ချန်းထုံ
Vol. 23 Ch. 316
အခန်း (၃၁၆) : ချန်းထုံ
မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာနှင့် ဆက်နွယ်နေသည့် ကမ္ဘာငယ်အား စစ်ဆေးပြီးသည့်နောက်တွင် ဝူဟုန်က ထွက်မသွားခင် နောက်ဆုံးနေရာကို စစ်ဆေးကြည့်လိုက်သည်။ သူမ၏ အမြင်အာရုံက နေရာများစွာကို ထိုးဖောက်ပြီးသည့်နောက်တွင် ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် အဖြူရောင် မြူခိုးထုကြီးကို မြင်သည့်အခါ ရပ်တန့်သွားလေသည်။
ထိုမြူများဝန်းကျင်တွင် စက်ဝိုင်းပုံသဏ္ဍာန် လှောင်ချိုင့် ဖြစ်ပေါ်နေသည့် သင်္ကေတအမြောက်အများ ရှိနေသည်။ ထိုမြူခိုးထုက လှောင်ချိုင့်၏ ထောင့်ပတ်လည်အား ကာရံထားသော်လည်း လှောင်ချိုင့်က နည်းနည်းလေးပင် မလှုပ်နိုင်ပေ။
ထိုမြင်ကွင်းကို မြင်ပြီးနောက် သူမက ခေါင်းအသာညိတ်ကာ ရေရွတ်လိုက်သည် “ ငါ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုအပေါ် ထားခဲ့တဲ့ စည်းတံဆိပ်က ပြဿနာ မရှိဘူး။ ဒီလိုဆိုတော့ ငါ စိတ်အေးရပြီ”
ထို့နောက် သူမက ထွက်သွားပြီးနောက် ပထမဦးဆုံး ရောက်ရှိလာသည့်နေရာသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုကမ္ဘာကို လုံးဝစည်းပိတ်ထားသောကြောင့် သူမ တစ်ဦးတည်းသာ ထိုဝင်ပေါက်မှ ဝင်နိုင်ထွက်နိုင်လေသည်။ သူမက ဦးတည်ရာသို့ ရောက်ရှိပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာ ကမ္ဘာထံ ထိုတံခါးပေါက်မှ ပြန်လာခဲ့လိုက်၏။
ဤတစ်ကြိမ် သူမက ဝူဖုန်းအား သွားမတွေ့တော့ဘဲ တိတ်တဆိတ်သာ ထွက်ခွာလာလိုက်သည်။ ဝူဟုန်က အသင်္ချေအင်ပါယာကမ္ဘာတွင် ကြာကြာမနေပေ။ သူမက အသက်မဲ့နယ်မြေမှ ထွက်လာပြီးသည့်နောက်တွင် အာကာပြင်ကို ချိုးဖောက်ကာ အဆုံးမဲ့လေဟာနယ်အတွင်း ဝင်ရောက်လိုက်၏။
သူမက သူမ၏ မွေးရပ်မြေကမ္ဘာအား စက္ကန့်ပိုင်းအကြာ ကြည့်လိုက်ပြီးနောက် ကူးသန်းပြောင်းရွေ့လိုက်သည်။
နောက်ထပ် နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူမက ဗလာကျင်းနေသည့် လေဟာနယ်အတွင်း ပြန့်ကျဲနေသည့် အကျိုးအပဲ့များကို စုစည်းလိုက်သည်။ ထိုအပျက်အစီးများက ဖျက်ဆီးခံထားရသော ကမ္ဘာများ၏ အစိတ်အပိုင်းများ ဖြစ်လေ၏။
သူက အခု ၃၆၀ စုစည်းပြီးသည့်နောက်တွင် နေရာတစ်ခုချင်းစီတွင် အစိတ်အပိုင်းတစ်ခုစီ ထားလိုက်သည်။ ထို့နောက် သူမ၏ လက်တစ်ချက်အဝှေ့တွင် သင်္ကေတမြောက်များစွာ ပေါ်ထွက်လာပြီးနောက် ထိုအစိတ်အပိုင်းများနှင့် ရှုပ်ထွေးသည့် ပုံစံသင်္ကေတ ဖြစ်ပေါ်သွားသည်။
