အခန်း (၄၃၉-၄၄၀)
Vol. 43 Ch. 439-440
အပိုင်း (၄၃၉)
ကုန်းရှို့ပင်းသည် ကျန်းယန်၏ စကားများကို သူ၏စိတ်ထဲတွင် ထပ်တလဲလဲ ပြန်လည်ကြားယောင်နေမိပြီး အလွန်တရာ အံ့အားသင့်နေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယန်ပြောခဲ့သလိုပင် သူ အမှန်တကယ် လိုချင်သောအရာက ဘာလဲဆိုတာကို သူကိုယ်တိုင်ပင် မသိခဲ့သောကြောင့်တည်း။
သူသည် ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူထံမှ သင်ယူခဲ့ရသည်။ ဖခင်ဖြစ်သူ ခိုင်းသမျှကိုသာ တစ်သွေမတိမ်း လုပ်ဆောင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်မှာ အထွတ်အမြတ်မြေ၏ အရှင်သခင်ဖြစ်ပြီး လောကကြီးတွင် ဤအဆင့်သို့ရောက်ရှိရန် လက်ချိုးရေတွက်၍ရနိုင်သော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။ သို့ဖြစ်ရာ ဖခင်၏စကားကို သူ ဘယ်လိုလုပ် နားမထောင်ဘဲ နေနိုင်ပါမည်နည်း။
ထို့ကြောင့် ဖခင်က သူ့အား ချင်းယွင်ကျိရှေ့တွင် ဒူးထောက်ခိုင်းသောအခါ သူ ဒူးထောက်ခဲ့သည်။ စစ်ထူမင်ယွဲ့ကို လက်ထပ်ရန် ပြောသောအခါ သူ သဘောတူခဲ့သည်။ ကျန်းယန်ထံမှ ပညာသင်ယူရန် ပြောသောအခါတွင်လည်း သူ လာရောက်ခဲ့လေသည်။ ဤအရာအားလုံးတွင် သူသည် ကိုယ်ပိုင်ဆန္ဒမပါဘဲ လိုက်လျောညီထွေစွာသာ ပြုမူနေထိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဒါဆို ငါ တကယ်လိုချင်တာက ဘာလဲ။
ကုန်းရှို့ပင်းသည် ထိုပြဿနာကို သေချာစွာ ဆင်ခြင်သုံးသပ်ကြည့်သော်လည်း လောလောဆယ်တွင် အဖြေရှာမရနိုင်သေးကြောင်း တွေ့လိုက်ရလေသည်။ သို့သော်လည်း သူသည် ပြဿနာကို ရှာဖွေတွေ့ရှိပြီးဖြစ်ရာ ဆက်လက်ရှာဖွေသွားမည်ဆိုပါက သေချာပေါက် အဖြေတွေ့လာမည်သာ ဖြစ်ပေသည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း"
ကုန်းရှို့ပင်းသည် မတ်တတ်ရပ်လိုက်ပြီး ဦးခေါင်းနှင့် မြေပြင်ထိလုနီးပါး အလွန်နက်ရှိုင်းစွာ အရိုအသေပေးလိုက်လေသည်။ ဤသည်မှာ ပညာရှင်များအတွက် အလွန်လေးနက်လှသော ဂါရဝပြုခြင်း အခမ်းအနားတစ်ခုပင် ဖြစ်ပေသည်။
ကျန်းယန်သည် ထိုအရိုအသေပေးမှုကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်ပြီးနောက် ကုန်းရှို့ပင်းအား ပြောလိုက်၏။
"မင်းရဲ့ စိတ်နှလုံးကို ဖြောင့်မတ်စေပြီး ရိုးသားဖြူစင်တဲ့ ရည်ရွယ်ချက် မရရှိမချင်း ချင်းယွင်မြို့တော်မှာ ဆက်နေလည်း အလကားပဲ။ အခု လန်ကျားအထွတ်အမြတ်မြေကို ပြန်လို့ရပြီ။ ပြန်ရောက်ရင် သူတော်စင်သခင်ကို ငါ့ကိုယ်စား နှုတ်ခွန်းဆက်သလိုက်ပါ။ ပြီးတော့ ငါ့ရဲ့ ဂျူနီယာညီမလေးကို တပ်မက်နေတာတွေလည်း ရပ်လိုက်တော့။ ငါ မင်းကို ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ ငါ့ဂျူနီယာညီမလေးက တခြားဂိုဏ်းကို လက်ထပ်သွားစရာ အကြောင်းကိုမရှိဘူး"
ထိုအကြောင်းကို ပြောလိုက်သောအခါ ကုန်းရှို့ပင်း၏ မျက်နှာအမူအရာမှာ ပြန်လည်ညှိုးငယ်သွားပြန်လေသည်။ သို့သော်လည်း သူ၏စိတ်နှလုံး ပွင့်လင်းသွားပြီးနောက်တွင် သူ၏ အပြုအမူတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီး အရင်ကလို စိတ်ဓာတ်ကျကာ စကားမပြောနိုင်ဖြစ်နေခြင်းမျိုး မရှိတော့ချေ။ သူက ကျန်းယန်အား ထူးဆန်းသော အမူအရာဖြင့် မော့ကြည့်ကာ မေးလိုက်သည်။
"ဒါဆို... အဲဒီကလေးက"
"သေချာပေါက် အဲဒီကလေးက အတုပေါ့" ကျန်းယန်က ပွင့်လင်းစွာ ပြောလိုက်လေသည်။ "ဒါပေမဲ့ မင်းက ငါ့ဂျူနီယာညီမလေးကို ဆက်ပြီး ဒုက္ခပေးနေမယ်ဆိုရင်တော့ အခုချက်ချင်း သွားပြီး သူမအတွက် ကလေးတစ်ယောက် ရအောင်ယူပေးလိုက်မယ်။ ငါ အဲဒီလို လုပ်နိုင်စွမ်းရှိတယ်ဆိုတာ မင်းသိသားပဲ။ အဲဒီအချိန်ကျမှ မင်းက ငါ့ဂျူနီယာညီမလေးကို ဆက်ပြီး တပ်မက်နေမယ်ဆိုရင် မင်းကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ရိုက်နှက်လို့ရသွားပြီ။ ပြီးတော့ မင်းက အရိုက်ခံရပြီးရင်တောင် ငါနဲ့ ပြန်ငြင်းနေဦးမှာ"
