← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 43 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 43 Ch. 441-442

အပိုင်း (၄၄၁)

ကျန်းယန်သည် အဇူရာတိမ်ဂိုဏ်းမှ နောက်တစ်ဖန် ထွက်ခွာလာခဲ့ပြန်လေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် လူပိုမိုခေါ်ဆောင်လာခဲ့ပေသည်။

သွေးအရိပ်မိစ္ဆာငါးပါးအပြင် ဟူတလီနှင့် ဟွာလင်းကျိတို့လည်း ပါဝင်လေသည်။ မိစ္ဆာကြီးငါးပါးမှာ ကိုယ်ရံတော်များဖြစ်ကြပြီး ဟူတလီမှာ တောင်တစ်သောင်းတောင်တန်းဆီသို့ အလည်အပတ်သွားရောက်မည်ဖြစ်သောကြောင့် လိုက်ပါလာခြင်းဖြစ်ကာ ဟွာလင်းကျိကမူ အဇူရာတိမ်ဂိုဏ်း၏ သဘောထားကို ကိုယ်စားပြုပေသည်။ မည်သို့ပင်ဆိုစေကာမူ ဟူတလီသည် အဇူရာတိမ်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်ရာ ဂါရဝပြု အလည်အပတ်သွားရောက်ရန်အတွက် ဂိုဏ်းအကြီးအကဲတစ်ဦးကို စေလွှတ်ခြင်းမှာ အလွန်တရာ သင့်လျော်မှန်ကန်လှပေသည်။

သို့ရာတွင် ထိုအဖွဲ့သည် အဇူရာတိမ်ဂိုဏ်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဤကိစ္စကို သိရှိသူ သိပ်မများလှချေ။

ချင်းယွင်ကျိသည် ထွက်ခွာသွားသော အဖွဲ့အား လိုက်လံကြည့်ရှုနေခဲ့ပြီးနောက် လင်းယွင်ကျိနှင့် အခြားသူများကို သတိဝီရိယရှိရှိ စောင့်ကြပ်နေကြရန် အမိန့်ပေးလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယန် အတိအကျ ဘာလုပ်နေသည်ကို သူတစ်ဦးတည်းကသာ သိထားသောကြောင့်ပင်တည်း။ မကြာမီအချိန်အတွင်း လောကကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်တော့မည် ဖြစ်၏။

အမှန်တကယ်တွင်လည်း ယခုအချိန်၌ လောကကြီးမှာ ကမောက်ကမ ဖြစ်နေခဲ့ချေပြီ။

ယွင်မုန့်စိမ့်တောမှ တစ္ဆေတမန်တော်များသည် လန်ကျားအထွတ်အမြတ်မြေ၊ ယွင်ရှောင်နန်းတော်နှင့် ရှို့ယိဘုရားကျောင်းတို့ကို ချုပ်ကိုင်ဟန့်တားထားပြီး ဖြစ်လေသည်။ သဘာဝကျစွာပင် ဤကိစ္စရပ်များတွင် အဇူရာတိမ်ဂိုဏ်း၊ ပင်လယ်ကောင်းကင်မျှော်စင်နှင့် မဟာနှင်းတောင်တန်းတို့လည်း ပါဝင်ပတ်သက်နေခဲ့ပေသည်။

ယွင်ရှောင်နန်းတော်၏ အခြေအနေမှာ ပို၍ ဆိုးရွားလှသည်။ သူတို့သည် လန်ကျားအထွတ်အမြတ်မြေနှင့် ဖြစ်နိုင်ခြေရှိသော မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းနေကြဆဲပင်။ ထိုစဉ် ၀မ်လင်းဂိုဏ်း၊ ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့မှာမူ မည်သည့်ကိစ္စတွင်မျှ ပါဝင်ပတ်သက်ခြင်း မရှိဘဲ သီးခြားကင်းလွတ်နေခဲ့ကြလေသည်။

ထိုအချိန်၌ ကွေ့ယွမ်ဘုရားကျောင်းတွင် ၀မ်လင်းဂိုဏ်းမှ ကျင်းတောက်နှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းမှ ဒေါင်ဘူအာတို့သည် ကွေ့ယွမ်ဘုရားကျောင်းမှ အခြားသော အဖွဲ့ဝင်များနှင့် ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေကြ၏။

"လောကကြီးရဲ့ အစီအစဉ်တကျဖြစ်မှုတွေက ပြောင်းလဲသွားခဲ့ပြီ။ ငါတို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်" ကျင်းတောက်က ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "အခုလောလောဆယ် ငါတို့ဂိုဏ်းသုံးဂိုဏ်းတည်းသာ ဘယ်ကိစ္စမှာမှ မပတ်သက်ဘဲ ကျန်ရစ်နေခဲ့တာ။ ကောင်းကင်ဘုံက ငါတို့ကိုပေးထားတဲ့ ဒီအခွင့်အရေးကိုမှ မဆုပ်ကိုင်နိုင်ဘူးဆိုရင် ငါတို့ အရမ်းဆိုးရွားတဲ့ အခြေအနေဆီ ရောက်သွားလိမ့်မယ်"

ဒေါင်ဘူအာက ခေါင်းကို ခပ်ဖွဖွညိတ်လျက် ထောက်ခံလေသည်။

"ဒါက ဂိုဏ်းချုပ်ကြီး ဆိုလိုတဲ့ သဘောထားပဲ။ ငါတို့ဂိုဏ်းရဲ့ အင်အားကို အကြီးအကျယ် မြှင့်တင်နိုင်ဖို့ ဒီအခွင့်အရေးကို မဖြစ်မနေ ဆုပ်ကိုင်ရမယ်။ ဒါမှသာ နောင်အနာဂတ်မှာ တခြားဂိုဏ်းတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်လောက်တဲ့ အင်အား လုံလုံလောက်လောက် ရှိလာမှာဖြစ်တယ်။ လွန်ခဲ့တဲ့ အချိန်တချို့က အဇူရာတိမ်ဂိုဏ်းကို ဖိနှိပ်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့လို့ ငါတို့မှာ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရတယ်။ အခုတော့ ငါတို့အတွက် အခွင့်အရေး ရောက်လာခဲ့ပြီ"

ကွေ့ယွမ်ဘုရားကျောင်းမှ ကျင်းရှန်က မေးလိုက်လေသည်။

"ဒါဆို ငါတို့ ဘယ်သူ့ကို တိုက်ခိုက်သင့်သလဲ"

