← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း ၈၁

"လျှပ်စီးစွမ်းရည် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းဟုတ်လား။"

ကျန်းဟန်ကွင်းထဲမှ လှမ်းထွက်လာပြီးနောက် တစ်ယောက်ယောက်က အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

"ဒါက ကျောက်စိမ်းပိုးကောင် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို သုံးနိုင်ရတာလဲ။ ငါတကယ် နားမလည်တော့ဘူး။"

"မဟုတ်သေးဘူး။ အခုလေးတင် ထွက်ပေါ်လာတာ လျှပ်စီးအလင်းတန်းလေ။ အဲဒါက ဘယ်လိုလုပ် ကျောက်စိမ်းပိုးကောင် ဖြစ်နိုင်မှာလဲ။"

"အဲဒါလည်း မမှန်သေးဘူး။ ကျန်းဟန်က အဆင့် (၁) အလုပ်သင် သားရဲထိန်းချုပ်သူပဲ ရှိသေးတာ။ သူက ဘယ်လိုလုပ် ဒုတိယမြောက် သားရဲတစ်ကောင် ရှိေနနိုင်မှာလဲ။ သူ့ရဲ့ အရင်သားရဲက အထင်အရှားကို ကျောက်စိမ်းပိုးကောင် ဖြစ်ခဲ့တာလေ။"

"ဒါမှမဟုတ် အစကတည်းက ကျောက်စိမ်းပိုးကောင် မဟုတ်ခဲ့တာများလား။ သူက တကယ်ပဲ တစ်ချိန်လုံး သူ့ရဲ့အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့တာလား။"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် အပြင်းအထန် ငြင်းခုံဆွေးနွေးသံများ ထွက်ပေါ်လာတော့သည်။ ကျန်းဟန်၏ နည်းလမ်းများက လူတိုင်းကို လုံးဝကို ဆွံ့အသွားစေခဲ့၏။ သူတို့ နားမလည်နိုင်၊ မယုံကြည်နိုင်ကြသော်လည်း ငြင်းပယ်၍မရသည့် ပြတ်သားလှသော အမှန်တရားကြီးက မျက်စိရှေ့မှောက်တွင် ရှိနေခဲ့လေသည်။

အချို့လူများက စည်းကမ်းကို ချိုးဖောက်ပြီး အဝေးမှ ကျန်းဟန်၏သားရဲကို ပိုကီဒက်များဖြင့် ခိုးယူစစ်ဆေးရန် ကြံရွယ်ခဲ့ကြသော်လည်း ကျန်းဟန်က ပိုင်လင်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ပြန်သိမ်းလိုက်သဖြင့် အခွင့်အရေး လုံးဝမရလိုက်ကြချေ။

"ကျန်းဟန် နိုင်ပွဲရရှိပြီး အကောင်းဆုံး ခြောက်ယောက်အဆင့်ကို တက်လှမ်းသွားပါပြီ။"

ဒိုင်လူကြီး၏ ကြေညာသံက အနည်းငယ် နောက်ကျပြီးမှ ထွက်ပေါ်လာခဲ့သည်။ ဒိုင်လူကြီးများကိုယ်တိုင်လည်း တော်တော်လေး အံ့အားသင့်သွားခဲ့ရ၏။

ကျန်းဟန်၏ ပိုင်လင်းသည် လျှပ်စီးပိုးကောင်တစ်ကောင် ဖြစ်နိုင်သည်ကို မည်သူမှ ရိပ်မိခြင်းမရှိသည်တော့ မဟုတ်ပေ။ သို့သော်လည်း သံသယအဆင့်သာ ဖြစ်သည်။ အကြောင်းမှာ ကျန်းဟန်၏ သားရဲသည် အမြဲတမ်း ကျောက်စိမ်းပိုးကောင်သာ ဖြစ်နေခဲ့သောကြောင့် သူတို့ အသေအချာ မပြောရဲကြခြင်းသာဖြစ်သည်။

ယခုမှသာ ထိုမှင်သက်ဖွယ် လျှပ်စီးရောင်ပြန်ဟပ်ခြင်းကို မြင်တွေ့လိုက်ရပြီးနောက် ဒိုင်လူကြီးအားလုံးက ထိုအရာသည် အမှန်တကယ်ပင် လျှပ်စီးပိုးကောင် ဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။

သို့သော်လည်း သူတို့ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်မှာ ကျောက်စိမ်းပိုးကောင်တစ်ကောင်က လျှပ်စီးပိုးကောင်အဖြစ် မည်သို့ ဆင့်ကဲပြောင်းလဲသွားရသနည်း။

သို့မဟုတ် အစကတည်းက လျှပ်စီးပိုးကောင် ဖြစ်နေခဲ့သော်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် စမ်းသပ်စစ်ဆေး၍မရဘဲ မျိုးဗီဇပြောင်း ကျောက်စိမ်းပိုးကောင်အဖြစ် အထင်မှားခံခဲ့ရခြင်းလော။

လူအများစုက ဒုတိယအချက်ကို ပို၍ ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ အခြေအနေမျိုးက မကြားဖူးသည်မဟုတ်သောကြောင့်ပင်။ အဆုံးတွင်တော့ ပိုကီဒက်များဆိုသည်မှာ လူသားများ တီထွင်ထားသည့် စက်ပစ္စည်းများသာ ဖြစ်သဖြင့် စစ်ဆေးမှု အမှားအယွင်းရှိခြင်းက ထူးဆန်းလှသည်တော့ မဟုတ်ပေ။

ကျောက်စိမ်းပိုးကောင်တစ်ကောင်က လျှပ်စီးပိုးကောင်အဖြစ် ဗီဇပြောင်းလဲခြင်း သို့မဟုတ် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သွားသည်ဟူသော ဘက်သို့မူ မည်သူမျှ မတွေးမိကြချေ။ ထိုသို့ဖြစ်နိုင်ချေမှာ အလွန်ပင် နည်းပါးလှသည်။

