သိပ်ကောင်းတယ်…သိပ်ကောင်းတယ်…
Vol. 016 Ch. 796
ဝမ်လင်း၏ အကြည့်က လီယွမ်ခြေထောက်ထံသို့ ကျရောက်နေသည်။သူက ခြေချလိုက်သည့်အခိုက်တွင် ဝမ်လင်းသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရလိုက်၏။ သည်လူက သံဓားနှင့် တစ်သားတည်း ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ထို့နောက် သူ့နတ်ဘုရားအာရုံကိုလည်း ပြန်ရုတ်သိမ်းလိုက်သည်။ သူက ရှေ့သို့ ခြေချကာ ဟင်းလင်းပြင် လေဟာနယ်ထဲသို့ ခြေချလိုက်၏။ သူက ခြေချလိုက်သည်နှင့် မိုးကြိုးသံများက အဆများစွာ ပိုတိုးပွားလာခဲ့သည်။
ကောအမျိုးသမီးက စိတ်ထဲ၌ နှာခေါင်းရှုံ့ကာ တွေးနေ၏။ ဒီရတနာက မိသားစုအမွေအနှစ်ပဲ။ ဒီရတနာမှာ ဘာစွမ်းအားမှ မရှိပေမဲ့လည်း မိုးကြိုးကို ခုခံနိုင်သေးတာပဲ…” သူမက တွေးနေရင်းဖြင့်ပင် သံဓားသည် မိုးကြိုးများကြား၌ စတင် ပျံသန်းရွှေ့လျားနေသည်။ ထိုမိုးကြိုးများက ဓားအပေါ်၌ သက်ရောက်မှု မရှိသည့်ပုံပင်။
ကောအမျိုးသမီးက လီယွမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်၏။ သူရပ်နေသော နေရာက သူမကို အလွန်မသက်မသာ ခံစားစေ၏။သို့ရာတွင် သည်အချိန်က စကားများနေရမည့် အချိန်မဟုတ်ပေ။ဓားက မြန်လွန်ခြင်း မရှိသော်လည်း မိုးကြိုးကွင်းဆက်များကြား၌ တည်တည်ငြိမ်ငြိမ် ပျံသန်းလာနေ၏။
ပတ်ဝန်းကျင်သည် အရာရာ နတ္ထိ ဖြစ်နေ၏။ လူတစ်ယောက် ရှေ့ရှိ မည်သည့်အရာကိုမျှ မြင်နိုင်ခြင်း မရှိပေ။သို့ရာတွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ မည်သည့်ကျင့်ကြံသူကမျှ လမ်းပျောက်သွားခြင်း မရှိချေ။သူတို့က မိုးကြိုးကွင်းဆက်များအတိုင်း သွားပါက ဦးတည်ရာအမှန်ကို ရှာတွေ့နိုင်မည် ဖြစ်၏။
သိပ်မကြာခင်တွင် ဓားက ပျံသန်းနေရင်းဖြင့် ဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာနေတော့သည်။ အမျိုးသမီးက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားခြင်း မရှိပေ။ထို့ကြောင့် သူမက ဝမ်လင်းကို မမြင်ရချေ။သူမက ဝမ်လင်းပျောက်သွားပလားဟု တွေးမိကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ထိုအခါ မိုးကြိုးတန်းတစ်ခုက သူမအား ချက်ခြင်း ထွင်းဖောက် ဖြတ်ကျော်သွားသည်ဟု ခံစားလိုက်ရ၏။ သူမက တောင့်တင်းသွားကာ မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှုတို့နှင့် ပြည့်နေတော့၏။ ဝမ်လင်းအပေါ် သူမ၏ ကြောက်ရွှံ့မှုက အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။
