ဆန်းကြယ်မှု ပို၍နက်နဲလာခြင်း
Vol. 23 Ch. 312
အခန်း (၃၁၂) : ဆန်းကြယ်မှု ပို၍နက်နဲလာခြင်း
ဝမ်ဝေ့က သူ့ဦးတည်ရာဂူသို့ ရောက်ရှိပြီးသည့်နောက်တွင် အဝင်ဝတွင် အစီအရင်တစ်ခုရှိနေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူက ရှေ့တွင် ရပ်ကာ စောင့်ဆိုင်းလိုက်၏။ သူ့အနေနှင့် ထိုပိုင်ရှင်သည် သူ ရောက်ရှိလာမှုကို သတိပြုမိကြောင်း သိလေသည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် အစီအရင်မှ တစ်ယောက်ယောက် ထွက်လာသည်။ ဝမ်ဝေ့က ထိုလူသည် အစေခံ တစ်ယောက်ဖြစ်ကြောင်း သိ၍ ခေါင်းသာညိတ်ပြလိုက်ပြီး ထိုလူနောက်မှ လိုက်သွားလိုက်သည်။
သိပ်မကြာခင် ဂူအတွင်းရှိ အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။ ဝမ်ဝေ့က သူဝင်သွားသည်နှင့် မိုးမြေ ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ သူက စည်းမျဉ်းများ ကွဲပြားသွားသည့်နေရာတစ်ခုသို့ ရောက်သွားသလိုမျိုး ဖြစ်သည်။
ခံစားချက်က သူ့ကျောင်းတော်အတွင်းသို့ ပထမဆုံးရောက်ရှိသည့်အခေါက်နှင့် တူညီနေသည်။
ကမ္ဘာငယ်လား…
ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်ပြီးနောက် အမျိုးသမီး အစေခံနောက်မှ ဆက်လိုက်သွားလိုက်သည်။ လော့ချန်အနေနှင့် ဤနေရာကိုလာခြင်းမှာ ပထမဆုံး မဟုတ်သော်လည်း ဤကမ္ဘာငယ်နှင့် အပြင်ဘက်ကြားရှိ ကွဲပြားမှုကို သတိမပြုမိခဲ့ပေ။
မိနစ်အနည်းငယ်ကြာ လျှောက်လှမ်းပြီးသည့်နောက်တွင် ဆေးပင်များစွာ စိုက်ပျိုးထားသည့် ကွင်းပြင်းကျယ်ကို မြင်လိုက်ရသည်။ တချို့လူများက ထိုဆေးပင်များကို သေချာပျိုးထောင်နေကြသည်။ ဆေးပင်တချို့ကိုပင် ပျိုးထောင်နေကြသည့် သေမျိုးတချို့ကိုပင် မြင်လိုက်ရသေး၏။
ဝမ်ဝေ့အား အနည်းငယ် အံ့အားသင့်သွားစေသည်မှာ သူတို့တာဝန်ယူထားသည့် ဆေးပင်များကို မြင်လိုက်ရသည့်အခါတွင် ဖြစ်၏။ သူ့အကြည့်တစ်ချက်ဖြင့် သူတို့၏ တည်ရှိမှုက အဘယ်ကြောင့် လိုအပ်နေမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုသေမျိုးများက ကျင့်ကြံသူများအနေဖြင့် ထိတွေ့၍ မဖြစ်သော ထိတွေ့ခွင့်မရှိပန်းဟု ခေါ်သည့် ရှားပါးဆေးပင်ကို ဂရုစိုက်ပေးနေခြင်း ဖြစ်သည်။
အဆင့်အနိမ့်ဆုံး ခန္ဓာကိုယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ထိုအရာကို ထိလိုက်သည်နှင့် သူတို့ခန္ဓာကိုယ်ရှိ စွမ်းအင်အကုန်လုံးက ချက်ချင်းဆိုသလို စုပ်ယူခံလိုက်ရပြီး ပန်းကလည်း ချက်ချင်းသလို ဂုဏ်သတ္တိ ပြောင်းလဲသွားလိမ့်မည်။ ပြောရလျှင် ယင်နှင့် ရေဓာတ်မှ ယန်နှင့်မီးဓာတ်သို့ ပြောင်းလဲသွားနိုင်လေသည်။
