အသက်ရှည်လမ်းစဉ်ကမ္ဘာ
Vol. 23 Ch. 318
အခန်း (၃၁၈) : အသက်ရှည်လမ်းစဉ်ကမ္ဘာ
ဝူဟုန်က အသက်ရှည်လမ်းစဉ်ကမ္ဘာထဲ ဝင်ရောက်လိုက်သည်နှင့် ဘေးပတ်ဝန်းကျင်မှ ဆိုးဆိုးရွားရွား အချုပ်အနှောင်ကို ခံစားမိလိုက်သည်။ သူမက ပုလင်းအသေးလေးထဲ ဖြစ်ညှစ်ခံရသလိုမျိုး ဖြစ်၏။ လှုပ်ရှားမှု အသေးဆုံးဖြစ်သည့် အသက်ရှူခြင်းကပင် ခက်ခဲနေသည်။
ထို့အပြင် သူမက ဝင်ရောက်ပြီး သိပ်မကြာခင် စွမ်းအားကြီးသည့် စိတ်စွမ်းအားတစ်ခုက ဖြည်းဖြည်းချင်း နိုးထလာသည်ကို ခံစားမိလိုက်၏။ ကြည့်ရသည်မှာ သူမကြောင့် ဖြစ်ပုံပေါ်သည်။
ဒီကမ္ဘာရဲ့ ကောင်းကင်အလိုဆန္ဒက အတော်လေး အသက်ဝင်နေပုံပဲ။ အကြောင်းအရင်းများ ရှိလို့လား…
ဝူဟုန်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
သူမ ထင်ထားသလောက် နယ်ခြားကျင့်ကြံသူများအပေါ် ကောင်းကင်တာအိုများ၏ တုံ့ပြန်မှုမှာ ကွဲပြားပေသည်။ အလွှာနိမ့်ကမ္ဘာများအတွက်မူ ကောင်းကင်တာအိုက အားနည်းသောကြောင့် ထိုကမ္ဘာကိုသာ ကာကွယ်လိုအားကြီးသည်။ ထို့ကြောင့် အံ့ဖွယ်ပလ္လင်အဆင့်ထက် မြင့်မားသည့် ကျင့်ကြံသူတိုင်းကို နှင်ထုတ်ဖို့ အကောင်းဆုံး ကြိုးစားလိမ့်မည်။
အလယ်အလတ်ကမ္ဘာများတွင်မူ အနည်းငယ် ကွဲပြားလေသည်။ သူတို့၏ ခုခံရေးစနစ်က နယ်ခြားများ၏ ကျင့်ကြံရေးကို ချုပ်နှောင်ထားလေသည်။ ထို့ကြောင့် သူတို့ဝင်ရောက်လိုက်သည်နှင့် ထိုကမ္ဘာ၏ စည်းမျဉ်းကို ကျင့်သားရဖို့ အချိန်ယူရသည်။ ဤသည်မှာ ကျင့်ကြံရေးနည်းစနစ် ကွဲပြားသည့် တခြားကမ္ဘာအသိုင်းအဝိုင်းမှ လူများအတွက် ပို၍ပြင်းထန်လေသည်။
မဟာကမ္ဘာများအတွက်မူ ကောင်းကင်တာအိုက အထွတ်အထိပ်နယ်ပယ် အဆင့်အောက်ရှိ ကျင့်ကြံသူများအား မနှောင့်ယှက်ပေ။ သို့သော်လည်း နယ်ခြားအစစ်အမှန် အုပ်ချုပ်သူ ဝင်ရောက်လာသည်နှင့် သူတို့၏ ကျင့်ကြံဆင့်က ဖိနှိပ်ခံရပြီး အလယ်အလတ်ကမ္ဘာ၏ နယ်ခြားများကို ဆက်ဆံသလိုမျိုး စည်းမျဉ်းကို နေသားကျအောင် အချိန်ယူရမည်။
နောက်ဆုံးအနေနှင့် ကောင်းကင်အလိုဆန္ဒကမ္ဘာ ဖြစ်၏။ ထိုအဆင့်ကမ္ဘာ၏ ကောင်းကင်တာအိုသည် ကျူးကျော်လာသည့် နယ်ခြားများအား ဂရုမစိုက်ပေ။ ထိုသည်က နယ်ခြားမဟာဧကရာဇ်များပင် အပါအဝင် ဖြစ်၏။ သူတို့ ဝင်ရှုပ်သည့် တစ်ခုတည်းသောအချိန်မှာ ကျင့်ကြံသူက ကမ္ဘာအား ဖျက်ဆီးတော့မည့် အချိန်အခါမျိုးတွင် ဖြစ်လေသည်။ ထိုအခါ သူတို့က နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို ထုတ်လွှတ်ကာ တားဆီးလိမ့်မည်။
