အစောင့်အရှောက်
Vol. 23 Ch. 314
အခန်း (၃၁၄) : အစောင့်အရှောက်
နှလုံးသားစည်းချက်ဂိုဏ်းမှ ထွက်လာပြီးသည့်နောက်တွင် ဝူဟုန်က အာကာပြင် ချိုးဖောက်ကာ အလယ်ပိုင်းကုန်းမြေသို့ ပြန်သွားလိုက်သည်။ သို့သော်လည်း သူမက တာအိုအခွင့်အလမ်းဂိုဏ်းဆီ ပြန်မသွားသေးဘဲ ကုန်းမြေ၏ အရှေ့ဘက်သို့ ဦးတည်လိုက်သည်။
သိပ်မကြာခင် သူမက ကုန်းမြေအစွန်းတွင် တည်ရှိပြီး ပင်လယ်နှင့် သိပ်မဝေးသည့် အသက်မဲ့နယ်မြေသို့ ရောက်ရှိသွားလေသည်။ သူမက လေထဲတွင် ပျံသန်းရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
တိမ်များက နီရဲနေပြီး မပြောင်းမလဲ တည်ငြိမ်နေသည်။ နေရာတွင် လှုပ်ရှားနေသည့်အရာ တစ်ခုမှ မရှိသောကြောင့် ဤသို့ရှိနေသည်မှာ ကမ္ဘာသန်းချီကြာမြင့်လှပြီလို့ပင် ထင်မှတ်ရသည်။
မြေကြီးက အသက်ဓာတ် ကင်းမဲ့နေသည့်အလား မီးခိုးရောင် ဖြစ်နေသည်။ အပင်များ မရှိသလို တိရစ္ဆာန်များလည်း မရှိပေ။ မိုင်ရာချီအတွင်း သက်ရှိဟူ၍ မမြင်ရပေ။
မြေကြီးနှင့် ကောင်းကင်ကြားရှိ လေထုက အထီးကျန်ကာ သီးသန့်ဆန်နေ၏။
ထိုအရာများအပြင် ဝိညာဉ်စွမ်းအား တစ်စက်မှ မရှိဘဲ အာကာပြင်ကလည်း မတည်မငြိမ် ဖြစ်နေသောကြောင့် ကူးသန်းပြောင်းရွှေ့ဖို့ပင် ခက်ခဲလှသည်။ နေရာတိုင်းတွင် အန္တရာယ်ရှိသော အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ထိုတားမြစ်နယ်မြေအတွင်း ခြေချသူတိုင်း၏ စိတ်ကို လွှမ်းမိုးဖို့ ကြိုးစားနေကြသည်။
ဝူဟုန်က ဤနေရာရှိ မိုးမြေစည်းမျဉ်းသည် ကမောက်ကမဖြစ်ကာ ဖျက်ဆီးခံထားရကြောင်း ခံစားမိလိုက်သည်။ အကယ်၍ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် သို့မဟုတ် သူတော်စင်အဆင့်များသာ ရောက်ရှိလာလျှင် သူတို့က စည်းမျဉ်းစွမ်းအား အသုံးပြုနိုင်စွမ်းကို ဆုံးရှုံးသွားရလိမ့်မည်။
သူတို့၏ ကိုယ်ပိုင်တာအို ရှိကြသည့် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသာ သက်ရောက်မှု ခံရမည်မဟုတ်ပေ။
သူမက အလျင်အမြန် ကြည့်လိုက်ပြီးသည့်နောက်တွင် နေရာတစ်နေရာဆီ ပျံသန်းသွားလိုက်သည်။ ဤတစ်ကြိမ် သူမက လေဟာနယ် ကူးသန်းပြောင်းရွှေ့ခြင်းမျိုး မရှိပေ။
သူမက နာရီအနည်းငယ်ကြာ ပျံသန်းသွားလိုက်သည်။ သူမ၏ အမြန်နှုန်းက အလင်းထက် အဆများစွာ မြန်ဆန်နေလေသည်။ သူမက ဦးတည်ရာသို့ ရောက်ရှိလာသည့်အခါ တစ်ယောက်ယောက်ကို မြင်လိုက်ရ၏။
ဤသည်က စုတ်ပြဲနေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦး ဖြစ်ပေသည်။ သူ့ဆံပင်ရှည်များက ရှုပ်ပွနေပြီး ဖိနပ်လည်း မပါရှိပေ။ သူက တစ်စုံတစ်ခုကို မရပ်မနား ရွတ်ဆိုနေဟန်ပေါ်၏။ ကံဆိုးစွာဖြင့် သူ့စကားများက ဘာမှမဟုတ်ဘဲ ဗလုံးဗထွေးသာ ဖြစ်နေသောကြောင့် ဘာပြောနေမှန်း မသိရပေ။
