အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း ၈၅
မှော်စာလုံးကြောင်သည် သစ်သားဒြပ်စင်နှင့် စိတ်ရှုပ်ထွေးစေခြင်း ဒွန်တွဲနေသည့် သားရဲတစ်ကောင် ဖြစ်သည်။ စိတ်ရှုပ်ထွေးစေခြင်းစွမ်းရည်သည် စိတ်ဝိညာဉ်စွမ်းရည်၏ အခွဲတစ်ခုဖြစ်ပြီး အဓိကအားဖြင့် စိတ်စွမ်းအားဖြင့် ပစ္စည်းများကို ရွှေ့ပြောင်းနိုင်စွမ်းရှိကာ မှော်စာလုံးကြောင်ထံတွင်မူ သစ်သားဒြပ်စင်နှင့် သက်ဆိုင်သည့် အရာမှန်သမျှကို ထိန်းချုပ်နိုင်စွမ်းအဖြစ် ထင်ဟပ်ပေါ်လွင်နေခဲ့သည်။
၎င်းအနေဖြင့် အခြားဒြပ်စင်ပစ္စည်းများကိုလည်း ထိန်းချုပ်နိုင်သော်လည်း စွမ်းရည်အကျိုးသက်ရောက်မှာ များစွာအားနည်းလှသည်။
မျက်လုံးများ ရဲတောက်နေသည့် မြွေအမြီးယုန်နှင့် ရင်ဆိုင်ရချိန်တွင် တုံးရွှမ်းသည် သူမ၏ မှော်စာလုံးကြောင်ကို တက်ကြွစွာ အမိန့်ပေးလိုက်သည်။
မှော်စာလုံးကြောင်သည် ယခင်အဝေးပစ်တိုက်ခိုက်မှုကြောင့် ၎င်း၏ စိတ်ရှုပ်ထွေးစေခြင်းစွမ်းအားများ ကုန်ခမ်းနေပြီ ဖြစ်သော်လည်း ၎င်းတွင် သစ်သားဒြပ်စင်သုံး တိုက်ခိုက်ရေးနည်းလမ်းများ ကျန်ရှိနေသေးသည်။
ပထမဆုံးအနေဖြင့် သွေးစုပ်မျိုးစေ့ ဖြစ်သည်။ ၎င်းတို့သည် ကြောင်၏အမြီးတွင် ကပ်ပါနေသည့် မျိုးစေ့များဖြစ်ပြီး ၎င်း အမြီးဖြင့် ဝှေ့ယမ်းရိုက်ခတ်လိုက်သောအခါ မျိုးစေ့များသည် မြွေအမြီးယုန်ပေါ်သို့ ကျရောက်သွားပြီးနောက် လွှသွားကဲ့သို့ အဆူးများပါသည့် နွယ်ပင်ငယ်များအဖြစ် လျင်မြန်စွာ အမြစ်တွယ်ပေါက်ရောက်လာကြတော့သည်။
ယင်းက မြွေအမြီးယုန်၏ ခွန်အားများကို စုပ်ယူနေသည့်အပြင် ၎င်းကို တုပ်နှောင်ချုပ်ကိုင်ထားသည့် အာနိသင်ကိုလည်း ပိုင်ဆိုင်ထားသည်။
"ရှူးးးး။"
မြွေအမြီးယုန်သည် ခုခံကာကွယ်မှုနှင့် ချောင်းမြောင်းတိုက်ခိုက်မှုများတွင်သာ ကျွမ်းကျင်သဖြင့် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကြောင့် အလွန်အမင်း ခံရခက်နေခဲ့သည်။ ၎င်းသည် သွေးဆုတ်ဖြူလျော်နေသော မျက်လုံးများဖြင့် ရှေ့သို့တိုးကာ မှော်စာလုံးကြောင်ကို ကိုက်ဖြတ်ပစ်ချင်နေခဲ့သည်။
"သစ်သားဝိညာဉ် သဟဇာတဖြစ်ခြင်း...သူ့ကို အားကုန်အောင် လုပ်ပစ်လိုက်စမ်း။"
တုံးရွှမ်းက ဘာမှမစိုးရိမ်ဘဲ မာန်ပါပါ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
သစ်သားဝိညာဉ် သဟဇာတဖြစ်ခြင်းကို အသုံးပြုပြီးနောက် မှော်စာလုံးကြောင်သည် တောအုပ်ပတ်ဝန်းကျင်တွင် ၎င်း၏ လှုပ်ရှားမှုအရှိန်ကို မြှင့်တင်နိုင်စွမ်း ရှိသည်။ ၎င်း၏ အရှိန်က မူလကတည်းက မြန်ဆန်လှသည်ဖြစ်ရာ ဤစွမ်းရည်ပါ ထပ်မံပေါင်းစပ်လိုက်သောအခါ မြွေအမြီးယုန်မှာ ဘာမှမတတ်နိုင်တော့ချေ။
"ရှူးးးး"
၎င်း၏ ပြိုင်ဘက်ကို အမှီမလိုက်နိုင်သည့်အပြင် ခန္ဓာကိုယ်အခြေအနေကလည်း တဖြည်းဖြည်း ကျဆင်းလာသဖြင့် မြွေအမြီးယုန်သည် ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအားများကို ပေါက်ကွဲထွက်စေကာ ရှိသမျှခွန်အား အားလုံးကို စုစည်းပြီး ဝါကျင်ကျင်အညိုရောင်သန်းနေသည့် မြေသားဆူးချွန်တစ်ခုကို မှော်စာလုံးကြောင်ထံသို့ ပစ်လွှတ်လိုက်တော့သည်။
"မကောင်းတော့ဘူး။ သူက အကျပ်အတည်းထဲ ရောက်သွားလို့ နောက်ဆုံး စိတ်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုကို သုံးလိုက်တာပဲ။"
