ဆေးဝါးပညာ
Vol. 23 Ch. 309
အခန်း (၃၀၉) : ဆေးဝါးပညာ
ဝမ်ဝေ့က သူ့ ပင်ကိုစွမ်းရည် ထွက်ပေါ်လာသည်ကို ခံစားရင်း မျက်လုံးမှိတ်ထားလိုက်သည်။ သူ နားမလည်သည့် သင်္ကေတမြောက်များစွာက သူ့အံ့ဖွယ်ပင်လယ်အတွင်း ပေါ်ထွက်လာလေ၏။
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် သူတို့က ရပ်တန့်သွားပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် ထိုစွမ်းရည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များက သူ့စိတ်ထဲ ရောက်ရှိလာ၏။
“ ဝိုး… တော်သေးတယ်။ ဒီစွမ်းရည်က ဖြစ်ထွန်းအဆင့်ပဲ။ ငါ့စွမ်းရည်နဲ့ဆိုရင် ဒီဟာကို ဖြည်းဖြည်းချင်း အဆင့်မြင့်အထိ ကျင့်ကြံနိုင်လိမ့်မယ်”
ဝမ်ဝေ့က သူ့ဒဏ်ရာများ ကုသပြီးသည့်နောက်တွင် သူ့စွမ်းရည်ကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ဆေးလုံးဖော်စပ်ဖို့ ဆေးဝါးအခန်းဆီ သွားလိုက်သည်။ သို့သော်လည်း ထိုနေရာသို့ ရောက်သွားသည်နှင့် ဆက်သွယ်ရေးအဆောင်တစ်ခုမှ ဖိတ်ကြားချက်ကို ရရှိလိုက်သည်။
သူက ထိုအရာကို အသက်သွင်းလိုက်ပြီးနောက် အနည်းငယ် ဦးညွှတ်ကာ “ တပည့်က ဆရာကို ဂါရဝပြုပါတယ်”
“ ရှောင်ဝူ … မင်း ဒဏ်ရာရော ဘယ်လိုလဲ”
(ငါးယောက်မြောက်လေး)
“ ဆရာ ပေးတဲ့ ဆေးလုံးကြောင့် ကျွန်တော်ဒဏ်ရာတွေအကုန်လုံး ပျောက်သွားပါပြီ”
“ ကောင်းတယ်။ မင်း စမ်းသပ်ချက်ကို ငါ မြင်လိုက်ရတယ်။ မီးတောက် ၁၁ရောင်နဲ့ဆိုတော့ မဆိုးဘူးပဲ”
“ တပည့် မျက်နှာပူမိပါတယ်။ တကယ်လို့သာ လတ်တလော ကံအပြောင်းအလဲ အခွင့်အရေးကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီလိုရလဒ်မျိုးရမှာ မဟုတ်လောက်ဘူး”
ဒီလူက ငါ့ကို သံသယရှိနေတာလား။ ဒီလိုလည်း မဖြစ်နိုင်ပါဘူးလေ…
ဝမ်ဝေ့က သူ့ဘာသာသူ စဉ်းစားရင်း သူ့ဆရာ စိတ်ပျက်သွားမည်ကို စိုးရိမ်သည့် မျက်နှာထားမျိုး လုပ်ထားလေသည်။
“ ဘာမှမျက်နှာပူစရာ မလိုဘူး။ မင်းက ကောင်းကင်အလိုဆန္ဒကို ယှဉ်ပြိုင်မဲ့ ကောင်းကင်ရွေးချယ်ခံထဲကမှ မဟုတ်တာ။ မီးတောက် ၁၁ရောင်နဲ့ဆိုရင် မင်းက အထွတ်အထိပ် နယ်ပယ်အဆင့်အထိ တက်လှမ်းနိုင်ပါသေးတယ်။ အဲဒါဆိုရင် နှစ်သန်းချီ သက်တမ်းတော့ ရမှာပဲ”
