ။

ကျိုစူးနှင့် အခြားသူများကို သူ လုံးဝ ဂရုမစိုက်ပေ။

မည်သည့် တာအိုပညာရပ်နှင့် အစွမ်းများကိုမျှ သူ အရေးမစိုက်ပေ။

သူသည် သွေးအိုင်အတွင်း စုဝေးနေကြသော တာအိုသခင်များနှင့် သူတော်စင်နတ်မင်းများ၏ အကြည့်များအောက်တွင် မြေအောက်ကမ္ဘာ၏ အလယ်ဗဟိုရှိ ကျောက်တိုင်ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ ကျောက်တိုင်၏ အထွတ်အထိပ်ရှိ မိမိ၏ အမည်ရှေ့သို့ ရောက်သောအခါ လက်ကို ဆန့်ထုတ်ကာ ကျောက်တိုင်ကို ထိတွေ့လိုက်၏။

'ဘုန်း'

ကျောက်တိုင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် မြေအောက်ကမ္ဘာ တစ်ခုလုံးမှာ လှုပ်ခါသွားပြီး အဆုံးမရှိသော ဟင်းလင်းပြင်ကြီးအတွင်း၌ လှိုင်းတံပိုးများ ဖြစ်ပေါ်စေကာ၊ ကျယ်ပြောလှသော နယ်စပ်မြစ်ကြီး တစ်ခုလုံးကိုပါ တုန်ခါသွားစေခဲ့သည်။ နယ်စပ်မြစ်၏ ရေပြင်မှာပင် ပြင်းထန်စွာ လှိုင်းထန်သွားရလေသည်။

သွေးရောင်အလင်းတန်းများ ကျောက်တိုင်ထက်မှ ဖြာထွက်လာပြီး သွေးရောင် နေဝင်ချိန်အလား ကောင်းကင်ယံမှ မြူထုနက်ကြီးကို ဖောက်ထွင်းကာ၊ ထူထပ်လှသော မြေလွှာများကို ကျော်လွန်ပြီး မြေအောက်ကမ္ဘာ၏ ထောင့်တိုင်းကို လင်းထိန်သွားစေတော့သည်။

သွေးရောင်အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင်။

ကာလကြာရှည်စွာ တည်ရှိနေခဲ့သော ကျောက်တိုင်ကြီးလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သလို၊ အဲ့ချန်၊ ကျိုစူး နှင့် အခြားသော သူတော်စင်နတ်မင်းများမှာ မြေအောက်ကမ္ဘာကြီးနှင့် ဆက်သွယ်ထားသော အာဏာစက် အနည်းငယ်မှာလည်း လုံးဝ ပြတ်တောက် ပျောက်ကွယ်သွားတော့သည်။

ဤအခိုက်အတန့်တွင် မြေအောက်ကမ္ဘာလမ်းစဉ်၏ သူတော်စင်နတ်မင်းများနှင့် တာအိုသခင်များ ပိုင်ဆိုင်ထားသော မြေအောက်ကမ္ဘာ၏ အာဏာစက် အားလုံးသည် သူတို့ထံမှ ပျောက်ကွယ်သွားပြီး အကုန်အစင် ပြန်လည် သိမ်းဆည်းခြင်း ခံလိုက်ရလေသည်။

အာဏာစက် အားလုံးသည် လူတစ်ဦးတည်းထံသို့သာ စုစည်းသွားခဲ့ပြီ။

ပျောက်ကွယ်သွားသော ကျောက်တိုင်နေရာ၌ ချန်မု တစ်ဦးတည်းသာ တည်ငြိမ်စွာ ရပ်နေ၏။ ယခုအခါ သူ၏ အရှိန်အဝါမှာ မြေအောက်ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီ ဖြစ်ရာ၊ ထိုဖိအားကြောင့် တာအိုသခင်များမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး သူတော်စင်နတ်မင်းများပင်လျှင် ကြောက်ရွံ့တုန်ယင်နေကြရတော့သည်။

မြေအောက်ကမ္ဘာအရှင်သခင် ပေါ်ထွန်းလာခဲ့ပြီ။

မဟုတ်ပေ။

တိတိကျကျ ပြောရလျှင် ယခင်က မြေအောက်ကမ္ဘာအရှင်သခင်သည် ဘဝသံသရာမှ ပြန်လည် ရောက်ရှိလာခြင်း ပင်တည်း။