ဆေးပင်၏ သဘာဝအပေါ် မူတည်၍ ဆေးလုံးအမျိုးမျိုး ပြုလုပ်နိုင်လေသည်။ ယင်သဘာဝက ပို၍အဖိုးတန်သောကြောင့် ဆေးဝါးပညာရှင်များက ထိုဆေးပင်များကို ပြုစုပျိုးထောင်ဖို့ သေမျိုးများ သို့မဟုတ် အစီအရင်များကို အသုံးပြုလေ့ရှိသည်။ တစ်ခါတစ်ရံတွင် နှစ်ခုလုံးကို အသုံးပြုလေ့ရှိ၏။
ဝမ်ဝေ့က ထိုဆေးပင်များအား မထိတွေ့မိစေရန် သီးသန့်လမ်းကြောင်းလေးမှ လိုက်ပါသွားခဲ့သည်။ သူ့အနေနှင့် ထိုဆေးပင်များကို ကာကွယ်နေသည့် အစီအရင်များစွာ ရှိသည်ကို ခံစားမိ၍ အနားချဉ်းကပ်လျှင်ပင် အသုံးမဝင်ကြောင်း သိလေသည်။
နာရီဝက်လောက် လမ်းလျှောက်ပြီးသည့်နောက်တွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦး ရှိနေသည့် မျှော်နန်းဆောင်ငယ်အတွင်းသို့ ရောက်ရှိသွားလေသည်။ သူမက အခင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ရှေ့တွင် လက်ဖက်ရည်ခွက် နှစ်ခွက်နှင့် အိုးတစ်လုံးချထားလေသည်။
ဝမ်ဝေ့က ထိုမိန်းကလေးအနားသို့ ရောက်ရှိသည်နှင့် ဆေးနံ့သင်းသင်းလေးကို ရလိုက်ရသည်။ သို့သော် ထိုအနံ့က ခါးသက်ခြင်းမျိုး မရှိဘဲ လန်းဆန်းကာ စိတ်တည်ငြိမ်စေလေသည်။
ဝမ်ဝေ့က လက်နှစ်ဖက်ယှက်ကာ “ အစ်မ (၃)”
“ ရှောင်ဝူ … မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ” လန်လင်းက အပြုံးလေးဖြင့်မေးပြီး သူ့ကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ သူမ၏ လှုပ်ရှားမှုများက နှေးကွေးသော်လည်း တစ်ပြိုင်တည်းဆိုသလို ကြော့ရှင်းနေလေ၏။
ဝမ်ဝေ့က သူ့နှလုံးခုန်မြန်သွားကြောင်း ခံစားမိလိုက်ပြီး ရှက်သွေးဖြာသွားလုမတတ် ဖြစ်ခဲ့လေသည်။ ကံကောင်းစွာဖြင့် သူက သူ့ခန္ဓာကိုယ်၏ တုံပြန်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်လိုက်သည်။
ဒီလော့ချန်က သူ့ဆရာတူအစ်မကို အတော်လေး သဘောကျနေတာပဲ …
သူ ထိုင်လိုက်ပြီးသည့်နောက်တွင် လန်လင်းက သူတို့နှစ်ဦးအတွက် အဖန်ရည် ငှဲ့ပေးလာသည်။ ဖြစ်စဉ်အတွင်း သူမက ပြီးပြည့်စုံသည့် အဖန်ရည် တည်ခင်းပုံကို အသုံးပြုခဲ့သည်။ ထိုဖြစ်စဉ်က လှပလွန်း၍ ဝမ်ဝေ့သည် သူ့စိတ်နှင့် စိတ်ဝိညာဉ်ပင် ငြိမ်းအေးသွားသလို ခံစားလိုက်ရ၏။
ဤသည်မှာ သူမသည် တာအိုကို ရရှိသည်အထိ သူမ၏ အဖန်ရည် တည်ခင်းပုံကို လေ့ကျင့်ထားကြောင်း သိသာလှသည်။
အပြန်အလှန်အားဖြင့် ဝမ်ဝေ့ကလည်း သင့်တော်သည့် လောကဝတ်ကို အသုံးပြုလိုက်သည်။ သူ ဖြစ်စေ၊ လော့ချန်ဖြစ်စေ သူတို့နှစ်ဦးလုံးက အဖန်ရည် တည်ခင်းမှုအကြောင်း လေ့လာဖူးကြသည်။
