← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း ၈၃

"သားရဲမွေးမြူရေးဆိုင်ရာ စာအုပ်တွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းလို့ပါ။"

ကျန်းဟန်က မော့ကြည့်လိုက်ပြီး သူဖတ်နေသည့် စာအုပ်ကို လီဇီဝေအား ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် လီဇီဝေနှင့်အတူ ပါလာသည့် လူနှစ်ယောက်ကို ကြည့်ပြီး သူ သိချင်စိတ် ဖြစ်သွားမိသည်။

"နင်က တကယ့်ကို ကြိုးစားတဲ့သူပဲ။ ဒီလိုအချိန်မျိုးမှာတောင် စာဖတ်နေသေးတယ်။"

လီဇီဝေသည် ကျန်းဟန်၏ ဝါသနာအသစ်ကို ရှာဖွေတွေ့ရှိသွားပြီဟု ထင်မှတ်ခဲ့သော်လည်း အနီးကပ်ကြည့်လိုက်သည့်အခါ သားရဲထိန်းချုပ်ခြင်းဆိုင်ရာ စာအုပ်ဖြစ်နေသဖြင့် ချက်ချင်းပင် စိတ်ပါဝင်စားမှု လျော့နည်းသွားတော့သည်။

ကျန်းဟန်အနေဖြင့် တစ်နေ့ကုန် လေ့ကျင့်လိုက်၊ စာဖတ်လိုက်၊ လေ့လာလိုက်ဖြင့် မည်သို့ စည်းကမ်းရှိရှိ ဖြတ်သန်းနေသည်ကို သူမ နားမလည်နိုင်ချေ။ သူမသာဆိုလျှင် နှစ်နာရီခန့် လေ့ကျင့်ပြီးသည်နှင့် အပြင်ထွက်လည်ချင်စိတ် ပေါက်လာမည်မှာ သေချာသည်။

သူမ မသိသည်မှာ ကျန်းဟန်သည် ကမ္ဘာမြေမှ ကူးပြောင်းလာသူဖြစ်ပြီး ဤကမ္ဘာရှိ သားရဲထိန်းချုပ်ခြင်းနှင့် ပတ်သက်သမျှ ဗဟုသုတအားလုံးက သူ့အတွက် အလွန်တရာ ဆန်းသစ်နေခြင်းကိုပင်။

ကမ္ဘာမြေတွင် ရှိစဉ်က သူသည် ပိုကီမွန် ဝါသနာအိုးတစ်ယောက် ဖြစ်ခဲ့သည်။ မိမိကိုယ်တိုင် သားရဲများနှင့် စာချုပ်ချုပ်ဆိုနိုင်သည့် ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင် သားရဲများကို လေ့ကျင့်ပျိုးထောင်ခြင်းဖြစ်စေ၊ ဝိညာဉ်အပင်များ စိုက်ပျိုးခြင်းဖြစ်စေ အရာအားလုံးက သူ့အတွက် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းနေတော့သည်။

အရေးကြီးဆုံးအချက်မှာ ဤကမ္ဘာတွင် ကမ္ဘာမြေ၌ မဖြစ်နိုင်သောအရာများ ဖြစ်သည့် ကမ္ဘာဂြိုဟ်ပြင်ပသို့ ပျံသန်းခြင်း သို့မဟုတ် အသက်ရှည်ခြင်းနှင့် ထာဝရအသက်ရှင်ခြင်းတို့ကိုပါ သူ မြင်တွေ့ခွင့်ရရှိနေခြင်းပင်။

"ဇီဝေ ဒါက မင်းပြောတဲ့ ကျန်းဟန် ဆိုတာလား။"

လီဇီဝေ၏ဘေးတွင် ရှိနေသည့် ရင်ဘတ်အနည်းငယ် ထွားထွားနှင့် မိန်းကလေးတစ်ယောက်က ကျန်းဟန်ကို စူးစမ်းလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

သူမသည် အရပ် ၁.၅၅ မီတာခန့်သာ ရှိသော်လည်း ရင်ဘတ်ကမူ သိသိသာသာ ဖွံ့ထွားလှသည်။ သူမသည် ဂျင်းဘောင်းဘီတိုနှင့် ဝက်ဝံရုပ်လေးပါသည့် တီရှပ်အဖြူတစ်ထည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို မြှင့်မြှင့် စည်းထားကာ စာလုံးများပါသည့် ခြေအိတ်အရှည်ကို ဝတ်ဆင်ထားပြီး မျှတလှပသည့် သူမ၏ခြေတံများကြောင့် ကြည့်ရသည်မှာ အနုစိတ်ပြုလုပ်ထားသည့် ကြွေရုပ်လေးတစ်ရုပ်နှင့်ပင် တူလှသည်။

"အင်း ဟုတ်တယ်။ သူက တကယ့်ကို ထူးဆန်းတဲ့သူပဲ။ ငါ သူ့လောက် ကြိုးစားတဲ့သူတစ်ယောက်မှ မတွေ့ဖူးသေးဘူး။"

လီဇီဝေက ခေါင်းညိတ်လိုက်ပြီး သူမ၏ ဘေးတွင်ရှိနေသော မိန်းကလေးနှင့် ယောကျာ်းလေးကို ကျန်းဟန်နှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒီနှစ်ယောက်က ငါ့ဝမ်းကွဲမောင်နှမတွေ ပဲ။ ဒီတစ်ယာက်က တုံးရွှမ်း၊ သူက တုံးလင်။"