"ကျန်းဟန် နင့်ရဲ့ ပိုင်လင်းက ထပ်ပြီး သန်မာလာပြန်ပြီ။"

ကျန်းဟန် အောက်သို့ ဆင်းလာသောအခါ လီဇီဝေက သူ့ကို အားကျအတုယူဖွယ် မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

ပိုင်လင်း ယခုတစ်ကြိမ် ထုတ်လွှတ်လိုက်သည့် လျှပ်စီးအရှိန်အဝါက ယခင်ကထက် ပိုမိုပြင်းထန်လာသည်မှာ ထင်ရှားပေသည်။ တစ်လခွဲခန့်အတွင်းမှာတင် ကျန်းဟန်က ဤမျှအထိ ကြီးမားသော တိုးတက်မှုကို ရရှိအောင် ပြုလုပ်နိုင်ခဲ့သည်။

"ငါ ရလဒ်ကောင်း အနည်းငယ် ရခဲ့တာပါ။"

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။

လီဇီဝေ၏ အကြည့်များအပြင် ဘေးပတ်ဝန်းကျင်ရှိ မောင်မယ်များ၏ အကြည့်များကိုလည်း ကျန်းဟန် အထင်အရှား ခံစားမိနေသည်။

သူတို့သည် ယခင်က ကျန်းဟန်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြပြီး အဖြတ်လမ်းနည်းများ သုံး၍သာ အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု တွေးကာ သူ့ကို အထင်သေးခဲ့ကြသည်။

သို့သော် ယခုအခါ ကျန်းဟန်က သူ၏ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် တရားမျှတစွာ အလဲထိုးပြလိုက်သောအခါတွင်မူ သူတို့သည် ကျန်းဟန်၏ အစွမ်းအစ အစစ်အမှန်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြပြီး သူ့အပေါ် လေးစားအားကျမှုနှင့် ကြောက်ရွံ့ရိုသေမှုကို ခံစားလိုက်ရတော့သည်။

ယခုအခါ သူတို့သည် ကျန်းဟန်၏ ယခင်နည်းလမ်းများကို သူ၏ သားရဲအတွက် ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပေးနေခြင်းဖြစ်သည် အဓိပ္ပာယ်ကောက်ယူလိုက်ကြသည်။ သူက ဖြတ်လမ်းနည်း သုံးနေခြင်းမဟုတ်ဘဲ သူ့ရဲ့ ရန်သူများက သူ့ကို အစွမ်းကုန် ထုတ်သုံးပြရန် အဆင့်မမှီခဲ့ကြခြင်းသာ ဖြစ်သည်။

ကွင်းပြင်ပမှ စကားများလွန်းလှသော အဒေါ်ကြီးများနှင့် ဦးလေးကြီးများပင် ပါးစပ်ပိတ်သွားခဲ့ကြသည်။ ကျန်းဟန်၏ စွမ်းအားက သူတို့၏မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

ခဏတုန်းကတင် မစင်စားပြမည်ဟု အော်ဟစ်ကြုံးဝါးနေခဲ့သော လူတစ်ယောက်မှာမူ လူအများကြားတွင် အညွှန်ပြခံရမည်ကို စိုးရိမ်ထိတ်လန့်ကာ ရင်တုန်ပန်းတုန်ဖြင့် အစောကတည်းက တိတ်တဆိတ် နောက်ဆုတ်ပြီး ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။

"ဒါက အနည်းငယ် တိုးတက်ရုံတင် မဟုတ်ဘူး။ နင်က အများကြီးကို တိုးတက်လာတာပဲ။ နောက်ကျရင် ငါ့ကိုလည်း ငါ့သားရဲကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးဦး ဟုတ်ပြီလား။"

လီဇီဝေက သူမ၏ ဝိုင်းစက်လှပသော မျက်ဝန်းကြီးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ငါ အချိန်ရမရ အရင်ကြည့်လိုက်ဦးမယ်။"

ကျန်းဟန်က ထိုဖိတ်ခေါ်ချက်ကို ချက်ချင်း သဘောမတူလိုက်ပေ။ သူ့တွင် နေ့စဉ် ကိုယ်ပိုင်လေ့ကျင့်ရေး အစီအစဉ်များ ရှိနေပြီး အပိုအချိန် ဟူ၍ တကယ်ကို မရှိသလောက်ပင်။

"အင်းလေ။ ဒါဆိုလည်း ပြီးတာပဲ။"

လီဇီဝေက စိတ်မကြည်လင်သလို လေသံဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် စိတ်ကူးရကာ ပြောလိုက်သည်။

"ငါ သားရဲတွေ အများကြီးရှိတဲ့ နေရာတစ်ခု သိထားတယ်။ ပြီးတော့ သူတို့ရဲ့ အဆင့်တွေကလည်း မမြင့်ဘူး။ ငါတို့မြို့နဲ့လည်း အရမ်းနီးတယ်။ နင် ငါနဲ့အတူတူ သွားပြီး ရှာဖွေစူးစမ်းချင်လား။"

"ဟမ် အဲလိုနေရာမျိုး ရှိလို့လား။"

ကျန်းဟန်က မသိစိတ်ဖြင့် လှမ်းမေးလိုက်မိသည်။ ယုတ္တိဗေဒအရဆိုလျှင် မြို့ပတ်ပတ်လည်ရှိ သားရဲများကို ပုံမှန်ကင်းလှည့်အဖွဲ့များက ရှင်းလင်းထားပြီး ဖြစ်ရမည်။

"ဟွန့် ငါကရှိတယ်လို့ ပြောရင် တကယ်ရှိတာပဲ။"

