မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာ
Vol. 23 Ch. 315
အခန်း (၃၁၅) : မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာ
မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူမ မျက်နှာအထက် အတိတ်ကို ပြန်တမ်းတသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။ သူမ၏ အစောပိုင်းနှစ်အများစုက ထိုကမ္ဘာနှင့် ထိုမျိုးနွယ်စု၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်။
ထာဝရတက်လှမ်းခြင်းကမ္ဘာသို့ အဆင့်တက်လှမ်းပြီးသည့်နောက်တွင်ပင် သူမက မိစ္ဆာနတ်ဆိုးများဆီမှ ပြဿနာများနှင့် ကြုံတွေ့ရသေးသည်။ အဆုံးသတ်တွင် သူမက အားကောင်းလာသည်နှင့် တစ်မျိုးနွယ်စုလုံးကို သတ်ဖြတ်ကာ သူတို့၏ တည်ရှိမှုကို ဖျောက်ဖျက်ပစ်ခဲ့သည်။
အကယ်၍ လူတချို့ကသာ သူမအား သက်ညှာဖို့ မတောင်းဆိုခဲ့လျှင မည်သူကမှ သူမအား တားဆီးနိုင်မည် မဟုတ်ပေ။ ဝူဟုန်က ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် အနီးဆုံးမြို့ဆီ ဦးတည်လိုက်သည်။ သူမက ထွက်သွားသည်မှာ ကြာမြင့်လှပြီဖြစ်၍ ဘာများပြောင်းလဲသွားလဲဟု သိချင်နေမိသည်။
သူမ၏ ဦးတည်ရာရောက်ဖို့ ဆက်တိုက် ပြောင်းရွှေ့လာရင်း ထူးဆန်းသည့် ရာသီဥတုအခြေအနေများ ရှိနေသည့် နေရာများစွာကို မြင်လိုက်ရသည်။ မိုးကြိုး၊ မီးတောက်၊ လေမုန်တိုင်း၊ ဓားချီနှင့် အာကာပြင် မတည်ငြိမ်မှုတို့က နေရာအများစုတွင် ဖြစ်ပျက်နေပြီး ကမ္ဘာ၏ ၈၀ရာခိုင်နှုန်းလောက်ကို လူသူမနေနိုင်အောင် ပြုလုပ်ထားလေသည်။
လူသူ နေထိုင်နိုင်သော နေရာများအတွက်မူ မိုးမြေကြားရှိ ဝိညာဉ်စွမ်းအားက နည်းပါးလွန်းပြီး စွမ်းအင်များက ပြန့်ကျဲနေကာ လူဦးရေကလည်း နည်းပါးလှသည်။
ထိုကမ္ဘာတွင် နေထိုင်ကြသည့် မိစ္ဆာများအတွက်မူ သူတို့အားလုံးက ထူးဆန်းကာ ကြမ်းတမ်းလှပုံပေါ်သည်။ အများစုက လူသားခန္ဓာကိုယ် ရှိသော်လည်း သူတို့၏ မျက်နှာများက ခြင်္သေ့၊ ကျား၊ ဆင် အစရှိသည့် တိရစ္ဆာန်များကဲ့သို့ ဖြစ်နေလေသည်။
အများစုတွင် အစွယ်များ၊ လက်သည်းများနှင့် အမြီးများ ပါရှိကြ၏။
သူတို့၏ ထူးခြားသည့် နောက်တစ်ချက်မှာ အတော်လေးကို အရပ်ရှည်ကြသည်။ မိစ္ဆာအများစုက အနည်းဆုံး ၃မီတာ ရှိကြပြီး ထိုသည်က အနိမ့်ဆုံးအရပ် ဖြစ်လေသည်။