"သူတို့က မနေ့ကတင် ငါ့အိမ်ကို လာလည်ကြတာလေ။ ဒီနေ့ ငါ ဒီကိုလာမယ်ဆိုတာ ကြားတော့ အတူတူ လိုက်ခဲ့ချင်တယ်ဆိုပြီး ဇွတ်ပူဆာနေလို့။"

"ဒါပေမဲ့ တော်သေးတာက သူတို့နှစ်ယောက်လုံးက သားရဲထိန်းချုပ်သူတွေ ဖြစ်ပြီး ငါတို့နဲ့ အတန်းတူပဲ။ သူတို့က မြို့တော်ရဲ့ အမှတ် (၂) အထက်တန်းကျောင်းမှာ တက်နေတာဆိုတော့ သူတို့ပါလာတာက ငါတို့အတွက် ပိုပြီးတော့ ဘေးကင်းတာပေါ့။"

"ဟွန့်... ဝမ်းကွဲအစ်မက အစ်မမရဲ့ ချစ်သူနဲ့ နှစ်ယောက်တည်း သီးသန့် ချိန်းတွေ့တာကို နှောင့်ယှက်မိလို့ စိတ်ဆိုးနေတာလား။ အဲလိုဆိုရင်လည်း ငါတို့ ပြန်လိုက်မယ်။"

တုံးရွှမ်းက သူမ၏ ဝိုင်းစက်တောက်ပသော မျက်ဝန်းများဖြင့် လီဇီဝေကို စနောက်ရင်း ပြောလိုက်သည်။

"တော်စမ်း...လျှောက်မပြောနဲ့။ နင် တကယ် အရိုက်ခံချင်နေပြီထင်တယ်။"

ထိုစကားကို ကြားသောအခါ လီဇီဝေ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားပြီး တုံးရွှမ်းကို ရိုက်ရန် လက်ရွယ်လိုက်သည်။

"အေးပါ အေးပါ... ငါ မပြောတော့ဘူး...မပြောတော့ဘူး။ ဒါပေမဲ့ ဝမ်းကွဲအစ်မအတွက် သူ့ကို အကဲခတ်ပေးရဦးမယ်လေ။ အစ်မ လှည့်စားမခံရအောင်လို့။"

တုံးရွှမ်းက ရှောင်တိမ်းရင်း ရယ်မောကာ ပြောလိုက်သည်။

" ငါ နင့်ကို ဂရုမစိုက်တော့ဘူး။"

လီဇီဝေက တုံးရွှမ်းကို ဒေါသတကြီး စိုက်ကြည့်ကာ မျက်နှာလွှဲလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ကျန်းဟန်ကို ခိုးကြည့်လိုက်မိပြီး သူ၏ မျက်နှာအမူအရာက ဘာမှမပြောင်းလဲဘဲ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသဖြင့် ရုတ်တရက် စိတ်ပျက်သွားမိသည်။

"မင်္ဂလာပါ။ ငါ့နာမည် ကျန်းဟန်ပါ။"

ကျန်းဟန်က စောစောက အစအနောက် စကားများကို မကြားချင်ယောင်ဆောင်ကာ သူတို့နှစ်ဦးကို တည်တည်ငြိမ်ငြိမ်ဖြင့် မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ။"

တုံးလင်က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အကြည့်အများစုမှာ သူ၏ ညီမဖြစ်သူ တုံးရွှမ်းထံတွင်သာ ရှိနေပြီး လီဇီဝေကို တစ်ချက်တစ်ချက် လှမ်းကြည့်ကာ ကျန်းဟန်ကိုမူ သိပ်ပြီး အာရုံမထားချေ။

"မင်္ဂလာပါ။ ငါ့ကို တုံးရွှမ်းလို့ပဲ ခေါ်ပါ။"

တုံးရွှမ်းက ကျန်းဟန်အနားသို့ လျှောက်လာပြီး တခစ်ခစ်ရယ်ကာ သူ့ကို အကဲခတ်လိုက်သည်။ ထို့နောက် အနားသို့ ပိုတိုးကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"နင်က ဝမ်းကွဲမမ ပြောသလို တကယ် တုံးတာပဲ။ နင် တစ်ခါမှ မိန်းကလေးတစ်ယောက်ရဲ့ လက်ကို မကိုင်ဖူးဘူး မဟုတ်လား။"

"ငါ့ဝမ်းကွဲအစ်မရဲ့ လက်တွေက အရမ်း နုညံ့တာနော်။"

"တုံးရွှမ်း...နင် သေချင်နေပြိီလား။"

လီဇီဝေက ရှက်ကိုးရှက်ကန်းဖြင့် အော်ဟစ်ဆူပူရင်း ထွက်ပြေးသွားတော့သည်။

"ဟားဟားဟား ဝမ်းကွဲအစ်မကလည်း... ငါ အမှန်အတိုင်း ပြောတာပဲကို။"

တုံးရွှမ်းက ပြေးရင်းလွှားရင်း ရယ်မောနေခဲ့ပြီး သူမ မရည်ရွယ်ဘဲ ထွက်ပေါ်လာသည့် ဆွဲဆောင်မှုအရှိန်အဝါများကြောင့် လူများအနေဖြင့် မျက်စိလွှဲရန်ပင် ခက်ခဲစေခဲ့သည်။

"ကျန်းဟန် သူ လျှောက်ပြောနေတာတွေကို နားမထောင်နဲ့။ ဒီကောင်မလေးက ပါးစပ်ထဲရှိရာ လျှောက်ပြောတတ်တာ။"

