အခန်း ၁၈၈
Vol. 18 Ch. 188
Chapter 188
~
အခန်း ၁၈၈ : ရှာကျူး နောက်တစ်ခါ ချိန်းတွေ့တော့မလို့လား...
~
'ပြောင်းဖူးမှုန့်ဝယ်တာလား..'
ယန်ကျီဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက် လေသံဖြင့်...
" ငါက ပြောင်းဖူးမှုန့် ဝယ်နိုင်တယ်လို့ မင်းကို ဘယ်သူပြောလဲ.. "
ချင်ဟွိုင်ရုက အမြန် ရှင်းပြသည် ။
" မနေ့က နေ့လယ်လောက်မှာ ရှင် အိတ်တစ်လုံး သယ်လာတာ ကျွန်မ မြင်လိုက်တယ်.. အဲ့ဒီအထဲမှာ ပြောင်းဖူးမှုန့်တွေ ပါမယ်လို့ ထင်တယ်လေ.. ယန်ကျီဝမ်.. ဆိုရိုးစကား ရှိတယ်မလား.. အဝေးက ဆွေမျိုးထက် အနီးက အိမ်နီးချင်းက ပိုကောင်းတယ်တဲ့.. ကျွန်မတို့အားလုံးက ခြံဝင်းတစ်ခုတည်းမှာ နေကြတဲ့ အိမ်နီးချင်းတွေလေ.. ဒီလို အချိန်အခါမှာ ဘယ်သူမှ မလွယ်ကူကြပါဘူး.. ကျွန်မတို့မှာ တခြား ရွေးချယ်စရာ လမ်းမရှိတော့လို့ပါ.. ကျေးဇူးပြုပြီး ကူညီပါအုံး.. "
စကားအဆုံးတွင် သူမက သနားစရာကောင်းသော မျက်နှာပေးကို လုပ်ပြလိုက်သည် ။
အကယ်၍ ယန်ကျီဝမ်သာ ရှာကျူး ဖြစ်နေခဲ့လျှင် သူ့အိမ်ရှိ ပြောင်းဖူးမှုန့် အားလုံးကို အလကား ပေးလိုက်မည်မှာ အသေအချာပင် ။
သို့သော် ကံဆိုးစွာဖြင့် သူမ တွေ့နေရသည်က ယန်ကျီဝမ် ဖြစ်နေ၏ ။
ယွီလီသည်လည်း ချင်ဟွိုင်ရု၏ အပြုအမူကို သဘောမကျချေ ။ မသိသောသူများ မြင်လျှင် သူမက ယန်ကျီဝမ်၏ မိန်းမဟုပင် ထင်သွားနိုင်သည် ။
' တကယ်ကို အရှက်မရှိတာပဲ.. '
အရင်က ချင်ဟွိုင်ရုကို လူကောင်းတစ်ယောက်ဟု သူမ ထင်ထားခဲ့ဖူးသည် ။ သူမ မျက်စိကန်းခဲ့ခြင်းသာ ဖြစ်ရမည် ။
ယန်ကျီဝမ်က လှောင်ရယ် ရယ်လိုက်ပြီး...
" ချင်ဟွိုင်ရု.. ငါ ပြောင်းဖူးမှုန့် ရနိုင်မရနိုင် ဆိုတဲ့ကိစ္စကို အရင် ဖယ်ထားလိုက်.. ငါတို့ မိသားစု နှစ်ခုကြားက ဆက်ဆံရေးကို ကြည့်ရင် ငါ မင်းကို ကူညီလိမ့်မယ်လို့ မင်း ထင်နေတာလား.. "
' အဝေးက ဆွေမျိုးထက် အနီးက အိမ်နီးချင်းက ပိုကောင်းတယ်တဲ့လား.. ကိုယ့်ကိုယ်ကိုယ် ယီကျုံးဟိုင်လို့ ထင်နေတာလား.. ကိုယ်ကျင့်တရားကို အသုံးချပြီး လာဖိအားပေးနေတာပဲ.. '
ထို့အပြင် သူက ယီကျုံးဟိုင်ကိုပင် မျက်နှာသာ မပေး ။ သူတို့ကို မည်သို့ကြောင့် မျက်နှာသာ ပေးရမည်နည်း ။
" ယန်ကျီဝမ်.. ငါ နင့်ကို တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ငါတို့ မိသားစုကို ကူညီပါ.. ငါတို့မှာ တခြား နည်းလမ်း တကယ် မရှိတော့လို့ပါ.. လူကြီးတွေအတွက်က ကိစ္စမရှိပေမဲ့ ကလေးတွေကိုတော့ ငါတို့ အငတ်ထားလို့ မရဘူးလေ.... "
ချင်ဟွိုင်ရုက ငိုသံပါကြီးဖြင့် ပြောလိုက်ပြီး နောက်ဆုံးတွင် ယန်ကျီဝမ်၏ လက်ကိုပင် ဆွဲကိုင်ရန် ကြိုးစားလာသည် ။
ထိုအရာကို မြင်လျှင် ယန်ကျီဝမ်က အမြန် လက်ရှောင်လိုက်ပြီး အေးစက်စက် လေသံဖြင့်...