ကျင်းတောက်သည် သူ၏လက်ကိုမြှောက်ကာ လောကကြီး၏ မြေပုံတစ်ခုကို ဖန်တီးပုံဖော်လိုက်ပြီး သူ၏အကြည့်များကို ပင်လယ်ရပ်ခြားရှိ ကောင်းကင်နှလုံးသားကျွန်းပေါ်သို့ စူးစိုက်လိုက်လေသည်။

"ဂိုဏ်းချုပ်ကြီးရဲ့ ရည်ရွယ်ချက်က ကောင်းကင်နှလုံးသားကျွန်းပဲ"

အားလုံး၏ အကြည့်များမှာ သီးခြားကင်းကွာနေသော ကောင်းကင်နှလုံးသားကျွန်းဆီသို့ ကျရောက်သွားကြလေသည်။ ဤနေရာသည် များပြားလှသော ဂိုဏ်းများနှင့် အလွန်တရာ ကွာဝေးလှသဖြင့် တိုက်ပွဲကြီးတစ်ရပ် ဖြစ်ပွားခဲ့လျှင်ပင် အခြားသူများအနေဖြင့် လုံးဝ အာရုံခံမိနိုင်မည် မတ်ချေ။

လူတိုင်းက ဘာတွေဖြစ်ခဲ့သည်ကို သတိပြုမိချိန်ရောက်လျှင် ကောင်းကင်နှလုံးသားကျွန်းမှာ ပျက်စီးသွားနှင့်ပြီး ဖြစ်နေလိမ့်မည်။ ကောင်းကင်နှလုံးသားကျွန်းသာ ပျက်စီးသွားခဲ့ပါက မည်သူကမျှ ၎င်းတို့အတွက် မားမားမတ်မတ် ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။ ဂိုဏ်းသုံးဂိုဏ်းမှာ လက်ရှိတွင် အားလပ်နေကြပြီး ဤသည်မှာ သူတို့ လှုပ်ရှားမှုစတင်ရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်ကြောင်း ခံစားမိနေကြလေသည်။

"ဉာဏ်ကြီးရှင်တွေရဲ့ တွေးခေါ်ပုံက တစ်သားတည်းပဲ" ကျင်းရှန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "အခု အဓိကကျတာက ဆုံးရှုံးမှု အနည်းဆုံးနဲ့ ကောင်းကင်နှလုံးသားကျွန်းကို ငါတို့ သိမ်းပိုက်နိုင်မလား ဆိုတာပဲ"

ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းလိုက်မည်ဆိုပါက ကောင်းကင်နှလုံးသားကျွန်းကို သိမ်းပိုက်ရန်မှာ မည်သည့် ပြဿနာမျှ ရှိမည်မတ်ပေ။ သို့သော်လည်း ဆုံးရှုံးမှုများ အလွန်ကြီးမားနေမည်ဆိုလျှင် ထိုကိစ္စက တန်လိမ့်မည်မတ်ချေ။

"ဂိုဏ်းချုပ်ကြီးက အဲဒါကို သုံးသပ်ကြည့်ပြီးပါပြီ။ ငါတို့ဘက်က အရင်းအနှီး အရမ်းကြီး ပေးရမှာ မဟုတ်ပါဘူး" ကျင်းတောက်က ဖြည်းညှင်းစွာ ရှင်းပြလေသည်။ "ပထမဆုံးအနေနဲ့ ကောင်းကင်နှလုံးသားကျွန်းက ဘယ်တိုက်ပွဲမှာမှ မပါဝင်ခဲ့တာ နှစ်အတော်ကြာနေပြီ။ ဒါကြောင့် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မသန်မာလှဘူး။ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်ဆိုပေမဲ့လည်း သူတို့ရဲ့ ကျင့်စဉ်စနစ်က အနာဂတ်ကို ကြိုတင်သိမြင်တာတို့၊ ဟောကိန်းထုတ်တာတို့ဘက်ကို ဦးတည်ထားတဲ့ ပညာရပ်တွေအပေါ်မှာပဲ အလေးသာနေတယ်။ အဲဒီအရာတွေက တချို့သော အချိန်တွေမှာ အရမ်းကို အစွမ်းထက်တာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့သာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမယ်ဆိုရင်တော့ လုံးဝကို အခြေအနေ အောက်စီးရောက်သွားလိမ့်မယ်"

သူက ခေတ္တမျှ ရပ်တန့်ကာ ဆက်ပြောလေ၏။

"ကောင်းကင်နှလုံးသားကျွန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ပတ်သက်ပြီး လက်ရှိ ငါတို့ရဲ့ ခန့်မှန်းချက်အရဆိုရင် သူတို့ရဲ့ အခြေခံအုတ်မြစ်ထဲမှာ သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေတဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးကနေ လေးဦးအထိပဲ ရှိပြီး ငါးဦးထက်တော့ သေချာပေါက် ပိုမှာမဟုတ်ဘူး။ ကောင်းကင်နှလုံးသားသခင်မက ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်မှာ ရှိနေတယ်ဆိုပေမဲ့လည်း သူမက ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ရဲ့ အောက်ခြေအဆင့်လောက်မှာပဲ ရှိတာပါ။ ဒါကြောင့် ငါတို့ဂိုဏ်းတစ်ခုချင်းစီက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးစီနဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတချို့ကို စေလွှတ်လိုက်ရုံနဲ့ ကောင်းကင်နှလုံးသားကျွန်းကို သိမ်းပိုက်ဖို့ဆိုတာ ဘာပြဿနာမှ ရှိလာမှာမတ်ဘူး"

အခြားသူများကလည်း ထိုသုံးသပ်ချက်ကို သဘောတူညီကြပြီး ကောင်းကင်နှလုံးသားကျွန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်မျှသာ ဖြစ်လောက်မည် ယုံကြည်နေကြလေသည်။ သဘာဝကျစွာပင် ဂိုဏ်းတိုင်းသည် မိမိတို့၏ အရင်းအမြစ်များကို အသုံးပြုကြရမည် ဖြစ်သော်လည်း ကောင်းကင်နှလုံးသားကျွန်းကို အမှန်တကယ် သိမ်းပိုက်နိုင်မည်ဆိုပါက ၎င်းမှာ လုံးဝကို တန်လှပေသည်။