ထိုမြင်ကွင်းကို မြင်သောအခါ တုံးလင်က ဝင်ရောက်ကူညီချင်သော်လည်း အကွာအဝေးက ဝေးလွန်းနေသဖြင့် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
တုံးရွှမ်း၏ လှပသော မျက်နှာထက်တွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားခဲ့သည်။ မှော်စာလုံးကြောင်သည် ယခုလေးတင် အပေါ်သို့ ခုန်တက်ထားပြီး မြေပြင်မှ အရှိန်ပြန်ယူရန် မဖြစ်နိုင်သေးသည့်အပြင် ထိုတိုက်ခိုက်မှုက ၎င်းမြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းမည့် နေရာကို ကြိုတင်တွက်ချက်ထားခြင်းဖြစ်သောကြောင့် ဤရုတ်တရက် တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်တော့ချေ။
"မခုခံနဲ့။"
ကျန်းဟန်က ရုတ်တရက် သတိပေးအော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပိုးမျှင်တစ်ခု မှော်စာလုံးကြောင်အပေါ် သက်ရောက်သွားပြီး ၎င်းကို ဘေးတစ်ဖက်သို့ ဆွဲဖယ်လိုက်သည်။ အရေးကြီးသော အချိန်ပိုင်းလေးတွင် မြေသားဆူးချွန်သည် ဘေးနားရှိ လူတစ်ဖက်စာခန့် ထူထပ်သော သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားပြီး အပေါက်ကြီးတစ်ပေါက် ဖောက်ထွက်သွားခဲ့လေသည်။
ပိုင်လင်း၏ ကြားဖြတ်ကူညီမှုကြောင့်သာ မှော်စာလုံးကြောင်မှာ အမွှေးအနည်းငယ်သာ ကျွတ်ထွက်သွားခဲ့သည်။
"သေစမ်း... အစုတ်အပြတ်ကောင်။"
ဤအခိုက်အတန့်တွင် ကျောက်မြွေသည် အားအင်ကုန်ခမ်းနေသည့် မြွေအမြီးယုန်ရှေ့သို့ ရောက်ရှိလာပြီး ၎င်းကို မြေပြင်ပေါ်တွင် သေသည်အထိ ရိုက်သတ်ပစ်လိုက်တော့သည်။
"မှော်စာလုံးကြောင် အဆင်ပြေရဲ့လား။"
လီဇီဝေသည် မူလက သူမ၏ မီးတောက်ခွေးကို စေလွှတ်ခဲ့သော်လည်း ထိုကောင်က တုံ့ပြန်မှု နှေးကန်လွန်းလှသည်။ ၎င်းရောက်ရှိသွားချိန်တွင် မြွေအမြီးယုန်က အသတ်ခံရပြီး ဖြစ်နေသဖြင့် အခြေအနေ အဆင်ပြေစေရန် သူမ၏ ဝမ်းကွဲညီမ တုံးရွှမ်းကိုသာ လှမ်း၍ ဂရုတစိုက် မေးမြန်းလိုက်ရသည်။
"ငါ့မှာတော့ လန့်သေတော့မလို့ပဲ။ မှော်စာလုံးကြောင် တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတော့မလို့။"
တုံးရွှမ်းက မှော်စာလုံးကြောင်အနားသို့ လျှောက်သွားပြီး ၎င်းကို အသည်းအသန် ပွတ်သပ်ချော့မြူလိုက်သည်။ ထို့နောက် ကျန်းဟန်နှင့် လီဇီဝေတို့ကို မော့ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ကျန်းဟန်... နင့်ကို တကယ်ကျေးဇူးတင်ပါတယ်။ နင်သာ ဝင်မကူညီရင် ငါ့ရဲ့ မှော်စာလုံးကြောင် ဒုက္ခရောက်တော့မှာ။ ငါ့ဝမ်းကွဲအစ်မက နင့်ကို ဘာလို့ ဒီလောက် ချီးကျူးနေလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ နင်က တကယ် တော်တာပဲ။ ငါ့အစ်မနဲ့လည်း ထိုက်တန်ပါတယ်။"
ပြီးခဲ့သည့် တိုက်ပွဲအတွင်း ကျန်းဟန်၏ ပိုင်လင်းကို အမိန့်ပေးစေခိုင်းမှုမှာ အပြစ်ပြောစရာမရှိအောင် ပြောင်မြောက်လှရာ တုံးရွှမ်းအနေဖြင့် ကျန်းဟန်သည် သူမထက် သာလွန်ကြောင်း ဝန်ခံရုံမှတစ်ပါး အခြားမရှိတော့ချေ။
"လျှောက်မပြောနဲ့။"
လီဇီဝေက တုံးရွှမ်းကို စိုက်ကြည့်လိုက်သည်။
"နောက်တစ်ခါကျရင် ဒီလိုမျိုး မလုပ်နဲ့တော့။ ဒီလို သားရဲတွေရဲ့ အသက်လုပြီး ပြန်လည်တုံ့ပြန်တာက အရမ်းအန္တရာယ်များတယ်။"
