← Chapters

တာအို အုပ်စိုးသူ အမွေအနှစ်

Vol. 23 Ch. 320

တာအို အုပ်စိုးသူ အမွေအနှစ်

Vol. 23 Ch. 320

အခန်း (၃၂၀) : တာအို အုပ်စိုးသူ အမွေအနှစ်

သူမသည် ဤကမ္ဘာတွင် မသေမျိုးချီ အမှန်တကယ် ရှိနေကြောင်း ရှာဖွေတွေ့ရှိလိုက်သော်လည်း တကယ့်အစစ်အမှန်၏ အဆင့်နိမ့်ပုံစံသာ ဖြစ်နေလေ၏။ သို့သော်လည်း ထိုပုံစံဖြင့်ပင် ဤကမ္ဘာ၏ ကျင့်ကြံသူများအား အလွန်ရှည်လျားသော သက်တမ်းကို ရရှိစေနိုင်သေးသည်။

ထိုတွေ့ရှိမှုအပြီးတွင် ဝူဟုန်က ဤကမ္ဘာအကြောင်း ပို၍စိတ်ဝင်စားလာခဲ့၏။ သူမက ထိုအဆင့်နိမ့် မသေမျိုးချီ၏ အရင်းအမြစ်ကို ရှာဖွေလိုလေသည်။ ဤလျှို့ဝှက်ချက်က သူမ ရောက်ရှိလာသည့် အကြောင်းအရင်းထက်ပင် ပို၍ ထိုက်တန်နေလောက်သည်။

သူမက တုံ့ဆိုင်းခြင်း မရှိဘဲ ဓားပျံဂိုဏ်း၏ ပိုင်နက်မှ ထွက်လာပြီး သီးသန့်နေရာတစ်ခုဆီ ပျံသန်းသွားလိုက်သည်။ ထို့နောက် မြေကမ္ဘာမသေမျိုးအဆင့်၏ အရှိန်အဝါကို လှုံ့ဆော်လိုက်၏။ မသေမျိုးကမ္ဘာကဲ့သို့ အဖြစ်အပျက်အပြီးတွင် ကပ်ဘေးမိုးကြိုးက ကောင်းကင်မှ ကျဆင်းလာလေသည်။ ထို့နောက် သူမက မသေမျိုးကမ္ဘာဆီ တက်လှမ်းသွားလေ၏။

ဝူဟုန် ရောက်ရှိပြီးနောက် ပထမဆုံး သတိပြုမိသည့်အရာမှာ  သူမ၏ စွမ်းအားကို ကန့်သတ်ထားခြင်း မရှိတော့ဘဲ လှောင်အိမ်အတွင်း ရောက်ရှိနေသည့် ခံစားချက်မျိုး မခံစားရတော့ပေ။

ဝူဟုန်က အသက်ပြင်းပြင်း ရှူပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်ရှိ သူမအား မည်သည့်ဂိုဏ်းမှ ဖြစ်ကြောင်း မေးမြန်းလိုနေသည့် လူများအား လျစ်လျူရှုကာ သူတို့၏ မြင်ကွင်းမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။

သူမက ကူးသန်းသွားလာပြီးသည့်နောက်တွင် အစီအရင်များဖြင့် ဝန်းရံထားသည့် ဂူ ရှေ့သို့ ပေါ်ထွက်လာလေသည်။ သူမက လက်တစ်ချက် ဝှေ့လိုက်သည့်အခါ အစီအရင်က ကျိုးပျက်သွားလေသည်။

“ ဘယ်သူလဲ” အထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

ဝူဟုန်က သူမ ရှေ့ရှိ လူအိုကြီးအား ကြည့်လိုက်သည်။ သူမ၏ အကြည့်တစ်ချက်ဖြင့် ထိုလူအိုကြီးက အေးခဲသွားကာ မလှုပ်ရှားနိုင်တော့ပေ။ သူ့မျက်ဝန်းအထက် အကြောက်တရားများ ပေါ်ထွက်လာ၏။