နမူနာအားဖြင့် အကယ်၍ အထွတ်အထိပ်နယ်ခြား ကျင့်ကြံသူတစ်ဦးသာ ကောင်းကင်အလိုဆန္ဒကမ္ဘာကို ကျူးကျော်ခဲ့ပြီး ကျင့်ကြံသူများနှင့် သေမျိုးများအား စတင်သတ်ဖြတ်ခဲ့မည်ဆိုလျှင် ကောင်းကင်တာအိုက အရေးမစိုက်ပေ။ သို့သော်လည်း မဟာဧကရာဇ်၊ တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင်များသာ ထိုသို့ လုပ်ခဲ့လျှင် ဝင်ပါလာလိမ့်မည်။
ထိုအချက်အလက်များက ကမ္ဘာအများစုအတွက် ဖြစ်၏။ တချို့ကား ပို၍ တမူထူးခြားကာ စည်းမျဉ်းအမျိုးမျိုး ကွဲပြားနေပြီး ဝူဟုန် လက်ရှိ ရှိနေသည့် ကမ္ဘာလိုမျိုး ဖြစ်သည်။ သူမ ဝင်ရောက်လိုက်သည်နှင့် ထိုကမ္ဘာ၏ ကောင်းကင်တာအိုက နိုးထလာကာ သူမဆီ ဦးတည်လာကြောင်း ခံစားမိလိုက်သည်။ သူမက အရှုပ်အထွေးများဖြင့် ရင်မဆိုင်လိုသောကြောင့် သူမ၏ ကျင့်ကြံဆင့်နှင့် အငွေ့အသက်ကို ပိတ်ဆို့ထားလိုက်၏။
ထိုသို့လုပ်ပြီးသည့်နောက်တွင် လာနေသည့် ကောင်းကင်တာအိုက ရပ်တန့်သွားပြီး နောက်ဆုတ်သွားသည်ကို ခံစားမိလိုက်သည်။ ဝူဟုန်က နောက်ဆုံးတွင် သူမ၏ ပတ်ဝန်းကျင်ကို သတိပြုမိလိုက်သည်။ သူမက အောက်တွင် သမုဒ္ဒရာကြီး ရှိနေသော လေထုထဲ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
ပင်လယ်ပြာကြီးက လေးဖက်လေးတန်လုံး လွှမ်းမိုးထားပြီး မြင်ကွင်းတွင် တခြားအရာ ဘာမှမမြင်ရပေ။ ဝူဟုန်က သူမ၏ အံ့ဖွယ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို ရှာဖွေလိုသော်လည်း ထိုကမ္ဘာ၏ ကောင်းကင်တာအိုအား ထပ်မံသတိပေးမည်ကို စိုး၍ မလုပ်ဆောင်လိုက်ပေ။
သူမက မှတ်ဉာဏ်များကို ပြန်လည်စစ်ဆေးပြီးသည့်နောက်တွင် ဤကမ္ဘာအနေဖြင့် သူမ၏ စွမ်းအားအား ထုတ်မသုံးနိုင်အောင် တားဆီးနေသည့်အချက်ကို ခန့်မှန်းမိသွားသည်။ သူမက အံ့ဖွယ်အသိစိတ်ကို ထုတ်မသုံးထားသော်လည်း သူမ၏ အမြင်အာရုံက အတော်လေး အားကောင်းနေသည်။ ထို့ကြောင့် မိုင်သန်းချီကို စစ်ဆေးကြည့်လိုက်သော်လည်း အဆုံးမဲ့ပင်လယ်မှအပ ဘာမှမတွေ့ရပေ။
အဆုံးသတ်၌ သူမက သူမ၏ အလိုလိုသိစိတ်ပေါ် မူတည်ကာ နေရာတစ်ခုကို ရွေးပြီး ဖြတ်သန်းသွားလိုက်သည်။ နောက်တစ်လကြာသည့်အခါ ဝူဟုန်က နေရာတစ်ဖက်ကိုသာ ဆက်တိုက် ပျံသန်းနေလေသည်။ ထိုကမ္ဘာ၏ အချုပ်အနှောင်များကြောင့် သူမ၏ အင်အားက သိသိသာသာ တားဆီးပိတ်ဆို့ခံရသောကြောင့် သူမ၏ အမြန်နှုန်းသည်လည်း နှေးကွေးသွားလေသည်။