"ငါတို့ စဉ်းစားဖို့လိုတဲ့ နောက်ဆုံးပြဿနာက ကောင်းကင်နှလုံးသားကျွန်းကို ဖျက်ဆီးပြီးတဲ့နောက် သူတို့ရဲ့ မဟာမိတ်အဖွဲ့ကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာပဲ" ဒေါင်ဘူအာက ဆက်ပြောလေသည်။ "အဇူရာတိမ်ဂိုဏ်းက မိစ္ဆာသခင်ဟာ အရမ်းကို ကြောက်စရာကောင်းတယ်။ အဲဒါက ငါတို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုပဲ"

ကျင်းတောက်က ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်လိုက်သည်။

"အဇူရာတိမ်ဂိုဏ်းရဲ့ မိစ္ဆာကြီးတွေက တကယ်ကို ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ကောင်းကင်နှလုံးသားကျွန်းသာ တည်ရှိနေသေးရင်တော့ အကျိုးအမြတ်တွေ ရရှိဖို့အတွက် သူတို့ဘက်က လှုပ်ရှားပေးဖို့ ဆန္ဒရှိကြလိမ့်မယ်။ သို့သော်လည်း ငါတို့က ကောင်းကင်နှလုံးသားကျွန်းကို ဖျက်ဆီးပစ်လိုက်ပြီဆိုရင်တော့ သူတို့ရဲ့ အားထုတ်မှုတွေက လုံးဝ အချည်းနှီးဖြစ်သွားလိမ့်မယ်။ ဒါကြောင့် အဇူရာတိမ်ဂိုဏ်းအနေနဲ့ ဝင်ရောက်လှုပ်ရှားလာမှာ မတ်ဘူးဆိုတာ ရာခိုင်နှုန်း ၉၀ ထက်မက သေချာနေပါတယ်။ ဒါ့အပြင် သူတို့ဘက်က ဝင်ရောက်လှုပ်ရှားလာခဲ့ရင်တောင်မှ ငါတို့ဆီမှာရှိတဲ့ အမတလက်နက် အတော်များများရဲ့ စွမ်းအားက ကောင်းကင်နှလုံးသားကျွန်းကို သိမ်းပိုက်ပြီးတဲ့နောက် ငါတို့ရဲ့ အင်အားကို ပိုမို ခိုင်မာတောင့်တင်းလာစေလိမ့်မယ်။ ထပ်မံဖြည့်စွက်ရရင် ဂိုဏ်းချုပ်ကြီးက လက်ရှိမှာ စစ်မှန်သော အမတအဆင့်ဆီ ချိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေပြီး အချိန်မရွေး အောင်မြင်သွားနိုင်တယ်။ အဲဒီအချိန်ကျရင် အဇူရာတိမ်ဂိုဏ်းဆီက ခြိမ်းခြောက်မှုကို ငါတို့ လုံးဝ ဂရုစိုက်နေစရာ မလိုတော့ဘူး"

ဂိုဏ်းသုံးဂိုဏ်းသည် ကောင်းကင်နှလုံးသားကျွန်းနှင့် ပတ်သက်၍ အသေးစိတ် စီမံကိန်းများကို ရေးဆွဲနေကြလေသည်။ တစ္ဆေဘုံမှ တမန်တော်များက အခြားသော ဂိုဏ်းများ၏ အာရုံကို လွှဲပြောင်းထားသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မိမိတို့ဂိုဏ်း၏ အင်အားကို ခိုင်မာတောင့်တင်းစေရန် အကြီးမားဆုံးသော ကြိုးပမ်းအားထုတ်မှုတစ်ရပ်ကို ပြုလုပ်လိုနေကြခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် ကျန်းယန်နှင့် သူ၏အဖွဲ့သည် မီရှန်ဂိုဏ်း၏ တည်နေရာဟောင်းအနီးသို့ တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့ကြလေသည်။

တောင်တစ်သောင်းတောင်တန်းဆီသို့ ရောက်ရှိရန်အတွက် သူတို့သည် မြင့်မြတ်ဝိညာဉ်ဂိုဏ်းနှင့် ကွေ့ယွမ်ဘုရားကျောင်းတို့ ကြားရှိ နယ်မြေကို ဖြတ်သန်းသွားရမည် ဖြစ်၏။ မီရှန်ဂိုဏ်းကို တိုက်ရိုက် ဖြတ်သန်းသွားမည် မဟုတ်သော်ငြားလည်း ၎င်းနေရာနှင့် အမှန်တကယ် သိပ်မဝေးလှချေ။ သို့ဖြစ်ရာ ကျန်းယန်နှင့် သူ၏အဖွဲ့သည် မီရှန်ဂိုဏ်း၏ တည်နေရာဟောင်းအနီးသို့ နောက်တစ်ဖန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ဂူဒူအာ၊ ဂူဟန်နှင့် အခြားသော မိစ္ဆာကြီးများမှာ ကျန်းယန်တို့အဖွဲ့ ဤနေရာတွင် ဘာလုပ်နေကြသနည်း တွေးတောကာ နားမလည်နိုင် ဖြစ်နေကြလေသည်။ မီရှန်ဂိုဏ်းမှာ ဖျက်ဆီးခံခဲ့ရပြီး ၎င်း၏ အခြေခံအုတ်မြစ်မှာလည်း ပျက်စီးသွားခဲ့လေပြီ။ ဤနေရာတွင် ဘာများ ကျန်ရှိနေသေးသနည်း။

"ဆရာဦးလေးငါး... ဦးလေးအပေါ်မှာပဲ မူတည်တော့တယ်" ကျန်းယန်က ဟွာလင်းကျိအား တိုးတိတ်စွာ ပြောလိုက်လေသည်။ "ငရဲတံခါးပေါက်ကို မြန်မြန်ဖွင့်လိုက်၊ ပြီးရင် ကျွန်တော်တို့ ပြေးကြမယ်"

မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် ငရဲတံခါးပေါက်ကို ဖွင့်လှစ်လိုက်ပါက ဂိုဏ်းကြီးသုံးဂိုဏ်းသည် သေချာပေါက် ဒုက္ခရောက်ကြမည်ဖြစ်ပြီး အခြားသူများကို ဂရုစိုက်နေနိုင်တော့မည် မတ်ပေ။

ဟွာလင်းကျိက သတိထားဟန်ဖြင့် မေးလိုက်လေသည်။

"ပြဿနာမရှိဘူးဆိုတာ သေချာရဲ့လား"

"ပြဿနာတွေအားလုံးကို လျစ်လျူရှုပြီး စတင်လိုက်ပါတော့" ကျန်းယန်က ပြတ်သားစွာ ပြောလိုက်၏။