တုံးရွှမ်းကို လိုက်ဖမ်း၍မမိသဖြင့် လီဇီဝေက ပြန်လှည့်လာပြီး ရှင်းပြလိုက်သည်။

"ဒီအကြောင်းတွေကို ထပ်မပြောနဲ့တော့။ အချိန်လည်း တော်တော်နှောင်းနေပြီဆိုတော့ မင်းပြောတဲ့နေရာကိုပဲ သွားပြီး စူးစမ်းကြရအောင်။"

ကျန်းဟန်က တိုက်ရိုက်ပင် စကားလမ်းကြောင်းကို လွှဲလိုက်တော့သည်။

"ကောင်းပြီ။ ဒီလမ်းအတိုင်း သွားရအောင်။ နောက်ထပ် ငါးကီလိုမီတာလောက် လိုသေးတယ်။"

လီဇီဝေက တုံးရွှမ်းကို တစ်ချက်စိုက်ကြည့်ပြီးမှ ပြန်လှည့်ကာ ပြောလိုက်သည်။ သူမသည် ချက်ချင်း ရှေ့ကနေ လမ်းပြပြီး လျှောက်သွားတော့သည်။

ကျန်းဟန်က ပိုင်လင်းကို လှမ်းခေါ်လိုက်ရာ အဝေးတစ်နေရာတွင် သစ်ရွက်များစားရင်း ပွဲကြည့်နေသည့် ပိုင်လင်းက ၎င်း၏ ခြေတိုတိုလေးများဖြင့် တရကြမ်း ပြေးပြန်လာခဲ့သည်။

၎င်းသည် လူသားများက တကယ့်ကို ထူးဆန်းတာပဲဟု တွေးကာ ခေါင်းခါယမ်းလိုက်မိသည်။

မိတ်လိုက်ချင်ရင် ကိုယ်သဘောကျတဲ့ ရုပ်ရည်ရှိတဲ့သူကို ရှာပြီး မိတ်လိုက်ရုံပဲဟာကို။ ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးပြီးနားမလည်နိုင်စရာ ကောင်းနေရတာလဲ။

"ဒါက နင့်ရဲ့ သားရဲ လျှပ်စီးပိုးကောင်လား။ ကြည့်ရတာ ကျောက်စိမ်းစိမ်းပိုးကောင်နဲ့ ဘာမှမကွာသလိုပဲ။"

ပိုင်လင်းကို မြင်သောအခါ တုံးရွှမ်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

တုံးလင်းကလည်း ပိုင်လင်းကို သိပ်ပြီး အာရုံမစိုက်ဘဲ တစ်ချက်သာ ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များကို ညီမဖြစ်သူ တုံးရွှမ်းထံသို့သာ ပြန်လည်ရွှေ့ဆိုင်းလိုက်သည်။

"အပြင်ပန်းပုံစံကတော့ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။"

ကျန်းဟန်က လမ်းလျှောက်ရင်း ပြောလိုက်သည်။

"အခု မိပြီပဲ။ နင် ဇွတ်လျှောက်ပြောဦးမလား။ ဟမ် ငါနင့်ကို ကလိထိုးပြီး သတ်ပစ်မယ်။"

လီဇီဝေသည် တုံးရွှမ်း သတိမထားမိခိုက်တွင် ချက်ချင်းဖမ်းမိသွားပြီး သူမ၏ ဂျိုင်းအောက်သို့ ကလိထိုးတော့သည်။

"ဟားဟားဟားဟား ဝမ်းကွဲအစ်မ... ငါမှားပါပြီ! ငါမှားပါပြီ....။"

တုံးရွှမ်းတစ်ယောက် ကလိထိုးဒဏ်ကို မခံနိုင်ဘဲ အလျင်အမြန်ပင် အရှုံးပေးကာ အသနားခံလိုက်ရတော့သည်။

လမ်းတစ်လျှောက်လုံးတွင် တုံးရွှမ်းနှင့် လီဇီဝေတို့သည် အပျော်ခရီးထွက်လာသည့်အလား တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ကစားနေကြ၏။ နှစ်ယောက်စလုံးက ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားကြပြီး အထူးသဖြင့် တုံးရွှမ်းမှာ သူမ၏ အရွယ်နှင့်မလိုက်အောင် ဆက်ဆီကျကျ ဝတ်ဆင်ထားသည်။ တစ်ချက်တစ်ချက်တွင် လှပသော ခန္ဓာကိုယ်အလှအပများက ပေါ်ထွက်လာတတ်ရာ သူတို့နှစ်ဦးက ရှေ့တည့်တည့်တွင် ရှိနေသဖြင့် ကျန်းဟန်လည်း မကြည့်ဘဲမနေနိုင်ခဲ့ချေ။

ထို့အပြင် တုံးလင်းသည်လည်း ကျန်းဟန်ထက်ပင် ပိုမိုအာရုံစိုက်ကာ စိုက်ကြည့်နေသည်ကို ကျန်းဟန် သတိပြုမိလိုက်သည်။

ကျန်းဟန် သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်မိသည်။ ရှေ့မှ မြင်ကွင်းက လှပသည်ဆိုသော်လည်း သူ၏ စိတ်ထဲတွင် ပို၍ အလေးထားမိသည်မှာ လီဇီဝေပြောသည့် သားရဲများကို အမဲလိုက်နိုင်မည့် နေရာအကြောင်းသာ ဖြစ်သည်။

ထိုနေရာက တကယ်ရှိနေပြီး သူ့ကို ဤခရီးအတွက် အလဟဿ မဖြစ်စေရန်သာ သူ မျှော်လင့်နေမိသည်။

အတန်ကြာ လမ်းလျှောက်ပြီးနောက် လမ်းဘေးဝဲယာတွင် ကုန်းမြင့်များ မြင့်တက်လာပြီး ပတ်ဝန်းကျင်တွင် အိမ်ခြေတစ်ခုမျှ မတွေ့ရတော့ချေ။