သူမက မိုးကြိုးကွင်းဆက်များကြား၌ မြေပြင်ပေါ်တွင် လျှောက်သကဲ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသော ဝမ်လင်းကို တွေ့မြင်လိုက်ရပေသည်။
မိုးကြိုးများက သူ့ခန္ဓာကိုယ်တွင် ဖြတ်သန်း စီးဆင်းနေ၏။ သို့သော် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ ရှိမနေပေ။ တကယ်တော့ ဝမ်လင်းက သက်တောင့်သက်သာပင် ခံစားနေရသေး၏။ သူ့မူလစိတ်ဝိညာဉ်ကလည်း မိုးကြိုးများကို စုပ်ယူကာနေသည်။
ဝမ်လင်းက လှမ်းလျှောက်နေရင်း သူ့နောက်ကနေ ပြင်းထန်သော လှိုင်းတစ်ခုကို ခံစားမိလိုက်၏။ သည်မြင်ကွင်းက အလွန်ထင်ရှားလှသည်။
ဓားထိပ်ဖျားတွင် မတ်တပ်ရပ်နေသော လီယွမ်က လွမ်းမောအောက်မေ့မှုတို့နှင့် ပြည့်နေ၏။ သူက ဓားထိပ်ဖျားတွင် မတ်တပ်ရပ်နေရင်း သူ့စိတ်နှလုံးထဲ၌ စိတ်ခံစားချက်လှိုင်းများ ဝေ့သီနေတော့၏။ သူက ထိုခံစားချက်ကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်ရသည်။
“မိတ်ဆွေဟောင်းကြီး…မတွေ့ရတာကြာပြီ။ ငါတို့ တွေ့ဆုံခဲ့တာ တော်တော်လေးကို ကြာမြင့်ခဲ့ပြီ….”
လီယွမ်က သူ့စိတ်ထဲ၌ သက်ပြင်းချနေမိ၏။ သည့်နောက် သူက သူ့အတွေးများကို အာရုံစိုက်လိုက်သည်။သူက ကောအမျိုးသမီး၏ ပြောင်းလဲမှုကို ချက်ခြင်း သတိထားမိကာ နောက်သို့ အလိုလို လှည့်ကြည့်လိုက်၏။ သူက ဝမ်လင်းသည် မိုးကြိုးကွင်းဆက်များအတိုင်း လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားခဲ့လေသည်။
လီယွမ်၏ အသွင်က ရှံ့တွသွား၏။ သို့သော် သူက ခပ်မြန်မြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက စကားပြောခြင်း မရှိပေ။သူ့နောက်ရှိ မိုးကြိုးများက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေ၏။ ဟင်းလင်းပြင်ထဲ၌ တစ်လခန့် ကုန်ပြီးသည့်နောက် ဝမ်လင်းနောက်ရှိ မိုးကြိုးတန်းက လုံးဝ ပျောက်ကွယ်သွားချေသည်။
ထိုသို့ ပြုလုပ်လိုက်သည့်အခိုက်အတန့်တွင် ဝမ်လင်းက စိတ်သက်သာရ ရသွားလေသည်။ထိုမိုးကြိုးက သူလိုချင်သော မိုးကြိုး မဟုတ်ပေ။ အပြင်ဘက်မှ မိုးကြိုးနှင့် သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးတို့က တစ်ခုနှင့်တစ်ခု ပွတ်တိုက်မှု ဖြစ်နေခဲ့၏။
ဝမ်လင်းက သည်လိုဖြစ်စဉ်မျိုးကို သဘောမကျပါ။ ထိုသို့သော ပွတ်တိုက်မှုက သိသာလွန်းနေကာ မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်နေသောကြောင့် ဖြစ်၏။ ခုချိန်တွင်တော့ သူက သူ့ခန္ဓာကိုနှင့် မိုးကြိုးကွင်းဆက်တို့ကို လိုက်လျောညီထွေအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့မှသာ သူက အနည်းငယ် စိတ်သက်သာရာ ရသွား၏။