ဝူဟုန်က မြို့အထက် ပျံသန်းနေရင်း အားလုံးသွားလာနေသည်ကို ကြည့်လိုက်သည်။ သူမက ထိုမိစ္ဆာများ၏ မျက်နှာအထက် စိတ်ပျက်လက်ပျက် အရိပ်အယောင်များကို မြင်တွေ့လိုက်ရ၏။ သူတို့က ဘဝကို မျှော်လင့်ချက်မရှိ၊ မနက်ဖြန်အတွက် လိုလားချက် မရှိဘဲ နေထိုင်ကြသည်။
ဝူဟုန်က ထိုမိစ္ဆာများကို လျစ်လျူရှုကာ မြို့ရှိ အနီးဆုံးအိမ်ဆီ ပေါ်လာသည်။ ထိုအရာက မြို့အရှင်စံအိမ် ဖြစ်၏။ သူမက အံ့ဖွယ်အသိစိတ် ထုတ်လွှင့်လိုက်ပြီး သူ့ဝိညာဉ်အား တိတ်တဆိတ် ရှာဖွေလိုက်သည်။
သို့သော်လည်း သူမ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခုသာ ပေါ်ထွက်လာလေ၏။ သူမက သူ့ဆီမှ သတင်းအချက်အလက် အနည်းငယ်သာ ရရှိလိုက်သည်။
“ ကောင်းပြီ။ ဒီလိုမျိုး သဘာဝလွန် မိစ္ဆာတစ်ယောက်ဆီကတော့ ဘာမှမျှော်လင့်မထားပါဘူး” ဝူဟုန်က ရေရွတ်လိုက်သည်။
သူမက မြို့တစ်မြို့ချင်းစီကို နည်းနည်းချင်းစီ ရှာဖွေလိုက်လျှင် အချိန်များစွာ ကုန်ဆုံးသွားမည်မှန်း သဘောပေါက်လေသည်။
“ ဒီလိုဆိုရင် အချိန်မဖြုန်းဘဲ နေကြစို့”
သူမ၏ အံ့ဖွယ်အသိစိတ်က သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်သွားကာ နေရာတိုင်းကို ဆက်လက်ရှာဖွေနေသည်။ သူမက ပြန့်ကျဲနေပြီး အလှမ်းကွာလွန်းသည့် မြို့များစွာကိုလည်း မြင်လိုက်ရသည်။ ထိုနေရာများကြားရှိ လမ်းများအတွက်မူ အားနည်းသည့် သက်ရှိများ မနေထိုင်နိုင်သောကြောင့် မိစ္ဆာတချို့သာ နေထိုင်ပြီး အသိုက်အဝန်းတစ်ခုလို ဖြစ်နေလေသည်။
မိုင်သန်းချီရှာဖွေပြီးသည့်နောက်တွင် ဝူဟုန်က သွားရောက်ဖို့ ထိုက်တန်သည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ သူမက ချက်ချင်းဆိုသလို အဝေးမှ မြို့ဆီ ကူးသန်းသွားလာလိုက်သည်။
ယန်စံအိမ်တွင် အခန်းတစ်ခုတွင် မိစ္ဆာများက တစ်ခုခုကို ဆွေးနွေးနေကြသည်။ အားလုံးက နဖူးအထက်မှ တတိယမျက်လုံးမှလွဲလျှင် လူသားအသွင် ရှိကြလေသည်။
“ ခေါင်းဆောင် ဒီသက်တမ်းတစ်သိန်း မိုးမခသစ်ကိုင်းနဲ့ဆိုရင် ကျွန်တော်တို့ သုံးမျက်လုံးမျိုးနွယ်က နောက်ထပ် လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံသူ ထွက်လာနိုင်တယ်” မိစ္ဆာတစ်ပါးက ပလ္လင်ပေါ်တွင် ထိုင်နေသည့် အမျိုးသားအား ပြောလိုက်သည်။
“ တကယ်ကို သတင်းကောင်းပဲ” ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“ ဘာက သတင်းကောင်းလဲ”