" ငါ့လာပြီး ဒီလိုတွေ လာမလုပ်နဲ့.. ငါ ရှာကျူး မဟုတ်ဘူး.. "
ယွီလီက ယန်ကျီဝမ်၏ ရှေ့တွင် ဝင်ရပ်လိုက်ပြီး ချင်ဟွိုင်ရုကို စူးရဲစွာ ကြည့်ကာ...
" ချင်ဟွိုင်ရု.. နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.. ငါ ဒီမှာ ရှိသေးတယ်နော်.. "
ယန်ကျီဝမ်က လုံးဝ စိတ်မဝင်စားမှန်း သိသွားသောအခါ ချင်ဟွိုင်ရုက ရွေးချယ်စရာ မရှိတော့ဘဲ ပစ်မှတ်ပြောင်းကာ ယွီလီ့ဘက် လှည့်၍ တောင်းပန်ပြန်သည် ။
" ယွီလီ.. ယန်ကျီဝမ် ငါတို့ မိသားစုကို ကူညီပေးဖို့ နင်ပဲ နားချပေးပါဟာ.. ငါတို့ မိသားစုမှာ တခြား နည်းလမ်း တကယ် မရှိတော့လို့ပါ.. တကယ်လို့ မဖြစ်နိုင်ဘူး ဆိုရင်တောင် ငါတို့က ဈေးကြီးပေးပြီး ဝယ်ပါ့မယ်.. "
ငိုထားသဖြင့် မျက်လုံးများ နီရဲနေသော ချင်ဟွိုင်ရုကို ကြည့်ပြီး ယွီလီ၏ စိတ်များ အနည်းငယ် ပျော့ပြောင်းသွားသည် ။
လမ်းရုံးမှ ဝန်ထမ်းတစ်ဦး အနေဖြင့် သူမက ကျားမိသားစု၏ အခြေအနေကို သိထား၏ ။
သို့သော်လည်း ကျားမိသားစုက ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုအတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီသေးသဖြင့် လမ်းရုံးမှ ထောက်ပံ့ကြေး မပေးနိုင်ချေ ။
သို့ရာတွင် သူမ ကူညီချင်သည် ဆိုလျှင်ပင် နောက်ဆုံးတွင် သူမ၏ ယောက်ျားအပေါ်၌သာ မူတည်နေသည် ။
ထို့ကြောင့် သူမက ယန်ကျီဝမ်ကို လှမ်းကြည့်လိုက်သည် ။
ယန်ကျီဝမ်က ပြတ်ပြတ်သားသားပင် ငြင်းလိုက်သည် ။
" ငါ့မှာ ပြောင်းဖူးမှုန့်ရနိုင်တဲ့ စွမ်းရည် မရှိဘူး.. မနေ့က ငါသယ်လာတယ် ဆိုတာ ဟုတ်တယ်.. ဒါပေမဲ့ အဲ့ဒါတွေ အားလုံးက ငါ့အိမ်အတွက် စုဆောင်းထားတာတွေချည်းပဲ.. ငါ မင်းကို မကူညီနိုင်ဘူး.. "
" ဒါက.. "
" ဟွိုင်ရု.. သွားရအောင်.. "
ကျားဒုံရွှီက ဆက်၍ သည်းမခံနိုင်တော့ဘဲ ချင်ဟွိုင်ရုကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည် ။
သူ့သည်လည်း ယောကျ်ားရှိသော မာနတစ်ယောက် ။ သူ့မိန်းမက သူတစ်ပါး ယောက်ျားနှင့် အလွန် ရင်းနှီးစွာ ပြောနေသည်ကို သူ၏ မျက်စိရှေ့တွင်ပင် မြင်နေရသည် ။
တစ်ယောက်ယောက်သာ သူတို့ကို မြင်သွားခဲ့လျှင် သူ မည်သို့ မျက်နှာပြဝံ့ပါတော့မည်နည်း ။