ကျန်းဟန်က တုံးရွှမ်းကို တစ်ချက်ကြည့်ကာ ပြောလိုက်ပြီး၊သူမ၏ နောက်ဆုံးစကားကိုမူ မကြားချင်ယောင်ဆောင်ထားလိုက်သည်။
အဝေးတစ်နေရာတွင်မူ တုံးလင်သည် စိတ်ထဲတွင် အနည်းငယ် မတင်မကျ ဖြစ်သွားကာ ကျန်းဟန်ကို မလိုသော အကြည့်ဖြင့် စိုက်ကြည့်ရင်း 'ဒီကောင် ငါ့ညီမရှေ့မှာ တမင်သက်သက် လာကြွားနေတာလား' ဟု တွေးလိုက်မိသည်။
"ကောင်းပြီ ကောင်းပြီ။ မြွေအမြီးယုန်ရဲ့ အလောင်းကို မြန်မြန် ရှင်းလင်းကြရအောင်။"
တုံးလင်က စကားဖြတ်ပြောလိုက်ပြီး သူမ၏ညီမကို ဆုံးမတော့မည့် လီဇီဝေကို တားဆီးရန်အတွက် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်တော့သည်။
"ငါတော့ အဲဒါကို မကိုင်ချင်ဘူး။ တစ်ကိုယ်လုံး သွေးတွေနဲ့။ ကျန်းဟန်ကိုပဲ အကုန်ပေးလိုက်ပါ။ သူက အားအစိုက်ခဲ့ရဆုံးပဲ။"
တုံးရွှမ်းက ပြောလိုက်သည်။ သူမသည် အဓိကအားဖြင့် သားရဲများကို လာရောက်သတ်ဖြတ်ခြင်းသာဖြစ်ပြီး ပိုက်ဆံကို ဂရုမစိုက်ချေ။
"အညီအမျှ ခွဲယူကြတာပေါ့။"
ကျန်းဟန်က ခေါင်းခါယမ်းလိုက်သည်။
"ငါလည်း မကိုင်ချင်ဘူး။"
တုံးလင်ကလည်း ခေါင်းခါပြလာခဲ့သည်။
"ကျန်းဟန်... နင်ပဲ ယူလိုက်ပါ။ တကယ်တော့ ငါတို့က ဒီပိုက်ဆံအနည်းငယ်ကို ဂရုမစိုက်ပါဘူး။ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း နောက်ထပ်သားရဲတွေနဲ့ တွေ့တဲ့အခါကျမှပဲ ရှင်းကြတာပေါ့။"
လီဇီဝေကလည်း ပြောလာခဲ့သည်။
"ဒါဆိုလည်း ကောင်းပြီ။"
ကျန်းဟန်က ခေါင်းငုံ့ကာ မြွေမြီးယုန်၏ သားရဲအမြုတေကို ထုတ်ယူလိုက်သည်။ မြေါအမြီးယုန်၏ သားရဲအမြုတေသည် ယွမ် ၁၅၀၀ ခန့် တန်ကြေးရှိပြီး မြွေအမြီးယုန်၏ အလောင်းကိုလည်း ယွမ် ၁၀၀၀ ခန့်ဖြင့် ရောင်းချနိုင်သည်ဖြစ်ရာ မြို့နှင့်လည်း သိပ်မဝေးသဖြင့် အရင်ဆုံး မြေမြှုပ်ထားပြီးမှ နောက်မှ ပြန်လာတူးလျှင် ရနိုင်သည်။
သို့သော်လည်း အခြားသော သားရဲများက တွေ့ရှိသွားမည်ကို စိုးရိမ်သဖြင့် ဘေးကင်းစေရန်အတွက် သားရဲအမြုတေကိုမူ အရင်ဆုံး တူးဖော်ယူလိုက်ခြင်းဖြစ်ပြီး အရာအားလုံး ဆုံးရှုံးသွားနိုင်ခြေကို ကာကွယ်လိုက်ခြင်း ဖြစ်သည်။
"သွားကြစို့။ ဆက်ပြီး ရှာဖွေစူးစမ်းကြမယ်။"
ကျန်းဟန် သိမ်းဆည်း၍ပြီးသွားသောအခါ တုံးရွှမ်းက လောဆော်လိုက်သည်။ သူမသည် တောတွင်းအသက်ရှင်သန်ရေး လေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ဖူးသည်ဆိုသော်လည်း လုံးဝနီးပါး ဘေးကင်းလွန်းလှသည့် ထိုလေ့ကျင့်ရေးပတ်ဝန်းကျင်သည် အမည်မသိအရာများနှင့် ပြည့်နှက်နေသည့် ဤပတ်ဝန်းကျင်နှင့် မနှိုင်းယှဉ်နိုင်ပါချေ။ ဤနေရာရှိ အရာအားလုံးက သူမကို အလွန်စိတ်လှုပ်ရှားစေ၏။
သူတို့သည် မူလလမ်းကြောင်းမှ သွေဖည်သွားခဲ့ကြသော်လည်း ကျန်းဟန်နှင့် အခြားသူများက နောက်ပြန်မလှည့်ဘဲ ယေဘုယျဦးတည်ချက်အတိုင်း ဆက်လက်လှုပ်ရှားခဲ့ကြသည်။ နောက်ဆုံးတွင်တော့ လမ်းမထက်တွင် သားရဲများနှင့် တိုးနိုင်ချေက တောအုပ်ထဲတွင် တိုးနိုင်ချေလောက် သေချာပေါက် မမြင့်မားပေ။