“ဒီနှစ်ယောက် ပြောဆိုခဲ့ပုံကို နားထောင်ခဲ့ရတုန်းက လီယွမ်ရဲ့အသက်စိတ်ဝိညာဉ်က အမျိုးသမီးရဲ့ မိသားစု လက်ထဲမှာ ကျရောက်နေတယ်ပုံပဲ။ ဘာလို့လည်းဆိုတော့ သူတို့က လီယွမ်ရဲ့အသက်ကို ကယ်တင်ခဲ့လို့ပဲ။ ဒါပေမဲ့ ဒီကိစ္စက ဒီထက်ပိုနေတဲ့ တစ်ခုခု ရှိနေမှာ ငါ စိုးရိမ်မိတယ်…”
သူက မိုးကြိုးကွင်းဆက်တစ်လျှောက် ရွှေ့လျားနေရင်းဖြင့် သူတို့နှစ်ယောက်ကို လေ့လာကာ စဉ်းစားကြည့်နေသည်။
“ဒီအမျိုးသမီးရဲ့ ဓားက လီယွမ်ကို ခုလို ခံစားချက်မျိုး ဖြစ်စေတယ်။ သူက အသက်ကယ်ခံရတာနဲ့ ဒီအမျိုးသမီး မိသားစုရဲ့ ချုပ်နှောင်ခြင်းခံရတာက သူ့အစီအရင်ရဲ့ အစိတ်အပိုင်းအားလုံး ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်…”
သည်သံဓားက မိုးကြိုးများကို အလွန်ခုခံနိုင်စွမ်း ရှိပေသည်။မိုးကြိုးကွင်းဆက်ထဲသို့ ပို၍ သွားလေလေ မိုးကြိုးများက ပို၍ သန်မာလာလေ ဖြစ်သည်။ သို့သော် သံဓားကတော့ မည်သည့်သက်ရောက်မှုမှ ရှိမနေခဲ့ချေ။
လမ်းတစ်လျှောက်တွင် သူတို့သုံးယောက် စကားပြောဆိုခြင်း မရှိကြပေ။ကောအမျိုးသမီးက ဝမ်လင်းကို ကြည့်မိလိုက်တိုင်း ကြောက်ရွှံ့မှုကို ခံစားနေရသည်။သူမက ဝမ်လင်းကို အမှန်တကယ်ပင် ကြောက်လန့်မိနေခြင်းပင်။
ကော အမျိုးသမီးက တွေးလိုက်၏။ “ငါ့မှာ သူနဲ့ သေလောက်တဲ့ထိ ရန်ငြှိုးမရှိဘူး။ ပဋိပက္ခအချို့ပဲ ရှိတယ်။ သူက စီနီယာတစ်ယောက် ဖြစ်နေမှတော့ ငါက လမ်းတစ်လျှောက်မှာ သေသေဝပ်ဝပ် ရှိရင် အသက်ရှင်နိုင်လောက်တယ်…”
လီယွမ်ကတော့ ဝမ်လင်းနှင့် ပတ်သတ်၍ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထားလေသည်။ သူက ဓားဖျားပေါ်တွင်သာ တိတ်တဆိတ်ရပ်နေ၏။သူ့အသွင်က မလှုပ်မယှက်ပင်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးလာသည်။သူတို့သုံးယောက်က ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေသည်မှာ နှစ်လ ရှိလာခဲ့ပြီ ဖြစ်သည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေက အလွန်ကြီးမားလှ၏။ သည်နှစ်လအတွင်း သူတို့က မည်သည့်ကျင့်ကြံသူနှင့်မျှ တွေ့ဆုံခဲ့ရခြင်း မရှိပေ။
ပျင်းရိဖွယ် ခရီးဆက် ပျံသန်းနေမှုက ကောအမျိုးသမီးကို အလွန်မသက်မသာ ဖြစ်စေ၏။သူက ထိုမသက်မသာ ဖြစ်မှုကို လီယွမ်အပေါ်သို့ ပုံချရန် ကြံရွယ်လိုသော်လည်း သူ့ထံမှ မဖော်ပြတက်သော ခံစားချက်တစ်ခုကို ရရနေ၏။ ထိုအဖြစ်က သူနှင့် မစိမ်းလှပေ။