အသံတစ်သံက ထွက်ပေါ်လာလေသည်။
“ ငါ ပြောပြီးပြီ မဟုတ်ဘူးလား။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် မိစ္ဆာ မွေးဖွားမှု…”
အားလုံးက အခန်းအတွင်း ဝင်ရောက်လာသည့် လူအိုကြီးကို လှည့်ကြည့်လိုက်ပြီးသည့်နောက် တောင့်တင်းသွားကာ ဘာမှမပြောရဲကြတော့ပေ။
ထိုလူအိုကြီးက ခေါင်းအသာခါကာ အခန်းရှိ လူများအား စစ်ဆေးကြည့်လိုက်ပြီးနောက် “ မင်းတို့အားလုံးက ဒီအဆင့်(၇) ကျင့်ကြံသူလောက်ကိုပဲ ပြောနေကြတယ်ပေါ့။ မင်းတို့တွေက မတွေးတတ်ကြဘူးလား”
ထို့နောက် သူက ခေါင်းဆောင်အား ကြည့်လိုက်သည်။
“ဒီလိုမျိုး ကျိန်စာသင့် မူလနည်းစနစ်ကို ကျင့်ကြံနေတာ မင်းလည်း ရှက်သင့်တယ်။” လူအိုကြီးက ဒေါသထွက်လာဟန်ပေါ်သည်။
“ ငါတို့က ဂုဏ်ယူဖွယ် မိစ္ဆာနတ်ဘုရားရဲ့ မျိုးဆက်တွေ၊ ငါတို့ရဲ့ ဘိုးဘေးတွေက ကမ္ဘာတွေကို အုပ်စိုးပြီး အသင်္ချေမျိုးနွယ်တွေကို ကျွန်ပြုခဲ့ကြပြီးတော့ ဧကရာဇ်တွေနဲ့ မသေမျိုးတွေကိုတောင် သတ်ဖြတ်ခဲ့တဲ့သူတွေ။ အဲဒါကို မင်းတို့က ဒီလိုမျိုး အောင်မြင်မှု နည်းနည်းလေးရတာနဲ့ ပျော်ရွှင်နေကြတယ်ပေါ့”
မျက်သုံးလုံးမျိုးနွယ်၏ အထက်ပိုင်းများက ခေါင်းငုံ့ထားလိုက်ပြီး ထိုလူအိုကြီးအား မကြည့်ရဲကြပေ။ ထိုအရာကို မြင်ပြီးနောက် ခေါင်းဆောင်က သက်ပြင်းချလိုက်၏။
“ မဟာအကြီးအကဲ ပြောနေတာ အတိတ်က အကြောင်းတွေ။ အဲဒါတွေက အမှန်တကယ် အဖြစ်အပျက်တွေထက် ဇာတ်ကြောင်းတွေနဲ့ ပိုတူတဲ့ မှတ်တမ်းတွေပဲ မဟုတ်ဘူးလား။ တကယ်တမ်း ဝမ်းနည်းဖွယ်ရာ ကောင်းတဲ့ အမှန်တရားက အဲဒီမှာရေးထားတဲ့ မှတ်တမ်းတွေက အမှန်တွေ ဖြစ်ခဲ့မယ်ဆိုရင်တောင် အခုအချိန်မှာ အရေးမပါတော့ဘူး။
ကျုပ်တို့ကမ္ဘာက အရင်ကလို မဟုတ်တော့ဘူး။ ကျုပ်တို့မျိုးနွယ်ကလည်း ဂုဏ်ကျက်သရေကို ဆုံးရှုံးပြီးသွားပြီ။ လက်တွေ့ကို ရင်ဆိုင်ရမယ်။ ဒါပေမဲ့ မူလနည်းစနစ် မရှိဘဲနဲ့ ကျင့်ကြံဖို့ရာက လုံးဝ မဖြစ်နိုင်သလောက်ပဲ။
လက်တွေ့က လေဟာနယ်ဖြိုခွင်းခြင်းအဆင့်က ကျုပ်တို့မျိုးနွယ်ကို အင်အားတိုးပွားစေနိုင်မဲ့ အခွင့်အရေးကောင်းပဲ။ အဲဒါမှပဲ နောက်နှစ်ထောင်ချီ ကျုပ်တို့ အသက်ရှင်နိုင်မှုကို အာမခံနိုင်လိမ့်မယ်။”