ကုန်းရှို့ပင်းမှာ လုံးဝ ဆွံ့အသွားလေတော့၏။ ကျန်းယန်သည် ထိုကဲ့သို့သော ကိစ္စမျိုးကို လုပ်နိုင်စွမ်းရှိကြောင်း သူ ကောင်းကောင်းကြီး သိထားပေသည်။ ဤလူ မလုပ်နိုင်သောအရာဟူ၍ ရှိပါသေးသလော။
"အစ်ကိုကျန်း... ခင်ဗျားကို ကျုပ် လေးစားသွားပြီဗျာ"
ကုန်းရှို့ပင်းသည် ထပ်မံ၍ ဂါရဝပြုလိုက်ပြီးနောက် နှုတ်ဆက်ကာ အဇူရာတိမ်ဂိုဏ်းမှ ထွက်ခွာသွားလေတော့သည်။
ကျန်းယန်သည် ထွက်ခွာသွားသော ကုန်းရှို့ပင်းအား လိုက်လံကြည့်ရှုနေမိ၏။ ထိုကောင်လေး အမှန်တကယ် နားလည်သဘောပေါက်သွားစေရန် သူ မျှော်လင့်မိလေသည်။ သို့မှသာ သူတော်စင်သခင် ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်နိုင်မည်ဖြစ်ပြီး နေ့တိုင်း လာရောက်နှောင့်ယှက်နေခြင်းမှလည်း ကင်းဝေးမည် ဖြစ်ပေသည်။
စုတ်ချက်တောင်ထွတ်၏ အထွတ်အထိပ်တွင်တော့ ချင်းယွင်ကျိသည် ကျန်းယန်က ကုန်းရှို့ပင်းအား လမ်းညွှန်မှုပေးနေသည့် ဗီဒီယိုမှတ်တမ်းကို အဆောင်လက်ဖွဲ့တစ်ခုအတွင်းသို့ တိတ်ဆိတ်စွာ ချိတ်ပိတ်သိမ်းဆည်းလိုက်လေသည်။
သူတော်စင်သခင်၏ သားဖြစ်သူက အဇူရာတိမ်ဂိုဏ်းတွင် လာရောက်နေထိုင်သဖြင့် ချင်းယွင်ကျိအနေဖြင့် သဘာဝကျစွာပင် သူ့အား အာရုံစိုက်ထားရပေသည်။
အမှန်တကယ်တော့ ကျန်းယန်က ကုန်းရှို့ပင်းအား စနောက်လွန်းနေမည်ကို သူ အနည်းငယ် စိုးရိမ်မိပြီး လိုအပ်ပါက ဝင်ရောက်တားဆီးရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း ကျန်းယန်က ကုန်းရှို့ပင်းအား တကယ်ကြီး လမ်းညွှန်မှုများ ပေးလိမ့်မည် သူ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် သူသည် မကြာသေးမီကမှ သူတော်စင်သခင်နှင့် တာအိုသဘောတရားများကို ဆွေးနွေးခဲ့ပြီး သူတော်စင်သခင်၏ ထက်မြက်လှသော ဉာဏ်ပညာကို ကိုယ်တွေ့မြင်တွေ့ခဲ့ရလေသည်။ သို့သော်လည်း ကျန်းယန်က ကုန်းရှို့ပင်းအား လမ်းညွှန်ပြသနေသည့် မြင်ကွင်းမှာ သူတော်စင်ဆရာသခင်တစ်ဦး တရားဟောကြားနေခြင်းထက် မလျော့နည်းကြောင်း သူ ခံစားလိုက်ရ၏။ ဤမျှ အဖိုးတန်လှသော မှတ်တမ်းဗီဒီယိုသည် အဇူရာတိမ်ဂိုဏ်း၏ အခြေခံအုတ်မြစ် ရတနာများထဲမှ တစ်ခုအဖြစ် သတ်မှတ်၍ရနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် နောင်တစ်ချိန်တွင် အခြားသော အဇူရာတိမ်ဂိုဏ်းမှ တပည့်များ ဤမှတ်တမ်းကို တွေ့ရှိသွားသောအခါ သူတို့၏ ဉာဏ်အလင်းများ ပွင့်သွားနိုင်သောကြောင့်ပင်တည်း။
သူသည် စစ်ထူမင်ယွဲ့အတွက် ကလေးတစ်ယောက် ရအောင်ယူပေးမည်ဟူသော ကြွားဝါပြောဆိုသည့် နောက်ဆုံးအပိုင်းကိုပင် ချန်မထားဘဲ ထည့်သွင်းသိမ်းဆည်းခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ ကြာပြီးနောက် တပည့်တစ်ဦးက ဤစာပိုဒ်ကို မြင်တွေ့သွားသည့်အခါ သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းနေလိမ့်မည် သူ ခံစားမိသောကြောင့်ပင်။
ထိုအချိန်တွင် ကုန်းရှို့ပင်းသည် လန်ကျားပညာသင်ကျောင်းသို့ ပြန်ရောက်လာပြီး သူ၏ပစ္စည်းများကို စတင်သိမ်းဆည်းကာ ကုန်းရှန်းအား နှုတ်ဆက်ရန် သွားရောက်ခဲ့လေသည်။
ကုန်းရှန်းမှာ လုံးဝ မှင်တက်သွားပြီး ကမန်းကတန်း မေးလိုက်၏။
"မင်း ဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့ပါ" ကုန်းရှို့ပင်းက ပြန်ဖြေလေသည်။
