သွေးသန့်စင်ခြင်း
Vol. 23 Ch. 322
အခန်း (၃၂၂) : သွေးသန့်စင်ခြင်း
အသင်္ချေအင်ပါယာကမ္ဘာ၊ တောင်ပိုင်း မီးငှက်ကုန်းမြေ၊ မီးလေ့ကျင့်ရေး နယ်မြေ၊ မူလဆေးလုံးတာအိုဂိုဏ်း
ဝမ်ဝေ့က မျက်လုံးပွင့်လာသည်။ သူ မီးထိန်းချုပ်ရေး ပညာရပ်ကို လေ့ကျင့်မည်ဟု ဆုံးဖြတ်လိုက်သည်မှာ သုံးရက်တာ ကြာမြင့်သွားပြီဖြစ်ပြီး သူက ခြောက်လွှာမြောက်သို့ ရောက်ရှိသွားလေပြီ။ ထိုနည်းစနစ်က မခက်ခဲလှပေ။ အထူးသဖြင့် သူက သူ့အစ်မ(၃)ဆီမှ ၇လွှာမြောက်စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ပြီးသည့်နောက်တွင် ဖြစ်၏။
လော့ချန်က ၄လွှာအထိ ကျင့်ကြံထားပြီးသားဖြစ်၍ သူက သူ့အနေနှင့် ကျန်ရှိသည့် နှစ်လွှာကိုသာ လေ့ကျင့်လိုက်ရသည်။
ကံဆိုးစွာဖြင့် ထိုကျင့်ကြံရေး နည်းစနစ်၏ ဆန်းကြယ်မှုကို လေ့လာနေမှုက အဆုံးသတ်သွားလေသည်။ သူ့လက်ရှိ ဇစ်မြစ်ဖြင့် ရှာဖွေတွေ့ရှိနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ သူ့ ဆရာတူအစ်မ(၃)အား မေးမြန်းလိုက်ခြင်းသာ ဖြစ်၏။
ကံဆိုးစွာဖြင့် သူ့ဆရာက သူ့ဆီ မလာခင် ၆လွှာအထိ ကျင့်ကြံဖို့သာ ပြောခဲ့သည်။ ဝမ်ဝေ့က ထိုသို့လုပ်ပြီးသော်လည်း လော့ချန်က လွန်ခဲ့သည့်လပိုင်းမှ ၄ လွှာအထိ ကျင့်ကြံထားနိုင်ပြီး ထိုအခွင့်အရေးကို အသုံးပြုကာ သဘာဝလွန်အဆင့်သို့ တက်လှမ်းခဲ့သည်။ ထို့ကြောင့် သူ့အနေနှင့် ဤသို့အဆင့်မျိုးအား ရက်ပိုင်းလေးဖြင့် ရလာသည့် အကြောင်းအရင်းအား သူ့ဆရာထံ ရှင်းမပြနိုင်ပေ။ ပြောရလျှင် သူက သံသယဝင်ဖို့ မလိုချင်ပေ။
ဝမ်ဝေ့က မီးတောက်ကျမ်းနှင့် ပတ်သက်သည့်အရာကို ဘေးဖယ်ထားလိုက်ပြီးနောက် သူ့သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်လိုက်သည်။
သိပ်မကြာခင် သူက သွေးကန်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။ သူ့မူလခန္ဓာကိုယ်ကို ပြောင်းလဲပြီးနောက်တွင် သူက လက်သည်းဖြင့် လက်ကောက်ဝတ်အား ဖြတ်တောက်လိုက်သည်။ ထိုစဉ် ရွှေရောင်သွေးများက စီးကျလာလေ၏။ သို့သော်လည်း ရွှေက မြေပြင်ပေါ် ကျမသွားပေ။ အနှစ်ချုပ်အားဖြင့် ပြောရလျှင် သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်သွားပြီး ဒဏ်ရာက သူ့အလိုလို ပြန်ပိတ်သွားလေသည်။
“ ငါက သွေးကို လေ့ကျင့်ပြီးပြီဆိုတော့ အခု ဒုတိယအဆင့်ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ အဝတ်ကို ချွတ်ကာ သွေးကန်အတွင်း ခုန်ချလိုက်သည်။ သူ ဝင်ရောက်လိုက်သည်နှင့် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို စတင်ကျင့်ကြံလိုက်သည်။