သူမက ထိုသို့ပြုလုပ်ပြီးသည့်နောက်တွင် အစီအရင်တစ်ခု ဖန်တီးပြီးသွားပြီဖြစ်၏။ ဝူဟုန်က အစီအရင်အလယ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးကို အသာပိတ်လိုက်သည်။ သူမက တစ်လကြာကြာ ထိုပုံစံအတိုင်း ကျန်ရှိနေပြီး နောက်ဆုံးတွင်တော့ မျက်လုံးပွင့်လာလေ၏။
“ နောက်ဆုံးတော့ ငါ ရှာတွေ့ပြီ။ ငါ ထင်ထားတာထက် ပိုခက်နေတာပဲ”
ထိုစကားများကို ရေရွတ်ပြီးသည့်နောက်တွင် သူမက အစီအရင်ကို အသက်သွင်းလိုက်သည်။ အဖြူရောင်အလင်းတန်းက သူမအား လွှမ်းခြုံသွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ ကျန်ရှိနေသော ကမ္ဘာ့အစိတ်အပိုင်း ၃၆၀ အတွက်မူ သူမ ထွက်သွားသည်နှင့် ဖျက်ဆီးခံလိုက်ရ၏။
ဝူဟုန်က မျက်လုံးဖွင့်လိုက်သည့်အခါ လူများစွာ ရှိနေသော မြိုကြီးတစ်မြို့အထက် လွင့်မြောနေကြောင်း သိလိုက်သည်။ ထိုလူအများစုက လူသားများ ဖြစ်သော်လည်း တခြားမျိုးနွယ်များလည်း မြင်တွေ့နိုင်လေသည်။
တကယ်တော့ ထိုမြို့ကြီးကို မျိုးနွယ်သောင်းချီ စုရပ်မြို့ဟု ခေါ်ဆိုသောကြောင့် မျိုးနွယ်ပေါင်းများစွာ စုဝေးနေလေသည်။ အဆောက်အဦးပုံစံများကပင် ထိုမြို့က မည်မျှကွဲပြားကြောင်း ပြသနေလေသည်။
တချို့အိမ်များက သာမန်လူနေအိမ်များနှင့် တူပြီး အများစုကိုမူ ဝိညာဉ်သစ်သားဖြင့် ဆောက်လုပ်ထားကြသည်။ တချို့အိမ်များတွင် ဆူးနှင့် သတ္တဝါဦးခေါင်းများကို တန်ဆာဆင်ထားကြပြီး တချို့ကား ရေအောက်အိမ်များ ဖြစ်ကြဟန်ပေါ်သည်။ တချို့တွင်မူ လေထဲတွင်မြောလွင့်နေပြီး တချို့က သစ်ပင်ကြီးအထက်တွင် တည်ရှိကြ၏။
ဝူဟုန်က အားလုံးကို ကြည့်ပြီးသည့်နောက်တွင် မအံ့ဩမိပေ။ ထိုအစား ဤအရာသည် ဤမြို့၏ အပေါ်ယံမျှသာ ဖြစ်ကြောင်း သိလေသည်။ သူမ၏ မြင်ကွင်းက ချက်ချင်းပြောင်းလဲသွားပြီးနောက် မြို့ဟု ခေါ်သည့်အရာမှာ တကယ်တော့ လေဟာနယ်အတွင်း မြောလွင့်နေသည့် ကုန်းမြေကြီးတစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုကုန်းမြေ၏ အရွယ်အစားက အသင်္ချေအင်ပါယာကမ္ဘာ၏ နယ်မြေတစ်ရာလောက်နှင့် တူညီပေသည်။ ထို့အပြင် ထိုကုန်းမြေနှင့် ဆက်နွယ်နေသည့် တခြားကမ္ဘာငယ်များလည်း တည်ရှိသေး၏။
ဝူဟုန်က ထိုကမ္ဘာငယ်များအား ထိုးဖောက်ပြီးသည့်နောက်တွင် အမျိုးမျိုးကို မြင်လိုက်ရသည်။ တချို့တွင် မတူညီသောမျိုးနွယ်စုများက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသည်။ သူတို့က မိစ္ဆာမျိုးနွယ်ကို သုတ်သင်နေကြ၏။ တစ်ဖက်တွင်မူ လူများစွာက တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေကြဟန်ပေါ်သည်။
