အခန်း ၁၈၂
Vol. 18 Ch. 182
Chapter 182
~
အခန်း ၁၈၂ : ယန်ကျီဝမ်... " ရှာကျူး .. မင်း မိန်းမ လိုချင်လား... "
~
အချိန်များက တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် စက်တင်ဘာလသို့ ရောက်ရှိလာခဲ့သည် ။
၁၉၅၉ ခုနှစ် နောက်ပိုင်းမှ ၁၉၆၁ ခုနှစ်အထိ အချိန်ကာလသည် အငတ်ဘေး အဆိုးရွားဆုံး ကြုံတွေ့ရသော ကာလပင် ။
လအစတွင် လမ်းရုံးမှ ညွှန်မှူးဝမ် ကိုယ်တိုင် လာရောက်ကာ မြို့ပြ ရိက္ခာကို နောက်ထပ် ၂၀ ရာခိုင်နှုန်း ထပ်မံ လျှော့ချမည်ဖြစ်ကြောင်း ကြေညာခဲ့သည် ။
ထို့ကြောင့် ကျေးလက်ဒေသများတွင် အသက်ရှင်ရပ်တည်ရန် ခက်ခဲရုံသာမက မြို့ပေါ်တွင်လည်း အခြေအနေများက ပိုမို ဆိုးရွားလာခဲ့၏ ။
လမ်းမများပေါ်တွင် အလုပ်သွားသူများမှလွဲ၍ တခြား လမ်းလျှောက်သွားလာသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ချေ ။
ခြံဝင်းထဲတွင်လည်း တိတ်ဆိတ်နေပြီး လူရိပ်ပင် မတွေ့ရတော့ ။
ခြံဝင်းတစ်ခုလုံးတွင် ဤအခြေအနေကြောင့် ထိခိုက်မှုမရှိသည့် တစ်ခုတည်းသော မိသားစုမှာ ယန်မိသားစုသာ ဖြစ်ချေသည် ။
ညနေခင်းအချိန်တွင် ယွီလီက သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားတင်း၍ဆွဲကာ အိမ်တံခါးကို တွန်းဖွင့်လိုက်သည် ။
ယန်ကျီဝမ်က စားပွဲတွင် ထိုင်ကာ စာအုပ်ဖတ်နေ၏ ။ သူမ ပြန်လာသည်ကို မြင်လျှင် စာအုပ်ကို ချက်ချင်းချပြီး ဆီးကြိုလိုက်သည် ။
" ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ.. "
သူမ လက်ထဲမှ အဝတ်အိတ်ကို ယူလိုက်ရင်း ယန်ကျီဝမ်က စိုးရိမ်တကြီး မေးလိုက်သည် ။
လမ်းရုံးက များသောအားဖြင့် ငါးနာရီတွင် ပိတ်လေ့ရှိပြီး ပုံမှန်ဆိုလျှင် ယွီလီက ရန်ရွေ့ဟွားကို ညစာကူချက်ပေးရန် အစောကြီး ပြန်လာလေ့ရှိသည် ။
သို့သော် ဒီနေ့တွင် သူမ ခြောက်နာရီထိုးမှ ပြန်ရောက်လာပြီး သူမ၏ မျက်နှာပေါ်တွင်လည်း အလွန် ပင်ပန်းနေပုံပေါ်နေ၏ ။
ယွီလီက သက်ပြင်းချလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူမ၏ ညောင်းညာနေသော ပခုံးများကို ပွတ်သပ်ရင်း ပြောလိုက်သည် ။
" ပြောတောင် မပြောချင်တော့ပါဘူး .. ဒီနေ့ လမ်းရုံးမှာ တအားကို အလုပ်ရှုပ်နေတာ.. အငတ်ဘေးကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် တစ်သုတ် ရောက်လာကြတယ်လေ.. သူတို့ မိသားစုတွေကိုပါ ခေါ်လာကြပြီး အားလုံးက ပိန်ချုံးပြီး ယိုင်နဲ့နဲ့ပဲ ကျန်တော့တယ်... မြင်ရတာ တကယ်ကို သနားစရာကောင်းတယ်.. ဒါပေမဲ့ ကျွန်မတို့ လမ်းရုံးမှာ သူတို့ကို နေရာချပေးဖို့ အရင်းအမြစ်တွေ အဲ့လောက် အများကြီး ဘယ်ရှိပါ့မလဲ.. "
" အခြေအနေက အဲ့လောက်တောင် ဆိုးနေပြီလား.. "
ယန်ကျီဝမ် အနည်းငယ် မျက်မှောက် ကြုတ်လိုက်ပြီး ယွီလီ၏ အနောက်သို့ လျှောက်သွားကာ သူမ၏ ပခုံးများကို နှိပ်နယ်ပေးရင်း မေးလိုက်သည် ။