ဝူဟုန်က လက်ညှိုးဖြင့် သူ့နဖူးအား ထိလိုက်ပြီးသည့်နောက်တွင် ထိုအမျိုးသား၏ ဝိညာဉ်ကို အလျင်အမြန် ရှာဖွေလိုက်သည်။ သို့သော်လည်း သူမက ညင်သာနေဆဲဖြစ်ပြီး သူ့အတွက် ပြဿနာများ မချန်ထားခဲ့ပေ။

သူမက သူသည် ဤကမ္ဘာ၏ အထွတ်အထိပ် နယ်ပယ်အဆင့်နှင့် တူညီသည့် ကောင်းကင်မသေမျိုး တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ မြေကမ္ဘာမသေမျိုးအဆင့် အပြီးတွင် ဆန်းကြယ်မသေမျိုးအဆင့် ဖြစ်၏။ ထို့နောက်တွင် ကောင်းကင်မသေမျိုးအဆင့် ရှိလေသည်။

နောက်ဆုံးတွင် ကောင်းကင်မသေမျိုးအဆင့် ကျင့်ကြံသူများက ကောင်းကင်အလိုဆန္ဒအတွက် ယှဉ်ပြိုင်ကာ မသေမျိုးဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ကြသည်။

“ ငါ့ခန့်မှန်းချက်က မှန်နေတာပဲ” ဝူဟုန်က သူမ ကြားလောက်သည့်အသံဖြင့်သာ ရေရွတ်လိုက်သည် “ ဒီကမ္ဘာက စည်းမျဉ်းကို မကျင့်ကြံဘဲနဲ့ စွမ်းအားကို လှုံ့ဆော်ဖို့ပဲ အာရုံစိုက်ထားတယ်”

ဝူဟုန်က ထိုကျင့်ကြံရေး နည်းစနစ်သည် စွမ်းအားလှုံ့ဆော်ရေးကိုသာ အာရုံစိုက်ထားကြောင်း သိလိုက်လေသည်။ ထိုသို့သော ကျင့်ကြံရေး နည်းစနစ်က တစ်ခုမဟုတ် တစ်ခုတော့ စတေးထားရသည်။ သူတို့က အဆုံးအစွန်လမ်းစဉ်ကို လိုက်နာနေကြ၏။

နမူနာအားဖြင့် ဤကမ္ဘာ၏ မသေမျိုးနည်းစနစ်သည် ရှည်လျားသော သက်တမ်းကို ရရှိဖို့အတွက် အင်အားနှင့် တိုက်ပွဲစွမ်းအားကို စတေးထားသည်။ သာမန်ကောင်းကင်မသေမျိုး တစ်ယောက်က နှစ်သန်းနှစ်ရာကျော် အသက်ရှင်နိုင်သောကြောင့် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ သက်တမ်းထက် အဆနှစ်ရာလောက် ပိုများပေသည်။

သို့သော်လည်း ဝူဟုန် လေ့လာကြည့်သလောက် သူမ၏ ကမ္ဘာမှ သာမန်လေဟာနယ် ဖြိုခွင်းခြင်းအဆင့်ကျင့်ကြံသူကပင် ကောင်းကင်မသေမျိုးလောက် စွမ်းအားရှိကြသည်။

ထို့အပြင် စွမ်းအားလှုံ့ဆော်ခြင်းအပေါ် အာရုံစိုက်ထားသည့် ကျင့်ကြံရေးနည်းစနစ်တွင် တခြားပြစ်ချက်များလည်း ရှိသေး၏။ သူတို့က အလွန့်အလွန် အားနည်းသည့် မဟာဧကရာဇ်များကိုသာ ဖန်တီးနိုင်လေသည်။

စည်းမျဉ်းထိန်းချုပ်ခြင်းက မဟာတာအိုကို ထိန်းချုပ်ဖို့အတွက် ဖြည်းဖြည်းချင်း လေ့ကျင့်ပေးသည့် ဖြစ်စဉ်တစ်ခု ဖြစ်၏။ သို့သော်လည်း စွမ်းအားအခြေပြု နည်းစနစ်များတွင် ထိုသို့သော လေ့ကျင့်မှုမျိုး မရှိသည့်အတွက် သူတို့က ကောင်းကင်အလိုဆန္ဒကို စုပ်ယူလိုက်သည်နှင့် သူတို့အတွက် မဟာဧကရာဇ်တစ်ပါး၏ မဟာတာအို အရင်းအမြစ်ကို ထိန်းချုပ်ဖို့ ပို၍ခက်ခဲလာသည်။