“ တပည့်က ဆရာ စိတ်မပျက်အောင် အကောင်းဆုံး ကြိုးစားပါမယ်”
ယဲ့လောင်က ခေါင်းညိတ်ပြီးနောက် ဆက်သွယ်ရေးအဆောင်ကို မဖြတ်တောက်ခင် စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက်တွင် ခဏတာ စဉ်းစားပြီးနောက် သူ့မျက်ဝန်းက ရွှေနီရောင်အဖြစ် ပြောင်းလဲသွားလေသည်။
သူက ဝမ်ဝေ့ရှိရာဂူသို့ လှမ်းကြည့်လိုက်ရင်း သူ မြင်လိုက်ရသည့်အရာကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။
သူက လိမ္မော်ရောင် နဂါးတစ်ကောင်သည် ခန္ဓာကိုယ် လေးပုံတစ်ပုံက အဝါရောင်အဖြစ် ပြောင်းလဲနေသည်ကို မြင်လိုက်ရ၏။ ထို့အပြင် အာရုံစိုက်ထားလိုက်ပါက ထိုနဂါး၏ အမြီးဖျားလေးက ရွှေရောင် ဖြစ်နေလေပြီ။
သူ ပြုံးမိသည့်အချက်မှာ ပုံမှန်အားဖြင့် ခွေနေတတ်သည့် နဂါးက ယခုအခါ ခန္ဓာကိုယ်ကို အပြည့်အဝထုတ်ပြရင်း ဂူကို ဝေ့ပတ်နေ၍ ဖြစ်သည်။
ကြည့်ရတာ ရှောင်ဝူရဲ့ ကံကောင်းမှုက နိုးထလာပုံပဲ…
ယဲ့လောင်က ထိုတွေ့ရှိမှုသည် သာမန်ဖြစ်သည့်အတွက် သိပ်အံ့ဩခြင်း မရှိပေ။ တချို့လူများက အားကောင်းလွန်းသော ချီကံကောင်းမှုဖြင့် မွေးဖွားလာသည့် ကောင်းကင်ရွေးချယ်ခံ သို့မဟုတ် ပါရမီရှင်မျိုးအဖြစ် မွေးဖွားလာခြင်း မဟုတ်ပေ။ ထိုအစား သူတို့က အချိန်တစ်ခုထိ စောင့်ဆိုင်းပြီးမှ သို့မဟုတ် သူတို့၏ ချီကံကောင်းမှု နိုးထလာသည့်အချိန်မှ သူတို့၏ ကံကြမ္မာက ဖြည်းဖြည်းချင်း မြင့်တက်လာခြင်း ဖြစ်၏။ ကောင်းကင်ရွေးချယ်ခံများနှင့် မတူဘဲ ထိုလူများက သူတို့၏ ကံကြမ္မာကို ပို၍ ရင်ဆိုင်ရတတ်သည်။
လော့ချန်၏ ချီကံကောင်းမှု အပြောင်းအလဲကို သတိထားမိပြီးနောက်တွင် ယဲ့လောင်က လက်ဝှေ့လိုက်သည့်အခါ မမြင်နိုင်သည့် အဖြူရောင်အလင်းတစ်ခုက ဝမ်ဝေ့၏ ချီကံကောင်းမှုဆီ ထိသွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို မူလလိမ္မော်ရောင်သို့ ပြောင်းလဲသွားလေ၏။
ထိုသို့ လုပ်ပြီးသည့်နောက်တွင် သူက ဆေးလုံးကို ဆက်လက် ဖော်စပ်လိုက်သည်။
ထိုစဉ် ဝမ်ဝေ့က ဂူအတွင်း တစ်ယောက်ယောက်သည် သူ့ချီကံကောင်းမှုကို စစ်ဆေးလိုက်ကြောင်း သိလိုက်သော်လည်း ဘာမှမသိသလိုသာ ဟန်ဆောင်နေလိုက်သည်။ သူ့ချီကံကောင်းမှုနဂါးကို အဖြူရောင် အလင်းတန်း ထိတွေ့လာပြီးနောက် သူက ခေတ္တမျှ အံ့ဩသွားလေသည်။ ထို့နောက် သူက ပြုံးလိုက်၏။