မကြာမီမှာပင် ထိုအဖွဲ့သည် လက်ရွေးစင်အဆင့် သားရဲနှစ်ကောင်ကို ထပ်မံတွေ့ရှိခဲ့ကြသည်။ တစ်ကောင်က အလယ်အလတ်အဆင့်ဖြစ်ပြီး အခြားတစ်ကောင်က အစောပိုင်းအဆင့်ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ကျန်းဟန်က ဝင်ရောက်မတိုက်ခိုက်ဘဲ လီဇီဝေနှင့် တုံးလင်တို့ကိုသာ အခွင့်အရေး ပေးလိုက်သည်။
တုံးလင်၏ ကျောက်မြွေသည် တော်တော်လေး အစွမ်းထက်သည်ဟု ပြောရမည်။ မြေဒြပ်စင် သံချပ်ကာကြွက်နှင့် ရင်ဆိုင်ရချိန်တွင် ၎င်းသည် ခွန်အားသုံး၍ အတင်းဝင်ဆောင့်ကာ သေသည်အထိ တိုက်ခိုက်ပြခဲ့သည်။
လီဇီဝေမှာမူ မီးတောက်ခွေး၏ အမိန့်နာခံမှုကို လေ့ကျင့်ပေးရင်း အလုပ်ရှုပ်နေခဲ့သည်။ ထိုလုပ်ငန်းစဉ်က မလွယ်ကူလှဘဲ နောက်ဆုံးတွင်တော့ မီးတောက်ခွေး၏ နာခံမှုမှာ မဆိုစလောက်သာ အဆင့်မီခဲ့သည်ဟု ပြောရမည်။
"ဟင်... ဟိုမှာ အစိမ်းရောင်အရင်းအမြစ်မြွေတစ်ကောင်ရှိတယ်။ မြန်မြန် လိုက်ကြရအောင်။"
မကြာမီမှာပင် သူတို့အဖွဲ့သည် အခြား သားရဲတစ်ကောင်ကို ထပ်မံတွေ့ရှိခဲ့ကြ၏။ ဤတစ်ကောင်က သူတို့လေးဦးစလုံးကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။
"မြန်မြန်လိုက်။ မျက်ခြေမပြတ်စေနဲ့။"
ကျန်းဟန်က မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။ အစိမ်းရောင်အရင်းအမြစ်မြွေ၏ ထူးခြားချက်မှာ အစိမ်းရောင် အပင်များကို ဖြစ်ထွန်းစေခြင်းဖြစ်ရာ ယင်းက ၎င်းနေထိုင်ရာ အရပ်ဒေသများတွင် ဝိညာဉ်အပင်များ အမြောက်အမြား ထွက်ရှိတတ်သည်ဟု အဓိပ္ပာယ်ရသည်။ ၎င်းကို ရတနာသိုက်မြွေဟုပင် ခေါ်ဆိုနိုင်ပြီး ၎င်း၏ အသိုက်ကိုသာ လိုက်ရှာတွေ့နိုင်ပါက ဝိညာဉ်အပင် အမြောက်အမြားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
"မြို့နားမှာ ဒီလိုသားရဲမျိုးကို တွေ့လိမ့်မယ်လို့ ငါမထင်ထားမိဘူး။"
တုံးရွှမ်းက အလွန်အမင်း ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"အင်း ငါလည်း မမျှော်လင့်ထားမိဘူး။ တကယ် ကံကောင်းတာပဲ။ ဒါပေမဲ့ သတိထား... ကင်းလှည့်စည်းကို ကျော်ပြီး မလိုက်မိစေနဲ့။"
လီဇီဝေက ပြေးလွှားရင်း ပြောလိုက်သည်။ ကင်းလှည့်စည်းဆိုသည်မှာ လူများကို သတိပေးရန်အတွက် သီးသန့်သတ်မှတ်ထားခြင်း ဖြစ်ပြီး ယင်းကို ကျော်လွန်သွားပါက သားရဲများကို ပုံမှန်ရှင်းလင်းပေးလေ့ရှိသည့် ဘေးကင်းဇုန်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ အပြင်ဘက်ကမ္ဘာသည် အမည်မသိ အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကျန်းဟန်တို့ကဲ့သို့ အလုပ်သင် သားရဲထိန်းချုပ်သူများ သွားရောက်ရမည့် နေရာမဟုတ်ပေ။
အစိမ်းရေောင်အရင်းအမြစ်မြွေနောက်သို့ လိုက်လံဖမ်းဆီးရင်း ကျန်းဟန်တို့သည် အဝေးကြီးအထိ ပြေးခဲ့ကြရသည်။ ထိုအစိမ်းရောင်အရင်းအမြစ်မြွေသည်လည်း တောအုပ်ထဲတွင် အလွန်လျင်မြန်စွာ ပြေးလွှားနိုင်စွမ်း ရှိသည်။
"မကောင်းတော့ဘူး။ ရှေ့မှာ မြူတွေ ရှိနေတယ်။ မျက်ခြေမပြတ်စေနဲ့။"
သူတို့ ပြေးလွှားနေစဉ်မှာပင် ဖြူလွလွ မြူခိုးထုကြီးတစ်ခုက သူတို့ထံသို့ လွင့်မျောလာခဲ့သည်။ သို့သော်လည်း အစိမ်းရောင်အရင်းအမြစ်မြွေကို ရရှိရန်အတွက် သူတို့လေးဦးစလုံးက ဇွဲမလျှော့ဘဲ ဆက်လက်လိုက်လံဖမ်းဆီးခဲ့ကြရာမှ မကြာမီ မြူခိုးထုကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ တိုးဝင်မိသွားကြတော့သည်။
"ကျိ...."