ဝူဟုန်က စွမ်းအားအခြေပြု နည်းစနစ်ကို သဘောမကျသည့် မဟာဧကရာဇ်များနှင့် အတူတူသာ ဖြစ်ပေသည်။ အကြောင်းအရင်းမှာ ထိုနည်းစနစ်များသည် ကျင့်ကြံသူအား မဟာဧကရာဇ်ဖြစ်လာဖို့ လေ့ကျင့်ပေးခြင်း မဟုတ်ဘဲ ထာဝရအရှင်ထိသာ ဖြစ်စေနိုင်သည်။

မဟာဧကရာဇ်အဆင့်အောက်ရှိ သေမျိုးများ ရောက်ရှိနိုင်သည့် အမြင့်ဆုံးစွမ်းအားအဆင့်မှာ မသေမျိုးချီသာ ဖြစ်လေသည်။ ထို့ကြောင့် ထိုစွမ်းအားအခြေပြု နည်းစနစ်၏ အဆုံးသတ်သည် သူတို့ ကျင့်ကြံသည့် စွမ်းအားကို မသေမျိုးချီအဖြစ် ပြောင်းလဲပြီး မသေမျိုးဘဝကို ရယူခြင်း ဖြစ်၏။

………………

သူမက ထိုလူအိုကြီးဆီမှ သူမ သိလိုသည့် အချက်အလက်များကို ရရှိပြီးနောက်တွင် ဝူဟုန်က ဤကမ္ဘာ၏ မသေမျိုးချီ၏ အရင်းအမြစ်ကို အရင်ဆုံး ရှာဖွေရမလား သို့မဟုတ် သူမ၏ မူလရည်မှန်းချက်ကို ပြီးမြောက်အောင် အရင်ဆုံး လုပ်ရမလားဟု စတင်စဉ်းစားမိလာသည်။

သူမက စတင်စဉ်းစားမိပြီးသည့်နောက်တွင် သူမ၏ ရည်မှန်းချက်ကို ပြီးပြည့်စုံအောင် လုပ်ပြီးမှသာ ဒုတိယတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူမ ရရှိထားသော သတင်းအချက်အလက်များအပေါ် မူတည်၍ သူမ၏ ဦးတည်ရာ ရှေးဟောင်းမှော်နယ်မြေသို့ ဦးတည်လိုက်သည်။

မသေမျိုးကမ္ဘာကို ဧကရာဇ်မျိုးနွယ်များရှိသည့် အားကောင်းသည့် ဂိုဏ်းများ၏ အုပ်စိုးမှုအောက်တွင် နယ်မြေအသီးသီး ပိုင်းခြားထားလေသည်။ သို့သော်လည်း ရှေးဟောင်းမှော်မြေက ပိုင်ရှင်မဲ့နယ်မြေတစ်ခု ဖြစ်လေသည်။ အကြောင်းမှာ ဤသည်က မြောက်များစွာသော အားကောင်းသည့် သက်ရှိများ တိုက်ခိုက်ကာ သေဆုံးခဲ့သည့် ရှေးဟောင်းတိုက်ပွဲကွင်း နေရာဖြစ်၍ ဖြစ်သည်။

ရလဒ်အနေဖြင့် လျှို့ဝှက်နယ်မြေများစွာနှင့် အမွေအနှစ်များစွာက ထိုနေရာတွင် တည်ရှိနေသည်။ ဧကရာဇ်မျိုးနွယ်အများစုက တခြားအင်အားစုများကို ထိုအရင်းအမြစ်များ ရရှိလာသည်ကို ခွင့်မပြုလိုကြသောကြောင့် မည်သူကမှ ထိုနေရာကို သိမ်းပိုက်ထားခြင်း မရှိသည့် အခြေအနေထိ ဖြစ်သွားလေသည်။ ဝူဟုန်က သူမ၏ ဦးတည်ရာသို့ ရောက်ရှိပြီးသည့်နောက်တွင် ကျင့်ကြံသူများသည် လေထဲတွင် ပျံသန်းရင်း ကံအပြောင်းအလဲ အခွင့်အရေး ရှာဖွေနေသည်ကို မြင်လိုက်ရသည်။ သူတို့က ဓား၊ ဘူးသီးခြောက်၊ ကြိုးကြာတို့ကို အသုံးပြုကြသည်။ သူတို့က အသုံးအများဆုံး ပျံသန်းရေးပစ္စည်းများ ဖြစ်ကြသည်။