သွေးကန်မှ အဖြူရောင် အလင်းတန်း ထွက်ပေါ်လာကာ သူ့ဆီ ဝင်ရောက်သွားသည်။ ထိုအခါ များပြားလွန်းလှသည့် အသက်ဓာတ်က သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်သွားလေ၏။
ထိုကျမ်း၏ သွေးသန့်စင်ခြင်းအပိုင်းကို သုံးပိုင်းခွဲထားလေသည်။ သွေးလေ့ကျင့်ရေး၊ အသက်ဓာတ်စုပ်ယူရေးနှင့် ဉာဏ်အလင်းပွင့်ခြင်းတို့ ဖြစ်သည်။
ပထမအပိုင်းက ခန္ဓာကိုယ်ရှိသွေးကို လေ့ကျင့်ဖို့ရာအတွက် လိုအပ်သည့် ပြင်းထန်သည့် နည်းလမ်းများကို အသုံးပြုဖို့ ဖြစ်ပြီး သွေးက ထူထပ်ကာ ရွှေရောင်သန်းမလာခင်အထိ အညစ်အကြေးများကို ဖယ်ရှားပစ်ဖို့ ဖြစ်သည်။
ဝမ်ဝေ့က သူ့အတွင်းအင်္ဂါမှ ဓာတ်ငါးပါးစက်ဝန်းနှင့် သူ့ ကံကြမ္မာကောင်း မီးတောက်ဖြင့် သွေးကို သန့်စင်ခဲ့သည်။ ထို့ကြောင့် သူက လိုအပ်ချက်ကို ပြည့်မှီသွားလေသည်။
ဒုတိယအပိုင်းအတွက်မူ သူက မြောက်များစွာသော အသက်ဓာတ် သို့မဟုတ် အသက်စွမ်းအားကို စုပ်ယူဖို့ လိုအပ်ပေသည်။
သွေးကန်အတွင်း ဝင်ရောက်ပြီး သုံးနာရီကြာမြင့်ပြီးသည့်နောက်တွင် အရောင်က သွေးနီရောင်မှ အဖြူရောင်အဖြစ် ပြောင်းလဲသွားလေသည်။ ဝမ်ဝေ့က ထိုအရာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
သူ့လက်တစ်ချက်အဝှေ့တွင် ရေကန်ထဲရှိ ရေအားလုံးက ပျောက်ကွယ်သွားလေသည်။ သူက လက်ကို လေထဲ ဖမ်းဆုပ်လိုက်သည့်အခါ လေဟာနယ် ကျိုးပျက်သွား၏။ ချက်ချင်းဆိုသလို ထိုအက်ကြောင်းမှ နတ်ဆိုးသားရဲ အုပ်စုလိုက် ပေါ်ထွက်လာကြသည်။
သူတို့က မျိုးနွယ်အမျိုးမျိုးဖြစ်ပြီး ရွှေခြင်္သေ့မျိုးနွယ်၊ တိုက်ပွဲလူဝံမျိုးနွယ်၊ ရွှေရောင်ငှက်ကြီးမျိုးနွယ် အစရှိသဖြင့် ဖြစ်သည်။ သူတို့က စုစုပေါင်း အကောင်ရေတစ်သောင်းကျော်ဖြစ်ပြီး သူတို့အားလုံးတွင် တူညီသည့်အရာနှစ်ခုသာ ရှိသည်။ သူတို့သွေးကြောတွင် ဧကရာဇ်သွေးမျိုးဆက် စီးဆင်းနေပြီး အထွတ်အထိပ် ကျင့်ကြံဆင့် ရှိကြသည်။
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ထိုနတ်ဆိုးမျိုးနွယ်ကို စစ်ဆေးကြည့်လိုက်ပြီး သူတို့၏ အရှိန်အဝါများက မတည်ငြိမ်သေးကြောင်း ခံစားမိလိုက်သည်။ သူတို့ကို ဆေးဖြင့် ထိုလက်ရှိအဆင့်သို့ ရောက်ရှိလာအောင် အတင်းပြုလုပ်ထား၍ ဖြစ်နိုင်လေသည်။