သူမက ထိုကမ္ဘာသည် ကျင့်ကြံနှုန်း မြှင့်တင်ရန် အဆင့်မြှင့်ထားကြောင်း သိလိုက်ရ၏။ တခြားကမ္ဘာတွင်မူ မျိုးနွယ်စုများက သစ်ပင်ကြီးရှေ့ထိုင်ကာ ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားနေကြသည်။
ကမ္ဘာတစ်ခုတွင် သူမက ဧရာမတောင်တစ်ခု မြင်လိုက်ရပြီး လူအများက ထိုအပေါ် ဖြည်းဖြည်းချင်း တက်နေလေသည်။ သူတို့က ပုံရိပ်ယောင်အတွင်း ကျရောက်နေခြင်း ဖြစ်၏။ ထိုပုံရိပ်ယောင်ကို ချိုးဖောက်ခြင်းဖြင့် သူတို့၏ စိတ်အခြေအနေကို တိုးတက်နိုင်လိမ့်မည်။
ကမ္ဘာများအနက် တစ်ခုတွင်မူ နယ်မြေများကို ဓာတ်သဘာဝအလိုက် ခွဲခြားထားလေသည်။ နမူနာအားဖြင့် မီးနယ်မြေ၊ မိုးကြိုးနယ်မြေ၊ ရေခဲနယ်မြေ၊ မြေဆွဲအားနယ်မြေ အစရှိသဖြင့် ခွဲခြားထားသည်။ လူများက ထိုကမ္ဘာကို အသုံးပြုကာ သူတို့၏ ခန္ဓာကိုယ်များကို လေ့ကျင့်နေကြသည်။ သူတို့က အချိန်တစ်ခုကြာ တောင့်ခံနိုင်သရွေ့ သူတို့၏ခန္ဓာကိုယ်အတွင်း ထူးဆန်းသည့် စွမ်းအားတစ်ခု စီးဝင်သွားကာ ဖြစ်စဉ်ကို ကူညီပေးလိမ့်မည်။
ဝူဟုန်က ထိုကမ္ဘာအားလုံးသည် ဘာမှမဟုတ်ဘဲ အပေါ်ယံမျှသာဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူမက ဆက်၍ မကြည့်တော့ပေ။ ထိုအစား သူမက မျက်လုံးမှိတ်လိုက်ကာ ပင်မကမ္ဘာအလယ်ရှိ စာရင်းအပေါ်ကိုသာ အာရုံစိုက်လိုက်၏။
သူမ၏ မျက်ဝန်းများက နာမည်တစ်ခုကို မြင်သည့်အခါ တွေးလိုက်မိသည်။
ဒီအချိန်စက်ဝန်းမှာ သတ်ဖြတ်ရေးစစ်ဆေးမှုထဲ ပါလာတဲ့သူက ဝမ်ဝေ့ မဟုတ်ဘဲ လင်းဖန် ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး။
သူမ ကြည့်နေသည့် နာမည်က အထင်းသား ရေးသားထားသည်။
လင်းဖန်၊ ဟွင်သွမ်းရုပ်ခန္ဓာ၊ အသင်္ချေအင်ပါယာကမ္ဘာ၊ အဆင့် ၂၃၄၅
သူမက စာရင်းကို ခေတ္တကြည့်လိုက်ပြီးသည့်နောက်တွင် အော်ပြောလိုက်သည် “ ထွက်ခဲ့”
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရုပ်ချောချော အမျိုးသားတစ်ဦးက သူမအနား ထွက်ပေါ်လာလေ၏။
သူက သူမအား ခေါင်းစခြေဆုံးကြည့်ကာ “ ဧကရီဝူလား”
“ ဘယ်သူများ ဖြစ်နိုင်လို့လဲ”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ထိုလူငယ်က ပြန်ဖြေလိုက်သည်။
“ မင်းဆီမှာ သွေးရောသားရော ခန္ဓာကိုယ်ရော ဝိညာဉ်ရော ရှိနေတာလေ။ ကောင်းကင်တာအိုက အဆင့်နိမ့် နယ်ပယ်အလွှာတွေမှာ ဘယ်လောက်တောင် တင်းကြပ်လိုက်လဲ။ မင်းအနေနဲ့ ဒီနေရာမှာ ကိုယ်ပွားထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ သူခိုးအိုကြီး ငရဲကမ္ဘာနဲ့ တော်တော်များများတောင် လုပ်နိုင်သေးတာပဲ။ ငါ လုပ်နိုင်တာ ဘာမှားလို့လဲ”