လီဇီဝေက နှာခေါင်းရှုံ့လိုက်ပြီး ကျန်းဟန်အပေါ် အလွန်မကျေမနပ် ဖြစ်သွားခဲ့သည်။ သူမ စိတ်ထဲတွင်လည်း ကျန်းဟန်က တကယ် ပိုက်ဆံမက်တဲ့ကောင်ပဲဟု တွေးလိုက်မိ၏။ အကျိုးအမြတ်တစ်ခုခု ရှိမည်ဆိုပါက သူသည် ချက်ချင်း အချိန်ရှိသွားတတ်ပြီး သူမလို လှပတသည့် မိန်းကလေးတစ်ယောက်က ဖိတ်ခေါ်တာကိုကျတော့ ဘာမှမစဉ်းစားဘဲ ငြင်းပယ်လိုက်သည်။ ထို့ပြင်ဤသည်က ပထမဆုံး သို့မဟုတ် ဒုတိယအကြိမ်တင် မကတော့ချေ။

"အင်း... ဒါဆိုရင်တော့ သွားကြည့်ရကျိုး နပ်နိုင်ပါတယ်။ တိုက်ခိုက်ရေးလေ့ကျင့်မှုက သားရဲတွေအတွက် ကောင်းတယ်လေ။"

ကျန်းဟန်က လီဇီဝေ၏ မကျေမနပ်ဖြစ်မှုကို လုံးဝသတိမထားမိသည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။

"ဒါနဲ့... ငါတို့က နေရာတစ်ခု ရရှိထားပြီးပြီဆိုတော့ ဒီမှာ အချိန်ဖြုန်းမနေတော့ဘူး။ ငါတို့ရဲ့ ဆုလာဘ်တွေကို သွားထုတ်ပြီး စထွက်ကြရအောင်။"

ကျန်းဟန်က ထပ်လောင်းပြောလိုက်သည်။

သူသည် ပြီးခဲ့သည့်ပွဲတွင် အနိုင်ရရှိပြီးနောက် ထိပ်ဆုံး ခြောက်ယောက်စာရင်းတွင် နေရာတစ်ခု သေချာပေါက် ရရှိထားပြီးဖြစ်သည်။ ဤပြိုင်ပွဲသည် ရွေးချယ်ရေးပြိုင်ပွဲသာဖြစ်ပြီး အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ရန်မလိုသောကြောင့် ပြိုင်ပွဲက ဤနေရာတွင်တင် ပြီးဆုံးသွားပြီဖြစ်သည်။

"ကောင်းပြီလေ။"

လီဇီဝေသည် ကျန်းဟန်၏ စကားလမ်းကြောင်းလွှဲမှုကြောင့် အာရုံပြောင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် မကြာမီ သူတို့နှစ်ဦးသည် အနောက်ဘက်ရှိ ဒိုင်လူကြီးများခုံသို့ ရောက်ရှိသွားပြီး လေ့ကျင့်ရေးတာဝန်များ ရှိနေသည်ဟု အကြောင်းပြကာ စောစောထွက်ခွာရန် ခွင့်တောင်းလိုက်ကြသည်။

"ခဏလောက် ထပ်စောင့်ပါဦး။ ပြိုင်ပွဲက ပြီးခါနီးနေပြီ။ ပြီးရင် ဆုပေးပွဲအခမ်းအနား ရှိလိမ့်မယ်။ ဒါ့အပြင် မြို့က အကြီးအကဲတွေလည်း လာကြလိမ့်ဦးမယ်။"

ကျန်းဟန်၏ နိုင်ပွဲကို ခုနတင် ကြေညာပေးခဲ့သည့် ဒိုင်လူကြီးက ပြောလိုက်သည်။ သူသည် ချင်းယွမ်လေ့ကျင့်ရေးကွင်းမှ ဖြစ်ပြီး ကျန်းဟန်ကို တစ်လေးတစား မျက်လုံးများဖြင့် အမှန်တကယ်ပင် ကြည့်နေခဲ့သည်။

သူသည် ကျန်းဟန် ဤအဖွင့်ပြိုင်ပွဲအတွက် ပထမဆုံး လာရောက်စာရင်းသွင်းစဉ်က တွေ့ခဲ့ဖူးပြီး ရွယ်တူချင်းများကြားတွင် အရှက်မကွဲစေရန် စာရင်းမသွင်းဖို့ ကျန်းဟန်ကို အကြံပင်ပေးခဲ့ဖူးသေးသည်။

သို့သော်လည်း ဤမျှတိုတောင်းသော အချိန်အတွင်းမှာတင် ကျန်းဟန်က ထိုဝေဖန်ကဲ့ရဲ့သူများကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ ထို့အပြင် အမှိုက်အဆင့်ဟု ထင်ရသော ကျောက်စိမ်းပိုးကောင်ကလည်း ဘယ်လိုကြောင့်မှန်းမသိ လျှပ်စီးပိုးကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ကောင်းပါပြီလေ။"

ကျန်းဟန်က အနည်းငယ် စိတ်ပျက်သွား၏။ အကြီးအကဲများ၏ မိန့်ခွန်းများက ပျင်းစရာအကောင်းဆုံး အရာများပင် မဟုတ်ပါလော။

"ဟူး... ငါ ဘယ်တော့မှ ပိုက်ဆံအတွက် စိတ်မပူရဘဲ တောရိုင်းမြေထဲကို လွတ်လွတ်လပ်လပ် သွားပြီး ရှာဖွေစူးစမ်းနိုင်မှာပါလိမ့်။"

ကျန်းဟန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ကမ္ဘာကြီးက ကျယ်ပြောလှပြီး အတိုင်းအဆမရှိပါချေ။ သူက ထောင့်တစ်ထောင့်ထဲ၌ တကယ်ကို အောင်းမနေချင်ပေ။ သို့သော် အနည်းဆုံး တစ်နှစ်ခန့်အတွင်း တောရိုင်းမြေထဲသို့ တစ်ယောက်တည်း စွန့်စားသွားလာနိုင်မည့် အင်အားမျိုး သူ့တွင် မရှိသေးသည်က နှမြောစရာပင်။

