အခန်း ၁၈၅
Vol. 18 Ch. 185
Chapter 185
~
အခန်း ၁၈၅ : ယွီ မိသားစု၏ အခြေအနေ
~
နောက်တစ်နေ့ မနက်စောစောတွင် ယန်ကျီဝမ်သည် သူ၏ သုံးဘီးဆိုင်ကယ်ကိုနင်းကာ ယွီလီကို သူမ၏ မိဘအိမ်သို့ လိုက်ပို့ပေးလိုက်သည်။
ယွီလီ ကိုယ်ဝန်ရှိနေသော သတင်းကို သူတို့နှစ်ဦးလုံး မိသားစုထံ အမြန်ဆုံး မျှဝေချင်နေကြသည်။ အလုပ်ကိစ္စအတွက် ယန်ကျီဝမ်က ယန်ဖူကွေ့ကို လမ်းရုံးနှင့် စကားပြောပေးရန် အကူအညီတောင်းလိုက်ပြီး ယန်ဖူကွေ့ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။
လမ်းတစ်လျှောက်တွင် ယွီလီက တစ်ဖက်ဖြင့် ယန်ကျီဝမ်၏ ခါးကိုဖက်ထားပြီး ကျန်တစ်ဖက်ဖြင့် မထင်ရှားသေးသော သူမ၏ ဗိုက်ကို ပွတ်ကာ မိသားစုဝင်များ ဤသတင်းကို ကြားလျှင် မည်မျှ ပျော်ရွှင်ကြမည်ကို တွေးတောနေမိသည်။
သို့သော် ယွီမိသားစုအိမ်သို့ ရောက်သောအခါ အဖေယွီ၏ မျက်နှာက ပင်ပန်းနွမ်းနယ်ပြီး ခါးသီးနေပုံရကာ အမေယွီ၏ မျက်နှာကလည်း စိုးရိမ်ပူပန်နေမှုများ အထင်းသားပင် ။ ယခင်ကထက် ပို၍ ပိန်သွားကြသဖြင့် သူတို့နှစ်ဦး၏ စိတ်ထဲတွင် အေးစက်သွားသည်။
ဆူညံသံကို ကြားသဖြင့် အမေယွီ မော့ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသော သူမ၏သမီးနှင့် သမက်ကို မြင်လိုက်ရ၏။ အမေယွီက ပြုံးရန် အတင်းအကျပ် ကြိုးစားလိုက်သော်လည်း သူမ၏ မျက်ဝန်းများတွင် ပင်ပန်းမှုနှင့် အားကိုးရာမဲ့နေသည့် အရိပ်အယောင်တို့ ထင်ဟပ်နေသည်။
"အမေ.. အဖေ.. သမီးတို့ ပြန်ရောက်ပြီ.."
သံသယအနည်းငယ် ရှိနေသော်လည်း ယွီလီက ပြုံးကာ ရှေ့သို့တိုးပြီး သူမ၏ အမေကို လက်မောင်းမှ တွဲလိုက်သည်။ ယွီအမေက သူမ၏သမီး လက်ကို ညင်သာစွာ ပုတ်လိုက်ပြီး အသံအနည်းငယ် တုန်ရီကာ...
"ပြန်ရောက်လာတာ ဝမ်းသာပါတယ်.. တကယ်ကို ဝမ်းသာပါတယ်..."
အဖေယွီက အဓိကဧည့်ခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သမီးနှင့် သမက်ကို မြင်သောအခါ ပြုံးလိုက်သော်လည်း တည့်တည့် မကြည့်ချေ ။ သူထရပ်လိုက်ပြီး...
"ကျီဝမ်.. လီလီ.. ဝင်လာပြီး ထိုင်ကြကွာ.."
အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် အခြေအနေကြောင့် ယန်ကျီဝမ် တစ်ခုခုမှားနေကြောင်း ရိပ်မိလိုက်သည်။ သို့သော် အဖေယွီသည် ဂုဏ်သိက္ခာကို အလွန်အရေးထားတတ်သူမှန်း သူသိသဖြင့် တိုက်ရိုက်မမေးပေ။
ယွီလီက ပြုံးပြီး...
"အဖေ.. အမေ.. သမီးတို့ ဒီတစ်ခါ ပြန်လာတာ သတင်းကောင်း ပြောပြစရာ ရှိလို့ပါ.."
ယွီလီက ရှက်ရွံပျော်ရွှင်စွာဖြင့်...
"အဖေ.. အမေ.. သမီးမှာ ကိုယ်ဝန်ရှိနေပြီ.."