“ သူခိုးအိုကြီး ငရဲကမ္ဘာက ကောင်းကင်ဘုံငယ်လေးအဆင့်က လွဲပြီး ဘာမှမဟုတ်ဘူး။ တခြားသူတွေအတွက်ကတော့ ထိန်းချုပ်ခံရမှုက အခုလောက် မတင်းကြပ်တော့တာ ကြာလှပြီလေ” လူငယ်လေးက ပြောလိုက်သည်။
“ အဲဒါဆို ငါကရော ကောင်းကင်ဘုံငယ် ဖြစ်မနေနိုင်ဘူးလား” ဝူဟုန်က ပြန်ပြောလိုက်၏။ သို့သော်လည်း ဤလူငယ်က ခေါင်းခါလိုက်ရင်း သူမအား စိုက်ကြည့်လိုက်သည်။ သူက သူမအနေဖြင့် အလွှာနိမ့်တွင် ကိုယ်ပွားထားနိုင်ခဲ့သည့် အကြောင်းအရင်းကို ရှာဖွေနေဟန်ပေါ်သည်။
ဝူဟုန်က ခေါင်းအသာလှည့်ကာ လူငယ်အားကြည့်လိုက်ပြီး “ ချန်းထုံ … အဲဒါက မင်းရဲ့ သေလုနီးပါး ဖြစ်ခဲ့တဲ့ အကြောင်းအရင်းပဲ။ မင်းရဲ့ သိချင်စိတ်က ပြင်းထန်လွန်းတယ်”
ချန်းထုံက နေရခက်စွာ ပြုံးလိုက်ပြီး “ ဧကရီ .. ကျုပ်ဘာများ လုပ်ပေးရမလဲ”
“ ငါ မင်းလက်ထဲက လမ်းစဉ်ရှာဖွေရေး ကျောက်တုံးကို လိုချင်တယ်။”
“ ဘာ…လုံးဝမဖြစ်ဘူး” လမ်းစဉ်ရှာဖွေရေး ကျောက်တုံးသည် အထွတ်အထိပ်အဆင့် ရတနာဟု ယူဆနိုင်သော်လည်း အခွင့်အခါကြုံကြိုက်ပါက စံပြများပင် လိုက်လံရှာဖွေသည့် အရာတစ်ခု ဖြစ်ပေသည်။
“ ကပ်စေးမနည်းစမ်းပါနဲ့” ဝူဟုန်က ပြောလိုက်သည် “ ဒီဟာက မင်းအပေါ် သက်ရောက်မှု နည်းနည်းပဲရှိတာ”
“ ဟုတ်တယ်။ ဒါပေမဲ့ ကျုပ်က ဒီစစ်ဆေးမှုရဲ့ နောက်ဆုံးအနိုင်ရရှိသူအပေါ် သုံးမှာ ”
“ အခု မင်းက စစ်ဆေးမှုတွေ အများကြီးလုပ်ပြီးတဲ့နောက်မှာ ကောင်းကင်ရွေးချယ်ခံတွေရဲ့ ချီကံကောင်းမှုကို လုံလုံလောက်လောက် စုဆောင်းပြီးပြီပေါ့။ ဒီလောက်နဲ့ဆိုရင် မင်းကိုမင်း အသက်ပြန်သွင်းပြီးတော့ မင်း နဂို အထွတ်အထိပ်ဆီ ပျံသွားပြီးတော့ စံပြ ပြန်ဖြစ်လာနိုင်ပြီ။ မင်း ဒီကျောက်တုံးကို အဲလောက် မလိုပါဘူး” ဝူဟုန်က ပြောလိုက်သည်။
ချန်းထုံက ထိုအရာကို ကြားပြီးနောက် တိတ်ဆိတ်သွားလေသည်။ သူ သတ်ဖြတ်ရေး စစ်ဆေးမှု စတင်ခဲ့သည့်အချက်မှာ ချီကံကောင်းမှု စုပ်ယူဖို့သာ မကဘဲ မဟာဧကရာဇ် ဖြစ်လာနိုင်ချေရှိသည့် ကောင်းကင်ရွေးချယ်ခံများနှင့် အားကောင်းသည့် ကံကြမ္မာဝဋ်ကြွေးကို ဖွဲ့တည်နိုင်သည့် နည်းလမ်းတစ်ခုအဖြစ် လည်း ဖြစ်ပေသည်။
တစ်ရက်တွင် သူက ထိုအကြွေးကို ပြန်ဆပ်ဖို့ သူတို့ဆီ တောင်းဆိုလိမ့်မည်။ လမ်းစဉ်ရှာဖွေရေး ကျောက်တုံးဖြင့် သူက အားကောင်းသည့် ကံကြမ္မာဝဋ်ကြွေးကို ဖန်တီးနိုင်လိမ့်မည်။ သူက ထိုအရာကို အလွယ်တကူ လက်မလျှော့ချင်ပေ။
သူက ဧကရီဝူကို မပေးဘဲ သူမနှင့် ကံကြမ္မာဝဋ်ကြွေး မဖန်တီးလိုသည့်အချက်မှာ သူမက အလွန်အားကောင်းသောကြောင့် မဟာဧကရာဇ် ဖြစ်ပြီးသည့်နောက်တွင် ကံကြမ္မာဝဋ်ကြွေးကို လျစ်လျူရှုထားနိုင်၍ ဖြစ်သည်။