" ဒါဆို မင်းတို့ လမ်းရုံးက ဘယ်လို စီစဥ်ပေးလိုက်လဲ.. "
လွန်ခဲ့သည့်ရက်ပိုင်းက အဘိုးကြီးနှင့် စကားပြောဖြစ်စဥ်ကလည်း ယခုနှစ်တွင် နောက်ထပ် ပြင်းထန်သော မိုးခေါင်ရေရှားမှု ဖြစ်ပေါ်နေပြီး လယ်ထဲရှိ ကောက်ပဲသီးနှံများ ရှင်သန်နိုင်မည်မဟုတ်ကြောင်း သတင်းစာထဲတွင် ဖတ်လိုက်ရသည်ဟု အဘိုးကြီးက ပြောခဲ့သေးသည် ။ ရိတ်သိမ်းစရာ မရှိပါက ဘဝက သေချာပေါက် ပို၍ ခက်ခဲလာမည် ဖြစ်၏ ။
မျှော်လင့်ထားသည့်အတိုင်းပင် လအစတွင် လမ်းရုံးမှ လူများ ရောက်လာကာ မြို့ပြ ရိက္ခာကို နောက်ထပ် ၂၀ ရာခိုင်နှုန်း လျှော့ချမည်ဟု ကြေညာခဲ့သည် ။ ကျေးလက်ဒေသများတွင် အသက်မရှင်နိုင်တော့သဖြင့် လူများက သူတို့၏ အိမ်များကို စွန့်ခွာကာ မြို့ပေါ်သို့ ထွက်ပြေးလာခဲ့ကြ၏ ။
သူမ ယောက်ျား၏ ကြင်နာမှုကို ခံစားရသောကြောင့် ယွီလီ၏ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုများ များစွာ သက်သာသွားသည် ။ သူမက သက်ပြင်းချကာ ပြောလိုက်သည် ။
" တခြား ဘယ်လို စီစဥ်ပေးရမှာလဲ.. သက်ကြီးရွယ်အိုတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ခိုင်းဖို့ ..ကလေးတွေကိုတော့ ဝန်ထုပ်ဝန်ပိုး နည်းတဲ့ မိသားစုတွေက မွေးစားဖို့ နဲ့ လူငယ် အမျိုးသမီးတွေကိုကျတော့... "
ယွီလီ စကားရပ်သွားပြီး သူမ၏ လေသံက အနည်းငယ် အကူအညီမဲ့နေဟန်ဖြင့် ....
" သင့်တော်တဲ့ လူပျိုတွေနဲ့ သူတို့ကို လက်ထပ်ပေးလိုက်ဖို့ အထက်က ပြောတယ်.. "
" ကျွန်မတို့ တွေက ဟိုဟိုဒီဒီ သွားပြီး လူတွေကို ဖျောင်းဖျပေးရတဲ့ တာဝန်ကို ယူထားရတာ.. ဒါပေမဲ့ ဒီကိစ္စက ဘယ်လိုလုပ်ပြီး လွယ်နိုင်မှာလဲ.. အားလုံးက အခုချိန်မှာ ရုန်းကန်နေကြရတာ.. ကျွေးရမယ့် လူတစ်ယောက်ကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်သူက တိုးချင်မှာလဲ.. ပြီးတော့ မြို့ပြရိက္ခာကလည်း ထပ်အလျှော့ခံလိုက်ရသေးတယ်... အားလုံးက ချွေတာပြီး နေ နေကြရတာ .. "
" ဒီကိစ္စက ကိုင်တွယ်ရ ခက်ခဲမှာ အမှန်ပဲ.. "
ယန်ကျီဝမ်က ခေါင်းအသာ ညိတ်လိုက်သည် ။
ကံကောင်းထောက်မစွာဖြင့် သူ၏ မိသားစုတွင် လူဦးရေများသောကြောင့် လမ်းရုံးက ကလေးမွေးစားရန် သူတို့ကို တောင်းဆိုမည် မဟုတ်ပေ ။ မိန်းမယူရန် ကိစ္စနှင့် ပတ်သက်၍လည်း သူ၏ မိသားစုတွင် ယန်ကျီချန်း တစ်ယောက်သာ အရွယ်ရောက်သူ ရှိသည် ။
သို့သော် ထိုကောင်က အိမ်ခွဲထွက်သွားပြီဖြစ်ကာ ညီအစ်ကိုများကြားတွင်လည်း ဆက်ဆံရေး မကောင်းသောကြောင့် သူ ပြောသည်ကို သေချာပေါက် နားထောင်မည် မဟုတ်ချေ ။
ယန်ကျီဝမ်က အလုပ်ထွက်ပြီး မိသားစုကိုသာ ပြုစုစောင့်ရှောက်ရန် သူမကို ဖျောင်းဖျရန် ပါးစပ်ပြင်လိုက်သည် ။