ယခုမူ ပိုက်ဆံနှင့် အရင်းအမြစ်များအတွက် သူ အစစအရာရာကို တွက်ကပ်နေရပေဦးမည်။

နောက်ထပ် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ပြိုင်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

ကျန်းဟန်နှင့် လီဇီဝေတို့အပြင် ကျန်ရှိသည့် လေးယောက်မှာ ငွေရောင်လွှသွားကင်းခြေများကို ပိုင်ဆိုင်ထားသည့် ဟွမ်ထောင်း၊ သစ်သားဒြပ်စင် သားရဲဖြစ်သော နွယ်စိမ်းမြွေရှိသည့် လျူဝမ်ဝမ်၊ ရေဒြပ်စင်သားရဲဖြစ်သော စိမ့်ကြီးဖားရှိသည့် ဟွေ့ရှင်းနှင့် ပုန်းကွယ်နိုင်စွမ်းရှိသည့် ပုတ်သင်ညိုကို ပိုင်ဆိုင်ထားသူတစ်ဦးတို့ ဖြစ်ကြသည်။

ဤလေးယောက်သည်လည်း အလုပ်သင် သားရဲထိန်းသူများ ဖြစ်ကြသော်လည်း သူတို့၏ သားရဲများမှာ လက်ရွေးစင်အဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူတို့သည် အဆင့် (၂) အခြေခံအဆင့် သားရဲထိန်းချုပ်ဖြစ်လာရန် မဝေးတော့ကြောင်း ပြသနေပေသည်။

သို့သော် လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ ပြိုင်ပွဲက ပြီးဆုံးသွားသော်လည်း အကြီးအကဲများက ရောက်မလာသေးသဖြင့် သူတို့ ဆက်လက်စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

"မင်္ဂလာပါ။ ငါက ဟွမ်ထောင်း။ မင်းရဲ့ သားရဲက လျှပ်စီးပိုးကောင်လား။ သူက တကယ် အစွမ်းထက်တာပဲ။"

ငွေရောင်လွှသွားကင်းခြေများကို ပိုင်ဆိုင်ထားသည့် ဟွမ်ထောင်းက ကျန်းဟန်ထံသို့ လာရောက်၍ မိမိကိုယ်ကို ဦးစွာ မိတ်ဆက်လိုက်လေသည်။

"မင်းလည်း အရမ်း သန်မာပါတယ်။ ငါ့နာမည်က ကျန်းဟန်ပါ။"

ကျန်းဟန်ကလည်း သူ့ကိုယ်သူ ပြန်လည်မိတ်ဆက်လိုက်သည်။ ဟွမ်ထောင်း၏ သားရဲသည် ပိုင်လင်းအပြင် လက်ရှိရှိနေသူများထဲတွင် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို တတ်မြောက်ထားသည့် တစ်ကောင်တည်းသော သားရဲ ဖြစ်သည်။

"မင်္ဂလာပါ...ငါက လျူဝမ်ဝမ်"

ကျန်ရှိသည့် မောင်မယ်များကလည်း တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်လာကြသည်။ နောက်ဆုံးတွင် သူတို့အားလုံးသည် အသင်းတစ်သင်းတည်းအဖြစ် စုစည်းပြီး လာမည့်တိုက်ပွဲများတွင် ရှန်းဟွာမြို့ကို ကိုယ်စားပြု၍ သွားကြရမည် မဟုတ်ပါလော။

လူတိုင်း မိတ်ဆက်လို့ပြီးသွားသည့်အချိန်တွင်မှ မြို့၏ အကြီးအကဲများက နောက်ဆုံးတွင် ရောက်ရှိလာကြတော့သည်။

ဆုပေးပွဲအခမ်းအနားကို မြန်မြန်ဆန်ဆန်ပင် ကျင်းပခဲ့ပြီး ကျန်းဟန်အပါအဝင် ခြောက်ယောက်စလုံးသည် ငွေသားဆု ယွမ် ၁၀၀၀၀ စီ လက်ခံရရှိခဲ့ကြသည်။

နောက်ဆုံးတွင် အကြီးအကဲဖြစ်သူက လမ်းညွှန်မှာကြားချက်များ ပေးရန်အတွက် သူတို့အားလုံးကို တစ်ဖက်သို့ သီးသန့်ခေါ်ထုတ်သွားခဲ့သည်။

"မင်းတို့အားလုံးက ငါတို့မြို့ရဲ့ ဂုဏ်ဆောင်တွေပဲ။ အခုကစပြီး တစ်လအကြာမှာ မင်းတို့တွေက ငါတို့မြို့ကို ကိုယ်စားပြုပြီး ခရိုင်လေးခုပူးပေါင်းပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ကြရလိမ့်မယ်။

အဲဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းပေါင်း ၃၂ သင်း ရှိတယ်။ မင်းတို့အသင်းအနေနဲ့ အကောင်းဆုံး ထိပ်သီးဆယ်သင်းထဲ ဝင်ရုံနဲ့ ပွဲစီစဉ်သူတွေဆီကနေ ဆုကြေးငွေ ယွမ် ၁၀၀၀၀၀ တင် ရမှာမဟုတ်ဘူး။ ငါတို့မြို့ကနေလည်း မင်းတို့တစ်ယောက်ချင်းစီကို သီးသန့်ဆုလာဘ်အနေနဲ့ ယွမ် ၅၀၀၀၀ စီ ထပ်ဆောင်းချီးမြှင့်ဦးမှာပါ။

ဒါ့အပြင် အဆင့်တစ်ဆင့် တက်သွားတိုင်း တက်သွားတိုင်းအတွက် မြို့ကနေ နောက်ထပ် ယွမ် ၅၀၀၀၀ စီ ထပ်တိုးဆုချဦးမှာဖြစ်လို့ မြို့ရဲ့ မျှော်လင့်ချက်တွေကို အပျက်စီးမခံကြပါနဲ့။"