မကြာမီမှာပင် မြူများ အလွန်အမင်း ထူထပ်လာပြီး ကျန်းဟန်နှင့် ပိုင်လင်းတို့သည် အစိမ်းရောင်အရင်းအမြစ်မြွေ၏ အရိပ်အယောင်ကို မျက်ခြေပြတ်သွားခဲ့ရပြီး ခဏမျှလည်း လမ်းပျောက်သလို ဖြစ်သွားခဲ့ရသည်။
"ဖုန်းကလည်း လိုင်းမမိတော့ဘူး။ ငါတို့ အော်ခေါ်ပြီးပဲ ရှာရတော့မယ်။"
ကျန်းဟန် သူ၏ဖုန်းကို ထုတ်ကြည့်လိုက်ရာ အရေးပေါ်ဖုန်းခေါ်ဆိုမှုသာ ပြုလုပ်နိုင်သည်ကို တွေ့လိုက်ရသဖြင့် ဤမြူများသည် လိုင်းမိသည့်နယ်မြေများကို ပိတ်ဆို့ထားသည့် အာနိသင်ရှိပုံရကြောင်း သဘောပေါက်လိုက်သည်။ သို့သော်လည်း သူသည် လမ်းခရီးတစ်လျှောက်လုံးတွင် သတိမထားမိခဲ့သဖြင့် ယခုအခါ မိမိကိုယ်တိုင် ဘယ်နေရာသို့ ရောက်နေသည်ကိုပင် မသိတော့ချေ။
အခန်း ၈၆
"အော်ခေါ်ပြီး ရှာရတာလည်း အပိုပဲ ထင်တယ်။ ဒါက ဘယ်လိုမြူမျိုးလဲ မသိဘူး။ လိုင်းတွေကို ပိတ်ဆို့ထားရုံတင်မကဘဲ အသံကိုပါ ဝါးမြိုပစ်လိုက်သလိုပဲ။"
အကြိမ်အနည်းငယ် အော်ဟစ်ပြီးနောက် ကျန်းဟန် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။
ယုတ္တိဗေဒအရ ပြောရလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးသည် ဤနေရာ၌ မပေါ်လာသင့်ချေ။ အဘယ်ကြောင့်ဆိုသော် ကင်းလှည့်တပ်ဖွဲ့သည် အပတ်စဉ် ပတ်ဝန်းကျင်ရှိ တောရိုင်းသားရဲများကို လာရောက်ရှင်းလင်းလေ့ ရှိသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော မြူထုသာ ရှိနေခဲ့ပါက သူတို့ ရှာဖွေတွေ့ရှိခဲ့သည်မှာ ကြာပြီ ဖြစ်ရမည်။
"ဒီမြူတွေက ပြီးခဲ့တဲ့ အပတ်ကမှ ရုတ်တရက် ပေါ်လာတာ ဖြစ်ရမယ်။"
ကျန်းဟန် မိမိဘာသာ ရေရွတ်လိုက်မိသည်။ ကင်းလှည့်အဖွဲ့များသည် ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် အလုပ်လုပ်လေ့ရှိသဖြင့် ဤမြူများသည် ယခုအပတ်အတွင်းမှသာ ဖြစ်တည်လာခြင်း ဖြစ်ပုံရသည်။
ယခုအခါ သူ မျှော်လင့်နိုင်သည်မှာ ဤမြူထုထဲတွင် အလွန်အမင်း အစွမ်းထက်လွန်းသည့် သားရဲကြီးများ မရှိနေစေရန်သာ ဖြစ်သည်။ သို့မဟုတ်ပါက သူတို့အဖွဲ့သားများအားလုံး ဤနေရာ၌ပင် ဇီဝိန်ချုပ်သွားကြရပေလိမ့်မည်။
"ကျိ..."
ပိုင်လင်းက တစ်ချက်အော်မြည်ပြီး ကျန်းဟန်ကို ရှေ့သို့ကြည့်ရန် အချက်ပြလိုက်သည်။
"ဟင်... မြူတွေက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားနေတာပဲ။ ဟိုဘက်ကို သွားကြည့်ရအောင်။"
ကျန်းဟန် ရှေ့သို့ လှမ်းကြည့်လိုက်ရာ ၎င်း၏ရှေ့ရှိ ထူထပ်လှသော မြူခိုးထုကြီးသည် မည်သည့်အချိန်ကစ၍ မှန်းမသိဘဲ တဖြည်းဖြည်း ကင်းစင်သွားသည်ကို တွေ့လိုက်ရသည်။
ကျန်းဟန်သည် တစ်ရာခိုင်နှုန်း သတိတရားကို လက်ကိုင်ထားကာ တစ်လှမ်းချင်း ရှေ့သို့ တိုးလာခဲ့သည်။ မြူများသည် အလွန်လျင်မြန်စွာ လွင့်ပါးသွားခဲ့ပြီး မကြာမီမှာပင် လုံးဝဥဿုံ ပျောက်ကွယ်သွားတော့သည်။
"ကျိ..."
ပိုင်လင်းက ပတ်ဝန်းကျင် ရှုခင်းကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် အော်မြည်လိုက်သည်။
"မင်းလည်း သတိထားမိတယ်မလား။ ဒါက ငါတို့ ရှန်းဟွာမြို့ရဲ့ ပတ်ဝန်းကျင် ရှုခင်း လုံးဝမဟုတ်ဘူး။"
ကျန်းဟန် ပတ်ဝန်းကျင်ကို ကြည့်ရင်း စိုးရိမ်စိတ်များ ပိုမိုကြီးထွားလာခဲ့သည်။
ဤနေရာသည် တောအုပ်ကြီးအတွင်းရှိ အပင်များ အဆမတန် ကြီးထွားရှင်သန်နေသည့် နေရာတစ်ခု ဖြစ်သည်။ ဘေးနားရှိ သစ်ပင်တိုင်းသည် အနည်းဆုံး လူကြီး လေးငါးယောက် စုဖက်ရလောက်အောင် ထူထပ်ကြီးမားပြီး တောအုပ်အတွင်းရှိ ရာသီဥတုမှာလည်း စိုစွတ်ပြီး အိုက်စပ်လှသည်။