ထိုခံစားချက်က သူမ၏ အပြစ်တင်လိုမှုကို ပြန်ပြန် ဖိနှိပ်ထားစေသည်။ သို့ရာတွင် သူမက မည်မျှ တွေးကြည့်ပါစေ သည်ရင်းနှီးသောခံစားချက်က ဘာဖြစ်သည်ကို မမှတ်မိဘဲ ဖြစ်နေသည်။
“ငါက အရင်တုန်းကလည်း ဒီလိုခံစားချက်မျိုး အမြဲ ရတယ်…”
သည်နေ့တွင် သူတို့က ပို၍ ဝေးသော နေရာသို့ ရောက်လာကြရာ မိုးကြိုးများကလည်း ပိုမို အားကောင်းလာခဲ့သည်။ မိုးကြိုး ခြိမ်းသံများက အတောမသပ်နိုင်အောင် ရှိနေသည်။မိုးကြိုးများက အရပ်မျက်နှာအနှံ့တွင် ပျံ့နှံ့လို့နေ၏။
ဝမ်လင်းကလည်း မိုးကြိုးကွင်းဆက်ထံကနေ မသက်မသာ ခံစားလာရသည်။သူ့ကို မသက်မသာ ခံစားရစေသည်က မိုးကြိုးထံမှ မဟုတ်ပေ။ မိုးကြိုးကွင်းဆက်ထံမှ တုန်ခါမှု ဖြစ်လေ၏။
သည်တုန်ခါမှုက မိုးကြိုးကွင်းဆက်၏ အရှေ့ဘက်ကနေ ထွက်ပေါ်လာနေခြင်းပင်။ ထိုတုန်ခါမှုကြောင့် မိုးကြိုးကွင်းဆက်က တုန်ခါနေကာ မိုးကြိုးများကို အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲစေလေသည်။
ကောအမျိုးသမီးက တော်တော်လေး ကြောက်လန့်နေသည့်ပုံ ဖြစ်ပေါ်နေသည်။လီယွမ်ကလည်း အနည်းငယ် မျက်မှောင်ကြုတ်မိသည်။
သူတို့က ရှေ့သို့ ဆက်ရွှေ့လာနေရင်း တုန်ခါမှုကလည်း ပို၍ တိုးလာခဲ့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်မိနေဆဲပင်။သူ့မျက်လုံးထဲရှိ သတိထားနေမှုကလည်း ပို၍ အားကောင်းလာ၏။ သူက ရှေ့တွင် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခု ရှိနေသကဲ့သို့ မကောင်းသောခံစားချက်ကို ရနေသည်။
“စီနီယာ…ဂျူနီယာဟာ အရင်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို မရောက်ဖူးပေမဲ့လည်း အစိတ်အပိုင်းနယ်မြေတွေကို ချိတ်ဆက်ထားတဲ့ မိုးကြိုးကွင်းဆက်တွေက ခုလောက် ပြင်းပြင်းထန်ထန် မလှုပ်ခါတာ သိပါတယ်…။စီနီယာ ဟိုနေရာကို ကြည့်လိုက်…”
လီယွမ်က ဘယ်ဘက်ရှိဟင်းလင်းပြင်ကို လှမ်းပြ၏။ထိုဟင်းလင်ပြင်၏ အဆုံးသပ်နားတွင် အလင်းများတဖျပ်ဖျပ်ဖြစ်နေသည်ကို မှုန်ဝါးဝါး တွေ့ရ၏။
“စီနီယာ…အဲ့နေရာမှာလည်း မိုးကြိုးကွင်းဆက်တစ်ခု ရှိနေလိမ့်မဘ်။ ဒါပေမဲ့ ငါတို့က အလင်းရောင်ကို မြင်နေရဆဲပဲ။ ငါ ကြောက်မိတာက ငါတို့ မိုးကြိုးကွင်းဆက်တစ်ခုတည်းမဟုတ်ဘဲ ဒီဒေသကြီးတစ်ခုလုံးကို ချိတ်ဆက်ထားတဲ့ မိုးကြိုးကွင်းဆက်တော်တော်များများက တုန်ခါနေမှာကိုပဲ။ တစ်ခုခု ကြီးကြီးမားမား ဖြစ်နေပြီလို့ ငါ ထင်မိတယ်…”