ချန်မု၏ အကြည့်များမှာ မြေပြင်ကို ဖြတ်ကျော်ကာ၊ ကောင်းကင်ကို ကျော်လွန်ပြီး မြေအောက်ကမ္ဘာ၏ ထောင့်တိုင်းသို့ ရောက်ရှိသွားသည်။ မြေအောက်ကမ္ဘာ၏ အရာအားလုံးမှာ သူ၏ လက်ဖဝါးအတွင်း၌ ရှိနေပြီး စိတ်တိုင်းကျ စေခိုင်းနိုင်ပြီ ဖြစ်၏။ ဤသည်မှာ သူကိုယ်တိုင် ဖန်တီးခဲ့သော ကမ္ဘာ မဟုတ်ပါလား။

“ငါ မကျေနပ်ဘူး...”

ကျိုစူးသည် သွေးအလိမ်းလိမ်းဖြင့် ဤမြင်ကွင်းကို ကြည့်ရင်း ဟိန်းဟောက်နေ၏။ သူ၏ မျက်ဝန်းထဲတွင် ကွဲထွက်နေသော စိတ်ဆန္ဒများမှာ ရုန်းကန်နေကြသည်။

ချန်မု၏ အကြည့်မှာ နောက်ဆုံး၌ သူနှင့် အခြားသော မကျေမနပ် ဖြစ်နေကြသည့် သူတော်စင်နတ်မင်းများထံသို့ ရောက်ရှိသွားပြီးနောက်၊ လက်ကို ညင်သာစွာ မြှောက်ကာ တစ်ချက် ဝှေ့ယမ်းလိုက်၏။

စက္ကူပေါ်မှ အစွန်းအထွင်းများကို ဖျက်ပစ်လိုက်သည့်အလား၊ သို့မဟုတ် စာလုံးများကို ပွတ်တိုက်လိုက်သည့်အလားပင်။

ဟိန်းဟောက်နေသော ကျိုစူး၏ ပုံရိပ်မှာ တိတ်ဆိတ်စွာပင် မှေးမှိန်သွားပြီး ပျောက်ကွယ်သွားတော့သည်။ သူ မည်မျှပင် ရုန်းကန်ပါစေ၊ သူတော်စင်နတ်မင်း၏ စွမ်းအားများ မည်မျှပင် ထွက်ပေါ်ပါစေ၊ နောက်ဆုံး၌ ဘာမှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ။

အခြားသော မကျေမနပ် ဖြစ်နေကြသည့် သူတော်စင်နတ်မင်းများမှာလည်း အချို့က ထိတ်လန့်ကုန်ကြပြီး၊ အချို့က အသနားခံကြသော်လည်း... အားလုံး၏ အမူအရာမှာ ထိုအခိုက်အတန့်၌ပင် ရပ်တန့်သွားကာ၊ နောက်ဆုံး၌ သဲမှုန်များအဖြစ် ပြိုကွဲပျက်စီးသွားပြီး မြေလွှာများအတွင်းသို့ ရောက်ရှိသွားကြတော့သည်။

ကျိုစူးနှင့် အခြားသူများကို ခြေမှုန်းပြီးနောက်။

ချန်မုသည် လက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီး အနီးဆုံး၌ ရှိနေသော အဲ့ချန်ကို ကြည့်လိုက်၏။

အဲ့ချန်မှာလည်း သူ့ကို မော့ကြည့်နေဆဲ ဖြစ်သည်။

နောက်ဆုံး၌ အရာအားလုံးကို လက်ခံလိုက်သည့်အလား၊ အဲ့ချန်သည် ခန္ဓာကိုယ်ကို ညင်သာစွာ ညွှတ်ကာ ချန်မုကို အလေးအမြတ်ပြု ဂါရဝပြုလိုက်လေသည်။

“အဲ့ချန်... မြေအောက်ကမ္ဘာ အရှင်သခင်မင်းကြီးကို ဂါရဝပြုပါတယ်”

အဲ့ချန်၏ လှုပ်ရှားမှုအနောက်တွင်။

အံ့ဩမှင်တက်နေကြသော အခြားသော သူတော်စင်နတ်မင်းများမှာလည်း အိမ်မက်မှ နိုးလာသည့်အလား တစ်ဦးပြီးတစ်ဦး ချန်မုကို အလေးအမြတ်ပြုလိုက်ကြပြီး၊ သွေးပင်လယ်ပြင်ရှိ တာအိုသခင်များမှာလည်း လှိုင်းတံပိုးများအလား ဒူးထောက် အလေးပြုကြတော့သည်။

“မြေအောက်ကမ္ဘာ အရှင်သခင်မင်းကြီးကို... ဂါရဝပြုပါတယ်..”