သူမက မြန်မြန်ဆန်ဆန် ဆန်းစစ်ပြီးနောက်တွင် ဤကမ္ဘာ၏ ကျင့်ကြံသူအများစုသည် သူတို့၏ မှော်လက်နက်များအပေါ် အားကိုးလွန်းကြောင်း သတိပြုမိလိုက်၏။ ဤသည်က သူတို့၏ တိုက်ပွဲစွမ်းရည် လစ်ဟာနေသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူမက သူမ၏ မွေးရပ်မြေကမ္ဘာမှ မူလအသုံးအဆောင်ပစ္စည်းများနှင့် ယှဉ်ကြည့်မိလာသည်။ ဤကမ္ဘာ၏ မှော်လက်နက်သည် ပို၍ အားကောင်းနေလေ၏။

ဝူဟုန်က သူမ၏ မှတ်ဉာဏ်များအတွင်း ဤလျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေလိုက်သည်။ ထိုနေရာအတွင်း ဝင်ရောက်ပြီးသည့်နောက် သူမက သတိကြီးကြီး ထားလိုက်သည်။ သူမ၏ အကြွင်းမဲ့အင်အားဖြင့် ဗဟိုချက်အထိ ရောက်အောင်မသွားဘဲ စစ်ဆေးမှုများကို တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်လိုက်သည်။

သူမက အစီအရင်ရှေ့တွင် ရပ်ကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ထိုအချိန်တွင် ကျင်း သန်းငါးရာဟူသော နံပါတ်တစ်ခု ပေါ်ထွက်လာ၏။

“ ဒီကမ္ဘာရဲ့ စစ်ဆေးမှုမှာ ဝမ်ဝေ့တစ်ယောက်တည်း အောင်မြင်ခဲ့တဲ့ အကြောင်းအရင်းကို အခု နားလည်သွားပြီ။ သူက ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းကို ပြန်လည်ကျင့်ကြံထားတာဆိုတော့ သူ့အတွက် ဒီစစ်ဆေးမှုရဲ့ အနည်းဆုံး လိုအပ်ချက်ကို ရောက်ဖို့က လွယ်လွယ်လေးပဲ”

ထိုစကားများ ရေရွတ်ပြီးသည့်နောက်တွင် ဝူဟုန်က ဖျာလေးတစ်ချပ်သာရှိသည့် ရိုးရှင်းသည့် အခန်းလေးတစ်ခုသို့ မကူးပြောင်းခင်အထိ စက္ကန့်ပိုင်းလောက် စောင့်စားလိုက်ရသည်။ ထိုဖျာပေါ်တွင် ပုံရိပ်ယောင် အမျိုးသားတစ်ဦးက အနက်ရောင် ဝတ်ရုံဖြင့် ထိုင်နေလေ၏။ ထိုအမျိုးသား၏ ထူးခြားသည့်အချက်မှာ သူ့အရေပြားက အနီရောင် ဖြစ်နေခြင်း ဖြစ်၏။

ဝူဟုန်က တစ်ချက်ကြည့်ကာ ဤသည်က မှတ်တမ်းတင်ထားသည့် သတင်းပို့ဆောင်ချက်တစ်ခုသာ ဖြစ်ကြောင်း သိလိုက်သည်။