တစ်ခုတည်းသော ကွဲပြားမှုမှာ ဝမ်ဝေ့က ထိုအရာကို သူ့ပညာရပ်တစ်ခုအဖြစ် သင်ယူခဲ့ရခြင်းဖြစ်ပြီး လော့ချန်က သူ့ဆရာတူအစ်မနှင့် ဆွေးနွေးပြောဆိုနိုင်ခြင်းရှိစေရန် သင်ယူခဲ့ခြင်း ဖြစ်ပေသည်။
လန်လင်းက ဝမ်ဝေ့ အဖန်ရည် သောက်နေသည်ကို ကြည့်နေရင်း အနည်းငယ် အံ့အားသင့်မိသွားသည်။ သူ့လှုပ်ရှားမှုများက ပြီးပြည့်စုံနေပြီး ပြစ်ချက် မရှိပေ။ အတိတ်တုန်းက သူမ၏ ဆရာတူမောင်လေးသည် အဖန်ရည်သောက်စဉ် ပိုပြီး ကြော့ရှင်းစေဖို့ ကြိုးစားနေခဲ့ရသည်။
သို့သော်လည်း သူမက တစ်ချက်ကြည့်ရုံဖြင့် သူ အလွန်ကြိုးစားကြောင်း သိလိုက်ရသည်။ သို့သော် ယခုတွင် သူ့လှုပ်ရှားမှုများက သဘာဝကျနေပြီး ညင်သာလှသည်။ ကြည့်ရသည်မှာ သူ့ကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားဟန်ပေါ်၏။
သူ့လှုပ်ရှားမှုများက အဖန်ရည် တည်ခင်းမှုကို လေ့လာထားသည့်လူများ၏ ဆွဲဆောင်မှုမျိုး မရှိသော်လည်း ဘာမှပြောစရာတော့ မရှိပေ။
“ ကျွန်တော် သဘာဝလွန်အဆင့်ကို လတ်တလော ရောက်ထားတာဆိုတော့ ဆေးဝါးပညာနဲ့ပတ်သက်ပြီး နားလည်မှုတချို့ရှိလာခဲ့တယ်။ အဲဒါကြောင့် ဆရာတူအစ်မ ကျွန်တော်ကို လမ်းညွှန်ထောက်ပြပေးဖို့ လာပြီး တောင်းဆိုတာပါ”
လန်လင်းက အသာပြုံးကာ ခေါင်းအသာညိတ်လိုက်သည်။ သူမက ဆရာတူမောင်လေး၏ သူမအပေါ် ချစ်ခင်ကြင်နာမှုကို သိရှိထားသည်။ သို့သော်လည်း သူမက ချဉ်းကပ်မှုအား သဘာဝအတိုင်းသာ ဖြစ်စေလိုသည်။
သူမက အတူတူ မခံစားရသော်လည်း ခါးခါးသီးသီးမျိုး မရှိပေ။ ထို့အပြင် သူတို့ဆရာက တပည့်များ အတူတကွ ရှိနေခြင်းကို တားဆီးခြင်း မရှိပေ။
ဝမ်ဝေ့က လန်လင်းအား မြေကမ္ဘာ အဆင့်နိမ့် ဆေးလုံးဖော်စပ်ခြင်းနှင့် ပတ်သက်ပြီး မေးခွန်းတချို့ စတင်မေးလိုက်သည်။ သူ့မေးခွန်းများက ပို၍ နက်ရှိုင်းလာလေ၏။
သို့သော်လည်း သူ့အာရုံက ထိုစကားဝိုင်းပေါ်တွင် မရှိဘဲ သူမကိုသာ တိတ်တဆိတ်လေ့လာနေသည်။
သူ ပထမဆုံး သတိပြုမိသည့်အရာမှာ သူမ၏ ကျင့်ကြံဆင့်သည် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဖြစ်၏။ သူ မြင်ရသလောက် သူမသည် သူမ ကျင့်ကြံဆင့်အတွက် အလွန်ငယ်ရွယ်နေသည်။
ထိုအရာကို သတိပြုမိပြီးသည့်နောက်တွင် ထိုဥယျာဉ်တည်ရှိသည့် ကမ္ဘာငယ်လေးသည် ဘယ်နေရာမှ စတင်ဖြစ်ပေါ်လာကြောင်း သဘောပေါက်လာသည်။ ဤအရာမှာ သူမကိုယ်တိုင် လုပ်ထားခြင်း ဖြစ်၏။ သူမ၏ ကျင့်ကြံဆင့်ဖြင့် လိုအပ်သည့် အရင်းအမြစ်များဖြင့် ကမ္ဘာငယ် ဖန်တီးဖို့ရာ ပြဿနာ မရှိပေ။
ထို့နောက် ဝမ်ဝေ့က သူမ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုပြီးသည့်နောက်တွင် အနည်းငယ် အံ့အားသင့်သွားသည်။ အတိအကျဆိုရလျှင် သူက အကြောင်းအရင်း နှစ်ချက်ကြောင့် အံ့အားသင့်သွားခြင်း ဖြစ်၏။ ပထမတစ်ချက်က သူမ၏ ခန္ဓာကိုယ်မှ သူ့ခန္ဓာကိုယ်နှင့် ဆက်နွယ်နေသည့် အနီရောင်ကြိုးမျှင်ကို မြင်လိုက်ရသည်။