ချန်မုသည် အကြည့်များကို ပြန်လည် သိမ်းဆည်းလိုက်ပြီး အားလုံးကို ဂရုမစိုက်တော့ဘဲ ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်၏။

တိတိကျကျ ပြောရလျှင် နယ်စပ်မြစ်၏ မြစ်ဖျားခံရာ၊ အရာအားလုံး၏ အစပြုရာ၊ အရာအားလုံး၏ အဆုံးသတ် ရှိရာသို့ လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။

“နောက်ဆုံးတော့ ငါ့အတွက် အစစ်အမှန် စုဆောင်းမှုတွေပဲ ကျန်တော့တယ်”

“စန်းထု၊ စွေ့ရှီး၊ လွန်ဟိုင်... သူတို့ သုံးယောက် လုယူခဲ့တဲ့ အာဏာစက်တွေက အစွမ်းထက်ပေမဲ့ နောက်ဆုံးမှာ သူတို့ ကျရှုံးခဲ့ကြတယ်၊ ငါ တစ်ယောက်ပဲ ဘဝသံသရာကနေ ပြန်လာနိုင်ခဲ့တာ။ အခု အရာအားလုံးကို ငါ နားလည်သွားပြီ၊ နောက်တစ်ခါ ငါ မကျရှုံးစေရဘူး”

ချန်မုသည် ငြိမ်သက်စွာ ရပ်နေ၏။

တာအိုနှင့် ပေါင်းစပ်ခြင်း ဆိုသည်မှာ မိမိ၏ အစိတ်အပိုင်းတစ်ခုကို မြစ်ဖျားခံရာအရပ်၊ စကြဝဠာ အရာအားလုံး၏ မူလအစဆီသို့ ပို့ဆောင်ကာ၊ ထို မူလအစကို ထိတွေ့ပြီး တစ်သားတည်း ဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို မူလအစ၏ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်သွားသည်နှင့် အာဏာစက် တစ်ခုကို ချုပ်ကိုင်နိုင်ပြီး တာအိုနှင့် ပေါင်းစပ်ခြင်း အရှင်သခင် ဖြစ်လာမည် ဖြစ်သည်။

သို့သော် ထို အရှင်သခင် အဆင့်မှာ အမှန်တော့ တစ်ဝက်သာ ရှိသေးပြီး၊ ရှေ့တိုးလမ်းသာ ရှိကာ နောက်ဆုတ်လမ်း မရှိပေ။ ထို မူလအစ အားလုံးနှင့် ပေါင်းစပ်ပြီး မိမိကိုယ်ကိုယ် တည်မြဲအောင် လုပ်နိုင်မှသာ အရာအားလုံးထက် သာလွန်သော လွတ်မြောက်ခြင်း ကို ရရှိမည် ဖြစ်သည်။

မဟုတ်ပါက ထို မူလအစ၏ ဝါးမြိုခြင်းကို ခံရပြီး မိမိကိုယ်ကိုယ် ပျောက်ကွယ်ကာ တာအို၏ အစိတ်အပိုင်း တစ်ခုအဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်၏။

စန်းထုအရှင်သခင်သည် ကျရှုံးခဲ့ပြီး တာအို၏ အစိတ်အပိုင်း ဖြစ်သွားကာ နယ်စပ်မြစ်ပြင်ပ မိစ္ဆာ အဖြစ် ပေါ်ထွက်နေရသည်။

လွန်ဟိုင်အရှင်သခင်လည်း ကျရှုံးခဲ့ပြီး တာအို၏ အစိတ်အပိုင်း ဖြစ်သွားကာ ဟင်းလင်းပြင် မိစ္ဆာ အဖြစ် ပေါ်ထွက်နေရသည်။

စွေ့ရှီး...