ကုန်းရှန်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရတော့၏။ ဤကောင်လေးက အိမ်ပြန်ရမည်ကို အကြောက်ဆုံးသူ မဟုတ်ပါလော။ သူတော်စင်သခင်၏ အမိန့်များကို မအောင်မြင်ခဲ့သောကြောင့် အိမ်ပြန်ရောက်လျှင် အရိုက်ခံရဖို့ သေချာသလောက် ရှိနေပေသည်။ ဤကောင်လေး ဘာဖြစ်သွားခြင်းနည်း။
"မင်း သေချာစဉ်းစားပြီးပြီလား" ကုန်းရှန်းက မသေချာသော လေသံဖြင့် မေးလိုက်သည်။
ကုန်းရှို့ပင်းက ရယ်မောလျက် ပြောလိုက်၏။
"ဦးလေးရှန်း... ကျုပ် သဘောပေါက်သွားပါပြီ။ ဒါပေမဲ့ နားမလည်သေးတဲ့ ကိစ္စတချို့တော့ ကျန်သေးတယ်။ အိမ်ပြန်ပြီး သေချာလေး စဉ်းစားဖို့ လိုသေးတယ်ဗျ။ ကိစ္စအားလုံးကို သဘောပေါက်သွားရင်တော့ ချင်းယွင်မြို့တော်ဆီ ပြန်လာခဲ့ပါ့မယ်"
ထိုသို့ပြောပြီးနောက် သူသည် လန်ကျားပညာသင်ကျောင်းမှ ထွက်ခွာကာ လန်ကျားအထွတ်အမြတ်မြေဆီသို့ ပြန်သွားလေတော့သည်။
ကုန်းရှန်းသည် ထွက်ခွာသွားသော ကုန်းရှို့ပင်း၏ ကျောပြင်ကို ကြည့်ရင်း သူ၏စိတ်နှလုံးထဲတွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ ဤကောင်လေးသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ အလွန်အမင်း စိတ်ဓာတ်ကျနေပုံရသော်လည်း ယခုအခါတွင် သူ၏ စိုးရိမ်ပူပန်မှုများအားလုံးကို လွှတ်ချလိုက်နိုင်ပြီ ဖြစ်ပုံရပေသည်။
ထို့အပြင် ဤကောင်လေးမှာ များစွာ ကွဲပြားခြားနားသွားသည် သူ အဘယ်ကြောင့် ခံစားနေရပါသနည်း။ သူ၏ အကြည့်များက အဇူရာတိမ်ဂိုဏ်းရှိရာဘက်သို့ အလိုအလျောက် ရောက်ရှိသွားတော့၏။
ကုန်းရှို့ပင်း ပျောက်ဆုံးသွားသော နှစ်ရက်တာကာလအတွင်း သူသည် စုတ်ချက်တောင်ထွတ်ဆီသို့ သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။
စုတ်ချက်တောင်ထွတ်ပေါ်တွင် အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ။
ကုန်းရှန်းအနေဖြင့် ကျန်းယန်က ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်နိုင်လိမ့်မည် မထင်မှတ်ထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လူတစ်ဦး၏ တာအိုစိတ်နှလုံးကို ဉာဏ်အလင်းပွင့်စေသော အာနိသင်ရှိနေသောကြောင့်ပင်။ သာမန် ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက ဘယ်လိုလုပ် ဤမျှအထိ စွမ်းဆောင်နိုင်ပါမည်နည်း။
ထိုအချိန်တွင် ကုန်းရှန်းသည် အဇူရာတိမ်ဂိုဏ်း၏ တောင်တန်းများအပေါ်တွင် အံ့သြလေးစားမှု တစ်ရပ်ကိုလည်း ခံစားလိုက်ရလေသည်။ အဇူရာတိမ်ဂိုဏ်းသို့ သွားရောက်လည်ပတ်ရန် လိုအပ်သည် သူ ခံစားလိုက်ရ၏။ သေချာပေါက်ပင် ၎င်းမှာ တောင်တက်တောင်ဆင်း ခရီးတစ်ခုမျှသာ ဖြစ်သော်ငြားလည်း သူ အဇူရာတိမ်ဂိုဏ်းပေါ်သို့ တက်ရောက်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ အဇူရာတိမ်ဂိုဏ်းက သူ့အား ခွင့်ပြုခြင်း ရှိ၊ မရှိ အပေါ်တွင်သာ မူတည်နေပေသည်။
သို့သော်လည်း သူသည် အဇူရာတိမ်ဂိုဏ်းသို့ သွားရောက်ဂါရဝပြုနိုင်ရန် အကြောင်းဖန်လာခဲ့လျှင် အသင့်ဖြစ်နေစေရန်အတွက် ဧည့်ခံဂေဟာဆီသို့ အရင်ဆုံးသွားရောက်ကာ တွေ့ဆုံခွင့်တောင်းခံသည့် ကတ်ပြားတစ်ခုကို ပေးပို့ခဲ့လေသည်။ သို့ရာတွင် သူ၏ ကတ်ပြားမှာ ဧည့်ခံဂေဟာသို့ ပေးပို့ပြီးနောက် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် သူ တွေ့ဆုံလိုသူမှာ ချင်းယွင်ကျိဖြစ်နေပြီး ချင်းယွင်ကျိက သူ့အား တွေ့ဆုံရန် မလိုအပ်ဟု ခံစားရသောကြောင့် ထိုကိစ္စကို ပယ်ချလိုက်ခြင်းပင် ဖြစ်လေသည်။
တစ်ရက်ကြာပြီးနောက် ကုန်းရှို့ပင်းသည် လန်ကျားအထွတ်အမြတ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
သူတော်စင်သခင်သည် သားဖြစ်သူ ပြန်ရောက်လာသည်ကို မြင်သောအခါ ခေတ္တမျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် သူ၏ ပေတံကိုဆွဲထုတ်လိုက်ကာ ကုန်းရှို့ပင်းအား ပြုံးလျက် ကြည့်လိုက်လေသည်။