ယန်ကျီဝမ်ဘက်မှ အလျှော့ပေးမည့် အရိပ်အယောင် မရှိကြောင်း သိသွားသောအခါ ချင်ဟွိုင်ရုက မလိုလားဟန်ဖြင့် ကျားဒုံရွှီ နောက်သို့ လိုက်သွားတော့သည် ။
သူတို့ ထွက်သွားပြီးနောက် ယွီလီက သနားကြင်နာသော လေသံလေးဖြင့် မေးလိုက်သည် ။
" ကျီဝမ်.. အခု ကျွန်မတို့ လုပ်ရပ်က နည်းနည်းလေးများ လွန်မသွားဘူးလား.. "
" ဘာက လွန်တာလဲ.. "
ယန်ကျီဝမ်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည် ။
" ဒီလို အချိန်အခါမှာ ဘယ်သူကများ အဆင်ပြေနေလို့လဲ.. ကိုယ့်မိသားစုကို ကိုယ် စောင့်ရှောက်နိုင်တာကပဲ တော်တော်လေး ကောင်းနေပြီ.. အပြင်လူတွေကို ကူညီဖို့အတွက် ကိုယ့်မိသားစုကိုတော့ အငတ်မခံနိုင်ဘူးမလား.. "
ယွီလီလည်း ဤစကားက မှန်သည်ဟု တွေးလိုက်မိသည် ။
သူမ၏ ခင်ပွန်းတွင် ပြောင်းဖူးမှုန့်ရနိုင်သည့် နည်းလမ်း ရှိသည်ဆိုသော်လည်း အမြဲတမ်း ရနိုင်လိမ့်မည်ဟု သေချာပေါက် မပြောနိုင် ။
ထို့အပြင် သူက သူမ၏ မိဘအိမ်ကိုပါ ကူညီပေးရအုံးမည် ။
အကယ်၍ သူကသာ ထိုသူတို့ကို ကူညီလိုက်ပြီး သူမ၏ မိဘများ ၊ ညီအစ်ကို မောင်နှမများက ငတ်သွားမည်ဆိုလျှင် မည်သို့လုပ်မည်နည်း ။
ဤအကြောင်းကို တွေးမိလိုက်သောအခါ သူမ၏ နောက်ဆုံး ကျန်ရှိနေသော သနားစိတ်လေးပါ ပျောက်ကွယ်သွားတော့သည် ။
သူမ တွေးပူနေမည်ကို စိုးရိမ်သဖြင့် ယန်ကျီဝမ်က ထပ်၍ ရှင်းပြလိုက်သည် ။
" ကျားမိသားစုက ငါတို့ အကူအညီ မလိုသေးပါဘူး.. သူတို့မှာ ရှာကျူးနဲ့ ယီကျုံးဟိုင် ရှိနေသေးတယ် မလား.. တခြားသူတွေကို ဖယ်ထားလိုက်.. ယီကျုံးဟိုင် တစ်ယောက်တည်းကိုပဲ ကြည့်.. ကျားဒုံရွှီ ဆိုတာ သူအိုမင်းလာတဲ့အခါ ပြုစုစောင့်ရှောက်ဖို့ သူကိုယ်တိုင် သတ်မှတ်ထားတဲ့သူလေ.. သူက ကျားဒုံရွှီ ငတ်သေသွားတာကို ထိုင်ကြည့်နေပါ့မလား.. "
ကျားဒုံရွှီက ယန်ကျီဝမ် မကူညီလိုသည်ကို မြင်သောအခါ ချက်ချင်း လှည့်ထွက်သွားပြီး ယီကျုံးဟိုင်၏ အိမ်သို့ ပြောင်းဖူးမှုန့် သွားချေးသည် ။
ပြောင်းဖူးမှုန့် ဆယ်ကျင်းသာ ရခဲ့သော်လည်း အနည်းဆုံးတော့ ယနေ့ စားရန်အတွက် လုံလောက်လေပြီ ။
...