“ မင်း …” မဟာအကြီးအကဲက အော်လိုက်ပြီးနောက် အခန်းအတွင်းမှ ထွက်သွားလေသည်။ ထို့နောက် သူက မျိုးနွယ်၏ ဘိုးဘေးဗိမာန်သို့ ရောက်ရှိသွားလေသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အမွှေးတိုင်တချို့ကို ထွန်းညှိကာ နာမည်ရေးသားထားသည့် အမှတ်အသားပြားရှေ့တွင် ထားလိုက်သည်။
ထို့နောက်တွင် သူက အနားယူခန်းဖြစ်သည့် အခန်းအတွင်းသို့ ဝင်ရောက်သွားလေ၏။ ထိုလူအိုကြီး သတိမပြုမိသည်က ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦးကို ဖြစ်၏။
ဝူဟုန်က ထိုဗိမာန် အမှတ်အသားပြားတစ်ခုတွင် အစစ်အမှန် အုပ်ချုပ်သူ မိစ္ဆာ၏ ကမ္ဘာဦးစိတ်ဝိညာဉ်က အထဲတွင် နေကာ ယုံကြည်မှုကို စုပ်ယူနေပြီး သက်တမ်းကို ဆွဲဆန့်ထားသည်ကို မြင်လိုက်ရသည်။ သူမ လက်တစ်ချက်အဝှေ့တွင် ထိုကမ္ဘာဦးစိတ်ဝိညာဉ်၏ စွမ်းအားကို စည်းပိတ်ကာ ရှာဖွေလိုက်၏။
သူမ လိုအပ်သည့် သတင်းအချက်အလက် ရရှိပြီးသည့်နောက်တွင် သူမက ကမ္ဘာဦးစိတ်ဝိညာဉ်ကို ချေမွကာ အဝေးတစ်နေရာသို့ ကူးပြောင်းသွားလာလိုက်သည်။
ဝူဟုန်ရှေ့တွင် ကောင်းကင်အထက် ထိုးထွက်နေသည့် တိုင်လုံးလေးလုံး ရှိနေလေသည်။ ထိုအရာက ကောင်းကင်ကို ပင့်မထားဟန်ပေါ်၏။ ထိုတိုင်လုံးများက သူတို့၏ အရွယ်အစားမှအပ ဘာမှထူးခြားခြင်း မရှိပေ။
သူတို့ရှေ့တွင် မိစ္ဆာအများစုက မျက်လုံးမှိတ်လျက် ထိုင်နေကြ၏။ သူတို့က ထိုတိုင်လုံးများဆီမှ အခွင့်အရေးကို ရှာဖွေနေချင်ဟန်ပေါ်သည်။ ထိုတိုင်လုံးများက လူအများစု၏ အမြင်တွင် ဘာမှထူးခြားခြင်း မရှိသော်လည်း ဝူဟုန်၏ အမြင်၌ ထိုတိုင်လုံးများသည် သူတို့ထိပ်တွင် သင်္ကေတမြောက်များစွာရှိသည့် ဧရာမခန္ဓာကိုယ်ကြီးလေးခု ဖြစ်သည်။ ပြောရလျှင် ထိုတိုင်လုံးလေးလုံးက ယခင် သူမ စည်းပိတ်ထားခဲ့သည့် မိစ္ဆာနတ်ဘုရားလေးပါး ဖြစ်၏။
သူမက ထိုအရာကို ကြည့်နေရင်း သူတို့သည် စည်းပိတ်ခံထားရသည်မှာ ကြာမြင့်သည့်အတွက် အလွန်အားနည်းလာသည်ဟု ခံစားလာမိသည်။ ဝူဟုန်က သူတို့ကို အာရုံမပြုဘဲ စည်းတံဆိပ်ကို ထပ်မံစစ်ဆေးကြည့်လိုက်၏။
သူမ မျှော်လင့်ထားသည့်အတိုင်း ဘာမှမှားယွင်းခြင်း မရှိပေ။ သူမက သူမအကြောင်းကို သေချာသိပြီး မည်မျှအားကောင်းမှန်းလည်း သေချာသိပေသည်။
သူမက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးနောက် ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူမက တစ်ခုခုမှား ယွင်းနေသည်ကို ခံစားမိလိုက်၏။ သူမက မိုးမြေကြား သဟဇာတဖြစ်နေသော အားကောင်းသည့် ကျင့်ကြံသူတစ်ဦးအနေနှင့် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိလျှင် အကြောင်းအရင်းသာ ရှိရမည်။
