← Chapters

အခန်း ၁၈၅

Vol. 18 Ch. 185

အခန်း ၁၈၅

Vol. 18 Ch. 185

Chapter 185

~

အခန်း ၁၈၅ : ယွီ မိသားစု၏ အခြေအနေ

~

​နောက်တစ်နေ့ မနက်စောစောတွင် ယန်ကျီဝမ်သည် သူ၏ သုံးဘီးဆိုင်ကယ်ကိုနင်းကာ ယွီလီကို သူမ၏ မိဘအိမ်သို့ လိုက်ပို့ပေးလိုက်သည်။

​ယွီလီ ကိုယ်ဝန်ရှိနေသော သတင်းကို သူတို့နှစ်ဦးလုံး မိသားစုထံ အမြန်ဆုံး မျှဝေချင်နေကြသည်။ အလုပ်ကိစ္စအတွက် ယန်ကျီဝမ်က ယန်ဖူကွေ့ကို လမ်းရုံးနှင့် စကားပြောပေးရန် အကူအညီတောင်းလိုက်ပြီး ယန်ဖူကွေ့ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။

​လမ်းတစ်လျှောက်တွင် ယွီလီက တစ်ဖက်ဖြင့် ယန်ကျီဝမ်၏ ခါးကိုဖက်ထားပြီး ကျန်တစ်ဖက်ဖြင့် မထင်ရှားသေးသော သူမ၏ ဗိုက်ကို ပွတ်ကာ မိသားစုဝင်များ ဤသတင်းကို ကြားလျှင် မည်မျှ ပျော်ရွှင်ကြမည်ကို တွေးတောနေမိသည်။

​သို့သော် ယွီမိသားစုအိမ်သို့ ရောက်သောအခါ အဖေယွီ၏ မျက်နှာက ပင်ပန်းနွမ်းနယ်ပြီး ခါးသီးနေပုံရကာ အမေယွီ၏ မျက်နှာကလည်း စိုးရိမ်ပူပန်နေမှုများ အထင်းသားပင် ။ ယခင်ကထက် ပို၍ ပိန်သွားကြသဖြင့် သူတို့နှစ်ဦး၏ စိတ်ထဲတွင် အေးစက်သွားသည်။

​ဆူညံသံကို ကြားသဖြင့် အမေယွီ မော့ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသော သူမ၏သမီးနှင့် သမက်ကို မြင်လိုက်ရ၏။ အမေယွီက ပြုံးရန် အတင်းအကျပ် ကြိုးစားလိုက်သော်လည်း သူမ၏ မျက်ဝန်းများတွင် ပင်ပန်းမှုနှင့် အားကိုးရာမဲ့နေသည့် အရိပ်အယောင်တို့ ထင်ဟပ်နေသည်။

​"အမေ.. အဖေ.. သမီးတို့ ပြန်ရောက်ပြီ.."

​သံသယအနည်းငယ် ရှိနေသော်လည်း ယွီလီက ပြုံးကာ ရှေ့သို့တိုးပြီး သူမ၏ အမေကို လက်မောင်းမှ တွဲလိုက်သည်။ ယွီအမေက သူမ၏သမီး လက်ကို ညင်သာစွာ ပုတ်လိုက်ပြီး အသံအနည်းငယ် တုန်ရီကာ...

​"ပြန်ရောက်လာတာ ဝမ်းသာပါတယ်.. တကယ်ကို ဝမ်းသာပါတယ်..."

​အဖေယွီက အဓိကဧည့်ခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သမီးနှင့် သမက်ကို မြင်သောအခါ ပြုံးလိုက်သော်လည်း တည့်တည့် မကြည့်ချေ ။ သူထရပ်လိုက်ပြီး...

​"ကျီဝမ်.. လီလီ.. ဝင်လာပြီး ထိုင်ကြကွာ.."

​အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် အခြေအနေကြောင့် ယန်ကျီဝမ် တစ်ခုခုမှားနေကြောင်း ရိပ်မိလိုက်သည်။ သို့သော် အဖေယွီသည် ဂုဏ်သိက္ခာကို အလွန်အရေးထားတတ်သူမှန်း သူသိသဖြင့် တိုက်ရိုက်မမေးပေ။

​ယွီလီက ပြုံးပြီး...

​"အဖေ.. အမေ.. သမီးတို့ ဒီတစ်ခါ ပြန်လာတာ သတင်းကောင်း ပြောပြစရာ ရှိလို့ပါ.."

​ယွီလီက ရှက်ရွံပျော်ရွှင်စွာဖြင့်...

​"အဖေ.. အမေ.. သမီးမှာ ကိုယ်ဝန်ရှိနေပြီ.."