"အဖေ... မလုပ်ပါနဲ့ဦး" ကုန်းရှို့ပင်းက ကမန်းကတန်း ပြောလိုက်လေသည်။ "အဖေ ဆိုလိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော် နားလည်သွားပါပြီ။ ဒါကြောင့် ချင်းယွင်မြို့တော်မှာ ဆက်နေစရာ မလိုတော့လို့ပါ။ အိမ်ပြန်ရောက်လာမှ စဉ်းစားစရာ ကိစ္စတချို့ ရှိနေသေးလို့ပါဗျ"
သူတော်စင်သခင်မှာ အံ့အားသင့်သွားရတော့၏။
ဟ ဒါငါ့သားကော ဟုတ်ရဲ့လား၊ ပုံမှန်ဆိုရင် ဒင်းက အရိုက်ခံဖို့ စောင့်နေတယ်လေ၊ ပြန်တောင်မပြောရဲဘူးလေ။
"မင်း အတိအကျ ဘာတွေသဘောပေါက်ခဲ့လဲဆိုတာ အရင်ပြောစမ်း"
သူတော်စင်သခင်သည် ကုန်းရှို့ပင်းအား အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ပြီး ပေတံဖြင့် သူ၏လက်ဝါးကို ခပ်ဖွဖွ ပုတ်နေလေရာ ခြိမ်းခြောက်နေသည့် အငွေ့အသက်များမှာ အလွန်တရာ ထင်ရှားလှပေသည်။
ကုန်းရှို့ပင်း၏ စိတ်နှလုံးထဲတွင် အေးစက်သွားတော့၏။ ပြီးခဲ့သည့်တစ်ခေါက်က ပေတံဖြင့် အရိုက်ခံရပြီးနောက် ဤအရာက လူကိုရိုက်လျှင် တကယ်နာကျင်ကြောင်း သူ ကောင်းကောင်းကြီး နားလည်သွားခဲ့လေပြီ။ ယခင်ကဆိုလျှင် သူသည် နောက်ထပ် ဘာစကားမျှ မပြောရဲဘဲ အရိုက်ခံရန်သာ တိတ်ဆိတ်နေမိမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့အား ရိုက်နှက်နေသူမှာ သူ၏ဖခင်ဖြစ်နေသောကြောင့် ပြန်လည်ငြင်းဆန်ရန် ဘယ်လိုလုပ် ရဲဝံ့ပါမည်နည်း။
ယခုမူကား... အရိုက်မခံချင်သောကြောင့် သဘာဝကျစွာပင် တန်ပြန်ဖြေရှင်းမည့် နည်းလမ်းများကို စတင်စဉ်းစားလာခဲ့လေပြီ။
"အဖေ ကျွန်တော့်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားတယ်ဆိုတာ ကျွန်တော်သိပါတယ်" ကုန်းရှို့ပင်းက အလျင်စလို ပြောလိုက်လေသည်။ "ကျွန်တော်က ဉာဏ်ထိုင်းတော့ အဖေ့ရဲ့ ဆိုလိုရင်းကို အချိန်အကြာကြီး နားမလည်နိုင်ခဲ့ဘဲ အဖေ့ကို အကြာကြီး စိတ်ပျက်စေခဲ့မိတယ်"
သူက အသက်ပြင်းပြင်းရှူကာ ဆက်ပြောလေ၏။
"ဒီတစ်ကြိမ် ကျန်းယန်ရဲ့ လမ်းညွှန်မှုကို ရရှိပြီးတဲ့နောက်မှာတော့ အဖေ့ဆီကနေ ကျွန်တော် သင်ယူရမယ့်အရာက မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားနဲ့ အနှိုင်းမဲ့ ပညာရပ်တွေတင် မဟုတ်ဘဲ ဘဝရဲ့ အခြားသော ရှုထောင့်အားလုံးကိုပါ သင်ယူရမယ်ဆိုတာကို နောက်ဆုံးတော့ ကျွန်တော် နားလည်သွားပါပြီ။ အဖေ့ဆီကနေ တခြားအရာတွေကို သင်ယူဖို့ လိုအပ်နေမှတော့ တကယ့်ကို သင်ယူနိုင်ဖို့အတွက် အဖေ့ရဲ့ဘေးနားကို ပြန်လာရမှာပေါ့"
သူတော်စင်သခင်သည် ကျန်းယန်က သူ့အား လမ်းညွှန်မှုပေးခဲ့ကြောင်းကို ကြားလိုက်ရပြီး သားဖြစ်သူ၏ သဘောထားမှာလည်း ယခင်နှင့် မတူတော့ကြောင်း တွေ့လိုက်ရသောအခါ သက်ပြင်းတစ်ချက်
ချလိုက်နိုင်တော့၏။
ဤသစ်တုံးက နောက်ဆုံးတော့ သဘောပေါက်သွားခဲ့လေပြီ
သူသည် ထိုင်ချလိုက်ပြီး ပေတံကို ပြန်လည်သိမ်းဆည်းကာ မေးလိုက်သည်။
"ကျန်းယန်က တခြား ဘာပြောသေးလဲ"
"အဖေက အောက်တန်းကျပြီး အရှက်မရှိတဲ့သူလို့ သူက ပြောတယ်"
ကုန်းရှို့ပင်းသည် ဖခင်ဖြစ်သူအား မကြည့်ရဲလုနီးပါး ဖြစ်နေခဲ့လေသည်။
သူတော်စင်သခင်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့၏။
"ချီးဘဲ"
အပိုင်း (၄၄၀)
သူတော်စင်သခင်နှင့် သူ၏တပည့်ဖြစ်သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လေထုမှာ တစ်ခဏမျှ အလွန်တရာ တိတ်ဆိတ်သွားလေတော့၏။
ကုန်းရှို့ပင်းသည် သူ၏ အမြင့်မြတ်ဆုံး၊ ကိုယ်ကျင့်တရားနှင့်ပြည့်စုံပြီး ဂုဏ်သိက္ခာကြီးမားလှသော ဆရာသခင်၏ နှုတ်မှ ထိုကဲ့သို့သော ရိုင်းစိုင်းလှသည့် စကားများ ထွက်လာလိမ့်မည် အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ သူ၏ဖခင် အစစ်အမှန်ပင်လော။