သူမက အံ့ဖွယ်အသိစိတ် ထုတ်လွှတ်ကာ စည်းတံဆိပ်၏နေရာကို ရှာဖွေလိုက်သည်။ သို့သော် မှားယွင်းခြင်း မရှိပေ။ ထို့နောက် သူမက မိုးမြေ၏ လျှို့ဝှက်ချက်များကို တွက်ချက်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ ထို့နောက် သူမ၏ မျက်ဝန်းများက ခရမ်းရောင် ပြောင်းသွားပြီးနောက် မိစ္ဆာနတ်ဘုရားခန္ဓာကိုယ်ထံ ကပ်ငြိနေသည့် ကြိုးမျှင်များစွာကို မြင်လိုက်ရသည်။ ထိုကြိုးမျှင်များစွာက ကံကြမ္မာကြိုးမျှင် မဟုတ်ဘဲ ဝဋ်ကြွေးကြိုးမျှင် ဖြစ်၏။
ဝူဟုန်က ထိုကြိုးမျှင်ထောင်ချီအား ကြည့်လိုက်ပြီးနောက် ထူးခြားနေသည့် တစ်ခုကို တွေ့သွားသည်။ အတိအကျဆိုရလျှင် သူမ၏ အလိုလိုသိစိတ်က ထိုအရာက သူမ ရှာဖွေနေသည့်အရာ ဖြစ်ကြောင်း ပြောပြနေလေသည်။
သူမက ထိုကြိုးမျှင်အနောက်လိုက်ကာ လေဟာနယ်ရှိ အတားအဆီးများကို ချိုးဖောက်ပြီး ထိုကြိုးမျှင် ဆက်သွယ်နေသည့်နေရာအား သွားလိုက်သည်။
ထို့နောက် သူမက မိစ္ဆာနတ်ဘုရားကိုးပါးခန္ဓာနှင့် ဆက်နွယ်ထားသည့် ကမ္ဘာတစ်ခုကို မြင်လိုက်ရသည်။ ထို့အပြင် ထိုကမ္ဘာကို ကောင်းမွန်စွာ ဝှက်ထားလေ၏။ ထို့ကြောင့် သာမန်မဟာဧကရာဇ်အများစုပင် ရှာနိုင်ကြမည်မဟုတ်ပေ။
ဝူဟုန်က ထိုကမ္ဘာကို ကြည့်နေရင်း မျက်မှောင်ကြုတ်ကာ သူမဘာသာ တွေးလိုက်သည်။
ဒီအချိန်စက်ဝန်းမှာ နောက်တစ်ခုတော့ ပြောင်းလဲသွားပြန်ပြီ … ဒီတစ်ကြိမ်အပြောင်းအလဲက ဝမ်ဝေ့နဲ့တော့ ဆက်နွယ်နေပုံမပေါ်ဘူး
ဝူဟုန်က လိပ်ပြာတောင်ပံ သက်ရောက်မှု သဘောတရားအကြောင်းကို နားလည်ပေးသည်။ အပြောင်းအလဲလေးတစ်ခုက မြောက်များစွာသော လှိုင်းတွန့်များ ဖြစ်ပေါ်လာစေပြီး ထိုလှိုင်းတွန့်များက ကာလံဒေသံကိုပင် ဖြတ်ကျော်သွားလိမ့်မည်။
ခဏတာ စဉ်းစားပြီးသည့်နောက်တွင် သူမ၏ အမြင်အာရုံက ထိုကြိုးမျှင်နောက်လိုက်ကာ ကမ္ဘာအတွင်း ဝင်ရောက်လိုက်သည်။ ထိုအချိန် မိစ္ဆာများ နေသည့် ကုန်းမြေတစ်ခုကို မြင်လိုက်ရ၏။ ထိုကုန်းမြေအလယ်တွင် အလွန်အားကောင်းသည့် အင်အားစုတစ်ခု တည်ရှိပြီး သူတို့က သူမ ဝဋ်ကြွေးပညာရပ်ဖြင့် စည်းပိတ်ထားခဲ့သည့် မိစ္ဆာနတ်ဘုရားမျိုးနွယ်နှင့် အတူတူသာ ဖြစ်ပေသည်။