ဟွာလင်းကျိသည် နဂါးလမ်းညွှန်စုတ်တံကို ကောက်ကိုင်လိုက်ပြီး ပြင်ဆင်မှုပြုလုပ်ရန် အာရုံစူးစိုက်လိုက်လေသည်။ ဂူဒူအာနှင့် ဂူဟန်တို့မှာ ဆွံ့အသွားကြတော့၏။ ဟွာလင်းကျိ ရပ်နေသည့်ဟန်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုလူနှစ်ယောက် ဘာကြံစည်နေကြသည်ကို သူတို့ ချက်ချင်း သိလိုက်ကြလေသည်။

"သတိထားကြ" ဂူဒူအာက အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်လေသည်။

ဂူချမ်နှင့် အခြားသူများမှာ ထူးဆန်းနေမိကြ၏။ အစွမ်းထက် မိစ္ဆာကြီးငါးပါး ဤနေရာတွင် ရှိနေပါလျက်နှင့် အခြားသူများကို အဘယ်ကြောင့် သတိထားနေရန် လိုအပ်ပါသနည်း။ ကျင့်ကြံခြင်းလောကထဲတွင် သူတို့ကို ခြိမ်းခြောက်နိုင်သည့် အင်အားစုဟူ၍ ရှိပါသေးသလော။

"သူတို့က ငရဲတံခါးပေါက်ကို ဖွင့်တော့မလို့ကွ" ဂူဒူအာက စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

ဂူချမ်နှင့် အခြားသူများမှာ လန့်ဖျပ်သွားကြလေတော့သည်။ ထိုသူတို့က ငရဲတံခါးပေါက်ကို ဖွင့်လှစ်တော့မည် ဖြစ်နေသည်လော။

ထိုအခိုက်အတန့်တွင် ဟွာလင်းကျိသည် သူ၏ ပြင်ဆင်မှုများကို အဆုံးသတ်လိုက်ပြီး နဂါးလမ်းညွှန်စုတ်တံကို ပြင်းထန်စွာ ဝှေ့ယမ်းကာ ကောင်းကင်နှင့်မြေပြင်အပေါ်တွင် သူ၏ အထွတ်အထိပ် အဆောင်လက်ဖွဲ့ကို ရေးဆွဲလိုက်လေတော့သည်။ ကြီးမားလှသော မှင်ရာကြီးတစ်ခုသည် ကောင်းကင်နှင့် မြေပြင်အကြားသို့ ကျဆင်းသွားတော့၏။

"ပြေးကြ"

တစ္ဆေအဆောင်လက်ဖွဲ့ကို ရေးဆွဲပြီးသည်နှင့်တစ်ပြိုင်နက် ငရဲတံခါးပေါက်များ ပွင့်လာမည် ဖြစ်၏။ ယခု မပြေးလျှင် ဘယ်အချိန်ကျမှ ပြေးကြမည်နည်း။ ဂူဒူအာနှင့် အခြားသော မိစ္ဆာကြီးများသည် ခေါင်းကို အကြိမ်ကြိမ် ခါရမ်းလိုက်ကြလေသည်။ မိမိကိုယ်တိုင်အတွက် အကျိုးအမြတ်မရှိဘဲ အခြားသူများကို ဒုက္ခပေးသည့် ဤအရာက ဘယ်လို မိစ္ဆာဆန်သော အပြုအမူမျိုး ဖြစ်ပါသနည်း။

သူတို့သည် အခြားအရာအားလုံးကို လျစ်လျူရှုလိုက်ကြပြီး ကျန်းယန်တို့နှင့်အတူ တောင်တစ်သောင်းတောင်တန်းရှိရာဆီသို့ လှစ်ကနဲ ပြေးလွှားသွားကြတော့သည်။

ကျန်းယန်တို့ ထွက်ခွာသွားပြီးနောက်တွင်တော့ တစ္ဆေအဆောင်လက်ဖွဲ့၏ မှင်ရာများသည် လောကကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။ မှောင်မည်းမည်း ချောက်နက်ကြီးတစ်ခုသည် ၎င်း၏ ကြီးမားလှသော ပါးစပ်ပေါက်ကြီးကို ဖွင့်ဟလာတော့၏။ ပေလေးငါးဆယ်ခန့် ရှည်လျားပြီး ခုနစ်ပေ၊ ရှစ်ပေခန့် ကျယ်ဝန်းသော အက်ကွဲကြောင်းကြီး တစ်ခုသည် မီရှန်ဂိုဏ်း၏ တည်နေရာဟောင်းတွင် ထွက်ပေါ်လာခဲ့လေသည်။

ကောင်းကင်နှင့် မြေပြင်အကြားတွင် အဝါရောင် မြူခိုးများ ထွက်ပေါ်လာ၏။ တစ္ဆေစစ်သည် အုပ်စုများသည် အက်ကွဲကြောင်းများထဲမှ တန်ထိုး ထွက်ပေါ်လာကြလေသည်။ ထို့နောက် များမကြာမီမှာပင် အလွန်တရာ ကြီးမားလှသော အရိုးစုကြီး အတော်များများသည် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့ကြပြန်လေသည်။

သေဆုံးခြင်း၏ အငွေ့အသက်များသည် မြေပြင်တစ်ဝိုက်ကို ဖုံးလွှမ်းသွားခဲ့ပြီး သေလွန်သူများကို ရိတ်သိမ်းမည့် တံစဉ်ကြီးများသည် ဂိုဏ်းကြီးသုံးဂိုဏ်းရှိရာဆီသို့ ဦးတည်သွားကြလေတော့သတည်း။

အပိုင်း (၄၄၂)

တစ္ဆေတမန်တော်များ ဆုပ်ကိုင်ထားသော လူဝင်စားခြင်းအာဏာသည် တစ္ဆေဘုံ၏ အရေးအကြီးဆုံးသော အာဏာတစ်ရပ် ဖြစ်ပေသည်။ ထိုနည်းတူစွာပင်၊ ငရဲတံခါးပေါက်ကို ဖွင့်လှစ်ခွင့်ရှိသော အာဏာမှာလည်း အလွန်တရာ အရေးပါလှပေသည်။