ဆောင်းဦးရာသီ ဖြစ်သောကြောင့် လမ်းမထက်တွင် ဝါကျင်ကျင် သစ်ရွက်ခြောက်များ ကော်ဇောကဲ့သို့ ထူထပ်စွာ ဖုံးလွှမ်းနေပြီး နင်းလိုက်သည့်အခါ မွေ့ရာပေါ် နင်းရသကဲ့သို့ သက်တောင့်သက်သာ ရှိလှသည်။

"ဒီလမ်းကြားလေးထဲကို ဝင်ရအောင်။ လူတိုင်း သတိထားကြ။ ဒီပတ်ဝန်းကျင်မှာ သားရဲတွေ စပြီး ထွက်လာတတ်ပြီ။"

လီဇီဝေက ရှေ့ရှိ လမ်းကြားလေးတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။

"အိုကေ။"

နောက်ဆုံးတွင် တုံးရွှမ်းတစ်ယာက် တည်ငြိမ်လေးနက်သွားပြီး လီဇီဝေနှင့် ဆော့ကစားခြင်းကို ရပ်တန့်လိုက်သည်။ သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ ခြေရင်း၌ သားရဲတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ မှော်စာလုံးကြောင်ဖြစ်သည်။ ၎င်း၏ အမွှေးအများစုမှာ အစိမ်းနုရောင်ဖြစ်ပြီး အထူးပြုလုပ်ထားသည့် အနက်ရောင် မှော်စာလုံးလိုင်းများ ကြားညှပ်ပါရှိသည်။ ထို့အပြင် ထိုကြောင်၏ နားရွက်များက ပိုမိုကြီးမားပြီး ဘေးတွင် နားရွက်အသေးလေးတစ်ခု ထပ်ပေါက်နေကာ ၎င်း၏ အမြီးမှာ ဆူးချွန်တစ်ခုနှင့် တူလှသည်။

ကျန်းဟန်က ၎င်း၏ အချက်အလက်များကို ချက်ချင်း အကြမ်းဖျင်း တွက်ချက်လိုက်မိသည်။ သစ်သားဒြပ်စင်နှင့် စိတ်ဝိညာဉ် နှစ်မျိုးစပ်အမျိုးအစား၊ ကြယ်သုံးပွင့်အဆင့် အလားအလာ၊ အဆင့် (၂) လက်ရွေးစင်အဆင့် အစောပိုင်းအဆင့် ဖြစ်ပြီး ထိန်းချုပ်မှုစွမ်းရည်တွင် အလွန်ကျွမ်းကျင်ပုံရသည်။

အခြားတစ်ဖက်တွင်မူ တုံးလင်း၏ ဘေး၌လည်း သားရဲတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ကျောက်မြွေဖြစ်သည်။ ၎င်းမှာ တော်တော်လေး ကြီးမားပြီး ငါးမီတာ၊ ခြောက်မီတာခန့် ရှည်လျားကာ တစ်ကိုယ်လုံးကို မီးခိုးရောင် ကျောက်တုံးများနှင့် တည်ဆောက်ထားသည့်အလား ဖြစ်နေသည်။

ထိုအရာမှာ မြေဒြပ်စင် သားရဲဖြစ်မည်မှာ သေချာပြီး ၎င်း၏ စွမ်းရည်အဆင့်မှာ လက်ရွေးစင်အဆင့် နှောင်းပိုင်းတွင် ရှိနေသဖြင့် ကျန်းဟန်၏ ပိုင်လင်းထက် အဆင့်ငယ်တစ်ခု ပိုမြင့်သည်။

ကျန်းဟန် ထိုသားရဲနှစ်ကောင်ကို ကြည့်လိုက်ရာ နှစ်ကောင်စလုံးက တော်တော်လေး ကောင်းမွန်ကြပြီး တစ်ကောင်နှင့်တစ်ကောင် ပူးပေါင်းလုပ်ဆောင်ရာ၌လည်း အဆင်ပြေသည်။

"သွားကြစို့။"

လီဇီဝေသည်လည်း သူမ၏ မီးတောက်ခွေးကို ထုတ်လိုက်ပြီး အားလုံးကို ဦးဆောင်ကာ လမ်းကြားလေးထဲသို့ ဝင်ခဲ့ကြတော့သည်။

အခန်း ၈၄

ဆောင်းဦးလေက ခြောက်သွေ့အေးစက်နေပြီး မနက်ခင်း၏ တောအုပ်လမ်းလေးက ပို၍ပင် ချမ်းစိမ့်လှသည်။ သစ်ရွက်များ တရှဲရှဲမြည်သံနှင့်အတူ အဖွဲ့သားအားလုံး ပိုမိုသတိထားလာကြသည်။

တစ်ကီလိုမီတာခန့် လျှောက်လှမ်းပြီးနောက် ဖြူလွလွ ပိုးစာတောကြီးတစ်ခု သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"ကျောက်စိမ်းပိုးကောင်တွေ အများကြီးပါလား။ နှမြောစရာပဲ... သူတို့တွေ သေခါနီးနေကြပြီ။"

တုံးရွှမ်းက ပိုးစာပင်များပေါ်တွင် နားခိုနေကြသည့် ကျောက်စိမ်းပိုးကောင်အချို့ကို ကြည့်ရင်း ပြောလိုက်သည်။