ဒီယဲ့လောင်က ဆရာဆိုးတော့ မဟုတ်ဘူးပဲ … သူက သူ့တပည့်ရဲ့ ချီကံကောင်းမှုကိုတောင် တခြားသူတွေဆီကနေ ကာကွယ်ပေးဖို့ ဝှက်ထားပေးသေးတယ်။
ထို့နောက် သူက သူ့ကိစ္စကိုသာ အာရုံပြန်စိုက်လိုက်ပြီး ဆေးဖော်စပ်ဖို့သာ ပြင်လိုက်သည်။ ဤခန္ဓာကိုယ်၏ ယခင်ပိုင်ရှင်က အဆင့်နိမ့် အဆင့် ၂ ဆေးဝါးပညာရှင် တစ်ဦး ဖြစ်သောကြောင့် သူ ဖော်စပ်နိုင်သည့် အမြင့်ဆုံးဆေးလုံးမှာ သဘာဝလွန်အဆင့် ကျင့်ကြံသူများ သုံးစွဲကြသည့် မြေကမ္ဘာအဆင့်နိမ့် ဆေးလုံး ဖြစ်လေသည်။
ဝမ်ဝေ့က သူ့မှတ်ဉာဏ်များမှ ထိုဆေးလုံးဖော်စပ်နှုန်းသည် အတော်လေး နိမ့်ကျကြောင်း သိလေသည်။ အထူးသဖြင့် လော့ချန်က သူ့ကို ကူညီပေးမည့် အံ့ဖွယ်အသိစိတ် မရှိသည့်အခါတွင် ဖြစ်သည်။
ဤလူက အဆင့် ၂ ဆေးဝါးပညာရှင် ဖြစ်လာဖို့ စမ်းသပ်မှု အောင်မြင်သွားသည်မှာ အလွန်ပင် ကံကောင်းလှသည်။ သူက ငါးကြိမ်အနက် လေးကြိမ်မြောက်၌ အောင်မြင်သွားကာ စာမေးပွဲ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
ဝမ်ဝေ့က ထိုမှတ်ဉာဏ်ကို မြင်သည့်အခါ ခေါင်းသာ အသာယမ်းလိုက်သည်။ ဆေးဝါးပညာရှင် အဖွဲ့အစည်းက ဆေးလုံးတစ်လုံးအား ဖော်စပ်ပြီးနောက် ဤအဆင့်အား မည်သို့ ပေးလိုက်ကြောင်း စဉ်းစားနေမိသည်။
သူက ဆေးဝါးအဖွဲ့အစည်းသည် လော့ချန်၏ ဆရာဖြစ်သူကို ထောက်ထားကာ စည်းမျဉ်းများကို အနည်းငယ် ပြေလျှော့လိုက်ပြီး သူ့အား ထိုအဆင့်ပေးလိုက်ကြောင်း ခန့်မှန်းမိလိုက်သည်။
ဝမ်ဝေ့က သူ့ဆေးပြင်းမီးဖိုနှင့် ဆေးပင်များကို ထုတ်ယူပြီးသည့်နောက်တွင် စတင်လိုက်သည်။ သူက ချက်ချင်းဆိုသလို မြေကမ္ဘာအဆင့်ကို တန်း၍ မဖော်စပ်သေးဘဲ အဆင့်အနိမ့်ဆုံးဖြစ်သည့် နက်နဲအဆင့်ဆေးလုံးကို စတင်ဖော်စပ်လိုက်သည်။
ဂိုဏ်းသို့ မကျူးကျော်ခင် သူက ဆေးလုံးတာအိုကို အနည်းငယ်မျှ သိပြီး ဆေးဝါးပညာကို သင်ယူဖူးလေသည်။ ကံဆိုးစွာဖြင့် ယန်းလီလင်းက သူတို့အဖွဲ့ထဲ ရောက်လာကတည်းက သူက ဆေးဝါးပညာ လေ့ကျင့်မှုကို အနည်းငယ် လျစ်လျူရှုခဲ့မိသည်။