ဝူဟုန်က ထိုအမျိုးသားသည် ဤနေရာကို အသုံးပြုကာ သူ့တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ ကြိုးစားနေသည့် သူတော်စင်အဆင့် တစ်ယောက် ဖြစ်ကြောင်း သိလိုက်သည်။ ကံဆိုးစွာဖြင့် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က ထိုအန္တရာယ်ရှိ အငွေ့အသက်များကြောင့် တိုက်စားခံရပြီး ရူးသွပ်သွားလေသည်။
သူမက ထိုလူအိုကြီးအား သနားစဖွယ် ကြည့်လိုက်သည်။ မည်သူကမှ သူတို့ဘာသာသူတို့ လေ့ကျင့်ဖို့ ဒီလို ခက်ခဲကြမ်းတမ်းသည့် နည်းလမ်းမျိုးကို အသုံးပြုကြမည် မဟုတ်ပေ။ ထို့အပြင် သူမက ထိုလူအိုကြီးသည် သူ့စိတ်ကို ထိန်းထားနိုင်ဖို့အတွက် ဆက်တိုက်ရုန်းကန်နေဆဲဖြစ်ကြောင်း ခံစားမိလိုက်၏။
သူမက ခေါင်းအသာညိတ်ကာ လက်ညှိုးဖြင့် ချိန်ရွယ်လိုက်သည်။ ထိုစဉ် အဖြူရောင် အလင်းတန်းက သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားလေ၏။ ထိုအခိုက်အတန့်တွင် ထိုလူအိုကြီး၏ စိတ်ဝိညာဉ်ကမ္ဘာဝန်းကျင်တွင် အနီရောင်အငွေ့အသက်များကို ပိတ်ဆို့ထားသည့် သင်္ကေတမြောက်များစွာ ပေါ်ထွက်လာလေသည်။
ချက်ချင်းဆိုသလို သူက အသိစိတ် ပြန်ကပ်လာ၏။ လူအိုကြီးက ဘေးပတ်လည်ကို ကြည့်သော်လည်း ဘာမှရှာမတွေ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်၏။
“ ကျုပ် အသက်ကို ကယ်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ စီနီယာ နာမည်ပြောပြမယ်ဆိုရင် ဒီလူငယ်မျိုးဆက်က တစ်ရက်ကျ ဒီကံကြမ္မာကြွေးကို ပြန်ဆပ်ပါ့မယ်”
လူအိုကြီးက ခဏတာ စောင့်ဆိုင်းနေသော်လည်း ဘာမှမကြားရပေ။ သို့သော်လည်း သူ့မျက်ဝန်းအတွင်း အံ့အားသင့်မှုတစ်ချက် ဖြတ်ပြေးသွားကာ မြန်မြန်ပြောလိုက်၏။
“ စည်းမျဉ်းကို လက်ဆင့်ကမ်းပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်”
အစောပိုင်းစက္ကန့်လေးတွင် သူ့အား ဤနေရာမှ အန္တရာယ်ရှိ အငွေ့အသက်များအား စုပ်ယူကာ ကမ္ဘာဦးစိတ်ဝိညာဉ်အား အင်အားတိုးမြှင့်နိုင်သည့် ကျင့်ကြံရေးနည်းစနစ် တစ်ခုကို ရရှိလိုက်သည်။
သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က အင်အား တိုးမြှင့်လာသည်နှင့် သူ့အနေနှင့် မိုးမြေကြားရှိ စည်းမျဉ်းများကို နားလည်ဖို့ ပို၍ လွယ်ကူလာသည်။ ထို့အပြင် သူ့ဝိညာဉ်က ဝိညာဉ်တိုက်ခိုက်မှုများနှင့် အနှောင့်အယှက်များကို ပို၍ ခံနိုင်စွမ်းရှိလာ၏။