မျက်စိတစ်မှိတ်အတွင်းပင် စနေ၊ တနင်္ဂနွေ ပိတ်ရက်သို့ ရောက်လာခဲ့သည် ။
ယနေ့သည် ယွီလီက ရှာကျူးအား သူ၏ ဇနီးလောင်း ကို တွေ့ရန် လမ်းရုံးသို့ ခေါ်သွားရမည့်နေ့ ဖြစ်သည် ။
မနက်စောစောတွင် ရှာကျူး သူ့ကိုယ်သူ သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး သင့်တော်သော အဝတ်အစားများကို ဝတ်ဆင်ကာ လူကြီးလူကောင်း တစ်ယောက်လို အပြင်ထွက်လာခဲ့သည် ။
ချင်ဟွိုင်ရုက ခြံဝင်းထဲတွင် အဝတ်လျှော်နေရင်း သူ့ကိုမြင်လျှင် လှမ်းစလိုက်၏ ။
" အို.. ရှာကျူးပါလား..ဒီနေ့ အရမ်းတွေ သပ်ရပ်နေပါလား.. ချိန်းတွေ့ဖို့များ အပြင်ထွက်မလို့လား.. "
" ဟီးဟီး... မိုက်တယ် မလား.. မင်းပြောတာ အကုန်လုံး မမှန်ပေမဲ့လည်း နီးစပ်ပါတယ်.. မင်း အလုပ်ပဲ ဆက်လုပ်ပါတော့.. ငါ သွားပြီ.. "
ရှာကျူးက စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် လက်ပိုက်ကာ သီချင်းလေး တညည်းညည်းဖြင့် ခြံဝင်းအပြင်သို့ ထွက်သွားသည် ။
ချင်ဟွိုင်ရု၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူမ၏ အလုပ်များကို အမြန်ချထားကာ အိမ်ထဲသို့ ပြေးဝင်သွားသည် ။
" ဒုံရွှီ.. ရှာကျူး ချိန်းတွေ့ဖို့ သွားပြီ.. "
စိတ်တိုနေဟန် ရှိသော ကျားဒုံရွှီက ထိုစကားကို ကြားသောအခါ စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည် ။
" သွားတော့ရော ဘာဖြစ်လဲ.. အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ.. "
တံခါးဝတွင် ဖိနပ်အောက်ခံ ပြုလုပ်နေသော ကျားကျန်းရှီသည် ထိုစကားကို ကြားလျှင် သူမကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည် ။
ချင်ဟွိုင်ရုက အမြန် ရှင်းပြလိုက်သည် ။
" ကျွန်မ ဆိုလိုချင်တာက.. ရှာကျူးသာ မိန်းမရသွားရင် ကျွန်မတို့ မိသားစုကို ဘယ်လိုဆက်ပြီး ကူညီနိုင်တော့မှာလဲ.. သူ ကူညီချင်ရင်တောင် သူ့မိန်းမက သဘောတူမှာ မဟုတ်ဘူးလေ.. "
ကျားကျန်းရှီက နားထောင်ပြီးနောက် ...
" ဒါဆိုရင် အဲ့အရူးကောင် ချိန်းတွေ့တာ အောင်မြင်သွားလို့ မဖြစ်ဘူး.. "
ထိုအရူး ရှာကျူး မိန်းမရသည်ဖြစ်စေ မရသည်ဖြစ်စေ သူမ ဂရုမစိုက်ပေ ။ သို့သော် သူ၏ မိသားစုပိုင် ရိက္ခါများ အားလုံးမှာ သူမတို့ မိသားစုပိုင်များ ဖြစ်၍ အပြင်လူများကို အစားခံ၍ မဖြစ်နိုင် ။
" ဒါဆို သူ ဘယ်အချိန် ချိန်းတွေ့မှာလဲ.. "
ကျားဒုံရွှီက ဝင်မေးလိုက်သည် ။
သူ၏ ဇနီးဖြစ်သူက အရှက်မရှိ ရှာကျူးထံမှ ပြောင်းဖူးမှုန့်သွားတောင်းရသည်မှာ အနည်းငယ် အရှက်ရစရာ ဖြစ်သော်လည်း ဤအရာက အနည်းဆုံးတော့ သူ၏ ဖိအားများစွာကို သက်သာစေနိုင်သည် ။
အကယ်၍ ရှာကျူး၏ အကူအညီသာ မရှိတော့ဘဲ ယီကျုံးဟိုင် တစ်ယောက်တည်းကိုသာ အားကိုးနေရမည် ဆိုပါက ဘဝက ပို၍ပင် ခက်ခဲလာနိုင်သည် ။
ချင်ဟွိုင်ရုက ခေါင်းခါပြလိုက်ပြီး...
" ကျွန်မမသိဘူး.. သူ သပ်သပ်ရပ်ရပ် ဝတ်ပြီး အိမ်က ထွက်သွားတာကိုပဲ မြင်လိုက်တာ.. ဆိုတော့ သူ အပြင်မှာ ချိန်းတွေ့ဖို့ သွားတာ ဖြစ်လိမ့်မယ်.. "
ကျားဒုံရွှီက စိတ်ပျက်လက်ပျက်ဖြင့်...