​ထိုစကားကို ကြားသောအခါ အမေယွီ၏ မျက်နှာပေါ်မှ ပင်ပန်းမှုများ ရုတ်ချည်း ပျောက်ကွယ်သွားပြီး မျက်လုံးများတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်သွားကာ...

​"တကယ်လား.. တကယ်ပဲလား.. အရမ်းဝမ်းသာတာပဲ.."

​သူမက သမီးလက်ကို ဆုပ်ကိုင်ထားပြီး ခေါင်းအစခြေအဆုံး ကြည့်ကာ စိုးရိမ်ဟန်ဖြင့်...

​"ကျန်းမာရေးရော ကောင်းရဲ့လား.. မသက်မသာ ဖြစ်တာမျိုးရော မရှိမှတ်ဘူးလား.."

​သမီးဖြစ်သူ ကလေးမရနိုင်သေး၍ သူမ အချိန်အတော်ကြာ စိုးရိမ်နေခဲ့ရသည်။ ယခု သမီးကိုယ်ဝန်ရှိသွားပြီဖြစ်၍ သူမ၏ ရင်ထဲတွင် လေးလံနေသော ကျောက်တုံးကြီးတစ်ခု ပေါ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

​ယွီလီက ခေါင်းခါ၍ ပြုံးလိုက်ပြီး...

​"အမေ.. သမီး ကျန်းမာပါတယ်.. မစိုးရိမ်ပါနဲ့.."

​အဖေယွီက စိတ်သက်သာရာရဟန်ဖြင့် ပြုံးလိုက်သော်လည်း ခါးသီးသော အရိပ်အယောင်က ပျောက်ကွယ် မသွားသေးပေ ။ သူက သမီးနှင့် သမက်ကို ကြည့်ကာ တစ်ခုခု ပြောချင်သလိုလို ဖြစ်နေသည်။ ဤသည်ကို မြင်သောအခါ အမေယွီ ဒေါသထွက်သွား၏။

​'ဒီအဘိုးကြီးကတော့လေ.. မိသားစုက ဒီလိုအခြေအနေ ရောက်နေတာတောင် ဂုဏ်သိက္ခာကိုပဲ အရေးထားနေသေးတယ်.. တကယ့်ကို...'

​ယန်ကျီဝမ်သည် အဖေယွီ၏ အမူအရာကို သတိပြုမိလိုက်သည်။ သူ စိတ်ထဲမှ ခေါင်းခါလိုက်ပြီး သူတို့ဘာသာ ထုတ်ပြောရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်သည်။

​ရွေးချယ်စရာ မရှိတော့သဖြင့် သူကပဲ အစပြု၍ မေးလိုက်သည်။

​"အဖေ.. ဒီရက်ပိုင်း မိသားစုမှာ ဘာအခက်အခဲများ ရှိနေလို့လဲ.."

​အဖေယွီ၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး အားနာဟန်ဖြင့် ပြုံးကာ...

​"ဘာ.. ဘာမှ မရှိပါဘူး.. ငါတို့ အဆင်ပြေပါတယ်.. မင်းတို့နှစ်ယောက်သာ အဆင်ပြေအောင် နေကြပါ.. အိမ်ကိစ္စကို စိတ်မပူနဲ့.."

​"ဟမ့်.. အဆင်ပြေတယ် ဆိုတာ ဘာကို ပြောတာလဲ.."

​အမေယွီက အဖေယွီကို ဒေါသတကြီး ကြည့်လိုက်ပြီး...

​"သူ မပြောရင် ငါပဲ ပြောမယ်.. ကိုယ့်သမက်နဲ့ ပြောနေတာ ဘာရှက်စရာ ရှိလို့လဲ.. ရိက္ခာတွေ ထပ်ဖြတ်ခံလိုက်ရတာရော.. ရှင့်ရဲ့ လစာက ဘယ်လောက်မှ မရှိတာရော.. အရင်ကတည်းက ကပ်သီးကပ်သပ် နေလာရတာ အခုဆိုရင်.. အား.. မင်းတို့ကို မဖုံးကွယ်တော့ပါဘူး.. အိမ်မှာ ရိက္ခာ( ကောက်ပဲသီးနှံ.. အတူတူပဲဗျ.. C ကို gg နဲ့ ပြန်နေတာမလို့ တစ်ခန်းကို တစ်မျိုး ထွက်နေတာ 🤣 ) ပြတ်နေတာ တစ်ပတ်တောင် ရှိပြီ.."