သူတော်စင်သခင်သည်လည်း သူ၏သားဖြစ်သူက သူ့အား အောက်တန်းကျပြီး အရှက်မရှိသူ စွပ်စွဲသည့် စကားမျိုးကို ပြောဆိုလိမ့်မည် လုံးဝ မထင်မှတ်ထားခဲ့ချေ။ ကျန်းယန်ထံမှ ယူဆောင်လာသော စကားတစ်ခွန်းတည်းပင်လျှင် ယခင်က မကြုံဖူးလောက်အောင် ဖြစ်နေပေသည်။
သူတော်စင်သခင်အနေဖြင့် သူ၏သားမှာ မည်သို့သော လူမျိုးဖြစ်ကြောင်းကို ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း။
ဤသည်မှာ သူ၏သား ဖြစ်နေဆဲပင်လော။
ထိုအခိုက်အတန့်တွင် သူသည် အနည်းငယ် စိုးရိမ်ပူပန်သွားမိလေသည်။ သူက စိတ်ထဲမှ "ကောင်စုတ်လေး... ငါက မင်းကို ငါ့သားအတွက် လမ်းညွှန်မှုလေးတွေပေးဖို့ ခိုင်းလိုက်တာလေ။ သူ့ကို လမ်းမှားဆီ ခေါ်မသွားနဲ့ပေါ့" ကျိန်ဆဲလိုက်မိလေသည်။
သူသည် အနေခက်လှသော လေထုကို ဖြိုခွဲရန် နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး "ကျန်းယန် ပြောခဲ့၊ လုပ်ခဲ့သမျှ အရာအားလုံးကို ငါ့ကို သေချာပြောပြစမ်း" မေးလိုက်လေသည်။
"ဟင်... ဪ၊ တ်ကဲ့"
ကုန်းရှို့ပင်းသည် သတိပြန်ဝင်လာပြီး ကျန်းယန်နှင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြလေတော့၏။ သူတို့ အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကိုပင် မချန်ထားဘဲ ပြောပြခဲ့လေသည်။
သူတော်စင်သခင်သည် နားထောင်လေလေ ပို၍ အလေးအနက်ထားလာလေလေဖြစ်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် သူသည် သူတော်စင်လမ်းစဉ်ကို ကျင့်ကြံသူဖြစ်ပြီး သွန်သင်ဆုံးမခြင်းကို လက်တွေ့ကျင့်သုံးနေသူ ဖြစ်သောကြောင့်တည်း။
ကျန်းယန်က ကုန်းရှို့ပင်းအား လမ်းညွှန်ပေးခဲ့မှုမှာ ပြည့်စုံလုံလောက်ပြီး စေ့စပ်သေချာလှသော သွန်သင်ဆုံးမမှုတစ်ရပ်ပင် ဖြစ်နေလေသည်။ အကယ်၍ သူတော်စင်သခင်တစ်ဦးသည် သူတော်စင်လမ်းစဉ်တွင် အောင်မြင်မှုကြီးကြီးမားမား ရရှိပါက ၎င်းမှာ ကောင်းကင်နှင့်မြေပြင်အပေါ်တွင် သွန်သင်ဆုံးမခြင်းအာဏာ ကို ဆုပ်ကိုင်ထားနိုင်ခြင်းနှင့် တူညီပေသည်။ သို့သော်လည်း သူသည် သူ၏ ကိုယ်ပိုင်သားဖြစ်သူကိုပင် မဆုံးမနိုင်ခဲ့ချေ။
ဆန့်ကျင်ဘက်အားဖြင့် သူ၏သားကို ပညာပေးဆုံးမခဲ့သူမှာ ကျန်းယန် ဖြစ်နေလေသည်။ ထိုအချက်က ကျန်းယန်သည် သွန်သင်ဆုံးမခြင်း လမ်းစဉ်တွင် သူ့ထက်ပင် ပို၍ ခရီးရောက်နေပြီ ဆိုလိုခြင်း မဟုတ်ပါလော။
တကယ်ပင် ထိုသို့ဖြစ်နေချေပြီလော။
သူတော်စင်သခင်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ ကျန်းယန်က သွန်သင်ဆုံးမခြင်း လမ်းစဉ်တွင် သူ့ထက် ပို၍ ခရီးရောက်နေသောကြောင့်လော။
သူတော်စင်သခင်သည် ခေါင်းကို ခပ်ဖွဖွ ခါရမ်းလိုက်သည်။ သူသည် ယုံကြည်နိုင်စွမ်း မရှိလှပေ။ကျန်းယန်သည် အချို့သော ရှုထောင့်များတွင် အလွန် အရည်အချင်းရှိသည် ဆိုသော်ငြားလည်း ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်ကာ သွန်သင်ဆုံးမခြင်းလမ်းစဉ် ပြည့်စုံလုနီးပါးဖြစ်နေသူတစ်ဦးအနေဖြင့် သူ၏ကိုယ်ပိုင် ယုံကြည်မှုတို့ ရှိနေဆဲပင် ဖြစ်လေသည်။
သို့ဖြစ်ရာ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ဆုံးမခြင်း လမ်းစဉ်ကိုယ်နှိုက်၏ ပြဿနာတစ်ခုသာ ဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင် သူတော်စင်သခင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့လေသည်။
သူသည် လူများကို သွန်သင်ဆုံးမရာတွင် အကျွမ်းကျင်ဆုံးသူ ဖြစ်နေပါလျက်နှင့် သူ၏ ကိုယ်ပိုင်သားကို မဆုံးမနိုင်ခဲ့ပေ။ အခြားတစ်ဖက်တွင်တော့ ကျန်းယန်သည် သွန်သင်ဆုံးမသူတစ်ဦးအဖြစ် ထိုမျှ အားကောင်းခြင်းမရှိသော်လည်း သူ၏သားကို ဆုံးမနိုင်ခဲ့လေသည်...