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားဝမ်းသာသည့် အရိပ်အယောင်များ မဖုံးကွယ်နိုင်ဘဲ ပေါ်ထွက်လာကြတော့သည်။ မူလက ဤပြိုင်ပွဲ၏ ဆုကြေးမှာ ထူးထူးခြားခြား အများကြီးမဟုတ်သော်လည်း ယခုကဲ့သို့ ထပ်ဆောင်းဆုလာဘ်များ ရှိလာသဖြင့် တကယ့်ကို အမြောက်အမြား ဖြစ်သွားခဲ့ပြီဖြစ်သည်။

အခန်း ၈၂

"မြို့နယ်အဆင့် လူရွေးပွဲက နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ။ ဒီအကြီးအကဲတွေက တကယ့်ကို တော်တော်စကားများတာပဲ။"

လီဇီဝေက သူမ၏ခြေထောက်များကို ဆန့်ထုတ်လိုက်ရင်း ညည်းညူလိုက်သည်။

"ပြီးသွားပြီဆိုတော့ ငါ အရင်ပြန်တော့မယ်။ မင်းက အိမ်ပြန်မှာလား ဒါမှမဟုတ် ကျောင်းကို ပြန်မှာလား။"

ကျန်းဟန်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

"ငါ အိမ်ပဲ ပြန်တော့မယ်။ မနက်ဖြန်ကျရင် ငါ ခုနကပြောတဲ့ နေရာကို အတူတူ သွားကြမလား။"

လီဇီဝေက ကျန်းဟန်ကို ကြည့်ကာ အကြံပြုလိုက်သည်။

"ကောင်းပြီလေ။ အဲဒီနေရာက ဘယ်နားမှာလဲ။"

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။

"အဲဒါက ရှန်းဟွာမြို့ရဲ့ အရှေ့တောင်ဘက်အစွန်း မြစ်တစ်စင်းရဲ့ ဘေးကပ်လျက်မှာပဲ။ မနက်ဖြန်မနက်ကျရင် မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ လပြာရောင် သားရဲမွေးမြူရေးဂေဟာ ရှေ့မှာ ဆုံကြရအောင်။ ငါ နင့်ကို ခေါ်သွားပေးမယ်။"

လီဇီဝေက ရှင်းပြလိုက်သည်။

"ကောင်းပြီ။ မနက်ဖြန်မှ တွေ့ကြတာပေါ့။"

ကျန်းဟန်က လီဇီဝေကို လက်ပြနှုတ်ဆက်ပြီး လှည့်ထွက်ခဲ့လိုက်တော့သည်။

လီဇီဝေတစ်ယောက် ထွက်ခွာသွားသော ကျန်းဟန်၏ ကျောပြင်ကို ကြည့်ကာ အနည်းငယ် စိတ်တိုသွားပြီး ခဏမျှ စိုက်ကြည့်နေပြီးနောက် ခြေဆောင့်ကာ လှည့်ထွက်သွားတော့သည်။

"ပိုင်လင်း မင်းရဲ့ ဒီနေ့ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်။"လ

လမ်းပေါ်တွင် လမ်းလျှောက်နေရင်း ကျန်းဟန်က ပိုင်လင်းကို အပြင်သို့ ခေါ်ထုတ်ကာ ချီးမွမ်းလိုက်သည်။

"ကျိ..."

ပိုင်လင်းက ပျော်ရွှင်စွာ အော်မြည်လိုက်ပြီး ကျန်းဟန်၏ ပေါင်ကို လာရောက်ပွတ်သီးပွတ်သပ် လုပ်နေကာ သူ၏ ပွတ်သပ်ချော့မြူမှုကို စောင့်မျှော်နေပုံရသည်။

"ဟားဟား မင်းသာ ဖိအားပေးခြင်းစွမ်းရည်ကို အမြန်ဆုံး တတ်မြောက်နိုင်ရင် ပိုတောင်ကောင်းဦးမယ်။"

ကျန်းဟန်က ၎င်းကို ပွတ်သပ်ပေးလိုက်သည်။ တစ်ဆယ့်လေးရက်တာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ပိုင်လင်း၏ နဂါးမျိုးဆက်အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးရန် ခြောက်ရက်သာ လိုတော့သည်။ သော်လည်း ၎င်းသည် ဖိအားပေးခြင်းစွမ်းရည်ကို တတ်မြောက်ခြင်း မရှိသေးချေ။

ယင်းက ကျန်းဟန်ကို အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်။ ဖိအားပေးခြင်းစွမ်းရည်ကို မတတ်မြောက်ဘဲ အချိန်ကန့်သတ်ချက် ပြည့်သွားပါက ဘာဖြစ်လာမည်ကို သူ မသိပေ။

တိုက်ရိုက် ကျရှုံးသွားမလား သို့မဟုတ် အခြားတစ်ခုခု ဖြစ်သွားမလား။

ထို့ကြောင့်ပင် လီဇီဝေက ထိုနေရာတွင် တောရိုင်းသားရဲများ ရှိသည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ပိုင်လင်းအနေဖြင့် ဖိအားစွမ်းရည်ကို တတ်မြောက်သွားနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

ကျန်းဟန်တွင် သဘာဝအတိုင်း အိမ်ပြန်ရန် အစီအစဉ် မရှိပေ။ သူသည် ကျောင်းသို့ တိုက်ရိုက်ပြန်လာခဲ့ပြီး နေ့လယ်စာ စားသောက်ပြီးနောက် ပိုင်လင်းနှင့်အတူ ယနေ့အတွက် လေ့ကျင့်ရေးကို စတင်လိုက်တော့သည်။