​ယွီမိသားစုတွင် လေးယောက်ရှိသည်။ ရိက္ခာခွဲတမ်း ရသော်လည်း မလောက်ငှဘဲ စားနပ်ရိက္ခာ ဈေးနှုန်းများမှာလည်း အဆမတန် တက်နေသည်။ အဖေယွီ၏ နည်းပါးသော လစာဖြင့် အသုံးစရိတ်ကို မကာမိပေ။ သို့သော် ယခုလို အချိန်မျိုးတွင် အိမ်တိုင်းလိုလို ခက်ခဲနေကြသဖြင့် သူတို့ကို မည်သူကများ အပိုရိက္ခာ ထုတ်ချေးနိုင်မည်နည်း။

​ထို့ကြောင့် လင်မယားနှစ်ယောက်စလုံး စိတ်ညစ်နေကြ၏ ။ သို့သော် သူက ဂုဏ်သိက္ခာကို အရေးထားပြီး သမက်ကို အကူအညီတောင်းဖို့ ရှက်နေသည်။ ယခင်က ယန်ကျီဝမ် ရောက်လာတိုင်း ပစ္စည်း အများကြီး ယူလာပေးတတ်သဖြင့် ထပ်ပြီး အကူအညီတောင်းရန် သူ မျက်နှာပူနေသည် ။

​"မိန်းမ.. နင်ကတော့လေ.. ဟူး.."

​အဖေယွီ စိတ်လှုပ်ရှားသွားသော်လည်း မိန်းမဖြစ်သူက အကုန်ထုတ်ပြောလိုက်ပြီ ဖြစ်၍ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။ ဤအကြောင်းကို ကြားသောအခါ ယွီလီ နားလည် သွားသည် ။

​သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာပြီး အမေယွီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ အသံတုန်ရီစွာဖြင့်...

​"အမေ.. အိမ်မှာ အခက်အခဲ ရှိရင် ဘာလို့ မပြောရတာလဲ.. သမီးက အမေ့သမီးလေ.."

​သူမ ယခုတစ်ခေါက် အိမ်ပြန်မလာခဲ့လျှင် မိသားစုသည် ဤမျှ ဆိုးရွားသော အခြေအနေ ရောက်နေမှန်း သိမည်မဟုတ်ပေ။ အိမ်၏ အခြေအနေ ကောင်းလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။

​ယန်မိသားစုတွင်လည်း ရိက္ခာများများစားစား မရှိမှန်း ယွီလီ သိသည်။ ယန်ကျီဝမ် မနှစ်က ရိက္ခာများများ စုဆောင်းထားသော်လည်း လူများသော မိသားစုဖြစ်၍ ကုန်ခါနီး ဖြစ်နေလေပြီ ။ ထို့ကြောင့် သူမ အိမ်ပြန်ရန် မပြောဖြစ်ခဲ့ခြင်းပင်။ ယန်ကျီဝမ်၏ စနစ်ထဲတွင် စိတ်ကြိုက်ဝယ်နိုင်သည့် ရမှတ်စတိုး ရှိနေမှန်းတော့ သူမ လုံးဝ မသိခဲ့ပေ။

​ယန်ကျီဝမ် စိတ်မကောင်း ဖြစ်သွားကာ...

​"လီလီ ပြောတာ မှန်တယ်.. လီလီနဲ့ ကျွန်တော် လက်ထပ်တာ မကြာသေးပေမဲ့ ကျွန်တော်တို့က မိသားစုတစ်ခုတည်းပါပဲ.. အဖေတို့ အခက်အခဲက ကျွန်တော့်အခက်အခဲပဲလေ.. ရိက္ခာ မလောက်ရင် ကျွန်တော် တစ်နည်းနည်းနဲ့ ရှာပေးမယ်.."

​ထိုစကားကို ကြားသောအခါ အဖေယွီ၏ မျက်လုံးထဲတွင် ကျေးဇူးတင်ဟန်ဖြင့် ပြည့်နှက်သွားသော်လည်း ငြင်းဆန်လိုက်သည်။

​"ကျီဝမ်.. မင်းတို့ လက်ထပ်တာ မကြာသေးဘူး.. အိမ်တိုင်းလည်း ခက်ခဲနေကြတာပဲ.. မင်းတို့ အိမ်မှာလည်း အဆင်ပြေတာ မဟုတ်ဘူး.. ငါ..."

​ယန်ကျီဝမ်က စကား ဖြတ်ပြောလိုက်သည် ။

​"အဖေ.. နောက်ထပ် ဘာမှ မပြောပါနဲ့တော့.. လီလီနဲ့ ကျွန်တော်က တစ်မိသားစုတည်းဆိုရင် အဖေတို့ကလည်း ကျွန်တော့် မိသားစုဝင်တွေပါပဲ.. အိမ်မှာ အခက်အခဲ ရှိရင် ကျွန်တော် တာဝန်ယူရမှာပေါ့.. စိတ်မပူပါနဲ့.. ရိက္ခာကိစ္စ ကျွန်တော် ဖြေရှင်းပေးနိုင်ပါတယ်.."