ဆိုလိုသည်မှာ သူမသည် လော့ချန်နှင့် ကံကြမ္မာဆက်နေလေသည်။ အကယ်၍ မမျှော်လင့်ထားသည့်အရာသာ ဖြစ်မလာပါက နှစ်ဦးသား အတူတူသာ ရှိသွားလိမ့်မည်။
ထိုအရာကို မြင်ပြီးနောက် ဝမ်ဝေ့၏ ပထမဆုံး အလိုလိုသိစိတ်က ထိုကြိုးမျှင်ကို ဖြတ်တောက်ပစ်ရန် ဖြစ်၏။ သူက တခြားသော စိတ်ခံစားချက် အနှောင့်အယှက်များအား မလိုချင်ပေ။ သို့သော်လည်း သူက အလျင်အမြန် စိတ်ပြောင်းသွားသည်။
လော့ချန်က မသေဆုံးသေးပေ။ သူသာ သူ့တာဝန်ကို ပြီးဆုံးသွားသည်နှင့် လော့ချန်၏ ဘဝကို ပြန်လည်ပေးအပ်နိုင်လေသည်။
ဤအချိန်တွင် ဝမ်ဝေ့ ရရှိထားသော အကျိုးအမြတ်များက သူ့ဆီ ကံကြမ္မာအကြွေး ပြန်လည်ပေးဆပ်မှုသာ ဖြစ်ပေသည်။ ဝမ်ဝေ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် သူ့အား အံ့အားသင့်သွားစေသည့် ဒုတိယအရာပေါ်ကို အာရုံစိုက်ထားလိုက်သည်။
သူက လန်လင်း၏ ကံကြမ္မာကြိုးမျှင်သည် သူ မဖတ်ရှုနိုင်အောင် တားဆီးထားသည့် သော့ခလောက် ရှိနေသည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းဆိုသလို ထိုသော့ခလောက်ကို လေ့လာကြည့်သည့်အခါ အဖြစ်အပျက်ကို နားလည်သွားလေသည်။
လူများစွာက ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ရှိ တာအိုကျောက်ပြား လျှို့ဝှက်နယ်မြေအတွင်း သူ့နည်းစနစ်ကို သတိပြုမိပြီးသည့်နောက်တွင် အများစုက သူ့နည်းလမ်းကို ကာကွယ်ဖို့အတွက် အသုံးအဆောင်များ၊ ကျမ်းများ၊ ပစ္စည်းများကို ဖန်တီးခဲ့ကြသည်။
မည်သူကမှ သူတို့၏ ကံကြမ္မာကြိုးမျှင် ဖတ်ရှုခံရပြီး လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရသည်ကို မကြိုက်ကြပေ။
ထိုသော့ခလောက်ကို မြင်ပြီး ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူသာ အားစိုက်လိုက်ပါက သူမ၏ ကံကြမ္မာကို ဖတ်ရှုနိုင်ကြောင်း သိလေသည်။ သို့သော်လည်း သူ့အနေနှင့် ခိုးကြောင်ခိုးဝှက် မလုပ်နိုင်ဘဲ သူမကို သတိပေးသလို ဖြစ်သွားစေလိမ့်မည်။
သူက ထိုလူများ ထိုနည်းလမ်း ဖြစ်ပေါ်လာသည့် အကြောင်းအရင်းတစ်ချက်ကို ခန့်မှန်းမိလေသည်။ အကယ်၍ သူတို့သာ ဤနည်းလမ်းက အသုံးပြုပြီးသွားကြောင်း သိသွားလျှင် သူတို့က တခြားနည်းဖြင့် ရပ်တန့်ဖို့ ကြိုးစားကြလိမ့်မည်။
ကြည့်ရတာ ငါ့ရဲ့ ရည်မှန်းချက်ကို ရဖို့ နည်းလမ်းကို အသုံးပြုမှပဲ …
ဝမ်ဝေ့က သူ့ဘာသူတွေးပြီး ပြောလိုက်သည်။
