← Chapters

ခက်ခဲသော မေးခွန်းတစ်ခု

Vol. 016 Ch. 799

ခက်ခဲသော မေးခွန်းတစ်ခု

Vol. 016 Ch. 799

ဝမ်လင်းက ထိုမြင့်မားသည့်တောင်ကို တည်ငြိမ်စွာ ကြည့်နေသည်။ထိုတောင်က မြင့်မားလွန်းလှသဖြင့် တောင်ထိပ်ဖျားကိုပင် မမြင်ရပေ။

တောင်ထွတ်တောင်ထိပ်များကနေ မိုးကြိုးလျှပ်စီးများက နဂါးများအလား တိမ်ထုထဲကနေ ထွက်ပေါ်နေကြ၏။ မိုးကြိုးခြိမ်းသံများလည်း တဝေါဝေါ မြည်ဟီးကာ နေသည်။

ဝမ်လင်းကို ထိုတောင်ကို ကြည့်နေသည့်အချိန်တွင် ရှေးဟောင်းအော်ရာတစ်ခုကို ခံစားမိလေ၏။ သည်အော်ရာက တောင်၏ စိတ်ဝိညာဉ်ပင်။

ကောအမျိုးသမီးက တောင်ကို စူးစိုက်ကြည့်နေရင်း သူမမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ လီယွမ်ထံသို့ အလိုလို ကြည့်မိလိုက်သည်။ဤအခိုက်အတန့်၌ လီယွမ်က သူမကို ကျောခိုင်းထားလျက် ရှိနေ၏။

တောင်ကို ကြည့်လိုက်ပြီးသည့်နောက် လီယွမ်သည် ရင်းနှီးသော အငွေ့အသက်တို့ကို ပြန်ရရှိနေ၏။ ကောအမျိုးသမီး၏ အသွင်က ကြောက်ရွှံ့မှုနှင့် ပြည့်နေ၏။ထိုကြောက်ရွှံ့မှုက သူမ ဝမ်လင်းကို ကြည့်မိသည့်အချိန်၌ ခံစားရသော ကြောက်ရွှံ့မှုထက် များစွာ အားကောင်းပေသည်။

သူမက တစ်ခုခုကို မှတ်မိလာ၏။

သည်အခိုက်အတန့်၌ လီယွမ်က လှည့်၍ ကောအမျိုးသမီးကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လာသည်။သူမက အလိုလို ခေါင်းငုံ့၍ တိတ်ဆိတ်သွား၏။ ထို့နောက် သူမက နောက်တစ်ဖန် လီယွမ်ကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးက တည်ငြိမ်နေကာ အရာရာကို နားလည်သွားသကဲ့သို့ ထင်ရသည်။

လီယွမ်က တောင်ကိုကြည့်၍ ဖြည်းဖြည်းချင်း ပြောလာသည်။ “ဒီတောင်မှာ နာမည်မရှိဘူး။ဒီတောင်ထဲမှာ အတားအဆီးတွေ အများကြီး ရှိတယ်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေက မရေမတွက်နိုင်အောင် ဖွင့်လှစ်ခဲ့ပေမဲ့ သင်က ဒီတောင်ထဲမှာရှိတဲ့ အတားအဆီးတော်တော်များများက ကွဲအက်ခြင်း မရှိသေးတာကို တွေ့မြင်နိုင်လိမ့်မယ်…”

ကောအမျိုးသမီးက တိတ်တဆိတ် တွေးတောကာ တောင်ကို တည်ငြိမ်စွာ ကြည့်နေသည်။ သူမက သည်တောင်နှင့် တော်တော်လေး ရင်းနှီးနေသလို ခံစားရ၏။တစ်ချိန်တည်းမှာပင် မရင်းနှီးသလိုလည်း ခံစားရသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “သွားကြစို့…”

လီယွမ်က ခေါင်းညိတ်ကာ ရှေ့ကနေ အရင် လျှောက်သွားသည်။သူက တောင်နှင့် နီးသထက် နီးလာခဲ့သည်။မိုးကြိုးများက တောင်ခြေ၌ အလွန်ကျယ်လောင် မြည်ဟီးနေကာ လူတစ်ယောက်သည် တောင်ပေါ်ကနေ မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ် ကျဆင်းနေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။

လီယွမ်၏ ခြေလှမ်းများက ခိုင်ကျဉ်လှကာ တောင်ထံသို့ ဦးတည်သွားနေသည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေက မရေမတွက်နိုင်သော ပွင့်လှစ်ခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် လူအများက တောင်ထံသို့ လာရောက်ကာ အတားအဆီးများကို ဖျက်စီးခဲ့ရာ လမ်းကြောင်းတစ်ခု သူ့ဟာသူ ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။