ဝူဟုန်က ကြိုးမျှင်အတိုင်း လိုက်သွားပြီးနောက် ထိုအရာက လူသားမျက်နှာနှင့် ဦးချိုနှစ်ခု ပေါက်နေသည့် မိစ္ဆာငယ်နှင့် ဆက်နွယ်နေကြောင်း သိလိုက်ရသည်။ ထိုအရာကို မြင်ပြီးသည့်နောက်တွင် တခြားသော မိစ္ဆာနတ်ဘုရား သုံးပါး၏ ကံကြမ္မာကြိုးမျှင်ကိုလည်း ကြည့်လိုက်သည့်အခါ သူတို့က တူညီသည့်ကမ္ဘာကိုသာ ဦးတည်နေလေသည်။ သူတို့က တခြားကုန်းမြေသုံးခုတွင် ရှိနေလေ၏။
ဝူဟုန်က သရော်ပြုံး ပြုံးလိုက်ကာ “ ငါ သိပြီ။ ဒီလူတွေက သူတို့ဘာသာ သူတို့ သတ်သေဖို့ ကြံစည်ထားကြတာပဲ။ ပြီးတော့ သူတို့ရဲ့ သွေးမျိုးဆက်ရဲ့ မျိုးဆက်ထဲမှာ ပြန်လည်အသက်ရှင်ဖို့ လုပ်ထားကြတာပဲ”
သူမက ထိုလူများ၏ အကြံအစည်ကို ဂရုမစိုက်ပေ။
သူမ၏ စည်းတံဆိပ်ကို အလွယ်တကူ ဘယ်လိုလုပ်ချိုးဖျက်နိုင်မည်နည်း။ သူတို့၏ အခြေအနေတွင် သူမ၏ စည်းတံဆိပ်က ကာကွယ်ထားသောကြောင့် သူတို့ကိုယ်တိုင်လည်း သတ်မသေနိုင်ပေ။
ဝူဟုန်က ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် ထိုကမ္ဘာ၏ ကုန်းမြေလေးခုလုံးကို ဆက်လက် လေ့လာကြည့်လိုက်သည်။ မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာနှင့်မတူဘဲ ဤတစ်ခုက ဝိညာဉ်စွမ်းအား ပေါကြွယ်ဝကာ အရင်းအမြစ်များလည်း ပေါကြွယ်ဝလှသည်။ ထို့အပြင် ထိုနေရာတွင် နေထိုင်သည့် မိစ္ဆာအားလုံးက သွေးမျိုးဆက် အကောင်းဆုံးနှင့် ပါရမီအရှိဆုံး ဖြစ်ကြသည်။ သူတို့မျိုးနွယ်၏ အင်အားစုက လက်ရှိထိုကမ္ဘာတွင် နေထိုင်နေလေ၏။
သူမက ဆက်လက် လေ့လာနေရင်း ဤအချိန်စက်ဝန်းတွင် တစ်ယောက်ယောက်က ထိုမိစ္ဆာမျိုးနွယ်အား အင်အားပြန်ရလာအောင် ကူညီခဲ့သည်ဟု တွေးလိုက်မိသည်။ မဟုတ်လျှင် သူမ၏ စည်းတံဆိပ်ဖြင့် သူတို့တစ်မျိုးနွယ်လုံး၏ ချီကံကောင်းမှုကို စည်းပိတ်ထားခဲ့သောကြောင့် သူတို့က ဤအဆင့်ထိ ကြီးပွားတိုးတက်လာမည် မဟုတ်ပေ။
“ ဒီမျိုးဆက်ရဲ့ ရှင်းထုတ်ရေး အစီအစဉ်ကတော့ စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ”
သူမက ထိုကမ္ဘာငယ်နှင့် မိစ္ဆာမျိုးနွယ် ပြန်လည်ရှင်သန်လာမှုကို ဂရုမစိုက်တော့ပေ။ သူမ၏ လေ့လာမှုအရ ထိုကမ္ဘာငယ်ရှိ အားအကောင်းဆုံး ကျင့်ကြံဆင့်မှာ ဧကရာဇ်တစ်ပိုင်းသာ ဖြစ်၏။
“ ဒီဟာကို ဝမ်ဝေ့အတွက်ပဲ ထားလိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီဟာက ငါ့ပြဿနာ မဟုတ်တော့ဘူး”