ထိုအရာမှာ ဤနည်းစနစ်က ယူဆောင်ပေးလာသည့် အကြီးမားဆုံး အကျိုးအမြတ် မဟုတ်သေးပေ။ ထိုအရာဖြင့် သူ၏ အထွတ်အထိပ်နယ်ပယ်အဆင့် တက်လှမ်းနိုင်ချေက ၁ ရာခိုင်နှုန်းထက်နည်းနေရာမှ ၁၀ ရာခိုင်နှုန်းအထိ တိုးမြင့်သွားသည်။
ဤသည်မှာ သူ့ဘဝအတွက် အကြီးမားဆုံး အခွင့်အရေး တစ်ခု ဖြစ်၏။ ထိုလူအိုကြီးက ချက်ချင်း မြေကြီးပေါ်တွင် ဒူးထောက်ကာ ၃ ကြိမ်တိုင်တိုင် ဝပ်တွားကန်တော့လိုက်သည်။ ထို့နောက် ဆန့်ကျင်ဘက်အရပ်သို့ ထွက်ခွာသွားလေ၏။
သူက စီနီယာနှင့် တွေ့ဆုံကာ သိကျွမ်းလိုလေသည်။ ဤနည်းဖြင့် သူက အကျိုးအမြတ် ပို၍ ရရှိနိုင်လေသည်။ သို့သော်လည်း သူက သူ့လောဘကို ထိန်းချုပ်ကာ သူ ရရှိသည်နှင့်သာ ကျေနပ်လိုက်ရသည်။
ထိုစဉ် ဝူဟုန်က ထိုအမျိုးသားအား အခွင့်အရေးတစ်ခု ပေးပြီးသည့်နောက်တွင် ထွက်လာခဲ့၏။ သူမ ထိုသို့လုပ်သည့် ရည်ရွယ်ချက်မှာ ဝမ်ဝေ့ဆီမှ ထိုက်တန်သည့်သူများကို ကံအပြောင်းအလဲအခွင့်အရေးတစ်ခု ပေးဖို့ နှစ်သက်သည့် လူအိုကြီးတစ်ယောက်ဖြစ်ရခြင်း သဘောထားမှ သင်ယူထားခြင်းဖြစ်သည်။
ပြောရလျှင် ထိုအရာက သူမ၏ ဝါသနာတစ်ခု ဖြစ်လာခဲ့၏။
ထိုအမျိုးသားဆီမှ ထွက်လာပြီးနောက် ဝူဟုန်က နောက်ထပ် နာရီအနည်းငယ်ကြာ ဆက်လက် ပျံသန်းသွားလိုက်သည်။ အိမ်ငယ်လေးတစ်ခုကို မြင်သည့်အခါမှ ရပ်တန့်လိုက်၏။ ထိုအိမ်အိုလေးကို တစ်ချက်ကြည့်ခြင်းဖြင့် အချိန်တိုက်စားမှုခံရကြောင်း သိလိုက်ရသည်။
သူမက အိမ်ငယ်လေးရှေ့ ရပ်ကာ စောင့်ဆိုင်းလိုက်၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရိုးရိုးရှင်းရှင်း အနက်ရောင် ဝတ်ဆင်ထားသည့် လူလတ်အမျိုးသားတစ်ဦးက ထွက်လာသည်။ သူက သူ့ရှေ့မှ အမျိုးသမီးအား ကြည့်လိုက်သည်။ ပထမဦးစွာ သူက ဤအိမ်သို့ တစ်ယောက်ယောက် ရောက်လာသည်ကို အံ့အားသင့်သွားလေသည်။
သို့သော်လည်း သူက ဝူဟုန်ကို မြင်လိုက်ပြီးနောက် လက်များပင် တုန်ခါလာကာ “ ဧ… ဧ… ဧကရီလား”
သူမက ခေါင်းအသာညိတ်လိုက်ပြီးသည့်နောက်တွင် သူမရှေ့တွင် ရှုပ်ထွေးသည့် သင်္ကေတတစ်ခု ပေါ်ထွက်လာလေသည်။ ထိုအရာက ပုံပေါ်လာသည်နှင့် ဝူဟုန်က သူ့သွေးမျိုးဆက်မှ အနည်းငယ် တုန်ခါမှုကို ခံစားမိလိုက်သည်။
“ တကယ်ကို ဧကရီပဲကိုး…”
“ မင်းက အခု ဘယ်မျိုးဆက်မှာလဲ” ဝူဟုန်က မေးလိုက်သည်။
“ ကြာမြင့်လှပြီဆိုတော့ ကျွန်တော် မေ့သွားပါပြီ” ဝူဖုန်းက ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ကျွန်တော်တို့မိသားစုက အရှင်မ ထွက်သွားပြီးကတည်းက ဒီနေရာကို စောင့်ကြပ်နေခဲ့တာပါ။ ဘယ်တုန်းကမှ ကျမ်းသစ္စာကို မချိုးဖောက်ခဲ့ဖူးပါဘူး”
“ အရမ်းကောင်းတယ်” ဝူဟုန်က ပြောလိုက်သည်။