ထိုအမျိုးသမီးလည်း ကျရှုံးခဲ့သည်၊ သို့သော် သူမသည် အချိန် အာဏာစက်ကို ချုပ်ကိုင်ထားသဖြင့် အချိန်ကို ပြောင်းပြန်လှန်ကာ မိမိ၏ အစိတ်အပိုင်းတစ်ခုကို အတိတ်ဆီသို့ ပို့ဆောင်နိုင်ခဲ့သည်။ ယခုရှိနေသော စွေ့ရှီးအရှင်သခင်မှာ ထို အရှင်သခင်ကြီး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။

၎င်းမှာ ဘဝသံသရာမှ ပြန်လာသော သူနှင့် ဆင်တူပေသည်။

သို့သော် သူသည် ဘဝသံသရာ အဆင့်ဆင့်ကို အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပြီး ဘဝသံသရာ အာဏာစက်ကိုလည်း အပြည့်အဝ ချုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်ရာ၊ စွေ့ရှီးမှာ မည်သည့် အခြေအနေ ရှိနေသည်ဖြစ်စေ သူသည် သူမထက် နိမ့်ကျမည် မဟုတ်ပေ။

သူသည် ဧကရာဇ်သခင် အဆင့်သို့ ပြန်လည် ရောက်ရှိသွားသည်နှင့် တာအိုနှင့် ပေါင်းစပ်ခြင်း လမ်းစဉ်ကို နောက်တစ်ကြိမ် လျှောက်လှမ်းမည် ဖြစ်ပြီး၊ ဤတစ်ကြိမ်တွင် သူသည် လုံးဝ မကျရှုံးစေရပေ။

“ဘယ်သူ အရင်ရောက်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့”

ချန်မုသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်သွားကာ ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

စွေ့ရှီးမှာ သူထက် ပိုမို ဆုံးရှုံးခဲ့ရသည်များ ရှိနိုင်သော်လည်း သူမသည် သူထက်စောပြီး သူတော်စင်နတ်မင်း အဆင့်သို့ ပြန်ရောက်ခဲ့ကာ စွေ့ရှီးနယ်မြေကို ပြန်လည် ချုပ်ကိုင်နိုင်ခဲ့သဖြင့် ဧကရာဇ်သခင် အဆင့်သို့ ပိုမို နီးစပ်နေပေသည်။

အခြားသော ဧကရာဇ်သခင် ဆယ်ပါးမှာမူ တာအိုနှင့် ပေါင်းစပ်ခြင်း လမ်းစဉ်နှင့် ပိုမို နီးစပ်နေသော်လည်း၊ သူတို့သည် ယခင်က သူနှင့် အတူတူပင်ဖြစ်ပြီး ထိုလမ်းစဉ်ကို လှမ်းတက်ပြီးနောက် ဘာတွေ မြင်တွေ့ရမည် ဆိုသည်ကို မသိကြသေးပေ။ မဆင်မခြင် လှမ်းတက်လိုက်ပါက ကျရှုံးမည့် ကံကြမ္မာသာ ရှိပေသည်။

ထို့ကြောင့်လည်း နယ်စပ်မြစ်ကြီး ပေါ်ထွန်းလာချိန်မှစ၍ သူတို့ လေးဦးသာ ထိုစည်းမျဉ်းကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

ယခုမူ သူသည် အေးဆေးစွာ စောင့်ဆိုင်းရန်သာ လိုတော့သည်။

မြေအောက်ကမ္ဘာကြီး၏ စွမ်းအားနှင့် ဘဝသံသရာ အာဏာစက်ကို အသုံးပြု၍ ဝိညာဉ်စွမ်းအားများကို စုဆောင်းကာ၊ သက်ရှိအားလုံး၏ ဝိညာဉ်များကို အခြေခံအဖြစ် အသုံးပြုပြီး တတိယခြေလှမ်းဖြစ်သော ဧကရာဇ်သခင် အဆင့်သို့ ပြန်လည် ရောက်ရှိရန်မှာ အလွန် ဝေးကွာတော့မည် မဟုတ်ပေ။

All Chapters