" ဒါဆို ငါတို့ သူ့ကို ဘယ်လို တားကြမလဲ.. ရှာကျူး ထွက်သွားတာကို ငါတို့ အတင်းကြီး သွားတားလို့မှ မရတာ.. "
ချင်ဟွိုင်ရုတွင်လည်း မည်သည့် အဖြေမှ မရှိပေ ။
အကယ်၍ ခြံဝင်းထဲတွင်သာ ဆိုပါက သူမ၌ နည်းလမ်းများစွာ ရှိသော်လည်း အပြင်ဘက်တွင်တော့ သူမ ဘာမှ မတတ်နိုင်ချေ ။
ကျားကျန်းရှီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်သည် ။
" ဟွိုင်ရု.. ယီကျုံးဟိုင်ဆီ သွားပြီး ဒီသတင်းကို ပြောပြလိုက်.. "
" ဦးလေးယီကို သွားပြောရမလား.. "
ချင်ဟွိုင်ရုက နားမလည်ဟန်ဖြင့် ကြည့်လိုက်သည် ။
' ရှာကျူး ချိန်းတွေ့ဖို့သွားတာကို ဦးလေးယီက ဘာလုပ်ရမှာလဲ ... '
ရှာကျူးက ဦးလေးယီကို အလွန် လေးစားသည် ဆိုသော်ငြား ဦးလေးယီသည် ရှာကျူး၏ အစစ်အမှန် မိသားစုဝင် လူကြီး မဟုတ်ပေ ။ ထိုသို့ ပြောပြ၍ ဘာထူးမည်နည်း ။
" သွားဆို သွားလိုက်စမ်းပါဟယ် ... ညည်းနှယ် အမေးအမြန်း ထူလိုက်တာ... "
ကျားကျန်းရှီကလည်း ရှင်းပြရန် ရည်ရွယ်ချက် မရှိဘဲ သူမကို အမြန်သွားရန်သာ တိုက်တွန်းသည် ။
ချင်ဟွိုင်ရုက မငြင်းဆန်ရဲဘဲ ရွေးချယ်စရာ မရှိသဖြင့် သွားရတော့သည် ။
ယီ မိသားစုအိမ်သို့ ရောက်သောအခါ ....
ချင်ဟွိုင်ရုက အိမ်ထဲသို့ လှမ်းအော်လိုက်သည် ။
" ဦးလေးယီ.. ရှာကျူး ချိန်းတွေ့ဖို့ သွားပြီ.. ကျွန်မ ယောက္ခမက လာပြောခိုင်းလို့ပါ.. "
ယီကျုံးဟိုင်က အမြန် ထွက်လာပြီး...
" ဟွိုင်ရု.. နင် အခုပြောတာ တကယ်လား.. ရှာကျူး တကယ်ကြီး ချိန်းတွေ့ဖို့ သွားတာလား.. "
" ခုနလေးတင် ကျွန်မ သူ့ကို မေးကြည့်တော့ သူ အဲ့ဒီလိုပဲ ပြောသွားတယ်.. "
ထိုစကားကို ကြားသောအခါ ယီကျုံးဟိုင် မျက်မှောင်ကြုတ်သွားပြီး ခဏအကြာတွင် ခေါင်းညိတ်လိုက်သည် ။
" ငါ နားလည်ပြီ.. "
စကားပြောပြီးနောက် သူ ရှေ့ဘက် ခြံဝင်းဆီသို့ လျှောက်သွားကာ ရှာကျူးကို လိုက်ရှာသည် ။
သို့သော် သူ နောက်ကျသွားလေပြီ ။ ရှာကျူး၏ အရိပ်ပင် မမြင်ရတော့ချေ ။
ရှာကျူး ဘယ်နေရာသို့ ချိန်းတွေ့ရန် သွားသည်ကိုလည်း သူ မသိသဖြင့် ရွေးချယ်စရာ မရှိဘဲ နောက်လှည့် ပြန်လာခဲ့ရသည် ။
' ဒါ ချိန်းတွေ့ရုံလေးပါပဲ...'
သူ တွေးလိုက်သည် ။ ရှာကျူး ပြန်လာပြီးနောက် သူ့ကို သေချာ ပညာပေး လိုက်ပြီး ကောင်းမွန်သော မိန်းကလေး တစ်ယောက် ရှာပေးမည်ဟု ကတိပေးလိုက်မည် ။ ထိုအခါ သူ၏ စကားကို နားထောင်မည်မှာ သေချာလှပေသည် ။