“ အစ်မ (၃) ကျွန်တော်က လတ်တလော မြေကမ္ဘာ အလယ်အလတ်အဆင့်ဆေးလုံးကို ဖော်စပ်ဖို့ စဉ်းစားနေတာ။ ဒါပေမဲ့ ကျွန်တော်က ယုံကြည်ချက် မရှိဘူး။ အစ်မဆီက ကျွန်တော် သင်ယူနိုင်ဖို့ အစ်မ ဆေးလုံးဖော်စပ်တာကို ကြည့်လို့များရမလား”
လန်လင်းက ထိုရုတ်ချည်းတောင်းဆိုမှုကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။ ပုံမှန်အားဖြင့် သူမ၏ ဆရာတူမောင်လေးက သူတို့နှင့် တွေ့ဆုံသည့်အခါတိုင်း အမြဲလိုလို ငြိမ်သက်နေလေ့ ရှိသည်။ ပါရမီနိမ့်ကျမှုတချို့ကြောင့် သူက သူမနှင့် အဆင့်မြင့် ဆေးဝါးပညာကို ဆွေးနွေးခဲ၏။ ထို့ကြောင့် ထိုအရာကို စကားဝိုင်းစတင်ဖို့သာ အသုံးပြုလေ့သာရှိပြီး နောက်ပိုင်းတွင် စကားလမ်းကြောင်း ပြောင်းပစ်လေ့ ရှိသည်။
သို့သော် ယခုတွင် သူက သူမဆီမှ ဆေးလုံးဖော်စပ်ပြဖို့ တောင်းဆိုနေလေသည်။ သူမက အံ့အားသင့်သွားသော်လည်း လက်ခံလိုက်၏။ ကြည့်ရသည်မှာ သူ့ အဆင့်မြင့် ကျင့်ကြံဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူ့ယုံကြည်ချက်များ ပိုမိုမြင့်မားလာဟန်ပေါ်သည်။
ထို့ကြောင့် လန်လင်းက သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ဆေးပြင်းမီးဖိုနှင့်အတူ ပါဝင်ပစ္စည်းတချို့ကို ထုတ်လိုက်သည်။ ထို့နောက် သူမက သူ့ရှေ့တွင် ကံကြမ္မာတိုးမြှင့်ရေး ဆေးလုံးကို ဖော်စပ်ပြလိုက်၏။ ထိုဆေးလုံးက အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့် ကျင့်ကြံသူအား သူတို့၏ ကံကြမ္မာကောင်း မီးတောက်၏ အင်အားကို တိုးမြှင့်ပေးနိုင်ပြီး သူတို့၏ ခန္ဓာကိုယ်အား သန့်စင်ဖို့ အရှိန်မြင့်မားလာစေသည်။
နောက်သုံးနာရီ ကြာမြင့်ပြီးသည်အထိ ဝမ်ဝေ့က လန်လင်း၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေဟန် ဟန်ဆောင်နေလေသည်။ သူမ ပြီးဆုံးသွားသည်နှင့် ဆေးပြင်းမီးဖို အတွင်းတွင် ဆေး ၇ လုံး ထွက်ပေါ်လာသည်။ ၅လုံးက သာမန်အရည်အသွေးဖြစ်ပြီး ၂လုံးက ပြည့်စုံအရည်အသွေး ဖြစ်လေသည်။
သူမက ဆေးလုံးကိုးလုံး ဖြစ်အောင် ဖော်စပ်နိုင်သောကြောင့် ကျွမ်းကျင်သည်ဟု ဆိုရမည်။ ဤအရာက သူမသည် ပါရမီကောင်းကြောင်း ပြသနေလေ၏။ အကယ်၍ သူမသာ ဆေးလုံးကို နေရာမှာတင် မဖော်စပ်ဘဲ ပိုမိုပြင်ဆင်ထားခဲ့လျှင် အရည်အသွေးက ပို၍ ကောင်းလာနိုင်သည်။
သူမ၏ ဆေးဖော်စပ်မှုကို မြင်ပြီးနောက် ဝမ်ဝေ့က ကျေးဇူးတင်ကာ သူ့နားလည်မှုအသစ်ကို သူ့ဂူဆီ ပြန်၍ စမ်းသပ်ကြည့်လိုကြောင်း အကြောင်းပြချက်ပေးပြီး ထွက်လာခဲ့လိုက်သည်။
လမ်းတစ်ဝက်ရောက်သည့်အခါ ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်သည်။
ငါမှန်နေတာပဲ။ သူမကလည်း မီးထိန်းချုပ်ရေး ပညာရပ်ကို လေ့ကျင့်ထားတယ် …