ကောအမျိုးသမီးက လီယွမ်နောက်ကနေ ကပ်လိုက်လာသည်။သူမက နှုတ်ခမ်းကို ကိုက်ကာ လီယွမ်ကို ကြည့်၍ စိတ်ထဲ၌ တွေးလိုက်မိသည်။ ငါက ဒီကိစ္စကို ဖြတ်မြင်နိုင်ခဲ့ပြီ…။

ကောအမျိုးသမီး၏ အသွင်က ခါးသီးဟန် ဖြစ်ပေါ်နေသည်။သူမက လီယွမ်သည် ဘာကြောင့် သူမ၏ မိသားစုတွင် ပေါ်လာသည်ကို နားလည်လာခဲ့ပြီ ဖြစ်သည်။သည်အရာများအားလုံးက သူသည် သူတို့မိသားစုနှင့် ရည်ရွယ်ချက်ရှိရှိ ဆက်ဆံရန်အတွက် ဖြစ်နေ၏။

သူမက လီယွမ်သည် အထူးနည်းလမ်းအချို့ကို အသုံးမပြုခဲ့ဘူးဆိုပါက မိသားစုသည် သူမကို မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ စေလွှတ်လိမ့်မည်ဟု မဟုတ်ဟု နားလည်လာခဲ့၏။

သူမနှင့်လီယွမ်တို့ မိသားစုကနေ ထွက်ခွာလာချိန်က မိသားစုဘိုးဘေး၏ စိတ်ရှုပ်ထွေးဟန်အကြည့်က ကောအမျိုးသမီး၏ ခေါင်းထဲ၌ ပေါ်လာခဲ့ပေသည်။

မိသားစုဘိုးဘေးက အရာအားလုံးကို သိနေခဲ့ပေမည်။ မဟုတ်ပါက နှစ်သောင်းချီအချိန်အတွင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ မည်သည့်မိသားစုဝင်ကမျှ ဘာကြောင့် မရောက်လာခဲ့ရသနည်း။

မိုးကြိုးကောင်းကင်ဘုံနယ်မြေက သူတို့ ကောမိသားစုအတွက် တားမြစ်နေရာတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအရာများအားလုံးက လီယွမ်ရောက်ရှိလာသည့်အခါ ပြောင်းလဲသွားခဲ့ရ၏။သူမက နှစ်သောင်းချီအချိန်အတွင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်လာခဲ့သည့် ပထမဆုံးမိသားစုဝင် ဖြစ်နေခဲ့သည်။သူမနှင့်အတူ လိုက်ပါလာသူဟူ၍ သည်လီယွမ်သာ ရှိသည်။

“ဒီတော့ ဘိုးဘေးက ငါ့ကို ပြေရာပြေကြောင်း ဖြစ်ဖို့အတွက် မိုးကြိုးကောင်းကင်ဘုံနယ်မြေကို စေလွတ်ခဲ့တာပေါ့။ ဒါ့ကြောင့်ပဲ ဘိုးဘေးက ငါ့ကို မိသားစုရဲ့ အမွေအနှစ်ရတနာ ပေးခဲ့တာပေါ့….”

ကောအမျိုးသမီးက နာနာကျင်ကျင် ပြုံးလိုက်၏။

“လီယွမ်က ငါ့စိတ်ဝိညာဉ်အမျှင်တန်းကို ပြန်ယူပေးမယ်လို့ ကတိပေးခဲ့တာက ဒီစတေးမှုအတွက် ငါ့စိတ်ဝိညာဉ်က မပြည့်မစုံ ဖြစ်နေရင် ဒါက အလုပ်ဖြစ်မှာ မဟုတ်တာကြောင့်ပဲ…”

သည်အခိုက်အတန့်၌ ကောအမျိုးသမီး၏ စိတ်ထဲ၌ ရှင်းလင်းသွားသည်။သူမက နောက်ကွယ်က အကြောင်းများကို ဖြတ်မြင်သွားသကဲ့သို့ ဖြစ်၏။

သူမ၏ အမျိုးမျိုး ပြောင်းလဲနေသောအမူအရာများသည် ဝမ်လင်း၏ အကြည့်အောက်ကနေ လွတ်ထွက်သွားခြင်း မရှိပေ။ ဝမ်လင်းက သူမသည် သည်တောင်ကို မြင်လိုက်ပြီးကတည်းက သူမ၏ စိတ်ခံစားချက်များသည် ဆက်တိုက်ပြောင်းလဲနေသည်ကို သတိပြုမိခဲ့ပေသည်။