သို့သော် ယွီလီက ခေါင်းမာသော စရိုက်ရှိပြီး သူမ သဘောတူမည် မဟုတ်ဟု တွေးမိကာ ယန်ကျီဝမ် ဘာမှ ဆက်မပြောတော့ပေ ။
ယွီလီ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏ ။
ယန်ကျီဝမ်က သူမ၏ ပခုံးများကို တိတ်ဆိတ်စွာ နှိပ်နယ်ပေးနေသည် ။ ခဏကြာပြီးနောက် သူက အကြံပြုလိုက်သည် ။
" လီလီ.. ကိုယ်တို့တွေ ခြံဝင်းထဲမှာ ရှာကြည့်ရင်ရော ဘယ်လိုလဲ.. ရှာကျူးက အခုထိ မိန်းမ မရသေးဘူးလေ.. ပြီးတော့ ယီကျုံးဟိုင်ရဲ့ မိသားစုမှာလည်း ကလေးမှ မရှိတာ.. သူတို့ကို ဖျောင်းဖျကြည့်ရင် အဆင်ပြေနိုင်တယ်.. "
ယွီလီ ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု လက်သွားသော်လည်း ချက်ချင်းပင် ပြန်လည် မှေးမှိန်သွားသည် ။
" ရှာကျူးရဲ့ စိတ်ကို ရှင်လည်း သိတာပဲ.. သူ လက်ခံပါ့မလား.. ပြီးတော့ ယီကျုံးဟိုင်ကလည်း သူတို့ မိသားစုမှာ ကလေးမရှိပေမဲ့လို့ တကယ်လို့ မွေးစားချင်တယ်ဆိုရင် အခုချိန်ထိ စောင့်နေမှာ မဟုတ်ဘူးလေ.. "
ယန်ကျီဝမ်က သူမ၏ လက်ကို ဆုပ်ကိုင်ရင်း ပြုံးလိုက်သည် ။
" ကြိုးစားကြည့်မှ သိမှာပေါ့.. ပြီးတော့ ရှာကျူးက လက်မခံချင်တာ မဟုတ်ပါဘူး.. သူက လှတဲ့သူကိုမှ လိုချင်နေတာလေ.. သူ့အတွက် လှတဲ့သူ တစ်ယောက်ကို ရှာပေးလိုက်ရင် ပြီးရော မဟုတ်ဘူးလား.. ယီကျုံးဟိုင်ရဲ့ မိသားစု အတွက်ကတော့.......... "
ယန်ကျီဝမ် စကားရပ်သွားပြီး အကူအညီမဲ့ဟန်ဖြင့် ဆက်ပြောသည် ။
" သူ့ မိသားစုအတွက်ကတော့ သိပ်မျှော်လင့်ချက် မရှိတာ အမှန်ပဲ.. အဲ့အဘိုးကြီးက အဆင့်သင့် ရှိပြီးသားကို အမြတ်ထုတ်ဖို့လောက်ပဲ ချောင်းနေတာ... သူ့ကို ဖျောင်းဖျဖို့က အရမ်းခက်လိမ့်မယ်.. "
" ဒီလိုလုပ်ကြတာပေါ့.. ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်.. သူတို့ကို သွားပြီး စကားပြော ကြည့်ကြတာပေါ့.. "
ယွီလီ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည် ။
" ဒါဆိုရင်လည်း......... ရှာကျူးတို့အိမ် အရင် သွားရအောင်.. ဘာပဲဖြစ်ဖြစ် သူက လူပျိုကြီးပဲလေ.. သူ သဘောတူချင်လည်း တူမှာပါ.. "
သူတို့နှစ်ယောက် အမြန်သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ညစာ မစားသေးဘဲ ထွက်လာခဲ့ကြသည် ။
ခြံဝင်းကြီးက တိတ်ဆိတ်နေ၏ ။ ညစာ ချက်ပြုတ်ပြင်ဆင်ရန် အလုပ်ရှုပ်နေသူများမှလွဲ၍ ကျန်လူအားလုံးနီးပါးက အိပ်ရာပေါ်တွင် လှုပ်ရှားမှု မရှိဘဲ လှဲနေကြသည် ။
သူတို့က အလယ်ခြံဝင်းရှိ ရှာကျူး၏ အိမ်သို့ ရောက်လာကြသည် ။
တံခါးက ဟဟလေး ဖြစ်နေပြီး အတွင်းမှ ဒယ်အိုးကို ယောင်းမဖြင့် ခေါက်သံများ ကြားနေရ၏ ။
ယန်ကျီဝမ်က တံခါးကို ခေါက်ကာ လှမ်းခေါ်လိုက်သည် ။
" ရှာကျူး.. မင်း အိမ်မှာ ရှိလား.. "
" ဘယ်သူလဲ.. "