ထို့ကြောင့် သူက သူ ယခင်သင်ယူခဲ့ရသည့်အရာများကို ပြန်လည်ဆန်းစစ်ကာ စတင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
“ နှစ်ငါးရာ သက်တမ်းရှိ ဂျင်ဆင်း၊ သွေးကြာအမြစ်၊ အနီရောင် စွံပလွန်သီးနဲ့ ကျားနတ်ဆိုး နှလုံးသွေး … ”
ဝမ်ဝေ့က ပါဝင်ပစ္စည်းများကိုကြည့်ကာ ဆေးမီးပြင်းဖိုထဲ ထည့်ဖို့ ပြင်လိုက်ပြီး သန့်စင်ဖို့ ချက်ချင်းလုပ်ဆောင်လိုက်သည်။ ထို့နောက် သူ့စွမ်းရည်ကို အသက်သွင်းလိုက်၏။
သူက သွေးကြာအမြစ်ကို အနည်းငယ် ဖြတ်တောက်လိုက်လေသည်။ ထိုဖြတ်တောက်မှုက အလွန်ပင် တိကျလှ၏။ ထို့နောက် သူက အနီရောင် စွံပလွန်သီးမှ အနည်းငယ်ကိုလည်း ခြစ်ယူလိုက်သည်။ နတ်ဆိုးသွေးအတွက်မူ သူက မီလီမီတာ အနည်းငယ်ထိ တိုင်းယူလိုက်သည်။
“ ဒီစွမ်းရည်ကို အဲဒါကြောင့် တိကျမှုလို့ ခေါ်တာပဲ။ ဆေးပင်တွေ အသုံးပြုတဲ့အခါမှာ ငါ ပြီးပြည့်စုံတဲ့ ပမာဏနဲ့ အတိုင်းအဆကို သုံးနိုင်ပြီ”
ဝမ်ဝေ့က ဤကမ္ဘာရှိ ဆေးဝါးပညာသည် အမြဲတမ်းလိုလို အချိုးအဆ ပြဿနာရှိကြောင်း သိလေသည်။ ပြောရလျှင် တစ်ကမ္ဘာလုံးတွင် စံနှုန်း မရှိဘဲ ဆေးဖော်စပ်နည်း အများစုက ဆေးလုံး ဖန်တီးထားသည့် ဆေးဝါးပညာရှင်များပေါ်တွင်သာ မူတည်နေလေသည်။ အချို့သော ဆေးဝါးပညာရှင်များက သူတို့၏ တိုင်းတာမှုနည်းစနစ်ကို ကိုယ်တိုင်ဖန်တီးထားကြပြီး တချို့က လက်တဖျစ်စာ သို့မဟုတ် လက်တစ်ဆုပ်စာဟု မရှင်းမရှင်း ရေးသားထားကြသည်။ တချို့သောသူများက ဆေးဖော်စပ်သူအား သင့်တော်သလောက် ထည့်ရန် ပြောထားသေး၏။
ရလဒ်အနေဖြင့် ဆေးဝါးပညာက ပါရမီအပေါ်၊ စစ်ဆေးမှုနှင့် အမှားအယွင်းများ၊ အရင်းအမြစ်များအပေါ် မူတည်နေလေသည်။ ထို့ကြောင့် သူ ငယ်စဉ်အခါက ဂိုဏ်းရှိ ဆေးဝါးပညာရှင်များ အသုံးပြုဖို့အတွက် အတိုင်းအတာများကို ဖန်တီးပေးခဲ့သည်။ ထိုသို့ လုပ်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ဆေးဝါးပညာထဲ ဝင်ရောက်ဖို့ အဆင့်နိမ့် ဆေးဝါးပညာရှင်များကိုပင် ပိုမိုမွေးထုတ်ပေးနိုင်ရန် ဖြစ်သည်။
ကံဆိုးစွာဖြင့် ယခင်က ဆေးဝါးခန်းမမှ ဆေးဝါးပညာရှင် အများစုသည် သူ့တင်ပြချက်အား သဘောမတူခဲ့ကြပေ။ ထိုလူအိုကြီးများက သူ့အဆင့်အတန်းကို ဂရုမစိုက်ဘဲ ဒီလိုမြင့်မြတ်သည့် အတတ်ပညာကို ပြစ်မှုကျူးလွန်နေသည်ဟုသာ ယုံကြည်နေကြသည်။ ကံကောင်းစွာဖြင့် သူ့အဖေက ဤစနစ်၏ အရေးသာချက်ကို မြင်ကာ ချက်ချင်းဆိုသလို သဘောတူခဲ့သည်။