ရှန်းဟွာမြို့ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် ဤမျှမကြီးမားသည့်အပြင် ထိုနေရာ၏ ရာသီဥတုက ပိုမိုခြောက်သွေ့ပြီး အေးစိမ့်လှသည်။ ဤနေရာသည်မူ အပူပိုင်းမိုးသစ်တောနှင့် ပို၍ တူညီနေသည်။
"ဒါက ဘာလိုနည်းလမ်းမျိုးလဲ။ ဘာသတိပေးချက်မှ မရှိဘဲနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ နေရာတစ်ခုကို ရောက်လာတာပဲ။ ငါ ဘယ်နေရာ ရောက်နေမှန်းတောင် မသိတော့ဘူး။"
ကျန်းဟန် သက်ပြင်းချလိုက်ပြီး ဟုတ်ဟုတ်ကိုပါ ချက်ချင်း ထုတ်လိုက်တော့သည်။
"ဂူး"
ဟုတ်ဟုတ်သည် ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း သတိကြီးစွာ အော်မြည်လိုက်သည်။ ဤနေရာသည် ၎င်း၏ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ထိတ်လန့်တုန်လှုပ်ခြင်းကို ဖြစ်ပေါ်စေသည်။
"ငါလည်း ဒါ ဘယ်နေရာလဲ မသိဘူး။ အရင်ဆုံး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရအောင်။"
ကျန်းဟန် သက်ပြင်းချရင်း ပြောလိုက်သည်။ အလွန်အန္တရာယ်များနိုင်သော်လည်း အခြားရွေးချယ်စရာ လမ်းမရှိချေ။ သတင်းအချက်အလက် ပိုမိုစုဆောင်းနိုင်မှသာ သူတို့ ဘယ်နေရာရောက်နေလဲဆိုသည်ကို ဆုံးဖြတ်နိုင်ပြီး မည်သို့ပြန်ရမည်ကို အဖြေရှာနိုင်မည် ဖြစ်သည်။
မြူခိုးများ လုံးဝကင်းစင်သွားချိန်တွင် ကျန်းဟန်သည် မိမိ၏ဖုန်းတွင် လိုင်းလုံးဝမမိတော့ကြောင်း ထပ်မံတွေ့ရှိလိုက်ရသည်။ အရေးပေါ်ဖုန်းပင် ခေါ်ဆို၍ မရတော့ချေ။ ယင်းက ၎င်း၏ နှလုံးသားကို ပိုမိုလေးလံအုံ့မှိုင်းသွားစေခဲ့လေသည်။
"ဂူး"
ဟုတ်ဟုတ်က ကျန်းဟန်ကို အလွန်အမင်း အကူအညီမဲ့နေဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ၎င်း၏ဘေးကနေ လိုက်ပါလျက် ပတ်ဝန်းကျင်အခြေအနေကို သတိကြီးစွာဖြင့် ကင်းထောက်ပေးလိုက်တော့သည်။
တောအုပ်ထဲတွင် စူးစမ်းရှာဖွေရင်း ကနဦး၌ ဘာမှမရှိဘဲ သားရဲများကိုလည်း မတွေ့ရသဖြင့် ကျန်းဟန်၏ စိုးရိမ်ပူပန်နေသော နှလုံးသားမှာ အနည်းငယ် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
"ဝေါင်း...."
ရုတ်တရက်ဆိုသလို... အလွန်ဝေးကွာလှသော အရပ်ဆီမှ နားကွဲလုမတတ် ပြင်းထန်လှသော သားရဲဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် တောအုပ်တစ်ခုလုံးရှိ သစ်ရွက်များ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်ရွက်ကြွေသံများ တရှဲရှဲနှင့် မဆုံးနိုင်အောင် ဖြစ်သွားခဲ့သည်။
ကျန်းဟန်ပင်လျှင် မူးဝေထုံထိုင်းသွားခဲ့ရပြီး ကျန်းဟန်၏ ခေါင်းပေါ်တွင် ပျံသန်းနေသည့် ဟုတ်ဟုတ်မှာမူ ဘုန်းကနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ကျိ...။"
သို့သော် ကျန်းဟန်ကို အံ့အားသင့်စေသည်မှာ ပိုင်လင်းသည် အတင်းရုန်းကန်ကာ မတ်တပ်ရပ်နေပြီး ၎င်း၏ခန္ဓာကိုယ်မှလည်း အရှိန်အဝါ တစ်ခု တဖြည်းဖြည်း ဖြာထွက်လာခြင်း ဖြစ်သည်။
"အား ဝူးးး"
သို့သော် ထို့နောက်တွင် ပိုမိုတုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော သားရဲဟိန်းသံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။ ရေတွက်၍မရသော သစ်ရွက်များ လွင့်ကြွေကျလာပြီး ကျန်းဟန်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် လဲပြိုသွားခဲ့ရသလို ခုနတင်မှ လွတ်မြောက်ရန် အတင်းပြန်ပျံတက်ခဲ့သည့် ဟုတ်ဟုတ်မှာလည်း ဘုန်းကနဲ မြေပြင်ပေါ်သို့ ထပ်မံပြုတ်ကျသွားကာ မြေကြီးများကို ကုန်းနမ်းလိုက်ရတော့သည်။
ဟုတ်ဟုတ်- "..."
"ကျိ..."