​"ကျီဝမ်..."

​ယွီလီ၏ မျက်လုံးများတွင် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူမက အဖေယွီကို လှည့်ကြည့်ပြီး...

​"အဖေ.. ကျီဝမ် ပြောတာ မှန်တယ်.. သမီးတို့က မိသားစုတွေလေ... မာနတွေ မထားပါနဲ့တော့.. ကျီဝမ်က အိမ်ကိစ္စတွေကို ဖြေရှင်းပေးနိုင်ပါတယ်..."

​သူမ၏ ယောကျ်ားက မည်သို့သော နည်းလမ်းသုံးမည်ကို မသိသော်လည်း သူ၏ ယုံကြည်မှုကို မြင်သဖြင့် သူမ ယုံကြည်ပေးလိုက်သည်။ အဖေယွီက သမီးနှင့် သမက်ကို ကြည့်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ မျက်ရည်များ ရစ်သိုင်းနေသော မျက်လုံးများဖြင့် ယန်ကျီဝမ်၏ ပခုံးကို ပုတ်ကာ အသံတုန်ရီစွာဖြင့်...

​"ကောင်းလိုက်တာ.. သား.. မင်းစကားကြောင့် ငါ စိတ်အေးရပါပြီ.."

​ဤရက်ပိုင်းအတွင်း စားစရာရဖို့ရန်အတွက် ဆံပင်ဖြူသည်အထိ စိုးရိမ်ခဲ့ရသဖြင့် ဘဝဝန်ထုပ်ဝန်ပိုးက သူ အပေါ်တွင် အလွန် လေးလံနေပေပြီ။ ယွီအမေက မျက်ရည်များ သုတ်လိုက်ပြီး စိတ်သက်သာရာရသော အပြုံးဖြင့်...

​"ကျီဝမ်.. လီလီ.. မင်းတို့က တကယ့်ကို သားသမီးကောင်းလေးတွေပါ.. မင်းတို့ ရှိနေတော့ ငါတို့ စိတ်ပိုအေးရတယ်.."

​အိမ်တွင် နောက်ထပ် သမီးတစ်ယောက်နှင့် သားငယ် တစ်ယောက် ကျန်နေသေးသည်။ သို့သော် သူတို့က ငယ်သေး၍ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကို မမျှဝေနိုင်ကြသေးပေ။ ပြီးခဲ့သော ရက်အနည်းငယ်က အမေယွီသည် သမက်အိမ်သို့ သွားပြီး အကူအညီတောင်းဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သည်။

​ယန်ကျီဝမ်က ပြုံးပြီး...

​"အဖေနဲ့ အမေ ကျန်းမာရေး ဂရုစိုက်ကြပါ.. နောက်ဆို ကျွန်တော်နဲ့ လီလီ မွေးမယ့် ကလေးကို အဖေတို့ပဲ ပြုစုပေးရမှာနော်.."

​အမေယွီက ပြုံးကာ...

​"အမေတို့ဘက်ကတော့ ပြဿနာ မရှိပါဘူး.. မင်းအမေ ကပဲ သဘောတူပါ့မလားလို့ စိုးရိမ်တာပါ.."

​ယွီလီ၏ ဗိုက်ထဲရှိ ကလေးက ယန်မိသားစု၏ မြေးဦးလေး ဖြစ်၍ ရန်ရွေ့ဟွားက လက်ကချမည် မဟုတ်ချေ ။

​အနည်းငယ် နှစ်သိမ့်ပေးပြီးနောက် လင်မယားနှစ်ယောက် ယွီမိသားစုအိမ်မှ ထွက်လာခဲ့ကြသည်။

​ပြန်လာသော လမ်းတွင် ယွီလီက ယန်ကျီဝမ်၏ ခါးကို ညင်သာစွာ ဖက်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။

​"ကျီဝမ်.. ကျေးဇူးတင်ပါတယ်.. ရှင့်သာ မရှိရင် ကျွန်မ ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး.."

​ယန်ကျီဝမ်က ခေါင်းခါကာ...

​"ငတုံးမလေး. မင်းက ကိုယ့်မိန်းမလေ.. မင်းမသားစုအရေးက ကိုယ့်အရေးပဲ.. ကိုယ်တို့ကြားမှာ ယဉ်ကျေးနေစရာ မလိုပါဘူး.."

​"အင်း.. ကျီဝမ်.. ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ.."

All Chapters