၎င်းမှာ တစ်စုံတစ်ယောက်က နေ့စဉ်နေ့တိုင်း အိမ်တံခါးကို လာရောက်ခေါက်နေသကဲ့သို့ပင် ဖြစ်၏။ ပြောစရာ အကြောင်းကိစ္စ တစ်ခုခုရှိ၍ လာရောက်ခေါက်ခြင်းဆိုလျှင် ပြဿနာမရှိသော်လည်း၊ မည်သည့် အကြောင်းပြချက်မျှမရှိဘဲ သက်သက်မဲ့ လာရောက်ခေါက်နေခြင်းမျိုး ဆိုပါက၊ ထိုပြဿနာရှာသူအား အလွန်တရာ ရယ်စရာကောင်းသည့် လူတစ်ယောက်အဖြစ် မြင်တွေ့သွားစေမည်မှာ သေချာလှပေသည်။

တစ္ဆေတံခါးပေါက်ကြီးမှာ နောက်တစ်ဖန် ပြန်လည်ပွင့်လာခဲ့ပြန်ရာ၊ ဤမျှ ကြီးမားကျယ်ပြန့်လှသော တံခါးပေါက်ကြီး ဖြစ်နေခြင်းက တစ္ဆေဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များကို သဘာဝကျစွာပင် တုန်လှုပ်ခြောက်ခြားသွားစေခဲ့လေသည်။

ထို့နောက်တွင်တော့ အစွမ်းထက်ပုဂ္ဂိုလ်များသည် ငရဲတံခါးပေါက်ကို မည်သူက ဖွင့်လှစ်နေသနည်း ဆိုသည်ကို စုံစမ်းထောက်လှမ်းရန်အတွက် လူများကို သဘာဝကျစွာပင် စေလွှတ်လိုက်ကြလေတော့သည်။ သေခြင်းတရား၏ တစ္ဆေစစ်သည်များက ရှေ့မှ ကင်းထောက်ကာ၊ တစ္ဆေဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များမှာ ကျင့်ကြံခြင်းလောကထဲသို့ ထွက်ပေါ်လာခဲ့ကြလေသည်။

တစ္ဆေဘုံမှ အဆိုပါ အစွမ်းထက်ပုဂ္ဂိုလ်များ ထွက်ပေါ်လာသည့်အခါတွင်၊ အနီးအနား၌ လူဝင်စားခြင်းအာဏာကို အနှောင့်အယှက်ပေးနေသူများ အမြောက်အမြား ရှိနေကြောင်းကို ချက်ချင်းပင် တွေ့ရှိသွားကြလေသည်။

ဤအခြေအနေသို့ ရောက်ရှိနေချိန်တွင်၊ ငရဲတံခါးပေါက်ကို မည်သူဖွင့်လှစ်ခဲ့သနည်း ဆိုသည်က အရေးကြီးနေသေးသလော။ လုံးဝ အရေးမကြီးတော့ပါချေ။ သူတို့ လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ လူဝင်စားခြင်းအာဏာကို လျင်မြန်စွာ ထိန်းသိမ်းစောင့်ရှောက်ရန်ပင် ဖြစ်ပေသည်။

တစ္ဆေဘုံအတွက်မူ ၎င်းမှာ ကြီးမားလှသော အောင်မြင်မှုကြီးတစ်ခုအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထို့အပြင်၊ လူဝင်စားခြင်းအာဏာကို ပျက်ပြားအောင် ပြုမူနေသူများ အများအပြား ရှိနေခြင်းကလည်း... အလွန်တရာ ကြီးမားသော အောင်မြင်မှုကြီးတစ်ခုပင် ဖြစ်လေသည်။

အလွန်တရာ ကြီးမားလှသော အရိုးစုကြီး အတော်များများသည် တစ္ဆေဘုံသို့ ပြန်လည်ဝင်ရောက်သွားကြ၏။ အချိန်ခဏမျှ ကြာပြီးနောက်တွင်တော့၊ တစ္ဆေတမန်တော် ခုနစ်ဦး သို့မတ် ရှစ်ဦးခန့်မှာ တစ္ဆေတံခါးပေါက်မှ ထွက်ပေါ်လာခဲ့ကြလေသည်။

၎င်းတို့အထဲတွင် အရိုးစုနှစ်ခုပါဝင်ပြီး၊ တစ်ခုမှာ လူပုံသဏ္ဌာန်ဖြစ်ကာ ဆယ်ပေကျော် မြင့်မား၏။ အခြားအရိုးစုတစ်ခုမှာမူ ကြီးမားသော ဆိတ်ကြီးတစ်ကောင်နှင့် တူညီပြီး ၎င်း၏ အရိုးများမှာ အဖြူရောင်သန့်သန့် ဖြစ်ကြလေသည်။ ပုံသဏ္ဌာန် အတိအကျ မကွဲပြားလှသော အရိပ်သဏ္ဌာန် ပုံရိပ်သုံးခုလည်း ပါဝင်သည်။ ခန္ဓာကိုယ်အထည်အဝါ ပါရှိသော အမှောင်မိုက်ဆုံး သားရဲကြီးသုံးကောင်မှာမူ၊ နဂါးပုံစံတစ်ခု၊ မြင်းစီးသူရဲတစ်ဦးနှင့် ကြီးမားသော သစ်ပင်ကြီးတစ်ပင်တို့ ဖြစ်ကြပေသည်။

တစ္ဆေတမန်တော် ရှစ်ဦးမှာ တစ္ဆေတံခါးပေါက်မှ ထွက်ခွာလာပြီးနောက်၊ သူတို့သည် ၀မ်လင်းဂိုဏ်း၊ ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့နှင့် အတော်လေး ဝေးကွာနေသေးသော်ငြားလည်း၊ အဆိုပါ ဂိုဏ်းသုံးဂိုဏ်းအတွင်းရှိ သက်တမ်းကုန်ဆုံးနေသော ဘိုးဘေးကြီးများမှာမူ ရင်ဆိုင်ရတော့မည့် ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်နေကြရလေပြီ။ သူတို့သည် ယနေ့တွင် တကယ်ပင် သေဆုံးရတော့မည်ဟူသော ကြိုတင်ခံစားမှုမျိုးကို ရရှိနေကြလေသည်။

"ငါ ဒီဘက်လမ်းကို သွားမယ်"

နဂါးကိုယ်ထည်နှင့် တစ္ဆေတမန်တော်က ၀မ်လင်းဂိုဏ်းရှိရာဘက်သို့ လက်ညိုးထိုးပြလိုက်လေသည်။

"ငါလည်း လိုက်ခဲ့မယ်"

