အခန်း ၁၇၉
Vol. 18 Ch. 179
Chapter 179
~
အခန်း ၁၇၉ : ချင်ကျင်းရု... " မြို့က လူတွေက ဒီလောက်တောင် တုံးကြတာလား ..."
~
" ဦးလေးတို့ပဲ စားကြပါ.. ကျွန်တော် အခု သိပ်မဆာသေးလို့.. "
ယန်ကျီဝမ်က အမြန် လက်ကာပြလိုက်သည် ။ သူ ပထမ တစ်ခုကိုပင် မနည်း မျိုချလိုက်ရ၏ ။
ဤသည်က လိုရှောင်အဲ လုပ်ဖူးသော ဝက်နံရိုးချိုချဥ်ကြော်ထက် အဆပေါင်းများစွာ ပို၍ ဆိုးသည် ။ သူ မည်သို့မှ ဆက်မစားနိုင်တော့ချေ ။
" အစ်ကိုယန်.. စားလို့မကောင်းဘူးလားဟင်.. "
ချင်ကျင်းရု၏ မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များဖြင့် မျက်ရည်များ လဲ့လာသည် ။
ဤသည်က သူမ၏ အကျွမ်းကျင်ဆုံး လက်ရာဖြစ်ပြီး သူမ မိသားစုဝင် အားလုံးကလည်း အရသာရှိသည်ဟု ချီးကျူးကြသည် ။
" မဟုတ်ပါဘူး.. စားမကောင်းတာ မဟုတ်ဘူး.. ငါ တကယ်ကို သိပ်မဆာသေးလို့ပါ.. "
ယန်ကျီဝမ်က အနေခက်စွာဖြင့် ရှင်းပြလိုက်သည် ။ သူမက စေတနာနှင့် ကျွေးခြင်းဖြစ်၍ စိတ်မကောင်းဖြစ်သွားမည်ကို သူ မလိုလားချေ ။
" တကယ်လား.. "
ချင်ကျင်းရုက ယန်ကျီဝမ်ကို မျှော်လင့်တကြီး ကြည့်ကာ အတည်ပြုရန် ထပ်မေးသည် ။
" တကယ်ပေါ့.. "
ယန်ကျီဝမ်က စိတ်ထဲမပါသော်လည်း ချီးကျူးလိုက်၏ ။
" ကျင်းရုရဲ့ လက်ရာက တကယ်ကောင်းပါတယ်.. နောင်ကျရင် ဘယ်သူကများ ဒီလက်ရာကို စားခွင့်ရမယ့် ကံထူးရှင် ဖြစ်လာမလဲ မသိဘူးနော်.. "
" အစ်ကိုယန်ကလည်း.. "
ချင်ကျင်းရုသည် အချီးကျူးခံလိုက်ရသဖြင့် မျက်နှာလေး နီရဲသွားပြီး မသိစိတ်မှ ပြောလိုက်မိသည် ။
" အစ်ကိုယန် စားရတာ သဘောကျတယ်ဆိုရင် နောက်ဆို ညီမလေး နေ့တိုင်း လုပ်ကျွေးမယ်လေ.. "
ယန်ကျီဝမ်ကို ပထမဆုံးအကြိမ် မြင်ကတည်းက သူမ သဘောကျသွားခဲ့ခြင်းပင် ။
ယန်ကျီဝမ်က အရပ်ရှည်ပြီး ရုပ်ချောရုံသာမက မျက်နှာပေါ်တွင်လည်း အမြဲတမ်း နူးညံ့သော အပြုံးတစ်ခု ရှိနေတတ်သဖြင့် မိန်းမပျိုလေးများကို အလွယ်တကူ ဆွဲဆောင်နိုင်သည် ။
ယန်ကျီဝမ် ဆွံ့အသွား၏ ။
' နေ့တိုင်း လုပ်ကျွေးမယ်.. '
' ဒါ ငါ့ကို သတ်နေတာနဲ့ မတူဘူးလား.. '
ဤကောင်မလေးက သူ့အပေါ် စိတ်ဝင်စားနေကြောင်းကို သူ ရိပ်မိလိုက်သည် ။
ယခုခေတ်ရှိ မိန်းကလေးများက အသက်အရွယ်ငယ်ငယ်နှင့် ရင့်ကျက်တတ်ကြသည်ဟု ဆိုရပေမည် ။ အထူးသဖြင့် တောရွာများမှ မိန်းကလေးများက မြို့သူများထက် ပို၍ သိသာသည် ။
တောရွာများတွင် မိန်းကလေးများက အသက် ဆယ့်လေးဆယ့်ငါးနှစ် အရွယ်ဆိုလျှင် အိမ်ထောင်ပြုကြပြီ ဖြစ်ပြီး အချို့ဆိုလျှင် ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်နှင့်ပင် အိမ်ထောင်ကျနေကြလေပြီ ။
ဤကောင်မလေး သူ့အပေါ် စိတ်ကူးယဥ်ပြီး အချိန်မဖြုန်းစေရန် ယန်ကျီဝမ်က ပြုံး၍ လက်ခါပြကာ ....