အရင်လူများကား ပြန်လည်ပေးဆပ်ရမည်သာ ဖြစ်၏။ မဟုတ်လျှင် သူတို့က ကျင့်ကြံရေးလမ်းစဉ်တွင် ပြဿနာဖြစ်လာနိုင်သည်။ သို့သော် သူတို့ အမှန်တကယ် တွေးမကြည့်သရွေ့ အနည်းငယ်သာ သက်ရောက်မှုရှိလိမ့်မည်။
ဝူဟုန်က ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမက အေးစက်စက်ဖြင့် ပြောလိုက်သည် “ ကျောက်တုံးကို ပေးမလား။ ငါ မင်းရဲ့ လက်ကျန်ဝိညာဉ်ကို ဖျက်ဆီးပြီး ငါ့ဘာသာငါ ယူရမလား”
“ မင်း …” ချန်းထုံ၏ မျက်နှာက ဒေါသကြောင့် နီရဲလာကာ ပြောလိုက်သည်။ ထို့နောက် သူ့ဝိညာဉ်အတွင်း နစ်မြုပ်နေသည့် မှတ်ဉာဏ်တစ်ခုက ပေါ်ထွက်လာလေ၏။
ဤသည်က သူ ဧကရီဝူနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့် မှတ်ဉာဏ် ဖြစ်ပေသည်။ သူက စံပြ ဖြစ်လာပြီးနောက် အတော်လေး ယုံကြည်ချက် ပြည့်ဝနေခဲ့သည်။ သူမကို တွေ့ဆုံပြီးသည့်နောက်တွင် သူမက အဘယ်ကြောင့် အားကောင်းနေကြောင်း လျှို့ဝှက်ချက် ရှိနေလားဟု သိချင်လာမိ၏။ ထို့ကြောင့် သူက သူမကို တိတ်တဆိတ် စုံစမ်းကာ မိုးမြေလျှို့ဝှက်ချက်များဖြင့် သူမအကြောင်း တွက်ချက်ခဲ့သည်။ သို့သော်လည်း သူက ကောင်းကောင်း အလုပ်မလုပ်နိုင်ဘဲ ဧရာမလက်ကြီးတစ်ခု ပေါ်လာကာ သူ့အပေါ် ဆင်းသက်လာလေ၏။
သူ့ ကျင့်ကြံရေးနန်းတော်ရှိ အစီအရင်အားလုံးက ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရပြီး စံပြပစ္စည်းများလည်း ပေါက်ကွဲထွက်သွားသည်။ သူ့ စံပြခန္ဓာကိုယ်ပင် ဖျက်ဆီးခံလိုက်ရပြီး သူ့တာအိုအုတ်မြစ်လည်း ပျက်စီးသွားကာ သူ့ဝိညာဉ်ပင် ဒဏ်ရာရရှိသွားသည်။
ချန်းထုံက ထိုလက်ကြီးရှေ့တွင် သူ ခံစားခဲ့ရသည့် အင်အားမဲ့မှုကို ခံစားလာရသည်။ အကယ်၍ သူမသာ သတိမပေးပါက ထိုနည်းလမ်းအတိုင်း တသတ်မှတ်တည်း လိုက်၍ လုပ်မိလိမ့်မည်။ ပို၍ဆိုးရွားသည်က ထိုဒဏ်ရာမှ ပြန်လည်ကောင်းမွန်စေဖို့ အချိန်အတော်ကြာ လိုအပ်ခဲ့သည်။
ထိုမှတ်ဉာဏ်ကို တွေးမိပြီးသည့်နောက်တွင် ချန်းထုံက အေးအေးစက်စက် သရော်လိုက်ပြီး လက်ကို ဝှေ့ကာ သူမအား ကျောက်တုံးကို ပေးလိုက်သည်။
သူမက ကျောက်တုံး ရရှိပြီးသည့်နောက်တွင် ခေါင်းအသာညိတ်ပြလိုက်သည်။
ဒီကျောက်တုံးနဲ့ဆိုရင် ဝမ်ဝေ့က သူ့သွေးကို သန့်စင်ဖို့ နောက်ဆုံးအဆင့်ကို မြန်မြန်ပြီးနိုင်လိမ့်မယ်…
ဝူဟုန်က လက်ဝှေ့လိုက်ပြီးနောက် လေဟာနယ်အတွင်း စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
“ ငါက မင်းကို အခွင့်ကောင်းယူတာ မဟုတ်ဘူး။ ဒီစာအုပ်နဲ့ဆိုရင် မင်းရဲ့တာအိုအုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်စဉ်က ပိုမိုလွယ်ကူပြီးတော့ ပြည့်စုံလိမ့်မယ်”
ထို့နောက် သူမက ထွက်သွားလေသည်။