ကျန်းဟန်နှင့် အခြားသူများလည်း ထိုဖြစ်စဉ်ကို သဘာဝကျကျ သတိပြုမိကြသည်။ ယခုအချိန်တွင် ပိုးစာရွက်များ၏ ထက်ဝက်ကျော်မှာ ဝါကျင့်ကျင့် ဖြစ်နေကြချေပြီ။ ကျောက်စိမ်းပိုးကောင်များသည် ဆောင်းဦးရာသီ၏ ခါးသီးလှသော အအေးဒဏ်ကို ခံနိုင်ရည်ရှိမည့် ကျောက်စိမ်းဖီးနစ်လိပ်ပြာဖြစ် ဆင့်ကဲမပြောင်းလဲနိုင်ပါက ဆောင်းရာသီကို ဖြတ်ကျော်၍ မရှင်သန်နိုင်ကြချေ။

တောရိုင်းထဲရှိ ကျောက်စိမ်းပိုးကောင်တစ်ကောင် ကျောက်စိမ်းဖီးနစ်လိပ်ပြာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ချေမှာ တစ်ရာခိုင်နှုန်းပင် မပြည့်ချေ။ ကျောက်စိမ်းပိုးကောင် အများစုမှာမူ ဥများဥပြီးနောက် သေဆုံးမည့်ရက်ကိုသာ စောင့်ဆိုင်းနိုင်ကြသည်။

ပိုးစာပင်များပေါ်ရှိ ဤကျောက်စိမ်းပိုးကောင်များသည် သိသိသာသာပင် ဇီဝိန်ချုပ်လုနီးပါး ဖြစ်နေကြပြီး အစာစားခြင်းကိုလည်း ရပ်တန့်ထားကြပြီဖြစ်ရာ နှစ်ရက်အတွင်း သေဆုံးကြတော့မည် ဖြစ်သည်။

၎င်းတို့အားလုံးက အဆင့် (၁) အစေခံအဆင့် သတ္တဝါများသာ ဖြစ်ကြပြီး သားရဲအမြုတေလည်း မရှိကြသလို၊ ၎င်းတို့၏ ခန္ဓာကိုယ်များကလည်း လက်တွေ့အသုံးချမှု၌ တန်ဖိုး သိပ်မရှိလှချေ။ ထို့ကြောင့် ကျန်းဟန်နှင့် အခြားသူများက ၎င်းတို့ကို စိတ်မဝင်စားကြဘဲ ပတ်ဝန်းကျင်ကို တစ်ချက်တစ်ချက် စကင်ဖတ်ကြည့်ရင်း လက်ရွေးစင်အဆင့် သားရဲများကို တွေ့လိုတွေ့ငြား ပိုးစာတောကို ဖြတ်ကျော်ကာ တိုက်ရိုက် လျှောက်လှမ်းခဲ့ကြသည်။

သို့သော်လည်း ထိုမြင်ကွင်းက ပိုင်လင်းအပေါ် တော်တော်လေး သက်ရောက်မှု ရှိသွားခဲ့သည်။ ၎င်းသည်လည်း တစ်ချိန်က ကျောက်စိမ်းပိုးကောင်တစ်ကောင် ဖြစ်ခဲ့ဖူးပြီး မိမိနှင့် မျိုးနွယ်တူများ သေဘေးနှင့် ရင်ဆိုင်နေရသည်ကို မြင်တွေ့လိုက်ရချိန်တွင် မကြုံစဖူး ထူးခြားသော ခံစားချက်တစ်ခုက ၎င်း၏နှလုံးသားထဲ၌ ရုတ်တရက် လှိုင်းထလာခဲ့သည်။

၎င်းသည် လမ်းခရီးတစ်လျှောက်လုံးတွင် အသေအလဲ လေ့ကျင့်ခဲ့ပြီး လျှပ်စီးပိုးကောင် ဖြစ်လာပြီးနောက်တွင်မှ ၎င်း၏နှလုံးသားထဲက ဝန်ထုပ်ဝန်ပိုးကြီးက နောက်ဆုံးတွင် လွတ်ကျသွားခဲ့ရခြင်း ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ယခင်က အဖော်အပေါင်းများ၏ ပုံစံက ၎င်း၏ အတိတ်က ပုံရိပ်များကို ပြန်လည်နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

ထိုမျိုးနွယ်တူများထံမှ ထွက်ပေါ်နေသည့် မကျေနပ်မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် ကံကြမ္မာကို အရှုံးပေးမှု စသည့် ခံစားချက်များကို ၎င်း ခံစားမိနေပြီး ယင်းက ၎င်းအတွက် သတိပေးချက်တစ်ခုလည်း ဖြစ်လာခဲ့သည်။

ဟုတ်ပါသည်။ ၎င်းသည် ကျောက်စိမ်းပိုးကောင်ဘဝ၏ ကံကြမ္မာမှ ရုန်းထွက်နိုင်ခဲ့ပြီ ဆိုသော်လည်း အနှစ်သာရအားဖြင့် ပိုးကောင်တစ်ကောင်သာ ဖြစ်နေသေးပြီး တစ်နေ့တွင် သေဆုံးရမည့်ရက် ရှိနေဦးမည်သာ။ ၎င်းသည်လည်း ဤယခင်အဖော်များကဲ့သို့ ပျက်စီးခြင်း ကံကြမ္မာကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။

ဟူး... ပိုးကောင်လေး မင်းမှာ ကံကြမ္မာကနေ ရုန်းထွက်ဖို့ အခွင့်အရေး ရနေပြီပဲ။ အောင်မြင်မှု နည်းနည်းလောက် ရရုံနဲ့ စိတ်လျော့မပစ်လိုက်ဘဲ ကမ္ဘာပေါ်မှာ အသန်မာဆုံး သတ္တဝါ ဖြစ်လာတဲ့အထိ ရှေ့ကိုပဲ ဆက်လှမ်းနေရမယ်။ ဆက်ပြီး ဆင့်ကဲပြောင်းလဲနေရမယ်။