" အဲ့လိုတော့ မရဘူးလေ.. ငါ့မိန်းမသာ သိသွားရင် သဝန်တိုနေလိမ့်မယ်.. "
" ရှင်.. "
ချင်ကျင်းရုက အံ့သြတကြီး ရေရွတ်လိုက်သည် ။
" အစ်ကိုယန်.. အ..အစ်ကိုက အိမ်ထောင်ကျပြီးပြီလား.. "
ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည် ။
" လက်ထပ်စာချုပ် သွားလုပ်ထားတာ လနည်းနည်းပဲ ကြာသေးတယ်.. "
" သြော်.. "
ချင်ကျင်းရုက အလွန် စိတ်ပျက်သွားဟန်ဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်သည် ။
သူမ၏ ရင်ထဲတွင် ဖြစ်ပေါ်လာခါစ ရှိသေးသော ခံစားချက်လေးများ လေထဲသို့ လွင့်မျော သွားရချေပြီ ။
ဘေးတွင်ရှိနေသော ချင်ယိုတဲကလည်း သူတို့၏ စကားများကို ကြားသောအခါ အနည်းငယ် နှမြောသွားသည် ။
ဤလူငယ်လေးက မြို့ကဖြစ်သည့်အပြင် ခိုင်မာသော အလုပ်အကိုင်လည်း ရှိပြီး သဘောထားလည်း ပြည့်ဝသည် ။ သူ၏ မိသားစု အခြေအနေကလည်း ကောင်းမွန်လောက်၏ ။
သူ့သမီးသာ ဤလူငယ်နှင့် လက်ထပ်လိုက်ရပါက သူ့မိသားစုကိုလည်း ကူညီနိုင်မည်ဖြစ်ပြီး သူ့သမီး၏ ရှေ့ရေးလည်း ကောင်းမွန်သွားပေမည် ။
ကံမကောင်းစွာဖြင့် သူက အိမ်ထောင်ရှိနေလေပြီ ။
သို့သော် သူ အဓိက ကိစ္စကိုမူ မမေ့သေးပေ ။ သူက ချင်ကျင်းရုကို ပြောလိုက်သည် ။
" သမီး.. မီးဖိုချောင်ထဲသွားပြီး ပန်းကန်လုံးနည်းနည်းလောက် သွားယူလိုက်.. "
ချင်ကျင်းရုက စိတ်ပျက်နေမှုမှ ရုန်းထွက်လိုက်ပြီး ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။
" ပန်းကန်လုံး ယူရမယ်.. "
" သွားယူလိုက်စမ်းပါ.. "
" ဟုတ်.. "
ချင်ကျင်းရုက လှည့်၍ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး မကြာမီပင် ပန်းကန်လုံး အနည်းငယ် ကိုင်၍ ပြန်ထွက်လာ၏ ။
ချင်ယိုတဲက ယန်ကျီဝမ်ကို ကြည့်၍..
" ယန်လေး.. ကြည့်ပါအုံး.. ဒီပန်းကန်လုံးတွေရော ယူအုံးမလား.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ပန်းကန်လုံးများကို ယူ၍ စစ်ဆေးကြည့်လိုက်သည် ။
ဤပန်းကန်လုံးများက ယခင် ပန်းကန်လုံးနှင့် တစ်ဆက်တည်း ဖြစ်ပေလိမ့်မည် ။
( အတူတူ ထုတ်လုပ်တာကို ပြောတာ..)