ပိုင်လင်းသည် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းအတွက် လေ့ကျင့်ရေးအစီအစဉ်ကို ကျင့်သားရနေပြီ ဖြစ်သည်။ ယခုအခါ ၎င်း၏ လေ့ကျင့်မှုအဆင့်သည် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း၏ သတ်မှတ်ချက်များကို ကျော်လွန်နေပြီဖြစ်ရာ အားလုံးကို လေ့ကျင့်ရန် သုံးနာရီခန့်သာ ကြာမြင့်တော့သည်။

လေ့ကျင့်မှု ပြီးဆုံးသွားပြီးနောက် ကျန်းဟန်က ၎င်းကို အနားယူခိုင်းလိုက်၏။ အကြောင်းမှာ ခဏနေလျှင် ဆေးသောက်ရဦးမည် ဖြစ်သောကြောင့်ပင်။

ယခုအခါ ပိုင်လင်း၏ သားးရဲအမြုတေသသည် လုံးဝနီးပါး လျှပ်စီးဒြပ်စင် ဖြစ်နေပြီဖြစ်သည်။ ယခင်က စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို တစ်ကြိမ်သာ သုံးနိုင်ခဲ့သော်လည်း ယခုမူ ခဏမျှ ပြန်လည်အားဖြည့်ပြီးနောက် ဒုတိယအကြိမ်ပါ အသုံးပြုနိုင်နေပြီ ဖြစ်သည်။

စိတ်စွမ်းအားကျင့်စဉ် ခဏမျှ လေ့ကျင့်ပြီးနောက် ကျန်းဟန်လည်း အနားယူလိုက်ပြီး မနက်ဖြန် လီဇီဝေပြောသည့် နေရာသို့ သွားမည့်ခရီးစဉ်အတွက် လိုအပ်သည့်အရာများကို စတင်ပြင်ဆင်တော့သည်။

ထိုနေရာသည် ရှန်းဟွာမြို့၏ နယ်နိမိတ်အတွင်း၌သာ ရှိသေးသည်ဆိုသော်လည်း တောရိုင်းမြေနှင့် နီးကပ်နေသဖြင့် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားသည်က ပို၍စိတ်ချရသည်။

အသက်ရှင်သန်ရေးနှင့် ရှေးဦးသူနာပြုပစ္စည်းများက မရှိမဖြစ် လိုအပ်သည်။ သူ၏ လက်ရှိစွမ်းရည်များက အားနည်းနေသေးသဖြင့် ထိုအရာများက မရှိမဖြစ်ပင် ဖြစ်သည်။

ပစ္စည်းများ ထုပ်ပိုးပြီးနောက် ကျန်းဟန်က ဟုတ်ဟုတ်ကို အစာကျွေးလိုက်သည်။ ၎င်းနှင့် ထားခဲ့သော လောင်းကြေးမှာမူ သက်ဆိုင်ရာ အထူးပတ်ဝန်းကျင်ကို ရှာမတွေ့သေးသဖြင့် မစတင်ရသေးချေ။

အရာအားလုံး ပြီးစီးသွားချိန်တွင် ညဆယ်နာရီကျော်သွားပြီ ဖြစ်သည်။ ကျန်းဟန် မျက်နှာသစ်ကာ အနားယူရန် လှဲလျောင်းလိုက်တော့သည်။ သူသည် နေ့စဉ်နေ့တိုင်းကို အလွန်အနှစ်သာရရှိရှိ ဖြတ်သန်းနေထိုင်လျက် ရှိသည်။

နောက်တစ်နေ့မနက်တွင် ကျန်းဟန်သည် မနက်စာစားပြီး လီဇီဝေပြောထားသည့် ဆုံရပ်သို့ ထွက်ခွာလာခဲ့လိုက်သည်။

ကျန်းဟန် လပြာရောင် သားရဲမွေးမြူရေးဂေဟာသို့ ရောက်ရှိချိန်တွင် လီဇီဝေက ရောက်မလာသေးချေ။ သို့သော်လည်း သူ မလောပါချေ။ ပိုင်လင်းကို ဘေးတွင် အလိုအလျောက် ဆော့ကစားခိုင်းထားလိုက်ပြီး သူကမူ မွေးမြူရေးဂေဟာရှေ့ရှိ ကုလားထိုင်တစ်ခုတွင် ထိုင်ကာ သားရဲမွေးမြူရေးဆိုင်ရာ ဗဟုသုတစာအုပ်များကို စတင်ဖတ်ရှုနေလိုက်သည်။

မွေးမြူရေးဆရာသည် မွေးမြူရေးနှင့်ပတ်သက်သော ဗဟုသုတများကို သင်ကြားပေးခဲ့ဖူးသော်လည်း ၎င်းတို့သည် အထူးပြုမွေးမြူရေးအတန်းမဟုတ်သည့်အပြင် အလွန်အမင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်မလိုသောကြောင့် သားရဲထိန်းချုပ်ခြင်းနှင့် ပြုစုပျိုးထောင်ခြင်းဆိုင်ရာ ကဏ္ဍများကိုသာ အဓိကထား သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ကျန်းဟန် လက်ရှိဖတ်နေသည့် စာအုပ်မှာ ဝိညာဉ်အပင် စိုက်ပျိုးခြင်းအကြောင်း ဖြစ်သည်။

ထိုစာအုပ်ထဲတွင် သူ အလွန်စိတ်ဝင်စားသည့် အခန်းနှစ်ခန်း ပါဝင်သည်။ တစ်ခန်းမှာ ဝိညာဉ်အပင်များမှ ဖော်စပ်ထားသည့် ဆေးရည်များအကြောင်း ဖြစ်သည်။ စာအုပ်ထဲတွင် ရေးသားထားချက်အရ ဝိညာဉ်အပင်များဖြင့် ပြုလုပ်ထားသော ဆေးရည်များသည် သားရဲထိန်းချုပ်သူများ၏ သားရဲများကို အစာကျွေးသည့် နည်းလမ်းတစ်ခုသာဖြစ်ပြီး ၎င်းသည် ပမာဏနှင့် အချိန်အပိုင်းအခြားကို တိတိကျကျ သတ်မှတ်ပေးနိုင်သဖြင့် ထိန်းချုပ်ရလွယ်ကူစေသည်ဟု ဆိုသည်။