မင်းက ပိုးကောင်တစ်ကောင်ဆိုတဲ့ အဆင့်အတန်းကို မေ့ဖျောက်ပြီး ပိုမိုမြင့်မြတ်တဲ့အရာကို ရည်မှန်းရမယ်။

ပိုင်လင်း၏ ဝိုင်းစက်သော မျက်ဝန်းလေးများထဲတွင် ပညာရှိအလင်းရောင်တစ်ခုက တဖြည်းဖြည်း တောက်ပလာပြီး ၎င်း၏ ခန္ဓာကိုယ်မှလည်း ဖော်ပြရခက်သော အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့သည်။

အပြင်ပန်းအားဖြင့် ဘာမှမပြောင်းလဲသွားသော်လည်း ဤအခိုက်အတန့်တွင် ပိုင်လင်းသည် စိတ်ပိုင်းဆိုင်ရာအရ ဆင့်ကဲပြောင်းလဲသွားခဲ့ပုံရသည်။

ကျန်းဟန် ငုံ့ကြည့်လိုက်၏။ ပိုင်လင်းတစ်ယောက် လမ်းတစ်လျှောက်လုံး ထိုသေခါနီး ကျောက်စိမ်းပိုးကောင်များအား စိုက်ကြည့်နေခဲ့သည်ကို သူသိသည်။ သို့သော် ယခုမူ ၎င်းက တစ်စုံတစ်ခုပြောင်းလဲသွားပုံရချေပြီ။

"ဟိုမှာ မြန်မြန်ကြည့်လိုက်။ လက်ရွေးစင်အဆင့် မြွေအမြီးယုန်ပဲ။ နောက်ဆုံးတော့ အဆင့် (၂) သားရဲတစ်ကောင်ကို ရှာတွေ့ပြီ။"

ဤအခိုက်အတန့်တွင် တုံးရွှမ်းက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ကျန်းဟန် မော့ကြည့်လိုက်ရာ အဝေးက ဖြူလွလွ ပိုးစာပင်တစ်ပင်အောက်တွင် အမြီးနီရှဉ့်တစ်ကောင်၏ အလောင်းကို ကိုက်ဖြတ်စားသောက်နေသည့် အရွယ်အစား တစ်ဝက်မီတာခန့်ရှိသော မြွေအမြီးယုန်တစ်ကောင်ကို လှမ်းတွေ့လိုက်ရသည်။

ထိုမြွေအမြီးယုန်သည် မြေဒြပ်စင်နှင့် အဆိပ် နှစ်မျိုးစပ်အမျိုးအစားဖြစ်ပြီး အလွန်ထက်မြက်သော သွားများ ရှိကာ သတ္တဝါအသေးစားများကို အဓိကထား ၍ အမဲလိုက် စားသောက်တတ်သည်။

၎င်း၏အမြီးမှာ မြွေဆိုးတစ်ကောင်၏ ပုံစံအဖြစ် လုံးဝဥဿုံ ပြောင်းလဲနေပြီး မြွေဆိုးတစ်ကောင်ကဲ့သို့ ကိုက်ခဲကာ အဆိပ်များကို အမှန်တကယ် ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ ၎င်းသည် ပုံမှန်အားဖြင့် ၎င်း၏ခန္ဓာကိုယ်ကို မြေအောက်တွင် ဝှက်ထားလေ့ရှိပြီး ၎င်း၏မြွေကဲ့သို့ အမြီးကိုသာ အပြင်ထုတ်ထားကာ ဖြတ်သန်းသွားလာတတ်သည့် သတ္တဝါများကို ချောင်းမြောင်းတိုက်ခိုက်လေ့ရှိသည်။

"မကောင်းတော့ဘူး။ သူ ငါတို့ လူတွေအများကြီး မြင်သွားလို့ ပြေးမလို့ လုပ်နေပြီ။ အမြန် လိုက်ဖမ်းကြ။"

ကျန်းဟန်နှင့် အခြားသူများက ထိုမြွေအမြီးယုန်ကို သေချာစိုက်ကြည့်ပြီး အကဲခတ်နေသည့်အချိန်တွင် မြွေအမြီးယုန်ကလည်း ကျန်းဟန်တို့အဖွဲ့သည် အလွယ်တကူ ရင်ဆိုင်၍ရမည့်သူများ မဟုတ်ကြောင်း တွက်ချက်မိသွားသဖြင့် ၎င်း ယခုတင် နှစ်လုပ်ခန့် ကိုက်စားထားသည့် သားရဲအလောင်းကို တိုက်ရိုက်စွန့်ပစ်ကာ လှည့်ပြေးတော့သည်။

"လိုက်ကြ...။ သူ မြေကျင်းထဲ ဝင်မသွားအောင် သတိထား။ ငါတို့ လူခွဲပြီး ဝိုင်းကြမယ်။"

နောက်ဆုံးတွင် လူလေးယောက်အဖွဲ့သည် အဆင့်မီသည့် သားရဲတစ်ကောင်ကို ရှာတွေ့ခဲ့သဖြင့် သဘာဝအတိုင်း လက်မလွှတ်ချင်ကြချေ။ ထို့ကြောင့် သူတို့၏ သားရဲများကို ချက်ချင်း အမိန့်ပေးကာ လိုက်ဖမ်းခိုင်းလိုက်ပြီး သူတို့လေးဦးကိုယ်တိုင်လည်း နောက်မှ တရကြမ်း လိုက်ပါသွားကြတော့သည်။