ကလေးများကို အချင်းချင်း ဖလှယ်၍ ဆုံးမပညာပေးခြင်းပင်တည်း။
တစ်ခဏချင်းအတွင်းမှာပင် သူတော်စင်သခင်၏ သူတော်စင်လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုမှာ နောက်ထပ် ခြေလှမ်းကြီးတစ်လှမ်း ရှေ့သို့ တက်လှမ်းသွားခဲ့ပြန်လေသည်။ အမှန်တကယ်တော့ အကယ်၍ ကျန်းယန်သာ မန်စီးယပ်စ်၏ ကျမ်းစာများကို ရွတ်ဆိုနိုင်ခဲ့မည်ဆိုလျှင် ထိုအရာများကို သူတော်စင်ဆရာသခင်ထံသို့ လွန်ခဲ့သောအချိန် အတော်ကြာကတည်းက ပေးအပ်ခဲ့ပြီးဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ လမ်းစဉ်အားလုံးသည် တူညီသော ပန်းတိုင်တစ်ခုတည်းဆီသို့သာ ဦးတည်နေပြီး သူတော်စင်သခင် ကိုယ်တိုင်က ဤအချက်ကို သဘောပေါက်သွားခဲ့ခြင်း ဖြစ်ပေသည်။ ဤအဖိုးကြီး၏ နှစ်ထောင်ပေါင်းများစွာသော သွန်သင်ဆုံးမမှုနှင့် ကျင့်ကြံအားထုတ်မှုတို့မှာ အမှန်တကယ်ပင် ချီးကျူးလောက်စရာ ကောင်းလှကြောင်း ပြောရပေမည်။
ကုန်းရှို့ပင်းသည် သူ၏ဖခင်ဖြစ်သူအား မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ဖခင်ဖြစ်သူ၏ နက်နက်နဲနဲ စဉ်းစားနေသော အခြေအနေမှတစ်ဆင့် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခြင်းဖြစ်ကြောင်း သူ သိလိုက်၏။ ၎င်းမှာ ကျင့်ကြံသူတစ်ဦးအတွက် အလွန်တရာ အရေးကြီးလှပေသည်။ သူ နားမလည်နိုင်သောအရာမှာ သူ၏ဖခင်က ဤဖြစ်ရပ်မှတစ်ဆင့် မည်သို့မည်ပုံ ဤမျှကြီးမားသော တရားသဘောပေါက်မှုမျိုး ရရှိသွားသနည်း ဆိုသည်ကိုပင် ဖြစ်လေသည်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူတော်စင်သခင်သည် သတိပြန်ဝင်လာကာ ပြောလိုက်၏။
"စိတ်နှလုံးကို ဖြောင့်မတ်စေပြီး ရိုးသားဖြူစင်တဲ့ ရည်ရွယ်ချက်ကို မွေးမြူပါ၊ ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်ပါ၊ မိသားစုကို စီမံကွပ်ကဲပါ၊ တိုင်းပြည်ကို အုပ်ချုပ်ပြီး လောကကြီးကို ငြိမ်းချမ်းစေပါ။ အခြေအနေတွေက ဒီလိုဖြစ်နေမှတော့ မင်းရဲ့ စိတ်နှလုံးကို ဘယ်လိုဖြောင့်မတ်စေပြီး ရိုးသားဖြူစင်အောင် လုပ်ရမလဲဆိုတာကို သေချာလေး စဉ်းစားသင့်တယ်။ ဪ... ဒါနဲ့ မင်း ကျင့်ကြံအားထုတ်လို့ ပြီးသွားရင် စစ်ထူမင်ယွဲ့ကို သွားလက်ထပ်ချေ"
သူက ဆက်လက်၍ ပြောလေသည်။
"အဲဒီမိန်းကလေးက တာအိုကျင့်ကြံမှုမှာ သတ်မှတ်အဆင့်တစ်ခုကို ရောက်ရှိနေပြီ။ သူမက အနည်းဆုံးတော့ စစ်မှန်တဲ့ အမတအဆင့်လောက်ရှိတဲ့ ထူးကဲသူတစ်ယောက် ဖြစ်လာဖို့ ကံကြမ္မာပါလာသူပဲ။ ဒီလိုမိန်းကလေးမျိုးကို မင်း အမြန်ဆုံး လက်ထပ်သင့်တယ်။ သူမရဲ့ ကလေးအတွက် စိတ်မပူနဲ့၊ အဲဒါက အတုကြီး... တကယ်လို့ အစစ်ဖြစ်နေရင်တောင်မှ သူမဆီကနေ လုယူလိုက်"
ကုန်းရှို့ပင်းက ခေါင်းကို အကြိမ်ကြိမ် ခါရမ်းလိုက်ပြီး
"အဖေ... ကျွန်တော် ဒါကို မလုပ်နိုင်ဘူးဗျ"
"ဘာပြောတယ်"
သူတော်စင်သခင်၏ ပေတံမှာ သူ၏လက်ထဲတွင် ချက်ချင်း ထွက်ပေါ်လာပြီး သားဖြစ်သူအား ဘေးတိုက် စောင်းကြည့်လိုက်လေသည်။
ကုန်းရှို့ပင်းက ခါးသက်သက် ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော်က သူ့ကို ဆက်ပြီး ဒုက္ခပေးနေမယ်ဆိုရင် စစ်ထူမင်ယွဲ့နဲ့ တကယ် ကလေးယူပစ်လိုက်ပြီး ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ရိုက်နှက်မယ်လို့ ကျန်းယန်က ပြောတယ်ဗျ။ အခုလောလောဆယ် ကျွန်တော် သူ့ကို မယှဉ်နိုင်သေးဘူး"
သူတော်စင်သခင်မှာ တိတ်ဆိတ်သွားလေတော့၏။ တစ်ခဏအကြာတွင် သူက အော်ဟစ်လိုက်လေသည်။
"ဒါဆိုလည်း မင်းရဲ့ အစွမ်းသတ္တိတွေ တိုးတက်လာအောင် တံခါးပိတ်ကျင့်ကြံဖို့ မြန်မြန်မသွားဘဲ ဘာလုပ်နေတာလဲ။ မင်းရဲ့ စွမ်းရည်တွေ တိုးတက်လာတဲ့အထိ စောင့်ပြီးမှ သွားတိုက်ချေ”