နောင်နှစ်ရာချီ ကြာမြင့်ပြီးသည့်နောက်တွင် ထိုလူအိုကြီးများက စနစ်၏ အကျိုးရှိပုံကို မြင်လာပြီးနောက် ဘာမှမပြောကြတော့ပေ။ အနည်းဆုံးတော့ လူအများရှေ့တွင် မပြောကြတော့ပေ။
ဆေးပင်များကို ဆေးပြင်းမီးဖိုထဲ ထည့်ပြီးသည့်နောက်တွင် သူ့လက်ထဲ အနီရောင် မီးတောက်တစ်ခု ပေါ်ထွက်လာပြီး ဆေးပင်များကို စတင်အရည်ဖျော်လိုက်သည်။ သူ့မီးထိန်းချုပ်နိုင်စွမ်းက အတိအကျ ဖြစ်လေသည်။ မဟုတ်ပါက ဆေးပင်များက ပျက်စီးသွားနိုင်သည်။ သူ့ အံ့ဖွယ်အသိစိတ်ဖြင့် သူက ဆေးပြင်းမီးဖိုထဲ ဖြစ်ပျက်သမျှ အရာအားလုံးကို မြင်တွေ့နေရသောကြောင့် မီးထိန်းချုပ်ဖို့ ပို၍လွယ်ကူလာသည်။ ဆေးပင်များ အရည်ပျော်သွားသည်နှင့် အညစ်အကြေးများ ဖယ်ရှားခြင်း ဖြစ်စဉ်ကို စတင်လိုက်သည်။
မိုးမြေက တရားမျှတလေသည်။ ထို့ကြောင့် ဘယ်အရာမှ မပြီးပြည့်စုံပေ။ အရာအားလုံးနှင့် လူအားလုံးတွင် သူတို့၏ ခန္ဓာကိုယ်တွင် အညစ်အကြေးများ ရှိကြသောကြောင့် ဆေးပင်များတွင်လည်း အတူတူသာ ဖြစ်၏။ ဝိညာဉ်ချီ နှစ်သန်းချီဆေးကြောခြင်း ခံရသည့် ဆေးပင်များတွင်လည်း အတူတူပင်ဖြစ်ပေသည်။
ဝမ်ဝေ့က မီးကို ထိန်းချုပ်ကာ ထိုဆေးပင်များ၏ အညစ်အကြေးအားလုံးကို လောင်ကျွမ်းပစ်ဖို့ မီးကို ထိန်းချုပ်လိုက်သည်။ သူ့အားကောင်းသည့် ဝိညာဉ်ဖြင့် သူ လောင်ကျွမ်းနိုင်သည့် အညစ်အကြေး ကန့်သတ်ချက်မှာ အလျင်အမြန် ရောက်ရှိသွားလေသည်။ ထို့ကြောင့် သူနောက်တစ်ဆင့်ကို စတင်လိုက်၏။
ဆေးပင်များက အတူတကွ ရောနှောသွားလေသည်။ ဝမ်ဝေ့ ဖော်စပ်နေသည်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများ၏ သွေးချီကို မြှင့်တင်ပေးနိုင်သည့် သွေးချီဆေးလုံး ဖြစ်ပေသည်။
သူက ဆေးပင်အားလုံးကို အသုံးပြုပြီးသည့်နောက်တွင် အားလုံးကို ချီနှင့် သွေးကို တိုးမြင့်စေဖို့အတွက် အသုံးပြုလိုက်သည်။ အနီရောင် စွန်ပလွံသီးမှ လွဲ၍ ဖြစ်သည်။
ဤဆေးပင်က တခြားသော ဆေးစွမ်းအင်များကို တစ်ခုထဲ ရောနှောစေဖို့ အသုံးပြုခြင်း ဖြစ်သည်။