အကယ်၍ သူတို့သာ လူသားများဖြစ်ပါက ထိုအရင်းအမြစ်တစ်ခုတည်းဖြင့် အထွတ်အထိပ် နယ်ပယ်အဆင့်များစွာကို မွေးထုတ်ပေးဖို့ မဖြစ်နိုင်ပေ။ နတ်ဆိုးမျိုးနွယ်အတွက်မူ သူတို့၏ သွေးမျိုးဆက်အပေါ်သာ အခြေခံထားသည့်အတွက် ကွဲပြားလေသည်။
သူတို့တွင် အရင်းအမြစ် လုံလောက်ပြီး သွေးမျိုးဆက်သာ အားကောင်းနေသရွေ့ အလျင်အမြန် ကြီးထွားနိုင်ကြသည်။ ထို့ကြောင့် လူသားများက နတ်ဆိုးမျိုးနွယ်များအား အရင်းအမြစ် အနည်းပါးဆုံးဖြစ်သည့် ကုန်းမြေတွင် နေထိုင်ဖို့ ဖိအားပေးထားသည့် အကြောင်းအရင်းတစ်ခု ဖြစ်ပေသည်။
ထိုနတ်ဆိုးသားရဲများသည် သူ့အတွက် သီးသန့်ပြုစု ပျိုးထောင်ပေးထားကြောင်း စစ်ဆေးကြည့်ပြီးနောက် ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ ကြိုးမျှင်တစ်ချောင်း ပေါ်ထွက်လာပြီး ထိုသားရဲများအား ဖြတ်တောက်ပစ်လိုက်သည်။
ထို့နောက် သူတို့သွေးများက ရေကန်အတွင်း စီးကျသွားပြီး ပြန်လည် ပြည့်သွားလေသည်။ တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ထိုနတ်ဆိုးသားရဲများ၏ အလောင်းများက မံမီအလောင်းကဲ့သို့ ပြောင်းလဲသွားလေ၏။ ဝမ်ဝေ့က သူ့ထိန်းချုပ်မှုအောက်တွင် လူသား၏ ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် တူညီသည့် သူတို့၏ သွေးစိတ်ဝိညာဉ်ကို ဖယ်ရှားလိုက်ပြီး လျှို့ဝှက်နည်းစနစ်ဖြင့် ထိုအရာကို အသက်ဓာတ်ဖြင့် ပြောင်းလဲလိုက်သည်။
ထို့နောက် ဝမ်ဝေ့က သွေးကန်အတွင်း ဝင်ရောက်သွားကာ အသက်ဓာတ်ကို ဆက်လက်စုပ်ယူလိုက်သည်။ ထို့ကြောင့် ထိုဖြစ်စဉ်အတွင်း သူက သူ့ အနာဂတ် ကျင့်ကြံရေးအကြောင်း စတင်စဉ်းစားမိလာသည်။ လက်ရှိသွေးသန့်စင်ခြင်းက အဆုံးမဲ့ချောက်ကြီးကဲ့သို့ ဖြစ်နေလေသည်။ သူ လိုအပ်သည့် အသက်ဓာတ်ပမာဏက သူ မျှော်မှန်းထားသည်ထက် ပို၍လွန်ကဲနေသည်။
ကျမ်းအရ လူတစ်ယောက်ချင်းစီတွင် သူတို့၏ အင်အားနှင့် ပါရမီအပေါ် မူတည်၍ အသက်ဓာတ်ပမာဏ လိုအပ်ချက် အမျိုးမျိုး ရှိကြသည်။
ဝမ်ဝေ့အတွက်မူ သူက အများကြီး လိုအပ်သည့် အကြောင်းအရင်းတချို့ ရှိလေသည်။ ပထမတစ်ချက်အနေနှင့် သူက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ပြီးပြည့်စုံသည်အထိ လေ့ကျင့်ထားနိုင်သည်။ ဒုတိယအချက်အနေနှင့် သူ့ ခန္ဓာကိုယ်သန့်စင်ရေး စွမ်းရည်က ကျီစုန့်၏ ခန္ဓာကိုယ်ကို သန့်စင်ပြီးသည့်နောက်တွင် သိသိသာသာ တိုးမြင့်လာခဲ့သည်။