ထို့ကြောင့် သူမအနေဖြင့် လူအများနေထိုင်သည့် နေရာကို ရှာဖွေဖို့ တစ်လကြာ အချိန်ယူခဲ့ရသည်။ သူမအတွက် ကံကောင်းသွားသည်က လမ်းတစ်လျှောက်တွင် ပင်လယ်သားရဲများနှင့် နတ်ဆိုးသားရဲများက တိုက်ခိုက်လာသောကြောင့် သူမအနေနှင့် မပျင်းရတော့ပေ။ ထို့အပြင် သူမက ခရမ်းတောင်ပံ လင်းတကို အနိုင်ယူခဲ့ပြီး ကူးသန်းပို့ဆောင်ရေး သားရဲအဖြစ် အသုံးပြုလိုက်သည်။ သူ့ဝိညာဉ်ကို ရှာဖွေပြီးသည့်နောက်တွင် သူမက အနီးဆုံးမြို့ တည်ရှိရာအား သိလိုက်သည်။
သူမ အနီးဆုံးကျွန်းဆီ ရောက်ရှိပြီးသည့်နောက်တွင် ထိုလင်းတအား သူမ၏ သိုလှောင်လက်စွပ်အတွင်း ထားကာ ကိုယ်ဖျောက်လိုက်၏။ ဝူဟုန်က သူမသည် မည်မျှဆွဲဆောင်မှုရှိကြောင်း သိလေသည်။ ထို့ကြောင့် သူမသာ ထိုကျင့်ကြံသူများရှေ့ ပေါ်ထွက်လာလျှင် တချို့လူများက သူမကို တပ်မက်လာနိုင်သလို သူမ၏ ခန္ဓာကိုယ်ကို ရဖို့ အတင်းအကြပ် အားသုံးလာနိုင်ကြသည်။ သူမအနေနှင့် သူနှင့်အတူ သူ့တစ်မိသားစုလုံးကိုပါ သတ်ဖြတ်ရလိမ့်မည်။
မေပယ်ကျွန်းသို့ ဆင်းသက်ပြီးသည့်နောက်တွင် ဝူဟုန်က အနီးဆုံးတည်းခိုဆောင်ဆီ ဦးတည်လိုက်ပြီး လူများ၏ ပြောစကားများကို နားထောင်ရင်း သတင်းအချက်အလက်ကို ရယူလိုက်သည်။ ပထမရက်ပိုင်းအတွင်း၌ သူမက ထိုပင်လယ်အကျယ်ကြီးကို ပိုင်နက်အသီးသီး ခွဲခြားထားပြီး ကျွန်းထောင်ချီရှိသည့် ပိုင်နက်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိလိုက်ရသည်။
သူမ ရှိနေသည့် ပိုင်နက်ကို ဝါးရွက်ပိုင်နက်ဟု ခေါ်ဆိုပြီး ထိုပိုင်နက်၏ ခေါင်းဆောင်က လန်မိသားစု ဖြစ်ပေသည်။ ထို့နောက် ဝူဟုန်က လန်မိသားစု၏ ပင်မကျွန်းဆီ တိတ်တဆိတ် ပျံသန်းသွားလိုက်သည်။
“ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် ဒီမှာဝမ်ဝေ့က ကောင်းကင်နီ ပိုင်နက်ထဲက သေမျိုးမိသားစုမှာ မွေးဖွားလာတာပဲ”
ဤကမ္ဘာရှိ သေမျိုးများ၏ ဘဝမှာ အတော်လေး ဆိုးရွားလှသည်။ ကျင့်ကြံသူများက သူတို့ကို ဂရုမစိုက်သလို ပတ်ဝန်းကျင်ကလည်း စိုက်ပျိုးရေးအတွက် မသင့်တော်ပေ။ ထို့ကြောင့် သူတို့အနေနှင့် အသက်ရှင်ဖို့ ငါးဖမ်းရမည်။ ကံဆိုးစွာဖြင့် ပင်လယ်ကိုလည်း ပင်လယ်သားရဲများက အုပ်စိုးထားလေရာ မကြာခဏဆိုသလို တိုက်ခိုက်ခံရလေ့ ရှိသည်။