နောက်ဆုံးတွင် ပိုင်လင်းပင် တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲပြိုသွားကာ ခရမ်းရောင် ပိုးရည်တစ်လုပ် အန်ထုတ်လိုက်ရသည်။ ၎င်းရရှိသွားသည့် ဒဏ်ရာက မသေးလှချေ။ သို့သော်လည်း ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကမူ တဖြည်းဖြည်း ပိုမိုအားကောင်းလာခဲ့သည်။
"မဖြစ်ဘူး။ မြန်မြန်ပြေး....။"
ကျန်းဟန် အတင်းရုန်းကန်ထကာ ပိုင်လင်းနှင့် ဟုတ်ဟုတ်ကို ကောက်ပွေ့ပြီး နောက်ကြောင်းပြန် ပြေးတော့သည်။ သူ၏ သားရဲလေးနှစ်ကောင်မှာ စိတ်ဝိညာဉ်စွမ်းအင်ပိုင်းတွင် သူ့လောက်မသန်သဖြင့် ရရှိသည့်ဒဏ်ရာက ပိုမိုပြင်းထန်နေခြင်း ဖြစ်သည်။
မကြာမီမှာပင် အဝေးက တောင်တန်းကြီးပေါ်၌ တိုက်ခိုက်နေကြသည့် ဧရာမသားရဲကြီးနှစ်ကောင်၏ ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။ တစ်ကောင်ချင်းစီက အလျား မီတာငါးဆယ်၊ ခြောက်ဆယ်ခန့်ရှိပြီး အမြင့်မှာမူ မီတာသုံးဆယ်ကျော် ရှိသည်။
၎င်းတို့အနက် တစ်ကောင်မှာ ကျောပြင်တွင် အတောင်ပံ ရှစ်ခုပါရှိသည့် ကျားဖြူဖြစ်ပြီး အခြားတစ်ကောင်မှာမူ ဝက်ဝံခေါင်း၊ မျောက်အမြီးနှင့်အတူ အနက်ရောင်နှင့် အဖြူရောင် ခန္ဓာကိုယ်ရှိသော ကြောက်မက်ဖွယ်ရာ ကွန်ဖူးဧရာမဝက်ဝံ ဖြစ်သည်။
"အတောင်ပံရှစ်ခုပါ ကျားဖြူ...၊ ကွန်ဖူးဧရာမဝက်ဝံ။"
ထိုဧရာမသားရဲကြီးနှစ်ကောင်၏ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ကျန်းဟန်၏ နှလုံးသားတစ်ခုလုံး တုန်ခါသွားခဲ့ရသည်။ ၎င်းတို့အားလုံးသည် နယ်ပယ်တစ်ခုကို စိုးမိုးထားနိုင်သည့် ကြောက်မက်ဖွယ်ရာ အဆင့် (၅) ဧကရာဇ်အဆင့် သားရဲကြီးများ ဖြစ်ကြသည်။
အတောင်ပံရှစ်ခုပါ ကျားဖြူ၏ တိုက်စစ်က အနှိုင်းမဲ့ပြီး ၎င်း၏ ထူးခြားချက်မှာ ရွှေရောင်ဖြာထွက်မှု ဖြစ်သည်။ ယင်းက သတ္တုများကို ဝါးမြိုခြင်းဖြင့် မိမိ၏ ရွှေရောင်ဖြာထွက်မှုကို မြှင့်တင်နိုင်ခြင်းဖြစ်ကာ ထိုရွှေရောင်ဖြာထွက်မှုများသည် အမြဲတမ်းတည်ရှိနေပြီး ၎င်း၏တိုက်ခိုက်မှုတိုင်းတွင် ရန်သူကို ပြတ်တောက်သွားစေမည့် ဒဏ်ရာများကို အဆက်မပြတ် ရရှိစေသည်။
ယခုအခါ ကျားဖြူထံမှ ဖြာထွက်နေသော ရွှေရောင်အလင်းတန်းများမှာ ထောင်နှင့်ချီ၍ ရှိနေသည်။ ကျန်းဟန်၏ ခန့်မှန်းချက်အရ အနည်းဆုံး သောင်းဂဏန်းမက ရှိပေလိမ့်မည်။ ၎င်း၏ တိုက်ခိုက်မှုတိုင်းက ပတ်ဝန်းကျင်ရှိ တောင်တန်းများကို ပြတ်တောက်သွားစေပြီး မြစ်ရေများကိုပါ ခမ်းခြောက်သွားစေခဲ့သည်။
ထိုကွန်ဖူးဧရာမဝက်ဝံမှာလည်း ရိုးရှင်းလှသည်မဟုတ်ချေ။ ၎င်း၏ ထူးခြားချက်မှာ အတုခိုးခြင်း ဖြစ်သည်။ ထိုထူးခြားချက်ကြောင့် ၎င်းသည် ဓာတ်သဘာဝ ကန့်သတ်ချက်များမရှိဘဲ အခြားသားရဲများ၏ အဆုံးစွန်သော လျှို့ဝှက်တိုက်ကွက်များကို သင်ယူနိုင်စွမ်း ရှိသည်။
ယင်းက ၎င်းအား ကွန်ဖူးဂိုဏ်းချုပ်ကြီးတစ်ဦးကဲ့သို့ ဖြစ်စေပြီး တစ်ကိုယ်လုံးတွင် သဘာဝတရား၏ အရှိန်အဝါများ ဖုံးလွှမ်းနေကာ လှုပ်ရှားမှုတိုင်းတွင် ပြိုင်ဘက်ကို အကွက်စေ့စေ့ တုံ့ပြန်နိုင်သဖြင့် လုံးဝ မနိမ့်ကျချေ။
"ဂူးဂူး..."