ထို့ကြောင့် သူက စနစ်၏ ပြန်လည်အသုံးပြုခြင်း လုပ်ဆောင်ချက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်းပင် ပန်းကန်လုံး တစ်လုံးလျှင် ရမှတ် ၅၀ စီ ရနိုင်ကြောင်း တွေ့လိုက်ရသည် ။
သူက ချင်ယိုတဲကို ခေါင်းညိတ်ပြလိုက်ပြီး..
" ဒီပန်းကန်လုံးတွေ အကုန်လုံး ကျွန်တော် ယူမယ်.. "
ချင်ယိုတဲ၏ အိုမင်းနေသော မျက်နှာကြီးက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး တဆက်ဆက်တုန်ရီလာသည် ။
" ယန်လေး.. ပန်းကန်လုံး တစ်လုံးကို ပြောင်းဖူးမှုန့် ၅ ကျင်းပဲလား.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည် ။
" ကောင်းပြီ.. ကောင်းပြီ.. ကောင်းပြီ.. ဒီပန်းကန်လုံးတွေ အကုန်လုံး မင်းကို ရောင်းမယ်.. "
ချင်ယိုတဲက ချင်ကျင်းရုကို ပြောလိုက်သည် ။
" သမီး.. နောက်ထပ် နည်းနည်းလောက် ထပ်ယူခဲ့ပါအုံး.. "
ချင်ကျင်းရုက အကြောင်းရင်းကို နားမလည်သလို သူတို့ ဘာပြောနေကြသည်ကိုလည်း မသိသော်လည်း ပန်းကန်လုံး အနည်းငယ် ထပ်ယူလာခဲ့သည် ။
သို့သော် သေချာ စစ်ဆေးကြည့်ပြီးနောက်..
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ပြောသည် ။
" ဒါတွေကတော့ မလိုတော့ဘူး.. ကျွန်တော်က ခုနကလို ပန်ချီမျိုးလေးတွေမှ သဘောကျတာ.. "
ချင်ယိုတဲ အနည်းငယ် စိတ်ပျက်သွား၏ ။
ထို့နောက် ချင်ကျင်းရု၏ အံ့သြနေသော အကြည့်များအောက်တွင် ယန်ကျီဝမ်က သူ၏ အိတ်ထဲမှ ပြောင်းဖူးမှုန့် ၂၀ ကျင်းကို ဆွဲထုတ်ကာ ချင်ယိုတဲထံသို့ ကမ်းပေးလိုက်သည် ။
" ဒါ.. ပြောင်းဖူးမှုန့်တွေလား.. "
ချင်ကျင်းရုက အိတ်ထဲရှိ ပြောင်းဖူးမှုန့်များကို စူးစိုက်ကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်သည် ။
သူမ ပြောင်းဖူးမှုန့် နောက်ဆုံးစားခဲ့ရသည်မှာ လွန်ခဲ့သော နှစ်လခန့်က ဖြစ်သည် ။
ဤကာလများအတွင်း သူမတို့ မိသားစုသည် တောရိုင်းဟင်းသီးဟင်းရွက် များနှင့် အရွက်ပြုတ်ရည်များကိုသာ စားနေခဲ့ရခြင်း ဖြစ်၏ ။
ယခုရက်ပိုင်းတွင် ရွာပတ်ဝန်းကျင်ရှိ တောရိုင်းဟင်းသီးဟင်းရွက်များကို အကုန်တူးယူပြီးလုနီးပါး ဖြစ်နေပြီဖြစ်၍ မကြာမီ ဟင်းရည်ပင် သောက်ရတော့မည် မဟုတ် ။
" ရှူး.. တိုးတိုးလုပ်စမ်းပါ.. "
ချင်ယိုတဲက အမြန် နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တားလိုက်သည် ။ သူ့မိသားစုတွင် ပြောင်းဖူးမှုန့်ရှိနေကြောင်းကို အခြားသူများ သိသွားပါက သူတို့ မည်သို့ အေးချမ်းစွာ နေနိုင်ပါတော့မည်နည်း ။
ရွာသူရွာသားအချင်းချင်း တစ်စုံတစ်ယောက်က လာချေးပါက ပြဿနာပင် ။ အချင်းချင်း မကူညီ၍လည်း မကောင်းပေ ။
ချင်ကျင်းရုက သူမ၏ ပါးစပ်ကို အမြန် ပိတ်လိုက်သည် ။
ထို့နောက် ယန်ကျီဝမ်ကို ငတုံးတစ်ယောက်အား ကြည့်သလို ကြည့်ကာ ....