ဖြစ်စဉ် အဆုံးသတ်သွားသည်နှင့် ဆေးပြင်းမီးဖိုအတွင်းတွင် အနီရောင် ဆေးကိုးလုံး ပေါ်ထွက်လာသည်။ ထို့နောက် ဝမ်ဝေ့က နောက်တစ်ဆင့် ဖြစ်သည့် အံ့ဖွယ်သင်္ကေတ ရေးထွင်းခြင်းကို စတင်လိုက်သည်။ သူက ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပထမဆေးလုံးပေါ်တွင် သင်္ကေတသုံးခု ရေးထွင်းလိုက်သည်။
သင်္ကေတတစ်ခုက ဆေးလုံးတွင် သွေးစွမ်းအားကို လှုံ့ဆော်ဖို့ ဖြစ်ပြီး ပို၍ အသက်ဝင်ကာ အလားအလာ ပို၍ တိုးသွားစေသည်။ နောက်သင်္ကေတတစ်ခုတွင် စွမ်းအင် ပါဝင်ပြီး ထိုအရာကို ဖြည်းဖြည်းချင်း လွှတ်ထုတ်ပေးဖို့ အသုံးပြုခြင်း ဖြစ်သည်။ နောက်ဆုံး သင်္ကေတအတွက်မူ စုပ်ယူခြင်း ဖြစ်စဉ်ကို ကူညီပေးရန် ဖြစ်သည်။
လူတစ်ဦး၏ ခန္ဓာကိုယ်က သူတို့စုပ်ယူနိုင်သည့် ဆေးပမာဏက မတူညီပေ။ သို့သော်လည်း နောက်ဆုံးသင်္ကေတက သာမန်စွမ်းရည်ရှိသည့် သာမန်လူများ၏ စုပ်ယူနိုင်စွမ်းကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်လိမ့်မည်။
ပထမဆေးလုံးကို သန့်စင်ပြီးသည့်နောက်တွင် တခြားအရာများကိုလည်း ဆက်လုပ်လိုက်သည်။ သို့သော်လည်း သူက သင်္ကေတအား အတူတူ မလုပ်ဆောင်ပေ။ ဒုတိယဆေးလုံးတွင် သူက သွေးစွမ်းအင်တွင် ပါရှိသည့်အရာကို လှုံ့ဆော်ပေးနိုင်သည့် သင်္ကေတနှစ်ခုကိုသာ ရေးထွင်းခဲ့သည်။
ဤနည်းဖြင့် ဤဆေးလုံး၏ စွမ်းအားပမာဏက အတော်လေး တိုးမြင့်သွားသည်။ တစ်ချိန်တည်းဆိုသလို စုပ်ယူဖို့ ပို၍ ခက်ခဲသွားသည်။
တတိယဆေးလုံးတွင် စွမ်းအင် သို့မဟုတ် စုပ်ယူခြင်းကို ကူညီပေးနိုင်သည့် သင်္ကေတမျိုး ရေးထိုးမထားဘဲ စွမ်းအားနှင့် အလားအလာကိုသာ တိုးမြင့်ပေးနိုင်သည့် အရာကိုသာ ရေးထွင်းထားလေသည်။ ထိုသို့လုပ်ခြင်းအားဖြင့် ဝမ်ဝေ့က ဆေးလုံးကို သွေးချီဆေးလုံးမှ ပေါက်ကွဲဆေးလုံးအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ထိုအရာကို မျိုချလိုက်ပါက လူတစ်ဦးသည် ကျင့်ကြံဆင့် တိုးသွားမည် မဟုတ်ပေ။ ထိုအစား သူတို့၏ အင်အားက အချိန်တိုအတွင်း သိသိသာသာ တိုးမြင့်လာလိမ့်မည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်တွင် အထိအခိုက်တော့ ရှိလိမ့်မည်။