"ဟုတ်ကဲ့ပါဗျာ"
ကုန်းရှို့ပင်းသည် ကမန်းကတန်း လှည့်ကာ တံခါးပိတ်ကျင့်ကြံရန် ထွက်ပြေးလေတော့သည်။ အကယ်၍ သူသာ ထပ်ပြီး ဆက်နေနေမည်ဆိုလျှင် တကယ်ကြီး အရိုက်ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့လေသည်။
သူတော်စင်သခင်သည် သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါရမ်းလိုက်လေ၏။
သူ၏သားဖြစ်သူအား စစ်ထူမင်ယွဲ့နှင့် လက်ထပ်ပေးမည့် အကြံအစည်ကို သူ စွန့်လွှတ်လိုက်ပြီ ဖြစ်လေသည်။ ထိုမိန်းကလေးမှာ အမှန်တကယ်ပင် အလွန်ကောင်းမွန်လှသော်လည်း ကျန်းယန်က အရှက်မရှိလှစွာ ပြုမူထားပြီးဖြစ်ရာ သူ၏သားကို စစ်ထူမင်ယွဲ့နှင့် အတင်းအကျပ် လက်ထပ်ခိုင်းရန်ဆိုသည်မှာ လက်တွေ့မကျတော့ပေ။
ကုန်းရှို့ပင်းက ကျန်းယန်ကို အနိုင်ယူမည့် ကိစ္စနှင့်ပတ်သက်၍မူ သူတော်စင်သခင်သည် သူ့ဘာသာ ခါးသက်သက်သာ ပြုံးနေနိုင်တော့၏။
ထိုကောင်လေးမှာ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်ငြားလည်း သူ၏လက်ထဲတွင် မှော်ရတနာ အမြောက်အမြားရှိနေရုံသာမက အမတလက်နက် တစ်ခုပင် ရှိနေသေးကြောင်းကို သူ ကောင်းကောင်းကြီး သိထားလေသည်။ ပို၍ပင် လွန်ကဲလှသည်မှာ ထိုအမတလက်နက်သည် သာမန် အမတလက်နက်တစ်ခု မတ်ဘဲ ကောင်းကင်ကပ်ဘေး ၆၉ဆင့်ကို ဖြတ်ကျော်ထားသော အမတလက်နက်ကြီးတစ်ခု ဖြစ်နေခြင်းပင်တည်း။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘယ်လိုလုပ် အနိုင်ရနိုင်ပါမည်နည်း။
"အဲဒီကောင်စုတ်လေး... သူက ငါတို့ သားအဖနှစ်ယောက်ကို အကြိမ်များစွာ အကွက်ဆင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ လျော်ကြေးပြန်ပေးခဲ့ပါတယ်လေ" သူတော်စင်သခင်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်လေသည်။
"ဒါပေမဲ့ ဒီကောင်လေးရဲ့ ပါရမီက တကယ်ကို ကြောက်စရာကောင်းတယ်။ ပြီးတော့ ရလဒ်ကလည်း အရမ်းကို သိသာလွန်းနေတယ်... ပြီးခဲ့တဲ့ ပါရမီရှင်စစ်တလင်းမှာ သူရရှိခဲ့တဲ့ ကံတရား အထောက်အပံ့တွေက မျှော်မှန်းထားတာထက် ပိုများနေပုံရတယ်"
ထိုကောင်လေးသည် ပါရမီရှင်စစ်တလင်းတွင် လူတိုင်းကို အနိုင်ယူနိုင်ခဲ့လေသည်။ ၎င်းမှာ လောကကြီး၏ ကံကြမ္မာကို ဆုပ်ကိုင်လိုက်ခြင်းနှင့် တူညီပေသည်... သူသည် ကံကြမ္မာ၏သားတော်ဟု ခေါ်ဆိုခြင်းခံရရန် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
သူတော်စင်သခင်သည် အချိန်အတော်ကြာ စဉ်းစားဆင်ခြင်နေပြီးနောက် ထူးဆန်းသော လေသံဖြင့် သူ့ဘာသာ ရေရွတ်လိုက်လေသည်။
"စစ်ထူမင်ယွဲ့ကို လက်မထပ်နိုင်မှတော့ သူမအစား တခြားတစ်ယောက်ကို ပေးစားလိုက်လို့ ရတာပဲ။ ငါတို့ လန်ကျားအထွတ်အမြတ်မြေမှာ မိန်းကလေးတပည့်တွေ အများကြီးရှိနေတာပဲ။ အဲဒီထဲက တစ်ယောက်လောက်ကို ရွေးထုတ်လို့ မရနိုင်ဘူးလား”
သူတော်စင်သခင်သည် သူ၏ နှလုံးသားထဲတွင် ကြီးမားလှသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေပြီ။
အဇူရာတိမ်ဂိုဏ်းတွင်တော့ ကျန်းယန်သည် ဟူတလီအား ဆွဲကိုင်လိုက်ပြီး သူ၏ ကြီးမားလှသော ကျားခန္ဓာကိုယ်ကြီးကို လှုပ်ရမ်းကာ
"ဟေ့ကောင်... ထတော့"
ဟူတလီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး
"အစ်ကိုကြီး... ကျွန်တော် ဆေးစွမ်းအင်တွေကို သန့်စင်နေတာလေဗျာ"
ကျန်းယန်က ဟူတလီ၏ ခေါင်းကို ပုတ်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
"မင်း အိမ်နဲ့ကင်းကွာနေတာ အတော်ကြာနေပြီ။ အိမ်ပြန်ပြီး မလည်ချင်ဘူးလား"
"မသွားဘူးဗျ" ဟူတလီက ပြတ်သားစွာပင် ခေါင်းခါလိုက်လေသည်။
သူက ဘာဖြစ်လို့ ပြန်ရမည်နည်း။ဒီအဇူရာတိမ်ဂိုဏ်းမှာ လဲလျောင်းနေရင်းနဲ့တောင် စိတ်ဝိညာဉ်ချိတ်ဆက်မှုကို ကျင့်ကြံလို့ရနေတာပဲ။ ဘာဖြစ်လို့ ဒုက္ခခံပြီး ပြန်ရမှာလဲ။