“ ငါ့နာမည်က တာအိုအုပ်စိုးသူ ချန်းဝူ။ တကယ်လို့ မင်း ဒီစကားကို လက်ခံရရှိတယ်ဆိုရင် ငါက ကျရှုံးသွားပြီဆိုတာကို ဆိုလိုနေတာပဲ။ ငါ ဒီရလဒ်ကို မျှော်လင့်ထားပြီးသားဆိုပေမဲ့ ဒီလိုနေ့မျိုး ရောက်လာတဲ့အခါမှာ ဝမ်းနည်းဖို့တော့ ကောင်းသားပဲ။ အရှင်းဆုံးပြောရရင် ငါ့ဆီမှာ ဘာတောင်းဆိုချက်မှ မရှိဘူး။ ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေနဲ့ ငါ့ဘဝက အဆင်ပြေခဲ့ပြီးတော့ နောင်တလည်း မရှိဘူး။ ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒက ငါ့အမွေအနှစ်ကို မျှတစွာ အသုံးပြုဖို့ပဲ”

ထိုအမျိုးသား၏ ပုံရိပ် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဖျာပေါ်တွင် စာအုပ်နှစ်အုပ် ပေါ်ထွက်လာသည်။ ဝူဟုန်က သက်ပြင်းချလိုက်ပြီးနောက် သူမ၏ မျက်ဝန်းအထက် လေးစားသည့် အရိပ်အယောင် ပေါ်ထွက်လာလေသည်။

အဆုံးမဲ့လေဟာနယ်အတွင်း ကျင့်ကြံရေးနည်းစနစ်၏ နောက်ဆုံးဦးတည်ချက်ကို လမ်းစဉ်သုံးခု ခွဲခြားထားနိုင်သည်။ ဧကရာဇ်လမ်းစဉ်၊ တာအိုလမ်းစဉ်နှင့် မသေမျိုးလမ်းစဉ်တို့ ဖြစ်ကြသည်။ ထိုအရာများကို မဟာဧကရာဇ်၊ တာအိုဘိုးဘေးနှင့် ထာဝရအရှင်ဟူ၍ ပြန်၍ ခွဲခြားနိုင်သည်။

ဧကရာဇ်လမ်းစဉ်သည် သာလွန်ပြီး ကျန်သည့်နှစ်ခုနှင့် စွမ်းအားကွာခြားချက်က ကြီးမားလွန်းလှသည်။ သာမန် မဟာဧကရာဇ်တစ်ပါးသည် တာအိုဘိုးဘေးရာချီနှင့် ထာဝရအရှင်သောင်းချီအား အလွယ်တကူ သတ်ဖြတ်နိုင်သောကြောင့် ကွာခြားချက်က တိုင်းတာ၍ မရပေ။

သို့သော်လည်း မည်သည်ကိုမှ တစ်သတ်မှတ်တည်း သတ်မှတ်၍ မရပေ။ မိုးမြေကြားတွင် သူတို့၏ ကံကြမ္မာအတိုင်း မလိုက်နာဖို့ ဆုံးဖြတ်ထားသည့် ပါရမီရှင်တချို့လည်း ရှိကြ၏။ လျှို့ဝှက်နည်းစနစ်များ၊ ထူးခြားသည့် ကျင့်ကြံရေးနည်းစနစ်များ သို့မဟုတ် အားကောင်းသည့် လက်နက်များမှ တစ်ဆင့် ထိုပါရမီရှင်များသည် သူတို့နှင့် မဟာဧကရာဇ်ကြားရှိ အင်အားကွာခြားချက်အား လျော့ကျဖို့ လုပ်ဆောင်နိုင်ခဲ့ကြသည်။ သူတို့ကို ဆန့်ကျင် ကောင်းကင်ရွေးချယ်ခံများဟု ခေါ်ဆိုကြသည်။

သူတို့ထဲမှ တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းတစ်ခုသာ ရှိလေသည်။ ပြောရလျှင် အဆင့်တူအတွင်းမှ မဟာဧကရာဇ်တစ်ပါးကို အနိုင်ယူနိုင်သည့် စွမ်းအားမျိုးရှိခြင်း ဖြစ်၏။ ဝူဟုန်က တာအိုကို အုပ်စိုးသူ ချန်းဝူ၏ ဇာတ်ကြောင်းကို ဖတ်လိုက်ရသည်။ သူ့ခေတ်အချိန်အခါက အားအကောင်းဆုံး ဆန့်ကျင် ကောင်းကင်ရွေးချယ်ခံထဲမှ တစ်ဦး ဖြစ်၏။