ထိုစကားကို ကြားသောအခါ အမေယွီ၏ မျက်နှာပေါ်မှ ပင်ပန်းမှုများ ရုတ်ချည်း ပျောက်ကွယ်သွားပြီး မျက်လုံးများတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်သွားကာ...
"တကယ်လား.. တကယ်ပဲလား.. အရမ်းဝမ်းသာတာပဲ.."
သူမက သမီးလက်ကို ဆုပ်ကိုင်ထားပြီး ခေါင်းအစခြေအဆုံး ကြည့်ကာ စိုးရိမ်ဟန်ဖြင့်...
"ကျန်းမာရေးရော ကောင်းရဲ့လား.. မသက်မသာ ဖြစ်တာမျိုးရော မရှိမှတ်ဘူးလား.."
သမီးဖြစ်သူ ကလေးမရနိုင်သေး၍ သူမ အချိန်အတော်ကြာ စိုးရိမ်နေခဲ့ရသည်။ ယခု သမီးကိုယ်ဝန်ရှိသွားပြီဖြစ်၍ သူမ၏ ရင်ထဲတွင် လေးလံနေသော ကျောက်တုံးကြီးတစ်ခု ပေါ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယွီလီက ခေါင်းခါ၍ ပြုံးလိုက်ပြီး...
"အမေ.. သမီး ကျန်းမာပါတယ်.. မစိုးရိမ်ပါနဲ့.."
အဖေယွီက စိတ်သက်သာရာရဟန်ဖြင့် ပြုံးလိုက်သော်လည်း ခါးသီးသော အရိပ်အယောင်က ပျောက်ကွယ် မသွားသေးပေ ။ သူက သမီးနှင့် သမက်ကို ကြည့်ကာ တစ်ခုခု ပြောချင်သလိုလို ဖြစ်နေသည်။ ဤသည်ကို မြင်သောအခါ အမေယွီ ဒေါသထွက်သွား၏။
'ဒီအဘိုးကြီးကတော့လေ.. မိသားစုက ဒီလိုအခြေအနေ ရောက်နေတာတောင် ဂုဏ်သိက္ခာကိုပဲ အရေးထားနေသေးတယ်.. တကယ့်ကို...'
ယန်ကျီဝမ်သည် အဖေယွီ၏ အမူအရာကို သတိပြုမိလိုက်သည်။ သူ စိတ်ထဲမှ ခေါင်းခါလိုက်ပြီး သူတို့ဘာသာ ထုတ်ပြောရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်သည်။
ရွေးချယ်စရာ မရှိတော့သဖြင့် သူကပဲ အစပြု၍ မေးလိုက်သည်။
"အဖေ.. ဒီရက်ပိုင်း မိသားစုမှာ ဘာအခက်အခဲများ ရှိနေလို့လဲ.."
အဖေယွီ၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး အားနာဟန်ဖြင့် ပြုံးကာ...
"ဘာ.. ဘာမှ မရှိပါဘူး.. ငါတို့ အဆင်ပြေပါတယ်.. မင်းတို့နှစ်ယောက်သာ အဆင်ပြေအောင် နေကြပါ.. အိမ်ကိစ္စကို စိတ်မပူနဲ့.."
"ဟမ့်.. အဆင်ပြေတယ် ဆိုတာ ဘာကို ပြောတာလဲ.."
အမေယွီက အဖေယွီကို ဒေါသတကြီး ကြည့်လိုက်ပြီး...
"သူ မပြောရင် ငါပဲ ပြောမယ်.. ကိုယ့်သမက်နဲ့ ပြောနေတာ ဘာရှက်စရာ ရှိလို့လဲ.. ရိက္ခာတွေ ထပ်ဖြတ်ခံလိုက်ရတာရော.. ရှင့်ရဲ့ လစာက ဘယ်လောက်မှ မရှိတာရော.. အရင်ကတည်းက ကပ်သီးကပ်သပ် နေလာရတာ အခုဆိုရင်.. အား.. မင်းတို့ကို မဖုံးကွယ်တော့ပါဘူး.. အိမ်မှာ ရိက္ခာ( ကောက်ပဲသီးနှံ.. အတူတူပဲဗျ.. C ကို gg နဲ့ ပြန်နေတာမလို့ တစ်ခန်းကို တစ်မျိုး ထွက်နေတာ 🤣 ) ပြတ်နေတာ တစ်ပတ်တောင် ရှိပြီ.."