သို့သော်လည်း ရှေးယခင်က တိုက်ရိုက်အစာကျွေးခြင်းကို အလေးပေးသည့် ဂိုဏ်းခွဲတစ်ခု ရှိခဲ့ဖူးသည်။ ထိုနည်းလမ်းသည် သားရဲများ၏ ဆင့်ကဲပြောင်းလဲခြင်းကို ပိုမိုဖြစ်ပေါ်စေပြီး မည်သည့်ကန့်သတ်ချက်မှမရှိဟု ဆိုကြသော်လည်း ၎င်းအကြောင်းကို အသေးစိတ် ရေးသားထားခြင်းမရှိဘဲ ယခုအခါတွင် ထိုနည်းလမ်းမှာ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ကြောင်းသာ ဖော်ပြထားသည်။

အခြားတစ်ခန်းမှာမူ သားရဲများ၏ ပေါင်းစပ်ဗီဇဆင့်ကဲပြောင်းလဲခြင်းအကြောင်း ဖြစ်သည်။ စာအုပ်ထဲတွင် သားရဲအချို့ကို သတ်မှတ်ထားသော လှုံ့ဆော်မှုအချို့မှတစ်ဆင့် အတူတူ ပေါင်းစပ်ပေးနိုင်ပြီး ပေါင်းစပ်ဗီဇဆင့်ကဲပြောင်းလဲခြင်း ပြီးမြောက်သွားပြီးနောက် ၎င်းတို့၏ အစွမ်းနှင့် အလားအလာမှာ ပုံမှန်အားဖြင့် ကောင်းကင်သို့ ထိုးတက်သွားတတ်သည်ဟု ရေးသားထားသည်။

အထင်ရှားဆုံး ဥပမာများမှာ မြင်းမြီးပိုးကောင်နှင့် ပုစဥ်းရင်ကွဲတို့ ဖြစ်ကြသည်။ ထိုသားရဲနှစ်ကောင် ပေါင်းစပ်ဗီဇဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ပြီးနောက် ထွက်ပေါ်လာသည့် သားရဲကောင်၏ အလားအလာမှာ အဆမတန် မြင့်တက်သွားပြီး ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သိသိသာသာ တိုးပွားလာခဲ့သည်။

ထိုဂိုဏ်းခွဲတွင် အကျော်ကြားဆုံး သားရဲမှာ အလင်း-အမှောင် အရိုးစုပုစဥ်းရင်ကွဲ ဖြစ်သည်။ ၎င်းသည် အလင်းဓာတ် မြင်းမြီးပိုးကောင်နှင့် အရိုးစု ပုစဥ်းရင်ကွဲ တို့ကို ပေါင်းစပ်ဗီဇဆင့်ကဲပြောင်းလဲခြင်းဖြင့် လူသားတို့ ဖန်တီးထားသည့် သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းတွင် ကြယ်ခုနစ်ပွင့်အဆင့် အလားအလာ ရှိပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အကန့်အသတ်မရှိ ပြင်းထန်လှသည်။ ၎င်းသာ အရွယ်ရောက်ကြီးပြင်းလာပါက အဆင့် (၇) အုပ်စိုးသူအဆင့် သားရဲများထဲတွင် အသန်မာဆုံး ဖြစ်လာမည်မှာ သေချာပြီး ဒဏ္ဍာရီလာ အဆင့် (၈) မသေမျိုးအဆင့် သားရဲများနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

သို့သော်လည်း အလင်းနှင့် အမှောင်တို့၏ ပေါင်းစပ်မှု အောင်မြင်နိုင်ချေမှာ အလွန်နည်းပါးလွန်းလှသဖြင့် ထိုဂိုဏ်းခွဲကို စတင်တည်ထွင်ခဲ့သည့် အချိန်မှစ၍ အလင်း-အမှောင် အရိုးစုပုစဥ်းရင်ကွဲဟူ၍ နှစ်ကောင်သာ ထွက်ပေါ်လာဖူးသေးသည်။ အောင်မြင်မှုနှုန်းမှာ တစ်သောင်းပုံ တစ်ပုံပင်မရှိချေ။

ယခု လောကတွင် ကျန်ရှိနေသည့် တစ်ကောင်တည်းသော သားရဲမှာ ယုန်နိုင်ငံ သားရဲထိန်းချုပ်ခြင်း စီမံခန့်ခွဲမှုဌာန၏ ညွှန်ကြားရေးမှူး ကျန်းချန်ကွမ်း၏ ဂုဏ်ထူးဆောင် သားရဲပင် ဖြစ်သည်။

အခြားတစ်ကောင်မှာမူ မူလက အလင်း-အမှောင် ဆုံစည်းခြင်းဟု လူသိများသည့် ထိပ်သီး သားရဲထိန်းချုပ်သူ ကျိရုယွီ၏ လက်ထဲတွင် ရှိခဲ့ဖူးသည်။ သို့သော်လည်း သူမသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က အိုရှန်းနီးယားဒေသကို သွားရောက်ရှာဖွေစူးစမ်းရင်း သေဆုံးသွားခဲ့သည်။

သူမသည် ဒဏ္ဍာရီလာ အဆင့် (၈) မသေမျိုးအဆင့် သားရဲ ပေတစ်ထောင် အမှောင်ည ပင်လယ်ငါးမန်းကြီးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုကြသည်။ နှစ်ဦးနှစ်ဖက်စလုံးသည် သုံးရက်နှင့် သုံးညတိုင်တိုင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး အိုရှန်းနီးယား၏ အရှေ့တောင်ဘက်ထောင့်ရှိ ဝဲဂယက်ပင်လယ်ပြင်ကို ရိုက်ခွဲပစ်ခဲ့ကြရာမှ အဆုံးမဲ့ အလင်း-အမှောင် ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုဝဲဂယက်ပင်လယ်ပြင်ကိုလည်း ၎င်းကို အစွဲပြု၍ အမည်မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