ထို့နောက် ထိုလူအား သူမက လက်ညှိုးထိုးလိုက်သည့်အခါ အဖြူရောင်အလင်းတန်း ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ ထိုဖြစ်စဉ်အတွင်း ထိုအမျိုးသားက တုံ့ဆိုင်းနေခြင်း မရှိသလို အကြောက်တရားလည်း မပြသပေ။
သူ့အတွက် ဧကရီသာ သူ့ကို သတ်လိုပါက ဓားကိုယူကာ သူမဆီ ပေးအပ်လိုက်မည်သာ ဖြစ်၏။ သူကိုယ်တိုင် သတ်သေရလျှင်လည်း ကျေနပ်လေသည်။
စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် ဝူဖုန်း၏ ခန္ဓာကိုယ်မှ အနက်ရောင် စာလုံးတစ်ခု ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွား၏။ ထို့နောက် သူက ချက်ချင်းဆိုသလို လန်းဆန်းသွားပြီး သူ့ပုခုံးပေါ်မှ တောင်ကြီးတစ်လုံး ဖယ်ရှားခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့သွင်ပြင်က လူလတ်အရွယ်အမျိုးသားမှ အသက် ၂၅ နှစ်ထက် မကြီးသေးသည့် လူငယ်တစ်ယောက် အသွင် ပြောင်းလဲသွားလေသည်။
“ ငါ အန္တရာယ်ရှိ အငွေ့အသက်တွေကြောင့် ဆက်တိုက် တိုက်စားခံနေရတဲ့ လျှို့ဝှက်ဒဏ်ရာတွေ အကုန်လုံးကို စည်းပိတ်ပြီးတော့ ဖယ်ရှားလိုက်ပြီ။ မင်းရဲ့ လက်ရှိ အထွတ်အထိပ် နယ်ပယ်အဆင့်နဲ့ဆိုရင် မင်း နောက်ထပ်နှစ်သန်းချီ နေနိုင်လိမ့်မယ်။ အခု ငါ့ကို လမ်းပြ”
ဝူဖုန်းက ဝူဟုန်အား ဦးညွှတ်လိုက်ပြီးနောက် အိမ်လေးအတွင်းသို့ ခေါ်ဆောင်သွားလေသည်။ အာကာပြင်က ချက်ချင်းဆိုသလို ကျပ်တည်းသွားသော်လည်း နှစ်ယောက်သား စိတ်ထဲမထားကြပေ။ ဝူဖုန်းက အမှတ်အသားပြားကို ထုတ်ယူပြီးလိုက်သည့်နောက်တွင် မြေပြင်က ဖွင့်ဟလာပြီး လှေကားထစ်များ ပေါ်ထွက်လာလေသည်။
ဝူဟုန်က ဦးဆောင်ကာ နှစ်ယောက်သား ဖြည်းဖြည်းချင်း ဆင်းလာကြသည်။ မကြာခင် သူတို့က ကျယ်ပြောက ဗလာကျင်းနေသည့် အာကာပြင်အတွင်းသို့ ရောက်ရှိသွားသည်။
အလယ်တွင် မိုင်သောင်းချီ မြင့်မားသည့် ဧရာမအနီရောင် တံခါးဘောင် တစ်ခု ရှိနေလေသည်။ ထိုတံခါးဝန်းကျင်တွင် မြောက်များစွာသော အစီအရင်များ ရှိနေလေ၏။ အားလုံးက မဟာဧကရာဇ် အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။
ဝူဟုန်က ထိုတံခါးကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူမ မျက်နှာထက် ခပ်ယဲ့ယဲ့အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူမက ထိုအစီအရင်များသည် စည်းတံဆိပ်အဖြစ် သုံးထားကြောင်း သိလေသည်။ ပထမတစ်ခုက သူမကိုယ်တိုင် ချမှတ်ထားခြင်း ဖြစ်၏။
ထို့နောက် သူမက သတ္တုလုံးလေးတစ်ခု ထုတ်ယူကာ ဝူဖုန်းအား ပေးလိုက်သည်။