ယွီမိသားစုတွင် လေးယောက်ရှိသည်။ ရိက္ခာခွဲတမ်း ရသော်လည်း မလောက်ငှဘဲ စားနပ်ရိက္ခာ ဈေးနှုန်းများမှာလည်း အဆမတန် တက်နေသည်။ အဖေယွီ၏ နည်းပါးသော လစာဖြင့် အသုံးစရိတ်ကို မကာမိပေ။ သို့သော် ယခုလို အချိန်မျိုးတွင် အိမ်တိုင်းလိုလို ခက်ခဲနေကြသဖြင့် သူတို့ကို မည်သူကများ အပိုရိက္ခာ ထုတ်ချေးနိုင်မည်နည်း။
ထို့ကြောင့် လင်မယားနှစ်ယောက်စလုံး စိတ်ညစ်နေကြ၏ ။ သို့သော် သူက ဂုဏ်သိက္ခာကို အရေးထားပြီး သမက်ကို အကူအညီတောင်းဖို့ ရှက်နေသည်။ ယခင်က ယန်ကျီဝမ် ရောက်လာတိုင်း ပစ္စည်း အများကြီး ယူလာပေးတတ်သဖြင့် ထပ်ပြီး အကူအညီတောင်းရန် သူ မျက်နှာပူနေသည် ။
"မိန်းမ.. နင်ကတော့လေ.. ဟူး.."
အဖေယွီ စိတ်လှုပ်ရှားသွားသော်လည်း မိန်းမဖြစ်သူက အကုန်ထုတ်ပြောလိုက်ပြီ ဖြစ်၍ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။ ဤအကြောင်းကို ကြားသောအခါ ယွီလီ နားလည် သွားသည် ။
သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာပြီး အမေယွီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ အသံတုန်ရီစွာဖြင့်...
"အမေ.. အိမ်မှာ အခက်အခဲ ရှိရင် ဘာလို့ မပြောရတာလဲ.. သမီးက အမေ့သမီးလေ.."
သူမ ယခုတစ်ခေါက် အိမ်ပြန်မလာခဲ့လျှင် မိသားစုသည် ဤမျှ ဆိုးရွားသော အခြေအနေ ရောက်နေမှန်း သိမည်မဟုတ်ပေ။ အိမ်၏ အခြေအနေ ကောင်းလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ယန်မိသားစုတွင်လည်း ရိက္ခာများများစားစား မရှိမှန်း ယွီလီ သိသည်။ ယန်ကျီဝမ် မနှစ်က ရိက္ခာများများ စုဆောင်းထားသော်လည်း လူများသော မိသားစုဖြစ်၍ ကုန်ခါနီး ဖြစ်နေလေပြီ ။ ထို့ကြောင့် သူမ အိမ်ပြန်ရန် မပြောဖြစ်ခဲ့ခြင်းပင်။ ယန်ကျီဝမ်၏ စနစ်ထဲတွင် စိတ်ကြိုက်ဝယ်နိုင်သည့် ရမှတ်စတိုး ရှိနေမှန်းတော့ သူမ လုံးဝ မသိခဲ့ပေ။
ယန်ကျီဝမ် စိတ်မကောင်း ဖြစ်သွားကာ...
"လီလီ ပြောတာ မှန်တယ်.. လီလီနဲ့ ကျွန်တော် လက်ထပ်တာ မကြာသေးပေမဲ့ ကျွန်တော်တို့က မိသားစုတစ်ခုတည်းပါပဲ.. အဖေတို့ အခက်အခဲက ကျွန်တော့်အခက်အခဲပဲလေ.. ရိက္ခာ မလောက်ရင် ကျွန်တော် တစ်နည်းနည်းနဲ့ ရှာပေးမယ်.."
ထိုစကားကို ကြားသောအခါ အဖေယွီ၏ မျက်လုံးထဲတွင် ကျေးဇူးတင်ဟန်ဖြင့် ပြည့်နှက်သွားသော်လည်း ငြင်းဆန်လိုက်သည်။
"ကျီဝမ်.. မင်းတို့ လက်ထပ်တာ မကြာသေးဘူး.. အိမ်တိုင်းလည်း ခက်ခဲနေကြတာပဲ.. မင်းတို့ အိမ်မှာလည်း အဆင်ပြေတာ မဟုတ်ဘူး.. ငါ..."
ယန်ကျီဝမ်က စကား ဖြတ်ပြောလိုက်သည် ။
"အဖေ.. နောက်ထပ် ဘာမှ မပြောပါနဲ့တော့.. လီလီနဲ့ ကျွန်တော်က တစ်မိသားစုတည်းဆိုရင် အဖေတို့ကလည်း ကျွန်တော့် မိသားစုဝင်တွေပါပဲ.. အိမ်မှာ အခက်အခဲ ရှိရင် ကျွန်တော် တာဝန်ယူရမှာပေါ့.. စိတ်မပူပါနဲ့.. ရိက္ခာကိစ္စ ကျွန်တော် ဖြေရှင်းပေးနိုင်ပါတယ်.."