“ငါတို့…ငါတို့ ပြန်လှည့်ရင်ကော။ ငါက ဒီနေရာကို မလာခင် အစိတ်အပိုင်းနယ်မြေတွေကို ချိတ်ဆက်ထားတဲ့ မိုးကြိုးကွင်းဆက်တွေ တုန်ခါတာက အစိတ်အပိုင်းနှစ်ခု ပြိုလဲပျက်စီးတယ်လို့ မိသားစုဘိုးဘေးက ပြောခဲ့ဖူးတယ်…”
ကောအမျိုးသမီး၏ အသွင်က ဖြူရောနေသည်။သူမသည်လည်း မိုးကြိုးကွင်းဆက်၏ တုန်ခါမှုများကို ခံစားမိနေပေသည်။
ထိုတုန်ခါမှုများက ဆက်တိုက်ဖြစ်လာကာ ပို၍ ပြင်းထန်လာနေသည်။
ဝမ်လင်းက လီယွမ်လှမ်းပြသည့်နေရာကို သတိပြုမိခဲ့ပြီး ဖြစ်သည်။အနည်းငယ် စဉ်းစားပြီးနောက် သူက သုန်မှုန်စွာဖြင့် ရှေ့သို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဖြေက ငါတို့ ရှေ့မှာပဲ။ပြန်ဆုတ်ဖို့ လမ်းလည်း မရှိဘူး။ ဒါ့ကြောင့်ငါတို့က ရှေ့ကဟာကို မြင်တာနဲ့ ဘာလဲဆိုတာ သိလိမ့်မယ်…”
လီယွမ်က ခေါင်းညိတ်လိုက်၏။ သူကလည်း ထိုအကြံမျိုး ရှိနေပေသည်။သူတို့က ခုလောက်ထိ ခရီးဆန့်လာခဲ့ပြီး ဖြစ်ကာ ခုချိန်မှ ပြန်လည့်လည်း မထူးပေ။ကျင့်ကြံသူများက သတိထားတက်ကြသော်လည်း ပြန်ဆုတ်စရာလမ်းမရှိသည်နှင့် ရင်ဆိုင်ရသည့်အချိန်တွင်တော့ သူတို့က ရဲဝံ့စွာ ရှေ့ဆက်ကြပေမည်။
လီယွမ်က အမျိုးသမီးကို ကြည့်ကာ ရှင်းပြလိုက်သည်။ “အမျိုးသမီးကော…ဒီမိုးကြိုးကွင်းဆက်ရဲ့ တုန်ခါမှုက ပိုပြင်းထန်လာပေမဲ့လည်း ငါတို့ပြန်ဆုတ်ဖို့က နောက်ကျလွန်းနေပြီ…”
ဝမ်လင်းက စကားဆက်၍ မဆိုတော့ပေ။ သို့သော် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားကာ သူ့အမြန်နှုန်းကလည်း တိုးသွား၏။ သူက ထိုနှစ်ယောက်ကို ကျော်ကာ ရှေ့သို့ ထိုးထွက်သွားသည်။
လီယွမ်က ဝမ်လင်း၏ နောက်ကျောကို ကြည့်ကာ တွေးလိုက်၏။
“သူက သူ့ခွန်အားအပြည့်ကို အစောပိုင်းက တကယ် မသုံးခဲ့ဖူးပဲ။ဒီလူက မရိုးရှင်းဘူး။လူတစ်ယောက် အပေါ် ငါ့ထင်မြင်နိုင်စွမ်းက မမှားနိုင်ဘူး။ပုံရိပ်ယောင်ယင်အဆင့်ကို အနိုင်ယူနိုင်တဲ့လူက ဘယ်လိုလုပ် ရိုးရှင်းပါ့မလဲ…”
ဝမ်လင်းက ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားပြီး သိပ်မကြာခင်တွင် သူ့မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ရပ်တန့်လိုက်၏။ သူက ရှေ့သို့ စူးစိုက်ကြည့်လိုက်ရာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေသော မြူလွှာဧရိယာကြီးတစ်ခုက ပျံ့နှံ့နေသည်ကို တွေ့မြင်လိုက်ရသည်။ထိုမြူလွှာက အဆုံးမဲ့သည့်အလားဖြစ်ကာ ရှေ့ဆက်ရမည့်လမ်းကြောင်းများအားလုံးကို ကာဆီးပိတ်ဆို့ထားသည်။