သူ့အကြည့်က အမျိုးသမီးထံကနေ လီယွမ်ပေါ်သို့ ကျရောက်သွားသည်။သူ့အသွင်က တည်ငြိမ်နေသော်လည်း စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ ဝမ်လင်းက လီယွမ်သည် သူ့ကို အချိန်အကြာကတည်းက သတိပြုမိသည်ဟု ကောက်ချချလိုက်၏။ လီယွမ်ပြင်ဆင်ခဲ့သော အတားအဆီးပင် သူပေါ်ထွက်လာအောင် စွဲဆောင်နိုင်ရန် ဖြစ်နေနိုင်သေးသည်။

အစောပိုင်းက ဖြစ်ပျက်ခဲ့သော အမျိုးမျိုး ကိစ္စများက လီယွမ်၏ အကြံအစည်ကြောင့် ဖြစ်နေနိုင်သည်။ ဝမ်လင်းအတွက် မည်သည့်ကိစ္စမှန်း မရှင်းမလင်း ဖြစ်နေသေးသော်လည်း သူ ဒီကိစ္စကို ထွင်းဖောက်မြင်နိုင်ခြင်းကနေတော့ တားဆီးနိုင်စွမ်း မရှိပေ။

ဝမ်လင်းမျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ခု ဖျပ်ခနဲ ပေါ်ထွက်သွားသည်။သူက သူ့ကို လာဉာဏ်ဆင်သော မည်သူ့ကို မဆို ခွင့်လွှတ်ပေးမည် မဟုတ်ပေ။သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဓားတစ်လက်အလား ထွက်ပေါ်လာခဲ့သည်။

သည်အခိုက်အတန့်တွင် လီယွမ်သည်လည်း ရပ်တန့်သွား၏။ သူက နောက်လှည့်ခြင်းမရှိဘဲ ပြောလိုက်၏။ “အစ်ကိုရှု…ငါက သင်ထင်သလို မလျောမကန်တဲ့လူ မဟုတ်ပါဘူး။သင်က ငါ့အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်စိတ်တစ်ဒေသကို သိနေမှတော့…ဒါက ငါတို့ ကံတရားကြောင့်ပဲလေ…”

လီယွမ်၏ ဝမ်လင်းအပေါ် ခေါ်ဝေါ်သော အသုံးအနှုန်းက ပြောင်းလဲသွားသည်။

ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက တည်ငြိမ်စွာ မေးလိုက်သည်။ “ဒီတောင်ရဲ့ အထွတ်အထိပ်မှာ ဘာရှိလဲ…”

လီယွမ်က တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။ ထို့နောက် သူက တိမ်တိုက်ထုများကြား အနားသပ်မရှိအောင် ချဲ့ထွင်နေသည့် တောင်ထိပ်သို့ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ အောက်မေ့မှုတို့ ဖြစ်ပေါ်လာခဲ့သည်။သူက တိုးညင်းစွာ ပြောလာသည်။

“အဲ့နေရာမှာ ငါ့ ဆရာသခင် ရှိတယ်…”

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သည်အခိုက်အတန့်၌ လီယွမ်သည် နောက်လှည့်၍ ဝမ်လင်းကို ကြည့်လာသည်။ ခုလက်ရှိတွင် သူက တောင်ထဲသို့ မဝင်ခင်က အချိန်နှင့် ကွာခြားသွားခဲ့ပြီ ဖြစ်၏။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “အစ်ကိုရှု..သင့်ကျင့်ကြံမှုနဲ့ဆိုရင် ငါ့ခွင့်ပြုချက်မရှိဘဲ ဒီတောင်ကနေ ထွက်သွားလို့ မရနိုင်ဘူး…”

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “မက်မွန်ဆယ့်ရှစ်ခု အတားအဆီး….။ငါက နည်းနည်းပါးပါးတော့ သိပါသေးတယ်…”

သူက ထိုသို့ပြောလိုက်သည့်အခိုက်တွင် လီယွမ်သည် မှင်သက်သွား၏။ ထိုမှင်သက်မှုက အတုအယောင် မဟုတ်ပေ။ သူက အမှန်ပင် တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။လီယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “မက်မွန်ဆယ့်ရှစ်ခုအတားအဆီးကို လူအများက မသိဘူးဆိုပေမဲ့လည်း ဒါက တစ်ယောက်မှ မသိတာတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီအတားအဆီးအစီအရင်ကို အစ်ကိုရှု သိတာ အံ့အားသင့်စရာ မရှိပါဘူး…”

ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ “ဒီတော့ မင်းအသုံးပြုခဲ့တဲ့ဟာက မက်မွန်ဆယ့်ရှစ်ခုအတားအဆီးပေါ့…”

သူ့အရိပ်က ဖျပ်ခနဲ ဖြစ်သွားကာ ကောင်းကင်ဘုံသက်တော်စောင့်က ပျံသန်းထွက်လာသည်။

ကောင်းကင်ဘုံသက်တော်စောင့် ထွက်ပေါ်လာသည်နှင့် ၎င်းက သူတို့နောက်ရှိ လေဟာနယ်ထဲသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်လေသည်။ ထိုလက်သီး ကျရောက်သွားချိန်၌ တောင်ထိပ်တစ်ခုလုံးက တုန်ခါသွားကာ ဝဲကတော့ တစ်ခု ပေါ်လာခဲ့သည်။ ထိုဝဲကတော့ အပြင်ဘက်ထိ ဦးတည်လာ၏။

ကောင်းကင်ဘုံသက်တော်စောင့်က ၎င်း၏ လက်သီးကို ပြန်ရုတ်သိမ်းကာ ဝမ်လင်း၏အရိပ်ထဲသို့ ပြန်ဝင်ရောက်လိုက်သည်။

ဝမ်လင်းက လှုပ်ရှားခြင်း မပြုပေ။သူက လီယွမ်ကို တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီနေရာက ငါ့ကို ချုပ်နှောင်မထားနိုင်ပါဘူး…”

လီယွမ်၏အသွင်က ချက်ခြင်းပင် သုန်မှုန်သွား၏။ သူက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလာ၏။ “ကြည့်ရတာ ငါက သင့်ကို လျော့တွက်မိခဲ့တဲ့ ပုံပဲ။ဒါပေမဲ့လည်း သင့်မှာ ဒီရုပ်သေးရှိနေရင်တောင်…”

ဝမ်လင်းက နှာခေါင်းရှုံ့က သူ့ညာလက်ကို ရှေ့သို့ ညွှန်လိုက်၏။ ထိုအခါ လင်းထျန်ဟူ၏ နောက်ဆုံးဓားစွမ်းအင်အမျှင်တန်းက ထိုးထွက်လာခဲ့သည်။သူ့ကျင့်ကြံမှုအဆင့်က တိုးတက်လာပြီးနောက် ထိုဓားစွမ်းအင်ကို ထိန်းချုပ်နိုင်မှုကလည်း ပို၍ ကောင်းမွန်လာခဲ့၏။

ဓားစွမ်းအင် ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးကြားတွင် တဝီဝီလေတိုးသံတို့ ပဲ့တင်ထပ်လာကာ တောင်ထိပ်တစ်ခုလုံး တုန်ယင်လာသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအင်က လီယွမ်၏နှဖူးရှေ့သို့ ရောက်ရှိသွားသည်။အစစ်အမှန်ဓားတစ်လက်ဖြင့် လီယွမ်၏ နှဖူးကို ထောက်ထားသကဲ့သို့ ဖြစ်နေ၏။

“ဒီဓားစွမ်းအင်ကိုပါ ထပ်ပေါင်းရင်ကော…” ဝမ်လင်းအသံက အေးစက်နေသည်။

လီယွမ်က မျက်လုံးမှိတ်လိုက်၏။ ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်လာကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အစ်ကိုရှုက ဒီလို လုပ်မှတော့ သင်တွေးထားတဲ့ အကျိုးအမြတ်က များမှာပဲ။ ကျေးဇူးပြုပြီး သင် ဘာလိုချင်လဲ ရှင်းရှင်းလင်းလင်း ပြောပါ…”

ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ သည်လီယွမ်က အမှန်ပင် ဉာဏ်ကောင်းလှသည်။ထို့ကြောင့် သူက ဝမ်လင်း ဘာလိုချင်သည်ကို နားလည်နိုင်စွမ်း ရှိနေ၏။ ဝမ်လင်းက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ထုတ်ဖော်အသုံးပြုလုပ်ခြင်းသည် လီယွမ် အခုလိုမျိုး ပြောလာအောင် ဖိအားပေးချင်သောကြောင့် ဖြစ်ပေသည်။

***

All Chapters