"စိတ်မပူနဲ့။ သူ မပြေးနိုင်ပါဘူး။ သူ ကျင်းတူးပြီး ပုန်းရင်တောင် ငါ့ရဲ့ ကျောက်မြွေက သူ့ကို ဆွဲထုတ်နိုင်တယ်။"

တုံးလင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"အရင်ဆုံး ဝိုင်းထားလိုက်ကြတာပေါ့။"

တုံးရွှမ်းက ပြန်ပြောလိုက်ပြီး သူမ၏ အစွမ်းကုန် သုတ်ခြေတင်တော့သည်။

"အာ...ဝူးးး။"

အပျော်ဆုံးနှင့် အမြန်ဆုံး ပြေးနေသည်မှာ မီးတောက်ခွေးဖြစ်သည်။ ၎င်းသည် လမ်းတစ်လျှောက်လုံး အော်ဟစ်ဆော့ကစားနေပြီး အမဲလိုက်ချင်စိတ် လုံးဝမရှိသည့်အလား ဖြစ်နေကာ ဘယ်ဘက်နောက်နားတွင် ရောက်ရှိနေခဲ့သည်။

တုံးလင်၏ ကျောက်မြွေမှာမူ အရှိန်အဝါပိုင်းတွင် မသန်သဖြင့် ညာဘက်နောက်နားတွင်သာ ရှိနေ၏။

ရှေ့ဆုံးမှ တကယ်တမ်း ဖိအားပေး လိုက်လံဖမ်းဆီးနေသည်မှာ ကျန်းဟန်၏ လျှပ်စီးပိုးကောင် ပိုင်လင်းနှင့် တုံးရွှမ်း၏ မှော်စာလုံးကြောင်တို့ ဖြစ်ကြပြီး ယင်းက မြွေအမြီးယုန်အပေါ် ကြီးမားသော ဖိအားကို ဖြစ်စေခဲ့သည်။

အမှန်တကယ်တော့ မီးတောက်ခွေး၏ အရှိန်က မနှေးလှသော်လည်း စိတ်က အရမ်းလွင့်နေသဖြင့် သူ၏ အစွမ်းအစအစစ်အမှန်ကို လုံးဝ ထုတ်မသုံးနိုင်ခြင်း ဖြစ်သည်။

မကြာမီမှာပင် သူတို့သည် မြွေအမြီးယုန်ကို မီတာ ငါးရာ၊ ခြောက်ရာခန့် လိုက်လံဖမ်းဆီးပြီးနောက် ကျောက်တုံးလျှိုမြောင်တစ်ခုရှိရာ နေရာသို့ ရောက်ရှိလာကြသည်။

"မကောင်းတော့ဘူး။ သူ ကျင်းတူးတော့မ ယ်။ မြန်မြန် တားလိုက်။"

တုံးရွှမ်းက မှော်စာလုံးကြောင်ကို အလောတကြီး အမိန့်ပေးလိုက်သည်။

"မြောင်...။"

မှော်စာလုံးကြောင်က တစ်ချက်အော်လိုက်ပြီး ၎င်း၏ မြစိမ်းရောင်မျက်ဝန်းများ တောက်ပလာကာ အဝေးက နွယ်ပင်တစ်ပင်ကို ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ပြီး မြွေအမြီးယုန်ကို ခလုတ်တိုက်လဲရန် ကြိုးပမ်းလိုက်သည်။

ထွက်ပြေးနေသည့် မြွေအမြီးယုန်သည် ၎င်း၏ ဘယ်ဘက်ရှိ နွယ်ပင်က တုန်ခါလျက် သူ့ထံသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် အရှိန်မြှင့်ကာ နောက်ခြေနှစ်ဖက်ဖြင့် မြေကြီးကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ပြီး ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်ကို အသုံးချကာ လင်းယုန်ငှက်ကို ကန်သည့် ယုန်ကဲ့သို့ အပေါ်သို့ ကျော်ဖြတ်ခုန်လွှားသွားခဲ့သည်။

"သေစမ်း... ဒီလိုတောင် လုပ်နိုင်သေးတာလား။"

တုံးရွှမ်း၏ မျက်လုံးပြူးကျယ်သွားသော်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။ မှော်စာလုံးကြောင်သည် စိတ်ဝိညာဉ်စွမ်းအားသုံး သားရဲအမျိုးအစား ဖြစ်သော်လည်း လက်ရွေးစင်အဆင့် အစောပိုင်းမျှသာ ရှိသေးသဖြင့် ၎င်း၏ ရှုပ်ထွေးစေခြင်းအတတ်က အလွန်အားနည်းနေသေးသည်။ ၎င်းကိုယ်တိုင်တွင် သစ်သားဒြပ်စင် မပါဝင်ပါက မီတာနှစ်ဆယ်အကွာက နွယ်ပင်ကို ထိန်းချုပ်ရန်ပင် မဖြစ်နိုင်ချေ။

သို့သော်လည်း ထိုသို့ထိန်းချုပ်ခြင်းက အလွန်အမင်း အတင်းအကြပ်ဖြစ်နေပြီး ထိန်းချုပ်မှုစွမ်းအားက လုံးဝမလုံလောက်သဖြင့် မြွေအမြီးယုန်ကို လွတ်မြောက်သွားစေခဲ့သည်။

ထို့အပြင် သူမအနေဖြင့် အချိန်တိုအတွင်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရန် မဖြစ်နိုင်တော့သဖြင့် သူမ၏ ဝမ်းကွဲအစ်မ ချီးမွမ်းထားသည့် အတန်းဖော် ကျန်းဟန်အပေါ်၌သာ မျှော်လင့်ချက်ကို ပုံအောလိုက်ရတော့သည်။

"ကျိ..."