တတိယအချက်အနေနှင့် သူ့ ချက္ကရ ၇ ခုလုံး ဖွင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က ခွန်အား ထပ်တိုးလာလေသည်။ နောက်ဆုံးအနေနှင့် အဓိကအချက်အလက်ဖြစ်သည့် သူက သွေးကို မကျင့်ကြံခင် အတွင်းအင်္ဂါများကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်၍ ဖြစ်သည်။ ထို့အပြင် သူက သူ့အတွင်းအင်္ဂါများတွင် ပင်ကိုပစ္စည်းများကိုလည်း အသုံးပြုခဲ့သောကြောင့် သူ့အခြေခံနှင့် စွမ်းအားက စိတ်ကူးမကြည့်နိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
ရလဒ်အနေဖြင့် သူက သူ့ အပြုအမူ၏ တန်ကြေးကို ပေးဆပ်ရမည်။ သူ့အတွက် ကံကောင်းသည်က သူ့မိသားစုသည် ချမ်းသာပြီး သူလိုအပ်သမျှ အရင်းမြစ်အားလုံးကို ထောက်ပံ့နိုင်လေသည်။ သို့သော် ဝမ်ဝေ့က မကျေနပ်သေးပေ။
သူ့တွက်ချက်မှုအရ သူက သွေးကို ပြည့်ဝသွားစေဖို့အတွက် အချိန်အတော် ကြာမြင့်မည် ဖြစ်၏။ ထို့အပြင် သူ့အနေနှင့် သွေးသန့်စင်ခြင်း၏ တတိယအဆင့်ကို ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့ကြောင့် သူက သူ အောင်မြင်ဖို့ လိုအပ်သည့် အချိန်ကို စတင်တွက်ချက်လာသည်။ သူ့ ပထမအကြံအစည်က ဂိုဏ်းအား အသက်ဓာတ် အမြောက်အများ ပါဝင်သည့် ဧကရာဇ်ဆေးလုံးပေးဖို့ တောင်းဆိုရန် ဖြစ်သည်။ သို့သော်လည်း သူက ထိုအရာသည် အလကားဖြစ်သွားမည် ဖြစ်၍ ထိုအကြံအား ပယ်ဖျက်လိုက်သည်။
သူ့ခန္ဓာကိုယ်က ထိုသို့အားပြင်းသည့် ဆေးလုံးကို ခံနိုင်ရည်ရှိလောက်သည်အထိ အားမကြီးသေးပေ။ ထို့အပြင် ထိုသို့သော အရင်းအမြစ်မျိုး သုံးစွဲသည်က မလိုအပ်ဘဲ အချိန်ဖြုန်းတီးသလို ဖြစ်မနေစေချင်ပေ။
သူ့ ဒုတိယအစီအစဉ်က နောက်ထပ် ပင်ကိုဆေးပင်ကို ရှာကာ အသုံးပြုဖို့ ဖြစ်၏။ သို့သော်လည်း ထိုအကြံအစည်က လက်တွေ့ကျမလာပေ။ အကြောင်းမှာ ဂိုဏ်းတွင် နောက်ထပ် ပင်ကိုပစ္စည်း မရှိတော့၍ ဖြစ်သည်။ သူက တခြားဂိုဏ်းမှ ရယူနိုင်မှသာ ဖြစ်လိမ့်မည်။
ဝမ်ဝေ့က ခဏတာ စဉ်းစားပြီးသည့်နောက်တွင် နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်သည်။ သူ့အတွင်းအင်္ဂါများအတွက် အသုံးပြုသည့် သစ်သားအဆီအနှစ် ဖြစ်၏။
မဟာဧကရာဇ်ကိုပင် ကုသပေးနိုင်သည့် အသက်ဓာတ် ပြည့်ဝနေသည့် ပင်ကိုဆေးပင်အနေနှင့် သဘောတရားအရဆိုလျှင် ဝမ်ဝေ့အတွက် သူ့သွေးကို လေ့ကျင့်ဖို့အတွက် လုံလောက်သင့်ပေသည်။ သူ့ သွေးကို လေ့ကျင့်ပေးနေသည့် အသက်ဓာတ်အများစုက ထိုနေရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ သို့သော်လည်း ပြဿနာတစ်ခု ရှိနေပြန်သည်။