သူက တာအိုဘိုးဘေးအဆင့်တွင်ရှိစဉ် မဟာဧကရာဇ်များကို အနိုင်ယူနိုင်ခဲ့သည်။ သူက တာအိုအုပ်စိုးသူအဆင့်သို့ ရောက်သည့်အခါ ကောင်းကင်ဘုံအဆင့်ကို အနိုင်ယူခဲ့သည်။ သူက တာအိုအုပ်ချုပ်သူ အဆင့်သို့ ရောက်ရှိသည့်အခါ စံပြများကိုပင် အနိုင်ယူနိုင်ခဲ့၏။

သူ့ခေတ်အချိန်အခါတွင် ဆန့်ကျင်ကောင်းကင် ရွေးချယ်ခံများ၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ကံဆိုးစွာဖြင့် သူ့လွှမ်းမိုးမှုက စံပြများ၏ စွမ်းအားအတွက် အန္တရာယ်ရှိလာစေသည့်အတွက် သူ့တည်ရှိမှုအား ဆက်လက် သည်းမခံနိုင်ကြတော့ပေ။

သူ၏ နောက်ဆုံးတိုက်ပွဲတွင် သူက စံပြလေးဦးနှင့် တစ်လကျော်ကျော် တိုက်ခိုက်ခဲ့လေသည်။ သူ သုတ်သင်မခံရခင် ထိုလူများထဲမှ တစ်ယောက်အား ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ခဲ့သည်။

ဤလူက တစ်ကမ္ဘာလုံးအတွက် ဒဏ္ဍာရီလာ ဖြစ်သင့်ပြီး နှစ်များစွာ တစ်လျှောက် နာမည်ကျော်ခဲ့သည့် သူရဲကောင်း ဖြစ်သင့်ပေသည်။ သို့သော်လည်း  သူ့ သေဆုံးမှုကို ဇာတ်တိုက်ထားသည့် သူများက ထိုသို့ အဖြစ်အပျက်များကို မလိုချင်ကြသည့်အတွက် သူ့နာမည်ကို သမိုင်းကြောင်းမှ ဖျောက်ဖျက်ပစ်ခဲ့သည်။

ဤသည်က ဝူဟုန်၏ မြင့်မားသည့် အဆင့်အတန်းနှင့် စွမ်းအားကြောင့် ထိုအချက်ကို သိလိုက်ရခြင်း ဖြစ်၏။

သူမက လက်တစ်ချက်အဝှေ့တွင် စာအုပ်နှစ်အုပ်က သူမရှေ့ ပေါ်ထွက်လာသည်။ တစ်ခုက တာအိုအုပ်စိုးသူ ချန်းဝူ၏ ဘဝအကြောင်းရှင်းပြထားလေသည်။ ကံဆိုးစွာဖြင့် သူ့ အစောပိုင်းဘဝအကြောင်းသာ ဖြစ်၏။ ဝူဟုန်က သူမ၏ အံ့ဖွယ်အသိစိတ်အား အသုံးပြုကာ ကျန်ရှိနေသည့် ဇာတ်ကြောင်းအား ရေးသားလိုက်သည်။ ထို့နောက် သူမက ဖယ်ရှားဖို့ သင့်တော်သည့် အချိန်အခါ လိုအပ်သော စည်းတံဆိပ်တစ်ခုကို ထားရှိလိုက်သည်။

ဒုတိယစာအုပ်အတွက်မူ မကောင်းဆိုးဝါးနတ်ဘုရားခန္ဓာ ဆင့်ကဲခြင်း (၁၂)မျိုး ဟု ခေါင်းစဉ်ပါရှိသည်။

သူမက အလျင်အမြန်ဖတ်ရှုပြီးသည့်နောက်တွင် သက်ပြင်းချလိုက်ကာ “ ဒီထဲမှာ ကိုးခုထိပဲ ပါတာ နှမြောစရာပဲ”

All Chapters