“ တကယ်လို့ မမျှော်လင့်ထားတာသာ မဖြစ်ခဲ့ဘူးဆိုရင် ဒီမျိုးဆက်အတွင်း ဒီမိသားစုက ဒီတာဝန်ကနေ လွတ်မြောက်သွားလိမ့်မယ်။ အချိန်ကြာလာရင် မင်းက ထာဝရအရှင်တစ်ပါး ဖြစ်လာပြီး မသေမျိုးဘဝကို ရယူနိုင်ပြီးတော့ မင်းအိပ်မက်ကို လျှောက်လှမ်းနိုင်လိမ့်မယ်”
“ အိပ်မက်တွေ ရည်မှန်းချက်တွေလား” ဝူဖုန်းက နေရခက်စွာ ပြုံးလိုက်ရင်း ရေရွတ်လိုက်သည် “ ကျွန်တော် သိသမျှက ကျွန်တော်ရဲ့ တာဝန်ပါပဲ။ ကျွန်တော်ဆီမှာ ရည်မှန်းချက်တွေ အိပ်မက်တွေ ရှိရမှာလား”
“ ဒီအဖြေကို ရှာဖို့ကလည်း ရွေးချယ်စရာပဲ”
ဝူဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် သတ္တုလုံးကို ကြည့်လိုက်သည်။ သူက လက်ခံဖို့အတွက် တုံ့ဆိုင်းနေလေ၏။ သူ့မိသားစုက ဤနေရာကို စောင့်ကြပ်လာသည်မှာ နှစ်များစွာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကာကွယ်ရုံမျှသာ ဖြစ်လေသည်။
ဘာမှထူးထူးဆန်းဆန်း ဖြစ်မလာသည့်အတွက် သူတို့က ဘာမှမလုပ်ခဲ့ရပေ။ တစ်ချိန်တည်းဆိုသလို သူတို့က အကျိုးအမြတ်များစွာလည်း ရရှိခဲ့၏။ ဤနေရာတွင် အစောင့်အကြပ် ဖြစ်လာဖို့ ရွေးချယ်ခံရသူတိုင်းက အထွတ်အထိပ် နယ်ပယ်အဆင့်အထိ ကျင့်ကြံနိုင်မည့် အရင်းအမြစ်များကို ရရှိလိမ့်မည် ဖြစ်၏။
“ မင်းအနေနဲ့ မင်း ထိုက်တန်တာကို ဆုလာဘ်အနေနဲ့ လက်ခံဖို့ တုံ့ဆိုင်းနေစရာ မလိုဘူး” ဝူဟုန်က ပြောလိုက်သည်။
“ ဒီကျမ်းသစ္စာကို နှစ်သန်းထောင်ချီပြီးတော့ ထိန်းသိမ်းထားနိုင်တာ လူ ဘယ်လောက်ရှိမယ်များ ထင်တုန်း”
ထိုအရာကို ကြားပြီးနောက် ဝူဖုန်းက မတွန့်ဆုတ်တော့ဘဲ လက်ဆောင်ကို လက်ခံလိုက်သည်။ ထို့နောက် သူက ဝူဟုန်အား ဦးညွှတ်ကာ ပြန်ထွက်သွားလေ၏။
သူမအတွက်မူ သူမက တံခါးဆီ ဦးတည်လိုက်သည်။ သူမက တံခါးနား ရောက်ရှိသွားသည့်အခါ ဧကရာဇ်အစီအရင်များစွာက အသက်ဝင်လာပြီး သူမအား အဆုံးသတ်ပစ်ဖို့ ကြိုးစားကြသည်။ ထိုအစီအရင် အားလုံးဖြင့် သာမန်ဧကရာဇ်တစ်ပါးပင် ချက်ချင်းသုတ်သင်ခံရမည် ဖြစ်၏။
သို့သော်လည်း ဝူဟုန်၏ ခန္ဓာကိုယ်မှ ထူးထူးဆန်းဆန်း အငွေ့လှိုင်းတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုအစီအရင်အားလုံး အသက်ဝင်လာမှုကို ရပ်တန့်လိုက်သည်။ ထိုစဉ် တံခါးဘောင်တွင် ကြည်လင်သည့် တံခါးချပ်တစ်ခု ပေါ်လာပြီးနောက် သူမက အထဲဝင်သွားလိုက်သည်။
သိပ်မကြာခင် ဝူဟုန်က အလွန်မဲမှောင်ကာ မှုန်မှိုင်းသည့် နေရာတစ်ခုသို့ ရောက်ရှိသွားလေ၏။ သူမက ပြုံးကာ ရေရွတ်လိုက်သည်။
“ သတ်ဖြတ်ရေး၊ သေခြင်းတရား၊ အပြစ်ကြွေးနဲ့ ဆင်းရဲချို့တဲ့ အနံ့မျိုးပဲ…”
မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာ …
“တော်တော်တောင် အချိန်ကြာပြီပဲ”