ပင်ကိုပစ္စည်းများက ဧကရာဇ်အဆင့်များနှင့် ကွဲပြားလေသည်။ ပစ္စည်းတစ်ခုက ဧကရာဇ်အဆင့် ဖြစ်လာဖို့အတွက် မဟာဧကရာဇ်၏ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သူ့တာအိုအဖြစ် နှစ်များစွာ ဆေးကြောသန့်စင်ပြီးနောက်တွင် ထိုပစ္စည်းက အဆင့်မြင့် အရည်အသွေးအဖြစ် အလိုလို ပြောင်းလဲလာမည်ဖြစ်၏။
ပင်ကိုပစ္စည်းအတွက်မူ သူတို့က သူတို့ဘာသာသူတို့ အရေးသာချက် ရှိကြသည်။ သူတို့က မိုးမြေမှ မွေးဖွားလာပြီး ပင်ကိုစည်းမျဉ်းများ ပါရှိနေလေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ထိုပစ္စည်းကို ရယူလျှင် ထိုပင်ကိုစည်းမျဉ်းက အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေလိမ့်မည်။ နမူနာအားဖြင့် အကယ်၍ သေမျိုးတချို့ကသာ ကံကောင်းပြီး ပင်ကိုရတနာတစ်ခု တွေ့ခဲ့ပါက ထိုလူ့အတွက် ထိုပစ္စည်းအတွင်းမှ ပင်ကိုစည်းမျဉ်းကို လေ့လာနိုင်ပြီး သူတို့အတွက် စည်းမျဉ်းကို နားလည်ပြီး ကျင့်ကြံနိုင်ဖို့အတွက် လွယ်ကူလာလိမ့်မည်။
ပင်ကိုပစ္စည်းသည် ပိုင်ရှင်အား မိုးမြေအကြောင်း ဖြည်းဖြည်းချင်း သင်ကြားပေးသည့် ဆရာတစ်ဦး ဖြစ်ပြီး နားလည်လွယ်အောင် သင်ကြားပြသပေးနိုင်သည်။
ဧကရာဇ်ပစ္စည်းများအတွက်မူ သူတို့တွင် စည်းမျဉ်း မပါရှိပေ။ သို့သော်လည်း ဧကရာဇ်များ ကျင့်ကြံထားသည့် စည်းမျဉ်းများ ပါရှိ၏။ ထိုစည်းမျဉ်းများက နားလည်ဖို့ ခက်ခဲရုံသာမက တခြားတစ်ယောက်၏ အပိုင်လည်း ဖြစ်နေသည်။
အကယ်၍ တစ်ယောက်ယောက်သာ နားလည်ဖို့ ကြိုးစားပါက သူတို့သည် အားကောင်းသည့် အံ့ဖွယ်စွမ်းရည်တချို့ ရရှိနိုင်သော်လည်း သူတို့၏ ကျင့်ကြံရေးလမ်းစဉ်က ဖြတ်တောက်ခံလိုက်ရလိမ့်မည်။ ပင်ကိုဆေးပင်များနှင့် ပတ်သက်လာသည့်အခါ သူတို့ထဲတွင် စည်းမျဉ်းများ မြှုပ်နှံထားတတ်ကြသည်။ အကယ်၍ တစ်ယောက်ယောက်သာ အလားအလာအပြည့်အထိ အသုံးပြုခဲ့လျှင် သူတို့က ထိုအတွင်းရှိစွမ်းအားကို အသက်သွင်းနိုင်လိမ့်မည်။
ဒီလိုလုပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကရော
အထဲရှိ စည်းမျဉ်းကို နားလည်ပြီးတော့ စည်းချက်ကျကျ လုပ်နိုင်ဖို့ပဲ
သို့သော်လည်း နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာပြန်သည်။ ထိုစည်းမျဉ်းကို နားလည်ဖို့အတွက် ကမ္ဘာဦးစိတ်ဝိညာဉ်လိုအပ်၏။ ဝမ်ဝေ့တွင် ထိုအရာ ရှိမနေပေ။