ဟုတ်ဟုတ်မှာမူ ဤအခိုက်အတန့်တွင် စိတ်ပျက်အားငယ်ခြင်းကိုသာ ခံစားနေရတော့သည်။ မိမိ၏ သားရဲများကို ဒုက္ခပေးတတ်သည့် ဤသခင်နောက်သို့ လိုက်ပါမိခြင်းက တကယ့်ကို ကံဆိုးလွန်းလှသည်။
"မကြောက်နဲ့။ ငါတို့ရောက်နေတဲ့နေရာက ဒီသားရဲကြီးတွေထဲက တစ်ကောင်ကောင်ရဲ့ နယ်မြေဖြစ်ရမယ်။ အဲဒါကြောင့်မို့လို့ ဒီမှာ တခြားသားရဲကောင်တွေ လုံးဝမရှိတာ။ အခု သူတို့ တိုက်ပွဲဖြစ်နေတာက ငါတို့အတွက် ထွက်ပြေးလွတ်မြောက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ဒီလို သားရဲကြီးတွေက ငါတို့လို အကောင်သေးသေးလေးတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး။"
ခဏတာ ထိတ်လန့် စိတ်ပျက်သွားပြီးနောက် ကျန်းဟန်က အခြေအနေကို လျင်မြန်စွာ သုံးသပ်လိုက်သည်။ သားရဲလေးနှစ်ကောင်ကို ပွေ့ချီကာ ပြေးလွှားရင်း ကုသရေးဆေးရည်များကို ထုတ်ယူ၍ တိုက်ကျွေးလိုက်သည်။
အခြေအနေက ကျန်းဟန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ဤနေရာသည် ထိုဧရာမသားရဲကြီးနှစ်ကောင်အနက် တစ်ကောင်၏ နယ်မြေဖြစ်သဖြင့် အခြားသားရဲကောင် လုံးဝမရှိဘဲ မည်သည့်အတားအဆီးမျှမရှိ လေသင့်ရာဘက်သို့ လွယ်ကူစွာ ပြေးလွှားနိုင်ခဲ့သည်။
"ဟင်... ဒါက ဘာရနံ့လဲ။"
ကျန်းဟန် ရုတ်တရက် ထွက်ပေါ်လာသည့် ဆန်းကြယ်သော ရနံ့မွှေးမွှေးကို ရရှိလိုက်ပြီး စိတ်ထဲတွင် ချက်ချင်း လန်းဆန်းသွားကာ မိမိ၏ စိတ်ဝိညာဉ်ပင် ပြန်လည်ကုသခံလိုက်ရသလို ခံစားလိုက်ရသည်။
သူကိုယ်တိုင်လည်း ခုနတင်ကမှ ဒဏ်ရာရရှိထားခြင်း ဖြစ်ရာ ယခုအခါ ဤဆန်းကြယ်သော ရနံ့ကို ရှူရှိုက်မိရုံမျှဖြင့် စိတ်ဝိညာဉ်ဒဏ်ရာများ သက်သာသွားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
"ဟိုဘက်ကို သွားကြည့်ရအောင်။"
ကျန်းဟန် ခဏမျှ စဉ်းစားပြီးနောက် ထိုရနံ့ထွက်ပေါ်လာရာ ဦးတည်ချက်သို့ လျှောက်သွားခဲ့သည်။ ယခုအချိန်တွင် ဧရာမသားရဲကြီးနှစ်ကောင်က အသည်းအသန် တိုက်ခိုက်နေကြဆဲဖြစ်ပြီး မကြာခင်နှင့် ပြီးဆုံးမည့်ပုံမပေါ်သဖြင့် သူ့တွင် အချိန်အလုံအလောက် ရှိသေးသည်။
ယင်းက ရတနာ ရှာဖွေရန်အတွက်လည်း အခွင့်ကောင်းကြီး တစ်ရပ်ဖြစ်သည်။ ဤကဲ့သို့သော ဧကရာဇ်အဆင့် သားရဲကြီးများ၏ နယ်မြေတွင် ကောင်းမွန်သော ရတနာများစွာ ရှိနေမည်မှာ အသေအချာပင်။ အဆင့် (၄) သို့မဟုတ် အဆင့် (၅) ပစ္စည်းများကို ထားလိုက်ဦး....အဆင့် (၃) ဝိညာဉ်အပင် သို့မဟုတ် ဆန်းကြယ်သော အသီးအနှံအချို့ကို ရရှိရုံမျှဖြင့်ပင် သူ့အတွက် ကြီးမားသော ခွန်အားတိုးတက်မှုကို ဖြစ်စေနိုင်သည်။
မီတာ ခုနစ်ရာ၊ ရှစ်ရာခန့် လျှောက်သွားပြီးနောက် ကျန်းဟန်သည် ထိုဆန်းကြယ်သော ရနံ့၏ မြစ်ဖျားခံရာကို ရှာတွေ့သွားခဲ့သည်။
၎င်းသည် တောအုပ်ထဲတွင် အရှိန်အဟုန်ဖြင့် ကြီးထွားနေသည့် ဧရာမအပင်ကြီးတစ်ပင် ဖြစ်သည်။ ထိုအပင်တွင် ငှက်ပျောရွက်ကဲ့သို့ ကြီးမားသော အရွက်များ ရှိပြီး အလွန်ကြီးမားသော ရေမွှေးပုလင်းခန့် အရွယ်အစားရှိသည့် တံပိုးတံပုံစံ ပန်းပွင့်များစွာလည်း ပွင့်လန်းနေခဲ့သည်။ ဆန်းကြယ်သော ရနံ့များက ဤနေရာမှ ဖြာထွက်နေခြင်း ဖြစ်သည်။
"ဒါက ဘယ်လိုဝိညာဉ်အပင်မျိုးလဲ။"
ကျန်းဟန် မိမိကိုယ်တိုင်လည်း ဤအပင်ကို မမှတ်မိကြောင်း သဘောပေါက်လိုက်သည်။ သူ အနားသို့ လျှောက်သွားချိန်တွင်မှ ထိုအရာသည် မြေပြင်ပေါ်တွင် ပေါက်ရောက်နေခြင်းမဟုတ်ဘဲ ဧရာမ မြေအောက်လိုဏ်ဂူကြီးတစ်ခုထဲကနေ အရှိန်အဟုန်ဖြင့် တိုးထွက်ကြီးထွားလာခြင်း ဖြစ်ကြောင်း ရှာတွေ့လိုက်ရသည်။
ထို့ပြင် ဤမြေအောက်လိုဏ်ဂူကြီးအတွင်းမှ ပိုမိုပျံ့လွင့် ထူထပ်လှသော မွှေးရနံ့များကို ကျန်းဟန် ရရှိလိုက်သည်။ ထိုရနံ့ကို အနည်းငယ်မျှ ရှူရှိုက်မိရုံဖြင့်ပင် ခုနက သားရဲဟိန်းသံကြောင့် ရရှိထားသည့် စိတ်ဝိညာဉ်စွမ်းအင် ထိခိုက်ဒဏ်ရာများအားလုံး လုံးဝဥဿုံ ပြန်လည်ပျောက်ကင်းသွားတော့သည်။