ပိုင်လင်းက တစ်ချက်အော်မြည်လိုက်ပြီး သစ်ပင်ပင်စည်များကို အသုံးချကာ ဟိုဘက်ဒီဘက် ပျံသန်းခုန်လွှားရင်း မြွေအမြီးယုန်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။ ၎င်းသည် မြွေအမြီးယုန်ကို တိုက်ရိုက်မတိုက်ခိုက်ဘဲ ပိုးမျှင်ပစ်လွှစ်ခြင်းစွမ်းရည်ကို ငါးကြိမ်ဆက်တိုက် အသုံးပြုကာ ၎င်း၏ မြေကျင်းဝရှေ့တွင် ပိုးမျှင်ပိုက်ကွန်တစ်ခုကို ရက်လုပ်လိုက်သည်။ ပိုက်ကွန်က ကြမ်းတမ်းသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် မြွေအမြီးယုန်အနေဖြင့် ကျင်းထဲသို့ တိုးဝင်ရန် မဖြစ်နိုင်တော့ချေ။

"ရှူးးးး"

သူ၏ လမ်းကြောင်း ပိတ်ဆို့ခံလိုက်ရသည်ကို မြင်သောအခါ မြွေအမြီးယုန်သည် နောက်လှည့်ကာ အခြားတစ်ဖက်သို့ လှည့်ပြေးတော့သည်။

သို့သော် ကျန်းဟန်သည် ယခင်ကကဲ့သို့ အတွေ့အကြုံမရှိသူ မဟုတ်တော့ဘဲ ဤအရာကို ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။ သူ၏ ကြိုတင်တွက်ချက်မှုအောက်တွင် ပိုင်လင်းက ချက်ချင်းလှုပ်ရှားကာ ၎င်းကို တိုးဝင်တိုက်ခိုက်လိုက်တော့သည်။

"ဘုန်း...."

လေးလံထုံထိုင်းသော အသံအကျယ်ကြီးတစ်ခုနှင့်အတူ မာကျောခြင်းစွမ်းရည်ကို အသုံးပြုထားသည့် ပိုင်လင်းသည် မြွေအမြီးယုန်ကို လုံးဝမကြောက်ဘဲ တိုက်ရိုက်ဝင်ဆောင့်လိုက်သဖြင့် ၎င်းကို မူးဝေသွားစေပြီး ယိမ်းထိုးသွားစေခဲ့သည်။

သို့သော်လည်း အဆုံးတွင် ဤမြွေအမြီးယုန်သည် မြေဒြပ်စင်သားရဲတစ်ကောင် ဖြစ်သဖြင့် ခုခံကာကွယ်မှု အသင့်အတင့်ရှိသောကြောင့် ထိခိုက်ဒဏ်ရာ အများကြီးမရရှိခဲ့ချေ။ ပိုင်လင်းက တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင် တုံးရွှမ်းက ရုတ်တရက် လှမ်းအော်လိုက်သည်။

"မလုပ်နဲ့။ ငါ့ရဲ့ မှော်စာလုံးကြောင်ကို လေ့ကျင့်ပေးဖို့ ချန်ထားပေးပါ။ သူ ဘယ်မှ မပြေးနိုင်တော့ပါဘူး။"

"ကျိ...."

ပိုင်လင်းက ရပ်တန့်လိုက်ပြီး ကျန်းဟန်ကို မော့ကြည့်လိုက်သည်။

"သူ့ကို စောင့်ကြည့်ထားလိုက်။ ထွက်ပြေးမသွားစေနဲ့။"

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် လီဇီဝေနှင့် တုံးလင်တို့၏ သားရဲများလည်း ရောက်ရှိလာကြပြီဖြစ်သည်။ မြွေအမြီးယုန်သည် ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသဖြင့် ထွက်ပြေးရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။ ထို့အပြင် သူသည်လည်း တုံးရွှမ်း၏ တိုက်ခိုက်ရေးနည်းလမ်းများကို မြင်တွေ့လိုစိတ် ရှိနေသည်။

ကျန်းဟန်၏ စကားကို ကြားလိုက်ရသောအခါ ပိုင်လင်းက ဘေးနားရှိ သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်သွားပြီး အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ဆင်ထားလိုက်သည်။

"ရှူးးးး။"

မိမိတွင် ထွက်ပြေးစရာလမ်း မရှိတော့သည်ကို သိသွားသောအခါ မြွေအမြီးယုန်သည် ၎င်း၏နောက်တွင် ရှိနေသည့် မှော်စာလုံးကြောင်ထံသို့ တိုက်ရိုက် ဦးတည်ပြေးဝင်သွားတော့သည်။ ၎င်း၏ မျက်ဝန်းများက နီရဲတောက်လာပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့် ပုံစံ ပေါက်နေသည်။

"ဟမ့် အချိန်ကိုက်ပဲ။ မှော်စာလုံးကြောင် သူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်စမ်း။"

မြွေအမြီးယုန် တရကြမ်း ပြေးဝင်လာသည်ကို မြင်သောအခါ တုံးရွှမ်းသည် ထိတ်လန့်သွားခြင်းမရှိဘဲ ဝမ်းသာအားရ ဖြစ်သွားပြီး မှော်စာလုံးကြောင်ကို တိုက်ပွဲဝင်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

All Chapters