နတ်ဆိုးသားရဲ ဒီရေလှိုင်း ဖြစ်ပေါ်လာသည့်အခါ သေမျိုးများ နေထိုင်သည့် ကျွန်းများစွာက အသေအပျောက်အများဆုံး ခံစားရလေ့ရှိသည်။
ကျင့်ကြံသူတွေလား…
သူတို့က သေမျိုးများကို အသက်ရှူနေသည့် စက်ပစ္စည်းဟုသာ သတ်မှတ်ထားကြလေသည်။
ဤကမ္ဘာရှိ ကျင့်ကြံသူများ၏ ပါရမီက အလွန်ရှားပါးလှပြီး ကျင့်ကြံနိုင်ဖို့အတွက် ဝိညာဉ်ကြောဆိုသည့် အရာကို လိုအပ်ပေသည်။ ကံဆိုးစွာဖြင့် လူတချို့ကသာ ရရှိနိုင်လေ၏။ သေမျိုးများက အသက် ၁၄ နှစ် အရွယ်သို့ ရောက်ရှိသွားသည့်အခါ သူတို့တွင် ဝိညာဉ်ကြောရှိ၊ မရှိကို စမ်းသပ်နိုင်လေသည်။
ဝိညာဉ်ကြောရှိသူများကို ဂိုဏ်းများ သို့မဟုတ် မိသားစုများက ပြုစုပျိုးထောင်ပေးဖို့ ခေါ်ဆောင်သွားတတ်ကြသည်။ ထိုမိသားစုများက သူတို့အား အစားအစာနှင့် နေထိုင်ရေးအတွက် ဘာမှမပူပန်အောင် စောင့်ရှောက်ပေးကြသည်။ ကလေးတစ်ယောက်က ပါရမီပိုရှိလေလေ သူတို့မိသားစု ရရှိသည့် ဆက်ဆံရေးက ပိုမိုကောင်းလေလေ ဖြစ်၏။
သုံးရက်တာ မရပ်မနား ပျံသန်းလာပြီးသည့်နောက်တွင် ဝူဟုန်က သူမ၏ ဦးတည်ရာသို့ ရောက်ရှိသွားလေသည်။
ရေခဲလိပ်ပြာကျွန်း
သူမက သတင်းအချက်အလက်နားထောင်ဖို့ ကျွန်းပေါ်ရှိ အကြီးဆုံးမြို့ဆီ ပျံသန်းသွားလိုက်သည်။
တည်းခိုဆောင်အတွင်း ဝူဟုန်က သူမ တစ်ယောက်တည်း ထိုင်နေလေသည်။ ထူးဆန်းသည်က သူမ မတည်ရှိသကဲ့သို့ မည်သူကမှ သူမအား အရေးမလုပ်ကြပေ။ သူမက တခြားသူများ ပြောနေသည်ကို အာရုံစိုက်ထားလိုက်၏။
“ မင်း ကြားပြီးသွားပြီလား” အရက်သမားတစ်ယောက်က မေးလိုက်သည်။
“ ဘာကိုလဲ” သူ့အမျိုးသမီး အပေါင်းအပါတစ်ဦးမှ မေးလိုက်၏။
“ လန်မိသားစုရဲ့ သတ္တမ သခင်လေးက ချီသန့်စင်ရေးအဆင့်ကို တက်လှမ်းသွားပြီလေ”
“ ဘာ။ သူက ဒီနှစ်မှ ၁၈ နှစ်ပဲ ရှိသေးတာလေ”
“ အဟုတ်ပဲ”
“ ဒီလိုဆိုရင် သူက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၉လွှာလုံးကို ဖြတ်ကျော်ဖို့ ငါးနှစ်ပဲ အချိန်ယူခဲ့တာပေါ့”
“ မင်းက ဘာလို့ အဲလောက်တောင် အံ့အားသင့်နေရတာလဲ။ ဒါက အဆင့်တစ် ဝိညာဉ်ကြောနဲ့ မွေးဖွားလာတဲ့ ပါရမီရှင်လေ။ သူ့အနေနဲ့ ရွှေအမြုတေအဆင့်တော့ ရောက်မှာပဲ”
ရွှေအမြုတေဟူသော စကားကို ကြားပြီးသည့်နောက်တွင် တည်းခိုဆောင်ရှိ ကျင့်ကြံသူအားလုံးက အားကျနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။ ထို့နောက် သူတို့က သက်ပြင်းချလိုက်ကြ၏။ ထိုစဉ် ဝူဟုန်က သူမ၏ မှတ်ဉာဏ်များအား ပြန်လည်စစ်ဆေးကာ သူမ သိထားသည့် ထိုသတင်းအချက်အလက်အား မှတ်မိဖို့ ကြိုးစားလိုက်သည်။