" အစ်ကိုယန်.. အစ်ကိုက ပြောင်းဖူးမှုန့်တွေကို သမီးတို့ အိမ်က ပန်းကန်လုံးတွေနဲ့ လာလဲတာလား.. ဒီ ပန်းကန်လုံး နည်းနည်းလေးကိုလေ.. အစ်ကိုကြိုက်ရင် ဒီတိုင်း ယူသွားလိုက်ပါ.. ဒါတွေက ဒီလောက်များကြီး ဘယ်တန်မလဲ.. "
ထိုစကားကို ကြားသောအခါ ချင်ယိုတဲ၏ နှုတ်ခမ်းက တဆက်ဆက် တုန်ရီ သွားသည် ။
သမီးမွေးရသည်မှာ ဆုံးရှုံးမှု သာ ရှိမည် ဆိုသည့်စကားကို သူ လက်ခံချင်သလိုလိုပင် ။
ယန်ကျီဝမ်ကမူ ချင်ကျင်းရုက ရိုးသားသည်ဟု ထင်လိုက်သဖြင့် ပြုံး၍ ရှင်းပြလိုက်သည် ။
" ရပါတယ်.. ငါ ဒီပန်းကန်လုံးတွေကို တကယ် သဘောကျလို့ပါ.. ပြီးတော့ တန်တယ်လို့လည်း ထင်ပါတယ်.. "
ထိုသည်မှ ချင်ယိုတဲ သက်ပြင်းချနိုင်သွား၏ ။
ယန်ကျီဝမ်က အိမ်ရှိ ကျန်သော ပန်းကန်လုံးများကို မယူသည်မှာ နှမြောစရာပင် ။ ထိုသို့သာ ယူခဲ့ပါက စားစရာပိုရနိုင်မည် ဖြစ်သည် ။
ယန်ကျီဝမ်က မေးလိုက်သည် ။
" ဦးလေး.. ရွာထဲက တခြားလူတွေဆီမှာရော ဒီလို ပန်းကန်လုံးမျိုးတွေ ရှိသေးလား.. "
" မင်း ထပ်လိုချင်သေးလို့လား.. "
ချင်ယိုတဲ အံ့သြသွားပြီး ယန်ကျီဝမ်၏ အိတ်ကို တစ်ချက်ကြည့်လိုက်သည် ။
" မင်းဆီမှာ ပြောင်းဖူးမှုန့်ကျန်သေးလို့လား.. "
" နောက်တစ်ခေါက်လာရင် ထပ်ဝယ်လို့ရပါတယ်.. "
" အင်း.. "
ချင်ယိုတဲက ခဏ စဥ်းစားလိုက်ပြီးနောက်....
" ငါ့အစ်ကိုကြီး အိမ်မှာတော့ ရှိလောက်တယ်.. တခြားလူတွေဆီမှာလည်း ရှိနိုင်ပါတယ်.. တကယ်တော့ ဒီပန်းကန်လုံးတွေက ငါတို့ နောက်ဘက် တောင်ပေါ်ကနေ ကောက်ရလာတာတွေချည်းပဲ.. "
ဤနေရာသို့ အရောက်တွင် ချင်ယိုတဲ အနည်းငယ် အနေရခက်သွားဟန်ပေါ်သည် ။
သူ ကောက်ရလာသော ပန်းကန်လုံးများက ယခုကဲ့သို့ ပြောင်းဖူးမှုန့်များစွာ ရနေသဖြင့် သူ အနည်းငယ် ရှက်ရွံ့သွားမိ၏ ။
ဤခေတ်က လူများ၏ စိတ်ထားမှာ ရိုးသားဖြူစင်သည်ဟု ဆိုရမည် ။
သူက ဘာမှမပြောဘဲ နေ၍ရသော်လည်း ဖွင့်ပြောပြခဲ့သည် ။
ယန်ကျီဝမ်က ပြုံး၍ ပြောလိုက်သည် ။
" ရပါတယ် ဦးလေး.. ကျွန်တော် ဒီပန်းကန်လုံးတွေကို တကယ် သဘောကျလို့ပါ.. ရွာထဲက တခြားလူတွေဆီမှာ ရှိသေးတယ်ဆိုရင် ဒီစျေးနဲ့ပဲ အကုန်ဝယ်ပါ့မယ်.. ဘယ်လိုလဲ.. "
ဤသည်က နှစ်ဦးနှစ်ဖက် သဘောတူညီချက် ဖြစ်ရာ အခြားသူများကို အပြစ်တင်၍ မရနိုင်ပေ ။