အရိုးစုတစ်ခုက နောက်မှ လိုက်ပါသွား၏။

"ဒါဆို ငါက ဒီဘက်လမ်းကို သွားမယ်"

"ဘုရင်ကြီးအနေနဲ့ ငရဲတံခါးပေါက်ကို နေ့ဝက်လောက်ပဲ ထိန်းထားနိုင်မှာ။ လူဝင်စားခြင်းအာဏာကို ဖျက်ဆီးနေသူတွေကို ဒီအချိန်အတွင်းမှာ တတ်နိုင်သမျှ အများဆုံး ဖယ်ရှားပစ်ရမယ်"

"အမိန့်အတိုင်းပါ"

တစ္ဆေဘုံမှ တမန်တော်အတော်များများသည် ၎င်းတို့ သွားရောက်ရမည့် ပစ်မှတ်တိုက်ကြီးများဆီသို့ အသီးသီး ထွက်ခွာသွားကြလေတော့သည်။

ကွေ့ယွမ်ဘုရားကျောင်းရှိရာ ဘက်တွင်မူ၊ ကျင်းတောက်နှင့် သူ၏အဖွဲ့သည် ကောင်းကင်နှလုံးသားကျွန်းအား မည်သို့ရင်ဆိုင် ဖြေရှင်းရမည်ကို ဆွေးနွေးနေကြဆဲပင် ရှိသေး၏။ ထိုစဉ် ရုတ်တရက် ကွေ့ယွမ်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်မှာ ဘုရားကျောင်းတစ်ခုလုံးသို့ နတ်အာရုံဖြင့် သတင်းစကား ပေးပို့လိုက်လေသည်။

"မြန်မြန်လုပ်ကြ... အားလုံး သတိဝီရိယ ရှိကြစမ်း"

အလွန်တရာ အစွမ်းထက်လှသော အငွေ့အသက်နှစ်ခု ကွေ့ယွမ်ဘုရားကျောင်း၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာသည်ကို သူ အာရုံခံမိလိုက်ခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင်၊ မြင့်မြတ်ဝိညာဉ်ဂိုဏ်းရှိရာ ဘက်တွင်လည်း၊ မြင့်မြတ်ဝိညာဉ်ဂိုဏ်းချုပ်သည် ဂိုဏ်းဌာနချုပ်ဆီသို့ ဦးတည်လာသော အစွမ်းထက် အငွေ့အသက်သုံးခုကို အာရုံခံမိလိုက်လေသည်။

"ဘယ်သူကများ မြင့်မြတ်ဝိညာဉ်ဂိုဏ်းကို လာစော်ကားရဲတာလဲ"

မြင့်မြတ်ဝိညာဉ်ဂိုဏ်းချုပ်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

၀မ်လင်းဂိုဏ်းတွင်တော့၊ ကျိုးရွှမ်ရှန်းမှာ တံခါးပိတ်ကျင့်ကြံနေရာမှ လန့်နိုးလာခဲ့ရလေသည်။ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်သုံးခုကို အာရုံခံမိလိုက်သောအခါ၊ သူသည် သွေးအန်မတတ်ပင် ဖြစ်သွားရတော့၏။

အကယ်၍ သူသာ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့မည်ဆိုလျှင်၊ ယခင်က သူကြိုးပမ်းအားထုတ်ခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန် ဖြစ်သွားမည် မဟုတ်ပါလော။ သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သုံးခုမှာ ၀မ်လင်းဂိုဏ်းရှိရာဆီသို့ ဦးတည်လာနေခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်မလာခဲ့ပါက၊ ၀မ်လင်းဂိုဏ်းမှာ သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။

"ဒေါသထွက်လိုက်တာကွာ"

ကျိုးရွှမ်ရှန်းမှာ အလွန်အမင်း ဒေါသထွက်သွားခဲ့လေသည်။ သူသည် သူ၏ တံခါးပိတ်ကျင့်ကြံရာ နေရာမှ တဟုန်ထိုး ထွက်လာခဲ့ပြီး ရန်သူသုံးဦးအား ရင်ဆိုင်ရန် သွားရောက်ခဲ့လေတော့သည်။ ထိုအချိန်မှာပင် ကျိုးကျွင်းချန်သည်လည်း ရန်သူသုံးဦး၏ တည်ရှိမှုကို အာရုံခံမိလိုက်ပြီး တိုက်ပွဲဝင်ရန် ချက်ချင်း ထွက်လာခဲ့လေသည်။

သူ ရောက်ရှိသွားသောအခါ၊ ကျိုးရွှမ်ရှန်းမှာ သားရဲကြီးသုံးကောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။

"မင်းတို့တွေ..."

ကျိုးရွှမ်ရှန်းသည် တစ္ဆေတမန်တော် သုံးဦးအား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ မူလက ထိုတစ္ဆေတမန်တော် သုံးဦးမှာ အဇူရာတိမ်ဂိုဏ်းမှ မိစ္ဆာများဟုတ်၊ မဟုတ်ကို သူ မေးမြန်းလိုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် ယခင်က မိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ဤသားရဲကြီးသုံးကောင်၏ အငွေ့အသက်မှာ ဂူဟန်နှင့် လုံးဝ ကွဲပြားခြားနားနေကြောင်းကို သိလိုက်လေသည်။

ဤသားရဲကြီးသုံးကောင်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ သေခြင်းတရား၏ အငွေ့အသက်ဖြစ်ပြီး၊ သက်ရှိဇီဝ ဟူသည့် သဘောတရားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ တစ်ခဏချင်းအတွင်းမှာပင် ကျိုးရွှမ်ရှန်းသည် သဘောပေါက်သွားခဲ့ပြီး မေးလိုက်လေသည်။

"မင်းတို့က တစ္ဆေဘုံက တမန်တော်တွေလား"

သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့သော်ငြားလည်း၊ ယွင်မုန့်စိမ့်တောတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ကြားသိခဲ့ပြီးဖြစ်ကာ တစ္ဆေတမန်တော်များ တည်ရှိနေကြောင်းကို သိထားခဲ့လေသည်။

သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့၏။ တစ္ဆေဘုံမှ တမန်တော်များသည် ၀မ်လင်းဂိုဏ်းဆီသို့ တကယ်ကြီး ရောက်လာခဲ့ခြင်းလော။ ယွင်မုန့်စိမ့်တော တစ်နေရာတည်းတွင်သာ ရှိနေသည် မတ်ပါလော။