ရှာကျူး၏ ကြမ်းတမ်းသော အသံက အတွင်းမှ ထွက်ပေါ်လာပြီးနောက် တံခါး ပွင့်သွားကာ အိုမင်းရင့်ရော်နေသော မျက်နှာတစ်ခု ပေါ်လာသည် ။
သူက လက်ထဲတွင် ယောင်းမကို ကိုင်ထားပြီး ညစ်ပတ်နေသော ခါးစည်းကို ဝတ်ဆင်ထားကာ ဟင်းချက်နေဆဲဖြစ်ကြောင်း သိသာပေ၏ ။
ယန်ကျီဝမ်တို့ လင်မယားကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည် ။
' ဒီခွေးမသားက ဘာလို့ ငါ့ကို လာရှာရတာလဲ.. ပြီးတော့ နှစ်ယောက်လုံး အတူတူ.. မကြာသေးခင်က သူ့ကို ငါ မစော်ကားမိပါဘူး.. '
သို့သော် သူက ဂုဏ်သိက္ခာကို ဂရုစိုက်သူ တစ်ဦးဖြစ်သောကြောင့် တစ်ဖက်လူက ပြဿနာရှာရန် လာလျှင်ပင် သူ၏ အမူအရာက အားနည်းနေ၍ မဖြစ်နိုင်ဟု တွေးလိုက်သည် ။
သူက တင်းမာသော မျက်နှာဖြင့် မေးလိုက်၏ ။
" ကိစ္စ ရှိလို့လား.. "
" မင်းနဲ့ စကားနည်းနည်း ပြောစရာရှိလို့ပါ.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး..
" ဘာလဲ.. ငါတို့ကို အထဲ မဖိတ်တော့ဘူးလား.. "
ရှာကျူး ခဏ တုံ့ဆိုင်းသွားပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်သည် ။
" ဝင်ခဲ့လေ.. အခန်းက ရှုပ်ပွနေတယ်.. ဂရုမစိုက်နဲ့.. "
အခန်းက အနည်းငယ် ရှုပ်ပွနေပြီး ဘယ်အချိန်ကတည်းက ပုံထားမှန်းမသိသော မဆေးရသေးသည့် ပန်းကန်များက စားပွဲပေါ်တွင် ရှိနေကာ ကြမ်းပြင်ပေါ်တွင် ဟင်းသီးဟင်းရွက် အရွက်အချို့နှင့် ခုတင်ပေါ်တွင် လဲလှယ်ရန် အဝတ်အစား အချို့ ရှိနေသည် ။ လူပျိုကြီး တစ်ယောက်နှင့် အတော်လေး လိုက်ဖက်နေ၏ ။
ရှာကျူးက ယောင်းမကို ချထားလိုက်ပြီး ကုလားထိုင် နှစ်လုံးကို ယဥ်ကျေးစွာ ဆွဲယူလာပေးသည် ။
" ထိုင်ကြ.. ပြောစရာရှိတာသာ ပြော.. "
ယွီလီနှင့် ယန်ကျီဝမ်တို့က အချင်းချင်း အကဲခတ်လိုက်ကြသည် ။ ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" ရှာကျူး.. မင်း မိန်းမလိုချင်လား.. လိုချင်တယ်ဆိုရင် ငါ မင်းအတွက် တစ်ယောက် ခေါ်လာပေးမယ်.. "
ရှာကျူး လန့်သွားပြီး အံ့သြတကြီး ပြောလိုက်သည် ။
" မင်း ဘာပြောလိုက်တယ်.. ခုနက သေချာ မကြားလိုက်လို့.. ပြန်ပြောပြလို့ ရမလား.. "
ယန်ကျီဝမ်က ထပ်ပြောပြလိုက်ရသည် ။
" မင်း မိန်းမလိုချင်လားလို့ မေးနေတာ.. "
ဤတစ်ကြိမ်တွင်တော့ ရှာကျူး သေချာ ကြားသွားပြီး သံသယဖြင့် ပြောလိုက်သည် ။
" ယန်လာအာ.. မင်း ဘယ်တုန်းက အဲ့လောက် သဘောကောင်းသွားတာလဲ.. "
သူတို့ နှစ်ယောက်က ရန်ဘက်များဟု သတ်မှတ်နိုင်ပြီး ကူညီစရာ အကြောင်းမရှိ ။ ထို့အပြင် ယန်ကျီဝမ်က သူနှင့် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ဖူးသည် ။
သို့သော် ယခုတော့ ဤကောင်က ရောက်လာပြီး သူ့အတွက် မိန်းမရှာပေးချင်သည်ဟု ပြောနေသည်လော ။
တကယ်လို့ တခြားသူ တစ်ယောက်သာဆိုလျှင် သူ ယုံကြည်နိုင်ကောင်းသော်လည်း ယန်လောင်အာ၏ စကားများကိုတော့.......