ထို့အပြင် နောက်ဘက်တောင်ပေါ်မှ ကောက်ရခဲ့သည်ဟု ဆိုသဖြင့် ထိုနေရာတွင် တခြား ရှေးဟောင်းပစ္စည်းများ ရှိနေနိုင်သေးသည် မဟုတ်ပါလော ။
သို့သော် သူတို့က ယခုမှ စတင်သိကျွမ်းကြသူများ ဖြစ်သဖြင့် တိုက်ရိုက် မေးရန် အဆင်မပြေချေ ။
အခြား ရှေးဟောင်းပစ္စည်းများကို အရင်ရအောင် ယူရပေမည် ။
" ဒါ သတင်းကောင်းပဲ.. ငါ့အစ်ကိုကြီးကို အခုချက်ချင်း သွားပြောလိုက်အုံးမယ်.. "
ထိုသို့ပြောပြီးနောက် ချင်ယိုတဲက အလျင်စလို ထွက်သွားသည် ။
ချင်ယိုတဲ ထွက်သွားပြီးနောက် ချင်ကျင်းရုက သူမအဖေ ထိုင်ခဲ့သော နေရာတွင် ဝင်ထိုင်လိုက်၏ ။ သူမက စေတနာဖြင့် အကြံပေးလိုက်သည် ။
" အစ်ကိုယန်.. ဆက်မဝယ်ပါနဲ့တော့လား.. အဲ့ဒီ ပန်းကန်လုံးတွေက နောက်ဘက် တောင်ပေါ်ကနေ ကောက်ရလာတာတွေချည်းပဲ.. ရွာထဲက လူတော်တော်များများလည်း အများကြီး ကောက်ရထားကြတယ်.. အဲ့ဒါတွေ အကုန်လုံးကို လိုက်ဝယ်နေမယ်ဆိုရင် ပြောင်းဖူးမှုန့်တွေ အများကြီးကုန်မှာ နှမြောစရာကြီး.. "
' တကယ် လိမ္မာတဲ့ ကလေးမပဲ.. '
ယန်ကျီဝမ်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ရယ်ကာ ပြောလိုက်သည် ။
" ရပါတယ်.. တကယ်တော့ ငါတို့မြို့က လူတော်တော်များများက ဒီလို လှတဲ့ ကြွေအိုးတွေ ပန်းကန်လုံးတွေကို သဘောကျကြတယ်လေ.. သူတို့က ပိုက်ဆံပေးပြီး ဝယ်ချင်ကြတာ.. "
သူက သူမကို တိုးတိုးလေး ကပ်ပြောလိုက်သည် ။
" ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်.. မင်းအဖေကိုတော့ သွားမပြောနဲ့နော်.. တကယ်တော့ ဒီပန်းကန်လုံး တစ်လုံးကို မြို့ကို ပြန်ယူသွားပြီး ရောင်းလိုက်ရင် အနည်းဆုံး တစ်ယွမ်ခွဲကနေ နှစ်ယွမ်အထိ ရနိုင်တယ်.. အဲ့တော့ ငါက မြတ်တောင် မြတ်သေးတယ်.. "
ချင်ကျင်းရုက အံ့သြတကြီး ရေရွတ်လိုက်သည် ။
" မြို့ကလူတွေ အကုန်လုံးက အဲ့လောက်တောင် တုံးကြတာလား.. ဒီလိုမှန်းသိရင် အဲ့ဒီတုန်းက များများလေး သွားကောက်ထားခဲ့တာပေါ့.. "
" အစ်ကိုယန် စိတ်ချပါ ညီမလေး အဖေ့ကို လုံးဝ မပြောပြဘူး.. "
ယန်ကျီဝမ် ..." ... "
' ထားလိုက်ပါတော့.. ငါတို့ တုံးတယ်ပဲ သဘောထားလိုက်ပါတော့.. '
'ပိုက်ဆံရှာတာက ရှက်စရာမှ မဟုတ်တာလေ ..'