နဂါးကိုယ်ထည်နှင့် တစ္ဆေတမန်တော်က လှောင်ပြောင် သရော်လိုက်လေသည်။

"ငါတို့ကို သိနေမှတော့၊ ငါတို့ရဲ့ တာဝန်ဝတ္တရားတွေကိုလည်း မင်း နားလည်သင့်တာပေါ့။ သေစမ်း... မင်းကို တမလွန်လမ်းဆီ ပို့ပေးမယ်။ မင်းက သေလောက်တဲ့ အပြစ်မရှိဘူး ဆိုပေမဲ့လည်း၊ ငါတို့ရဲ့ လုပ်ရပ်တွေကို အတင်းအကျပ် ဝင်နှောင့်ယှက်နေမယ် ဆိုရင်တော့၊ မင်းကို အချိန်မတိုင်မီ သံသရာထဲ စောစောစီးစီး ပို့ပေးရတာကို ငါတို့ ဝန်လေးနေမှာ မတ်ဘူး"

ကျိုးရွှမ်ရှန်းက သူ၏ လှံတံကို ဝှေ့ယမ်းလိုက်လေသည်။

"မင်းတို့ရဲ့ အစွမ်းသတ္တိကို ကျုပ်လည်း ကြည့်ချင်နေတာပဲ"

တစ်ခဏချင်းအတွင်းမှာပင်၊ ကောင်းကင်နှင့် မြေပြင်အကြား၌ အဆုံးအစမရှိသော မီးတောက်မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မိုင်တစ်ထောင် ပတ်လည်ရှိ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ တစ္ဆေတမန်တော် သုံးဦးစလုံးကို ဝါးမျိုသွားလေတော့သည်။

"မင်းကို ငါကိုယ်တိုင် ရှင်းမယ်"

နဂါးကိုယ်ထည်နှင့် တစ္ဆေတမန်တော်သည် ၎င်း၏ နဂါးလက်သည်းကို ဆန့်ထုတ်လိုက်ရာ၊ မီးခိုးရောင် ကောင်းကင်နှင့်မြေပြင် တရားဥပဒေတစ်ခုသည် အရပ်လေးမျက်နှာဆီသို့ ပျံ့နှံ့သွားလေတော့သည်။ ထိုဥပဒေသ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မီးတောက်များအားလုံး ပျက်စီးသွားကြ၏။ ၎င်းမှာ မီးငြိမ်းသွားခြင်းမျိုး မတ်ဘဲ၊ မီးခိုးဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် လွင့်စင်ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေသည်။

"သူ့ကိုရင်ဆိုင်ဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်။ မင်းတို့နှစ်ယောက်က လူဝင်စားခြင်းအာဏာကို ဆက်ပြီး အကောင်အထည်ဖော်ကြ"

နဂါးကိုယ်ထည်နှင့် တစ္ဆေတမန်တော်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

ကျန်ရှိနေသော တစ္ဆေတမန်တော် နှစ်ဦးသည် ကျိုးရွှမ်ရှန်း၏ မီးတောက်ကမ္ဘာကြီးကို တိုက်ရိုက် ဖြတ်သန်းသွားကြပြီး ၀မ်လင်းဂိုဏ်းရှိရာဆီသို့ ဆက်လက် ထွက်ခွာသွားကြလေသည်။

"သူတို့ကို တားကြစမ်း"

ကျိုးရွှမ်ရှန်းသည် ၀မ်လင်းဂိုဏ်းရှိရာဆီသို့ သူ၏ နတ်အာရုံဖြင့် ဟိန်းဟောက် အမိန့်ပေးလိုက်လေသည်။

"ဂိုဏ်းရဲ့ မဟာကာကွယ်ရေး အစီအရင်ကြီးကို ဖွင့်လိုက်ကြ။ သူတို့ကို ဂိုဏ်းနယ်မြေထဲ လုံးဝ ပေးဝင်လို့ မဖြစ်ဘူး"

သူတို့ဂိုဏ်းမှ သက်တမ်းကုန်ဆုံးနေသော ဘိုးဘေးကြီးများအားလုံးသည် အလွန်တရာ အစွမ်းထက်ကြသော်ငြားလည်း၊ ဤတစ္ဆေတမန်တော်များကို ရင်ဆိုင်ရသည့်အခါတွင်မူ ကြောင်ရှေ့ရောက်နေသော ကြွက်များကဲ့သို့ ဖြစ်နေကြလေသည်။ အလွန်အမင်း ထိတ်လန့်နေသူများကို ထားလိုက်ပါတော့၊ မထိတ်လန့်သောသူ တစ်ဦးပင်လျှင် သူ၏ အပြည့်အဝ အင်အားထဲမှ ရာခိုင်နှုန်း ၂၀ မှ ၃၀ ခန့်ကိုသာ ထုတ်ဖော်သုံးစွဲနိုင်လောက်မည်ဖြစ်ပြီး၊ ထိုမျှ လုပ်နိုင်ခြင်းကပင် အလွန်တရာ ချီးကျူးလောက်စရာ ကောင်းနေပြီ ဖြစ်ပေသည်။

ကျိုးကျွင်းချန်သည် ကမန်းကတန်း ရှေ့သို့တက်ကာ တစ္ဆေတမန်တော် တစ်ဦးကို ကြားဖြတ် တားဆီးလိုက်လေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းငယ် အားနည်းသည် ဆိုသော်ငြားလည်း၊ သူသည် အနည်းဆုံးတော့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။

သို့ရာတွင် ၀မ်လင်းဂိုဏ်းဘက်သို့ လာသော တစ္ဆေတမန်တော်မှာ သုံးဦးပင် ရှိနေလေသည်။ တစ္ဆေတမန်တော် တစ်ဦးမှာ ကျိုးကျွင်းချန်အား ရင်ဆိုင်ရန် ကျန်ရစ်နေခဲ့ပြီး၊ နောက်ဆုံး ကျန်ရှိနေသော တစ္ဆေတမန်တော် တစ်ဦးမှာမူ ၀မ်လင်းဂိုဏ်းဆီသို့ ဆက်လက် ထွက်ခွာသွားတော့၏။