ဤကမ္ဘာ၏ ဝိညာဉ်ကြောကို အဆင့်ငါးဆင့် ခွဲခြားထားပြီး အဆင့်တစ်က အမြင့်ဆုံး ဖြစ်လေသည်။ ထိုအထက်က ထိုကမ္ဘာ၏ ကောင်းကင်ရုပ်ခန္ဓာ စာရင်းဖြစ်သည့် စိတ်ဝိညာဉ်ရုပ်ခန္ဓာများ ဖြစ်ကြသည်။ ပထမရုပ်ခန္ဓာသုံးခုက အသင်္ချေအင်ပါယာကမ္ဘာနှင့် အတူတူ ဖြစ်လေသည်။ ဟွင်သွမ်းရုပ်ခန္ဓာ၊ အကြမ်းခံပုဆိန်ရုပ်ခန္ဓာနှင့် ချီယွီလျိုချင် ရုပ်ခန္ဓာတို့ဖြစ်ကြသည်။
လေးခုမြောက်ကစပြီး ကွဲပြားသွားကာ ဤကမ္ဘာ၏ စည်းမျဉ်းနှင့် အသင့်တော်ဆုံး ဖြစ်အောင် ဖန်တီးထားလေသည်။
သူမ၏ မှတ်ဉာဏ်များမှ ဝမ်ဝေ့သည် ဤကမ္ဘာတွင် မွေးဖွားလာပြီး အနိမ့်ဆုံး အဆင့်ငါးဝိညာဉ်ကြောသာ ရှိ၍ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က သူ့ ကန့်သတ်ချက်ဖြစ်ကြောင်း သိပေသည်။ သို့သော်လည်း ယခင်ဧကရာဇ်တစ်ပိုင်း တစ်ယောက်အနေနှင့် သူက ပါရမီကဲ့သို့သော အရာများဖြင့် ကန့်သတ်ခံထားရသည်။
အခြေခံကျင့်ကြံရေး နည်းစနစ်ကို ရရှိပြီးသည့်နောက်တွင် သူက သူနှင့် အသင့်တော်ဆုံးဖြစ်သည့် ကျင့်ကြံရေး နည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်။ သူက ဖြည်းဖြည်းချင်း ဤကမ္ဘာ၏ မသေမျိုး ကျင့်ကြံရေးနည်းစနစ်အား မူလအရင်းအမြစ် နည်းစနစ်ဖြင့် ပေါင်းစပ်လိုက်၏။
သူမ အလိုရှိသည့် သတင်းအချက်အလက်များ ရရှိပြီးသည့်နောက်တွင် ဝူဟုန်က လန်မိသားစု၏ ကျင့်ကြံရေးနည်းစနစ်များ သိမ်းဆည်းထားသည့် ကျမ်းခန်းမဆောင်အား ကျူးကျော်လိုက်သည်။ ခန်းမဆောင်အား စောင့်ကြပ်နေသည့် အကြီးအကဲများနှင့် အစီအရင်ပင် ဘယ်အရာကမှ သူမအား အာရုံမခံမိကြပေ။
ဝူဟုန်က စာအုပ်များ၊ ကျမ်းများအား ဖတ်ရှုပြီးသည့်နောက်တွင် ကျင့်ကြံရေးနည်းစနစ်ကိုသာ အာရုံစိုက်ထားလိုက်သည်။
ထိုကမ္ဘာရှိ ကျင့်ကြံသူများက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ဖြင့် စတင်ကြပြီး မိုးမြေကြားမှ ဝိညာဉ်ချီဖြင့် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ကြသည်။ အဆင့်တစ်ခုသို့ ရောက်ရှိပြီးသည့်နောက်တွင် သူတို့က ချီတည်ဆောက်ခြင်းဟု ခေါ်သည့် ဖြစ်စဉ်ကို ဖြတ်ကျော်ကာ သူတို့၏ စွမ်းအင်ဗဟိုချက်ထဲ ချီကို စီးဆင်းစေပြီး ချီသန့်စင်ရေးအဆင့်သို့ ရောက်ရှိသွားကြသည်။
သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ချီပမာဏက သင့်တော်သည့် အနေအထားသို့ ရောက်ရှိသည့်အခါ သူတို့က အရည်အဖြစ် ပြောင်းပြီး စွမ်းအင်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုအခါမှ ကျင့်ကြံသူများသည် အခြေတည်အဆင့်သို့ ဝင်ရောက်နိုင်ကြ၏။
ထိုစွမ်းအင်က အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ပြန်လည်စုစည်းလိုက်ပြီး အမြုတေအဖြစ် ပြောင်းလဲလိုက်သည်။ ထိုအရာက ရွှေအမြုတေအဆင့် ဖြစ်၏။
ဤအဆင့်က မသေမျိုး ကျင့်ကြံသူများအတွက် အလွန်တရာ အရေးကြီးလှသည်။ အကြောင်းမှာ သူတို့က သေမျိုးကမ္ဘာမှ စိတ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်နိုင်၍ဖြစ်သည်။
ထိုအရာကို သင်ယူပြီးသည့်နောက်တွင် ဝူဟုန်က သူမ၏ ခန့်မှန်းချက်သည် မှန်ကန်ကြောင်း သိလိုက်သည်။ ကောင်းကင်တာအိုက သူမ ရောက်ရှိလာသည်ကို သတိပြုမိသည့် အကြောင်းအရင်းမှာ သူမ၏ စွမ်းအားက သေမျိုးကမ္ဘာထက် ကျော်လွန်နေ၍ ဖြစ်သည်။ အကယ်၍ သူမသာ စွမ်းအားများများ အသုံးပြုလျှင် ချက်ချင်း ဖျက်ဆီးခံရနိုင်လောက်သည်။
အမှန်တရားကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် ဝူဟုန်က နောက်ထပ်ပြဿနာတစ်ခု ကြုံလိုက်ရသည့်အတွက် မပျော်ရွှင်ပေ။ သူက စိတ်ဝိညာဉ်နယ်ပယ်ထဲ ဝင်ရောက်ဖို့ လေဟာနယ်ကို မချိုးဖောက်နိုင်ပေ။ သူမ ကြိုးစားသည့်အခါတိုင်း အားပြင်းပြင်း သတိပေးချက်သာ ခံစားမိနေသည်။
သူမ၏ အင်အားဖြင့် ဤကမ္ဘာရှိ မည်သည့်အရာမှ ခြိမ်းခြောက်နိုင်သည်ဟု မထင်ပေ။ သို့သော်လည်း သူမက ဤနေရာကို အကြောင်းအရင်းတစ်ခုအတွက် ရောက်ရှိလာသည်ဖြစ်ပြီး ကောင်းကင်တာအို၏ အတားအဆီးကို မခံချင်ပေ။ မဟုတ်ပါက ကောင်းကင်တာအိုကို နှင်ထုတ်လိုက်ပြီး ဤကမ္ဘာထဲ ပြန်ဝင်လို့မရအောင် တားဆီးထားနိုင်သည်။
ထို့ကြောင့် သူမက နောက်ထပ် နည်းလမ်းရှာဖို့ ဆုံးဖြတ်လိုက်၏။ သူမက ဤကမ္ဘာ၏ နည်းစနစ်များအား လေ့လာပြီး ကျင့်ကြံသူများ၏ အငွေ့အသက်ကို အတုခိုးဖို့ စီစဉ်ထားလေသည်။ အတိအကျဆိုရလျှင် ရွှေအမြုတေ ကျင့်ကြံသူ၏ အငွေ့အသက် ဖြစ်၏။ ထိုအခါ စိတ်ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းနိုင်လိမ့်မည်။
ကံဆိုးစွာဖြင့် လန်မိသားစု၏ ကျင့်ကြံရေး နည်းစနစ်များက အမြင့်ဆုံးအနေနှင့် အခြေတည်အဆင့် ထိပ်ဆုံးသို့သာ ရောက်ရှိနိုင်လေသည်။ ထို့ကြောင့် သူမအနေနှင့် တခြားနေရာမှာ သွားရှာဖို့ လိုအပ်လာသည်။