သည်အခိုက်အတန့်တွင် သံဓားကလည်း မှီလာခဲ့၏။ လီယွမ်က မြူလွှာထုကို မြင်တွေ့လိုက်သည့်အခါ သူက မှင်သက်လို့သွား၏။ အနည်းငယ် သေချာကြည့်ပြီးသည့်နောက် သူ့အသွင်က ပြောင်းလဲသွားကာ သူက အော်ဟစ်လိုက်၏။ “ဒါက အတားအဆီးတစ်ခုပဲ…”
ဝမ်လင်းကလည်း သည်မြူလွှာထုသည် အားကောင်းသောအတားအဆီးတစ်ခု၏ စွမ်းအား ပါဝင်နေသည်ကို သိရှိပြီး ဖြစ်သည်။သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါက အတားအဆီးဖြစ်တော့ မင်းက ဒါကို ချိုးဖျက်နိုင်ဖို့ ယုံကြည်ချက် ရှိလား…”
လီယွမ်က မျက်မှောင်ကြုတ်ကာ ထိုအတားအဆီးကို သေချာကြည့်လိုက်သည်။သူ့မျက်လုံးများက တောက်ပနေကာ သူက ပြောလာ၏။
“ငါ ယုံကြည်မှု မရှိဘူး။ ဒါက အတားအဆီးတစ်ခုတည်း မဟုတ်ဘူး။ အတားအဆီး အများကြီး ပေါင်းစည်းထားတာ။ ဒါ့အပြင် ဒီအတားအဆီးတွေက မိုးကြိုးကောင်းကင်ဘုံနယ်မြေက မိုးကြိုးရဲ့ စွမ်းအားကိုလည်း ငှားယူထားသေးတယ်။ ဘယ်လိုလူမျိုးကများ ဒီနေရာမှာ ခုလိုမျိုးအတားအဆီးကို နေရာချဖို့ သတ္တိရှိနေရတာလဲ…”
သူ့အသွင်က အလေးအနက် ဖြစ်လာ၏။သူက သိုလှောင်အိတ်ထဲမှ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။သံလိုက်အိမ်မြှောင်၏ လက်တံက လှည့်ပတ်ခြင်းကို ရပ်တန့်ခြင်း မရှိပေ။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ တွက်ချက်ကြည့်နေ၏။ သူ့မျက်လုံးကလည်း တောက်ပသထက် တောက်ပလာခဲ့သည်။သည်အခိုက်အတန့်၌ သူ့လက်ထဲရှိ သံလိုက်အိမ်မြှောင်က အမှုန်အမွှားအဖြစ်သို့ ပေါက်ကွဲထွက်သွားကာ ပျောက်ကွယ်သွားသည်။
“ဒါက အလယ်အဆင့် ကောင်းကင်ဘုံ အတားအဆီးပဲ။ ဒါက အတားအဆီး အစီအရင်ရဲ့ မျက်လုံးအဖြစ် စိတ်ဝိညာဉ်(၉၉၉၉)ခုကို အခြေခံထားတယ်။ ဒါက ကြီးမားပြီး နှိုင်းယှဉ်လို့ မရတဲ့ အစီအရင်တစ်ခုပဲ။ ဒီအစီအရင်က ကမ္ဘာလောကထဲက အရာအားလုံးကို သန့်စင် ပစ်နိုင်တယ်…”
ထိုအခိုက်အတန့်၌ မြူလွှာထုထဲကနေ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ထိုရယ်သံနှင့်အတူ အဘိုးအိုတစ်ယောက်သည် မြူလွှာထုထဲကနေ လှမ်းထွက်လာ၏။ သူက သူ့လက်ထဲတွင်လည်း မိုကြိုးကွင်းဆက်ချိန်းကို ကိုင်ဆောင်ထားလေသည်။
“အယ်…ဒီနေရာမှာ မင်းနဲ့ဆုံရတာက မင်းဟာ ဒီအဘိုးအိုနဲ့ အမှန်တကယ် ကံစပ်နေတဲ့လူဆိုတာ သက်သေပြနေတာပဲ။ငါက ခုပဲ မင်းကို လာရှာတော့မလို့။ ဒါပေမဲ့ မင်းက မင်းကိုယ်တိုင် ဒီကို ရောက်လာခဲ့တယ်။ကောင်းတယ်…သိပ်ကောင်းတယ်…”
***