ထိုတစ္ဆေတမန်တော်သည် ၀မ်လင်းဂိုဏ်းနှင့် နီးကပ်လာသည်နှင့်အမျှ၊ ဂိုဏ်းအတွင်းရှိ သက်တမ်းကုန်ဆုံးနေသော ဘိုးဘေးကြီးများသည် သူတို့၏ ဝိညာဉ်များ ခန္ဓာကိုယ်ထဲမှ လွင့်ထွက်တော့မတတ် ခံစားလိုက်ကြရလေသည်။ သူတို့သည် ဘာလုပ်ရမှန်းမသိလောက်အောင် ထိတ်လန့်ခြောက်ခြားစွာဖြင့် အခေါင်းဖုံးများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိကြတော့သည်။

၀မ်လင်းဂိုဏ်း၏ မဟာကာကွယ်ရေး အစီအရင်ကြီး ပွင့်လာခဲ့လေပြီ။ များပြားလှစွာသော ဝိညာဉ်အခြေတည်အဆင့်နှင့် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် အစီအရင်ကို ထောက်ပံ့ပေးရန် အစွမ်းကုန် အာရုံစိုက်ထားကြပြီး၊ ချဉ်းကပ်လာသော တစ္ဆေတမန်တော်အား တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ကြည့်နေကြလေသည်။

၀မ်လင်းဂိုဏ်းဆီသို့ ရောက်လာသော တစ္ဆေတမန်တော်မှာ မြင်းစီးသူရဲ တစ္ဆေတမန်တော်ပင် ဖြစ်လေသည်။ သူသည် သူ၏ရှေ့ရှိ အံ့မခန်း အစွမ်းထက်လှသော ကာကွယ်ရေး အစီအရင်ကြီးကို ကြည့်ကာ၊ ၎င်း၏ လှံရှည်ကြီးဖြင့် ထိုးစိုက်လိုက်တော့၏။

"ဝုန်း"

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ၊ ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကြီးမှာ တုန်လှုပ်သွားခဲ့ပြီး ထိုးစိုက်လာသော လှံရှည်ကြီးကို တားဆီးနိုင်ခဲ့လေသည်။ သို့သော်လည်း မြင်းစီးသူရဲသည် ၎င်း၏ လှံရှည်ကြီးကို ကာကွယ်ရေး အစီအရင်ထဲသို့ ထိုးစိုက်ထားပြီး ပြန်လည် ရုပ်သိမ်းသွားခြင်း မရှိချေ။

နှိုင်းယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်လှသော သေခြင်းတရား စွမ်းအားတစ်ခုသည် လှံရှည်ကြီးထံမှတစ်ဆင့် ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ဆီသို့ တန်ထိုး စီးဆင်းသွားတော့၏။ ဂိုဏ်း၏ ကာကွယ်ရေး အစီအရင် အကာအကွယ်လွှာပေါ်တွင် မီးခိုးဖြူရောင် အစွန်းအထင်းတစ်ခု စွန်းထင်းသွားခဲ့လေသည်။ ဂိုဏ်း၏ ကာကွယ်ရေး အစီအရင် စွမ်းအားသည် ထိုမီးခိုးဖြူရောင် အကြွင်းအကျန်များကို အဆက်မပြတ် ဖယ်ရှားရှင်းလင်းနေခဲ့၏။

သို့ရာတွင် ထိုမီးခိုးဖြူရောင် အစက်အပြောက်မှာ ဖြည်းညှင်းစွာ ကျယ်ပြန့်လာနေပေသည်။ ကျယ်ပြန့်လာမှုနှုန်း နှေးကွေးသည် ဆိုသော်ငြားလည်း၊ ဤဦးတည်ချက်ကတော့ ထင်ရှားစွာ တည်ရှိနေပေသည်။

တဖြည်းဖြည်းနှင့် ကာကွယ်ရေး အစီအရင်ပေါ်တွင် သေးငယ်သော အပေါက်လေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ နောက်ဆုံးတွင်တော့ ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကြီးမှာ အက်ကွဲကြောင်းငယ်တစ်ခု ပွင့်သွားခဲ့လေပြီ။ ထိုအက်ကွဲကြောင်းလေး ပွင့်သွားသည်နှင့် တစ်ပြိုင်နက်၊ မီးခိုးဖြူရောင် သေခြင်းတရား စွမ်းအားများသည် ၀မ်လင်းဂိုဏ်း၏ အတွင်းပိုင်းဆီသို့ ပျံ့နှံ့ဝင်ရောက်သွားတော့၏။

သေခြင်းတရား စွမ်းအား အနည်းငယ်မျှ စွန်းထင်းသွားသော ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးမှာ၊ သူ၏ ဝိညာဉ် ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားခဲ့ရလေသည်။

၀မ်လင်းဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး၏ စိတ်နှလုံးထဲတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားကြလေတော့သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရာကြီးက ဘယ်နေရာမှ ထွက်လာခဲ့ခြင်းနည်း။ အဘယ်ကြောင့် ဤမျှအထိ ကြောက်စရာကောင်းနေရပါသနည်း။

ယခုအခါ ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကြီးမှာ သေခြင်းတရား၏ စွမ်းအားကြောင့် ပျက်စီးသွားခဲ့ပြီး ၀မ်လင်းဂိုဏ်း အတွင်းပိုင်းသို့ပင် ပျံ့နှံ့နေခဲ့ချေပြီ။ ဤအခြေအနေကို သူတို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမည်နည်း။

၀မ်လင်းဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာမှ ခပ်ဖွဖွ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ဒီကိစ္စကို ဒီအဖိုးကြီးကိုပဲ ကိုင်တွယ်ဖြေရှင်းခွင့် ပြုလိုက်ပါတော့"

ခန္ဓာကိုယ် သွေ့ခြောက် ပိန်လှီနေသော အဖိုးအိုတစ်ဦးသည် လူတိုင်း၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအဖိုးအို ထွက်ပေါ်လာသည့်အခါတွင်၊ ကောင်းကင်ယံမှ အဆုံးအစမရှိသော အလင်းရောင်များ ကျဆင်းလာခဲ့ပြီး၊ ကြီးမားကျယ်ပြန့်လှသော အလင်းစွမ်းအားက မြင်းစီးသူရဲ တစ္ဆေတမန်တော်၏ သေခြင်းတရား စွမ်းအားများကို လုံးဝ လွင့်စင်ပျောက်ကွယ်သွားစေခဲ့လေသည်။

မြင်းစီးသူရဲ တစ္ဆေတမန်တော်သည် ၎င်း၏ လှံရှည်ကြီးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ထိုအဖိုးအိုအား စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

"မင်းရဲ့ အချိန်ရောက်လာခဲ့ပြီ"

All Chapters