ကျန်းယန်က ပြုံးလျက် ပြောလိုက်၏။
"မင်းရဲ့ မိဘတွေက မင်းကို မမြင်ရတာ အကြာကြီးရှိနေပြီဆိုတော့ အရမ်းလွမ်းနေကြလောက်ပြီ။ အိမ်ပြန်ပြီး သူတို့ကို သွားတွေ့ပြီးမှ အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာခဲ့ပါလား"
"ကျွန်တော် ကြည့်ပြီးပြီ၊ လမ်းခရီးက အရမ်းဝေးလွန်းတယ်ဗျ" ဟူတလီက ခေါင်းကို ခါရမ်းနေဆဲပင် ဖြစ်လေသည်။
ကျန်းယန်က ပြုံးလျက် "ငါတို့ မင်းကို လိုက်ပို့ပေးမယ်လေ" ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် မသွားချင်သေးဘူးဗျာ"
ဟူတလီက ခေါင်းလေးငိုက်ကျကာ ပြောလေ၏။
"မသွားလို့ မရဘူး" ကျန်းယန်၏ မျက်နှာက တင်းမာသွားလေသည်။
"မသွားရင် မင်းကို အစာမကျွေးဘူး"
ဟူတလီမှာ လန့်ဖျပ်သွားပြီး ကမန်းကတန်း မေးလိုက်လေသည်။
"အစ်ကိုကြီးက ဒီလိုပြောမှတော့ ကျွန်တော်တို့ ဘယ်တော့သွားကြမလဲ"
"နောက်နှစ်ရက်လောက်နေရင် သွားမယ်" ကျန်းယန်၏ မျက်နှာအမူအရာမှာ ပြန်လည်ပျော့ပြောင်းသွားပြီး ပြုံးလျက် ပြောလိုက်သည်။
"ငါ မင်းကို မေးမယ်... မင်းက အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာမှာဆိုတော့ တောင်တစ်သောင်းတောင်တန်းမှာ ထားခဲ့တဲ့ ပစ္စည်းတွေကို စားလို့ရတော့မှာ မဟုတ်ဘူးလေ။ ဒါဆို အဲဒီပစ္စည်းတွေကို အဇူရာတိမ်ဂိုဏ်းဆီ ယူလာသင့်တယ် မဟုတ်လား"
ဟူတလီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်ဗျ"
ထို့နောက် ကျန်းယန်က ဆက်မေးလေသည်။
"ငါတို့ အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးက မင်းအပေါ် ဘယ်လိုဆက်ဆံလဲ။ မင်းကို မကောင်းမကန် ဆက်ဆံဖူးလို့လား"
"မဆက်ဆံဖူးပါဘူး" ဟူတလီက ခေါင်းခါလိုက်သည်။
"ဒါဆို မင်း ပြန်လာတဲ့အခါ ငါ့ဆရာ၊ ငါ့ဦးလေးတွေနဲ့ ငါရော မင်ယွဲ့အတွက်ပါ လက်ဆောင်တစ်ခုခု ယူလာသင့်တယ် မဟုတ်လား"
"ဒါ လုံးဝကို မှန်ကန်တဲ့ ကိစ္စပဲ" ဟူတလီက ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်လေသည်။
သူသည် အဇူရာတိမ်ဂိုဏ်းတွင် အလွန်တရာ လွတ်လပ်ပေါ့ပါးသော ဘဝကို ဖြတ်သန်းနေရသည် ခံစားရပြီး လူတိုင်းကလည်း သူ၏အပေါ်တွင် ကောင်းမွန်ကြပေသည်။
ကျန်းယန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"လက်ဆောင်ရွေးတဲ့အခါ မင်းရဲ့ စိတ်နှလုံးတစ်ခုလုံးကို ထည့်သွင်းပြီး သေချာရွေးချယ်ရမယ်။ ငါ့ဆရာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မှာရှိတာဆိုတော့ သာမန်လက်ဆောင်တွေကိုဆိုရင် လှည့်တောင်ကြည့်မှာ မတ်ဘူး။ ငါ့ဦးလေးတွေနဲ့ သူတို့ရဲ့ တပည့်တွေကလည်း တာအိုပေါင်းစည်းခြင်းအဆင့်တွေမှာ ရှိကြတာ။ သူတို့ကကော အညံ့စား လက်ဆောင်တွေကို လက်ခံနိုင်ပါ့မလား"
သူက မိမိကိုယ်ကို လက်ညိုးထိုးပြလျက် ဆက်ပြောလေသည်။
"ငါ့ကိုလည်း ကြည့်ဦး... ငါ့မှာ မှော်ရတနာတွေ
အများကြီးရှိတဲ့အပြင် အမတလက်နက် တစ်ခုတောင် ရှိသေးတာ။ သာမန်လက်ဆောင်တွေကို ငါက ဂရုစိုက်မယ်လို့ မင်းထင်နေလား။ ဒါ့အပြင် မင်းက ကျားဖြူနတ်ဘုရားပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ထားပြီး အနာဂတ်မှာ မိစ္ဆာမျိုးနွယ်စုတွေကို ဦးဆောင်မယ့် သားရဲကြီးတစ်ကောင် ဖြစ်လာမှာလေ။ အကယ်၍ ပစ္စည်းတွေ ပေးပို့တာ မှားယွင်းသွားခဲ့ရင် မင်းအတွက် အရှက်ရစရာ ဖြစ်မသွားဘူးလား"
"နားလည်ပါပြီဗျ" ဟူတလီက အလေးအနက် ခေါင်းညိတ်လိုက်လေသည်။ "ကျွန်တော် သေချာပေါက် ပြင်ဆင်ခဲ့ပါ့မယ်"
ထို့နောက် သူက ကျေးဇူးတင်စကားကို လေးလေးနက်နက် ဆိုလေတော့၏။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"