မသေမျိုးအဆင့် ပေတစ်ထောင် အမှောင်ည ပင်လယ်ငါးမန်းကြီးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် သေလုမြောပါး ဖြစ်အောင် အကြိမ်ကြိမ် အင်အားသုံး တိုက်ခိုက်ခြင်း ခံခဲ့ရသော်လည်း ၎င်း၏ အစွမ်းထက်လှသော မသေနိုင်သည့် စွမ်းရည်ကို အားပြုကာ ပြန်ထလာခဲ့ပြီး နောက်ဆုံးတွင် ကျိရုယွီ၏ သားရဲများအားလုံး အမောဆို့ကာ သေဆုံးသွားသည်အထိ တိုက်ခိုက်ခဲ့သဖြင့် ကျိရုယွီသည်လည်း ထိုပင်လယ်ပြင်၌ပင် ၎င်းနှင့်အတူ သေဆုံးသွားခဲ့ရလေသည်။

ကျိရုယွီအနေဖြင့် ထိုမသေမျိုးအဆင့် သားရဲကြီးကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အလင်း-အမှောင် အရိုးစုပုစဥ်းရင်ကွဲကို အားကိုးခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ ထိုသားရဲသည် သူ မသေဆုံးမီ မကြုံစဖူး ထူးခြားသည့် စွမ်းရည်တစ်ခုကို တတ်မြောက်သွားခဲ့ပြီဆင့်ကဲခြင်း ဂိုဏ်းခွဲ၏ အစွမ်းထက်မှုကို သက်သေပြနေပေသည်။ အခြားသော သားရဲများဖြစ်သည့် အစွန်းရောက် သွေးသစ်သားပုစဥ်းရင်ကွဲဆိုလျှင် သစ်သားဒြပ်စင် ပုစဥ်းရင်ကွဲနှင့် သွေးမျိုးနွယ်စု သွေးပိုးကောင်တို့ ပေါင်းစပ်၍ ဗီဇပြောင်းလဲခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတွင် ကြယ်ငါးပွင့်အဆင့် အလားအလာရှိပြီး အနှိုင်းမဲ့ အစွမ်းထက်သော ထိန်းချုပ်မှုနှင့် ပြန်လည်ကုစားနိုင်ခြင်း စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

ထို့ပြင် ကြယ်လေးပွင့်အဆင့် အလားအလာရှိသော မြွေအမြီး ဓားသွားဆင်ရိုင်းလည်း ရှိသေးသည်။ ၎င်းသည် ဓားစွယ်ဆင်ရိုင်းနှင့် မြွေခလောက်တို့ကို ပေါင်းစပ်ထားသည့် သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းတွင် ဓားသွားစွယ်ဆင်ရိုင်း၏ အစွမ်းထက်သော ခုခံကာကွယ်မှုနှင့် တိုက်ခိုက်မှုများ ရှိသည့်အပြင် မြွေခလောက်၏ အဆိပ်နှင့် အနီအောက်ရောင်ခြည် အာရုံခံနိုင်စွမ်းတို့ကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းသည်လည်း ရင်ဆိုင်ရ အလွန်ခက်ခဲသော သားရဲတစ်ကောင် ဖြစ်သည်။

အမှန်တကယ်တော့ ထိုနည်းလမ်းသည် အစောပိုင်းကာလများတွင် အရည်အချင်းညံ့ဖျက်သော သားရဲများနှင့် စာချုပ်ချုပ်ဆိုထားမိသည့် သားရဲထိန်းချုပ်သူအချို့က သားရဲများကို ပေါင်းစပ်ရန်အတွက် တီထွင်ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် သာမန်အရပ်သား သားရဲထိန်းချုပ်သူများ၏ သားရဲများသည် အစောပိုင်းအဆင့်တွင် ကြယ်သုံးပွင့်အဆင့် အလားအလာသာ ရှိကြသည်။ ၎င်းတို့ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိလာသောအခါ ထိုသားရဲများသည် သားရဲထိန်းချုပ်သူ၏ အလုံးစုံသော အင်အားတိုးတက်မှုကို မလိုက်မှီနိုင်တော့ချေ။ ထို့ကြောင့် အချို့လူများက ထိုအားနည်းချက်ကို ဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် သားရဲများ ပေါင်းစပ်ဗီဇဆင့်ကဲပြောင်းလဲခြင်း နည်းလမ်းကို စဉ်းစားမိခဲ့ကြရာမှ နောက်ဆုံးတွင် ဂိုဏ်းခွဲတစ်ခုအဖြစ်သို့ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းဟန်သည် ထိုစာအုပ်ကို ဖတ်ရှုရင်း ထိုဂိုဏ်းခွဲအပေါ် အလွန်စိတ်ဝင်စားသွားပြီး ထိုဂိုဏ်းခွဲကို စတင်တည်ထောင်ခဲ့သည့် သားရဲထိန်းချုပ်သူများကိုလည်း အလွန်အမင်း အံ့ဩချီးကျူးမိနေသည်။

"ကျန်းဟန် နင်ဘာစာအုပ်ဖတ်နေတာလဲ။ တကယ့်ကို စိတ်ဝင်တစားနဲ့ အာရုံစိုက်ပြီးကို ဖတ်နေတာပဲ။"

ကျန်းဟန် စာအုပ်ကမ္ဘာထဲတွင် စီးမျောနေစဉ်အတွင်း လီဇီဝေတစ်ယောက် သူ့အနားသို့ လျှောက်လာခဲ့သည်ကိုပင် သူ သတိမထားမိခဲ့ပေ။ သူမ စကားပြောလိုက်သည့် အချိန်ကျမှသာ သတိပြုမိလိုက်တော့သည်။

All Chapters