"ကျီဝမ်..."
ယွီလီ၏ မျက်လုံးများတွင် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူမက အဖေယွီကို လှည့်ကြည့်ပြီး...
"အဖေ.. ကျီဝမ် ပြောတာ မှန်တယ်.. သမီးတို့က မိသားစုတွေလေ... မာနတွေ မထားပါနဲ့တော့.. ကျီဝမ်က အိမ်ကိစ္စတွေကို ဖြေရှင်းပေးနိုင်ပါတယ်..."
သူမ၏ ယောကျ်ားက မည်သို့သော နည်းလမ်းသုံးမည်ကို မသိသော်လည်း သူ၏ ယုံကြည်မှုကို မြင်သဖြင့် သူမ ယုံကြည်ပေးလိုက်သည်။ အဖေယွီက သမီးနှင့် သမက်ကို ကြည့်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ မျက်ရည်များ ရစ်သိုင်းနေသော မျက်လုံးများဖြင့် ယန်ကျီဝမ်၏ ပခုံးကို ပုတ်ကာ အသံတုန်ရီစွာဖြင့်...
"ကောင်းလိုက်တာ.. သား.. မင်းစကားကြောင့် ငါ စိတ်အေးရပါပြီ.."
ဤရက်ပိုင်းအတွင်း စားစရာရဖို့ရန်အတွက် ဆံပင်ဖြူသည်အထိ စိုးရိမ်ခဲ့ရသဖြင့် ဘဝဝန်ထုပ်ဝန်ပိုးက သူ အပေါ်တွင် အလွန် လေးလံနေပေပြီ။ ယွီအမေက မျက်ရည်များ သုတ်လိုက်ပြီး စိတ်သက်သာရာရသော အပြုံးဖြင့်...
"ကျီဝမ်.. လီလီ.. မင်းတို့က တကယ့်ကို သားသမီးကောင်းလေးတွေပါ.. မင်းတို့ ရှိနေတော့ ငါတို့ စိတ်ပိုအေးရတယ်.."
အိမ်တွင် နောက်ထပ် သမီးတစ်ယောက်နှင့် သားငယ် တစ်ယောက် ကျန်နေသေးသည်။ သို့သော် သူတို့က ငယ်သေး၍ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကို မမျှဝေနိုင်ကြသေးပေ။ ပြီးခဲ့သော ရက်အနည်းငယ်က အမေယွီသည် သမက်အိမ်သို့ သွားပြီး အကူအညီတောင်းဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သည်။
ယန်ကျီဝမ်က ပြုံးပြီး...
"အဖေနဲ့ အမေ ကျန်းမာရေး ဂရုစိုက်ကြပါ.. နောက်ဆို ကျွန်တော်နဲ့ လီလီ မွေးမယ့် ကလေးကို အဖေတို့ပဲ ပြုစုပေးရမှာနော်.."
အမေယွီက ပြုံးကာ...
"အမေတို့ဘက်ကတော့ ပြဿနာ မရှိပါဘူး.. မင်းအမေ ကပဲ သဘောတူပါ့မလားလို့ စိုးရိမ်တာပါ.."
ယွီလီ၏ ဗိုက်ထဲရှိ ကလေးက ယန်မိသားစု၏ မြေးဦးလေး ဖြစ်၍ ရန်ရွေ့ဟွားက လက်ကချမည် မဟုတ်ချေ ။
အနည်းငယ် နှစ်သိမ့်ပေးပြီးနောက် လင်မယားနှစ်ယောက် ယွီမိသားစုအိမ်မှ ထွက်လာခဲ့ကြသည်။
ပြန်လာသော လမ်းတွင် ယွီလီက ယန်ကျီဝမ်၏ ခါးကို ညင်သာစွာ ဖက်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျီဝမ်.. ကျေးဇူးတင်ပါတယ်.. ရှင့်သာ မရှိရင် ကျွန်မ ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး.."
ယန်ကျီဝမ်က ခေါင်းခါကာ...
"ငတုံးမလေး. မင်းက ကိုယ့်မိန်းမလေ.. မင်းမသားစုအရေးက ကိုယ့်အရေးပဲ.. ကိုယ်တို့ကြားမှာ ယဉ်ကျေးနေစရာ မလိုပါဘူး.."
"အင်း.. ကျီဝမ်.. ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ.."