" အာ.. မင်းက လူကြီးလူကောင်း တစ်ယောက်ကို မင်းရဲ့ သေးသိမ်တဲ့ စံနှုန်းတွေနဲ့ အကဲဖြတ်နေတာပဲ.. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည် ။
" ဘာပဲဖြစ်ဖြစ် ငါတို့တွေက ခြံဝင်း တစ်ခုတည်းမှာ အတူတူ ကြီးပြင်းလာကြတဲ့ ညီအစ်ကိုတွေပဲလေ.. မင်း အသက်ဒီလောက် ကြီးနေပြီကို အခုထိ မိန်းမမရသေးတာ မြင်တော့ ငါ မင်းအတွက် စိတ်မကောင်းဖြစ်မိလို့ပါကွာ.. "
" အိ..."
ထိုစကားကို ကြားသောအခါ ယွီလီ ရယ်ချင်စိတ်ကို မနည်း အောင့်အီးထားလိုက်ရသည် ။
မသိသောသူများသာဆိုလျှင် သူတို့ကြားတွင် ဆက်ဆံရေး အရမ်းကောင်းသည်ဟု ထင်သွားကြချေမည် ။
သူမ ယောက်ျား၏ ပါးစပ်က တကယ်ကို.........
" ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့.. "
ရှာကျူးက ဤမျှ လွယ်လွယ်ဖြင့် အရူးအလုပ်ခံရမည် မဟုတ်ချေ ။ သူက လက်ဝှေ့ယမ်းကာ အေးစက်စက် ပြောလိုက်သည် ။
" မင်းမှာ ပြောစရာရှိရင် ပြော.. မရှိဘူးဆိုရင်လည်း ကျေးဇူးပြုပြီး ထွက်သွားပေး.. ငါ ဟင်းချက်ဖို့ အလုပ်ရှုပ်နေတယ်.. "
" အေးပါ အေးပါ.. "
သူ စကားလမ်းကြောင်း လွှဲမရကြောင်း မြင်သောအခါ ယန်ကျီဝမ်က တည့်တည့်ပင် ပြောလိုက်သည် ။
" တကယ်တော့ ဒီလိုပါ.. မကြာသေးခင်က အငတ်ဘေးကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် အများကြီး လမ်းရုံးကို ရောက်လာကြတယ်.. လမ်းရုံးက သူတို့ကို နေရာချပေးဖို့ နည်းလမ်းတွေ ရှာနေတယ်လေ.. အဲ့ဒီအထဲမှာ လူလွတ် အမျိုးသမီးတချို့ ပါလာတယ်.. သင့်တော်တဲ့ လူပျိုတွေနဲ့ သူတို့ကို လက်ထပ်ပေးလိုက်ဖို့ အထက်က အမိန့်ပေးထားတယ်.. ဒီသတင်းကို ကြားကြားချင်းပဲ မင်းကို သတိရသွားတာ.. ငါက တကယ့် ညီအစ်ကိုကောင်း မဟုတ်ဘူးလား.. "
ထိုသည်ကို ကြားပြီးနောက် ရှာကျူး နားလည်သွားသည် ။ မည်းမှောင်နေသော မျက်နှာဖြင့် သူက ပြောလိုက်သည် ။
" ယန်လောင်အာ.. မင်း ငါ့ကို ဒုက္ခရောက်အောင် လုပ်ချင်နေတာလား.. "