တစ်ခါက သူသည် ဝူဟုန်အား ဝိညာဉ်အရည်အသွေးသည် အတားအဆီးများကို ကျော်ဖြတ်နိုင်မလားဟု မေးခဲ့ဖူးသည်။ သူမက ထိုအရာသည် ဖြစ်နိုင်သော်လည်း တန်ဖိုးတစ်ခု ပေးဆပ်ရမည်ဖြစ်ကြောင်း ပြောခဲ့၏။ နမူနာအားဖြင့် သူ့အနေနှင့် တခြားကျင့်ကြံရေးနည်းစနစ်သို့ ပြောင်းလဲပြီး တာအိုအခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ရမည်။
သူက ကမ္ဘာဦးစိတ်ဝိညာဉ်မရှိဘဲ သို့မဟုတ် ကျင့်ကြံရေး နည်းစနစ်မပြောင်းဘဲ စည်းမျဉ်းကို နားလည်နိုင်သေး၏။ တစ်ခုတည်းသော ပြဿနာမှာ သူ့ ကောင်းကင်ဘုံသွေဖယ်နေသော နားလည်နိုင်စွမ်းက သာမန်ပါရမီရှင်အဆင့်သို့ လျှော့ချခံရလိမ့်မည်။
တခြားနည်းဖြင့် ဆိုရလျှင် သူက စည်းမျဉ်းကို နားလည်ဖို့အတွက် အချိန်အကြာကြီး ကြာမြင့်လိမ့်မည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ အတွေးများကို နိဂုံးချုပ်လိုက်သည်။
“ ခဏ” သူက ရေရွတ်လိုက်သည် “ ငါက ဘာလို့ အလျင်လိုနေရတာလဲ”
သူက သူ့စိတ်အခြေအနေသည် မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ သူက အောင်မြင်ဖို့အတွက် အရမ်းကို အလျင်လိုနေလေသည်။ ယခုတွင် သူက ထိပ်သီး အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့်သာ ရှိသေးပြီး သူ့ ယှဉ်ပြိုင်သူ အများစုက လူသားအဆင့်တွင်သာ ရှိသေးလေသည်။ အကယ်၍ သူက သွေးကို လေ့ကျင့်ပေးပြီး ကမ္ဘာဦးစိတ်ဝိညာဉ်သို့ ရောက်ရှိလျှင်ပင် ပြဿနာ မရှိပေ။
သူက သူနှင့်အမှီလိုက်နိုင်ဖို့ သူတို့အား အချိန်ပေးနိုင်လေသည်။
ထို့အပြင် ကျင့်ကြံရေး မြန်ဆန်ခြင်းက ဒီကမ္ဘာအတွင်း ဘာမှမဟုတ်ပေ။ အကယ်၍ သူက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ မြန်မြန်ရောက်ရှိသွားခဲ့မည်ဆိုလျှင်ပင် နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်သေးပေ။
သွေးမျိုးဆက်ရှိ လူအားလုံး မဟုတ်လျှင်ပင် အများစုက ထိုအဆင့်သို့ ရောက်ရှိပြီးသည့်အခါမှသာ ကောင်းကင်တာအိုမှ ကောင်းကင်အလိုဆန္ဒကို ဖော်ထုတ်ပြီး ဧကရာဇ်တိုက်ပွဲကို ကျင်းပလိမ့်မည်။
ထို့ကြောင့် ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ သူ့ဘာသာသူ တည်ငြိမ်ဖို့ ကြိုးစားပြီး စိတ်အခြေအနေကို ထိန်းညှိလိုက်သည်။ သူက သစ်သားစည်းနယ်အတွင်းရှိ စည်းမျဉ်းကို နားလည်သဘောပေါက်ဖို့ အချိန်ယူလိုက်၏။
ထိုအရာက မည်မျှပင် နှေးကွေးစေကာမူ သူ အောင်မြင်သည်နှင့် အသုံးဝင်လာမည်သာ ဖြစ်၏။