အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း ၈၇
"ဂူးးးး"
ဟုတ်ဟုတ်က စူးစမ်းလိုစိတ်ဖြင့် ကျောက်ခဲအနည်းငယ်ကို ပစ်ပေါက်ကာ စမ်းသပ်လိုက်သော်လည်း ထိုဧရာမပန်းပွင့်ကြီးက ဘာတုံ့ပြန်မှုမှ မရှိချေ။
သို့သော်လည်း မွေးရာပါ သတိကြီးတတ်သော အလေ့အထကြောင့် ဟုတ်ဟုတ်မှာ စိတ်မချသေးပေ။ ၎င်းသည် သစ်ပင်တစ်ပင်ပေါ်သို့ ပျံတက်သွားပြီး ခူကောင် တစ်ကောင်ကို ဖမ်းကာ ထိုပန်းပွင့်ထဲသို့ လှမ်းပစ်ချလိုက်သည်။
ဖတ်ကနဲ အသံအေးအေးလေးတစ်ခုနှင့်အတူ... မူလက လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် ဧရာမပန်းပွင့်ကြီးက ရုတ်တရက် ဝါးကနဲ ပိတ်ဆို့သွားပြီး ထိုခူကောင်ကို အတွင်းထဲသို့ မျိုချပစ်လိုက်တော့သည်။
"ဂူးးးး"
မျှော်လင့်ထားသည့်အတိုင်းပင်... အလွန်အန္တရာယ်များလှသည်။
ဒီငှက်ကလေးတော့ လန့်သေတော့မှာပဲ။
ဟုတ်ဟုတ်သည် လန့်ဖျန့်သွားသည့် ပုံစံဖြင့် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်သည်။
"ကျိ...."
ပိုင်လင်းကမူ အခြေအနေကို အကဲခတ်ပြီးနောက် ပိုးမျှင်လွှတ်ပစ်ခြင်းစွမ်းရည်ကို အသုံးပြုကာ အပေါ်ဆုံးက ပန်းပွင့်တစ်ပွင့်ကို လှမ်း၍ ဆွတ်ခူးလိုက်သည်။ ပန်းပွင့်အတွင်း၌ ပန်းရောင်ဖျော့ဖျော့ရှိသော ပန်းဝတ်ရည်များ ရှိနေပြီး အလွန်တရာ မွှေးကြိုင်ချိုမြိန်သော ရနံ့ ရှိသည်။
"ကျိ Ψ( ̄∀ ̄)Ψ"
၎င်းသည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် တစ်ငုံ မြည်းစမ်းလိုက်ရာ အလွန်အမင်း စိတ်ကျေနပ်သွားသည့် မျက်နှာအမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်မှာ သိသိသာသာ တိုးတက်လာသလို ခံစားလိုက်ရပြီး စိတ်အာရုံများလည်း ပိုမိုကြည်လင်ပြတ်သားလာခဲ့သည်။
"ဂူးးးး  ̄﹃ ̄"
ပိုင်လင်း ဘာမှမဖြစ်ဘဲ အလွန်ပျော်ရွှင်နေသည်ကို မြင်သောအခါ ဟုတ်ဟုတ်သည်လည်း သွားရည်တမြမြဖြင့် ပိုင်လင်းအနားသို့ ခြေနှစ်လှမ်းခန့် ခုန်ဆွခုန်ဆွ တိုးကပ်သွားပြီး မြည်းစမ်းကြည့်ချင်လာခဲ့သည်။
"ကျိ (^-^)ρ(^0^) ရော့... စား။"
ပိုင်လင်းက အလွန်သဘောကောင်းစွာဖြင့် ပန်းပွင့်ကို ဟုတ်ဟုတ်ထံ ကမ်းလှမ်းပေးလိုက်ပြီး မျှဝေခံစားရန် အချက်ပြလိုက်သည်။ အတူတူ အချိန်အတော်ကြာ ဖြတ်သန်းပြီးနောက် ပိုင်လင်းသည် ဟုတ်ဟုတ်ကို မကြောက်တော့ဘဲ သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ထားပြီ ဖြစ်သည်။
သည် ဟုတ်ဟုတ်သည် မူလက မူနေချင်သေးသော်လည်း ပန်းဝတ်ရည်၏ မွှေးကြိုင်လှသော ရနံ့ကို တောင့်မခံနိုင်တော့သဖြင့် ခေါင်းငုံ့ကာ တစ်လုပ် ကိုက်စားလိုက်တော့သည်။
"ဂူးးး"
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တောင့်တင်းသွားပြီး ထိုအရသာထူးကြောင့် စိတ်အာရုံများ မျောလွင့်သွားခဲ့ရသည်။
ထို့နောက်တွင် ထိုအကောင်ပေါက်လေးနှစ်ကောင်သည် သူတို့အနားတွင် သခင်တစ်ယောက် ရှိနေသေးသည်ကိုပါ လုံးဝမေ့လျော့သွားကြပြီး တစ်ငုံပြီးတစ်ငုံ အလုအယက် သောက်သုံးကြတော့သည်။ ယင်းက သခင်ကိုပါ မေ့လျော့သွားစေသည့် ပန်းဝတ်ရည်အလား ဖြစ်နေတော့သည်။
ကျန်းဟန် သူတို့နှစ်ကောင်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း တားဆီးခြင်း မပြုခဲ့ပေ။ သူကိုယ်တိုင်လည်း ဤပန်းဝတ်ရည်ကို အနည်းငယ် သောက်သုံးခဲ့ပြီးဖြစ်ရာ စိတ်ဝိညာဉ်စွမ်းအင် မြှင့်တင်ရန်အတွက် အလွန်ထိရောက်ကြောင်း သိထားသည်။
ဤဝိညာဉ်အပင်က ဘာအပင်လဲဆိုသည်ကို သူ တိတိကျကျ မခွဲခြားနိုင်သော်လည်း ကရားပင်တစ်မျိုးမျိုး၏ ဆင့်ကဲပြောင်းလဲမှုဖြစ်ပုံရသဖြင့် အဆိပ်အတောက် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်။
"ဒီဘက်ကို လာကြဦး။ ငါ ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုကြီးတစ်ခု လုပ်ထားတယ်။"
ကျန်းဟန်က ထိုအစာငတ်မွတ်နေသော သားရဲလေးနှစ်ကောင်ကို လှမ်းခေါ်လိုက်သည်။ သူသည် ဤနေရာ၏ ထူးခြားချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
"ဂူးးးး"
"ကျိ....."
ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့ တစ်ကောင်ကိုတစ်ကောင် လှမ်းကြည့်လိုက်ကြသည်။ ထိုအကောင်ပေါက်လေးနှစ်ကောင်သည် မခွာချင်ခွာချင်ဖြင့် တစ်ကောင်နောက်တစ်ကောင် လိုက်ကာလျှောက်လာခဲ့ကြသည်။ ပိုင်လင်း၏ မျှဝေမှုကြောင့် သူတို့နှစ်ကောင်၏ ဆက်ဆံရေးက ပိုမို ရင်းနှီးသွားခဲ့ပြီ ဖြစ်သည်။
"ဒီမြေအောက်ထဲမှာ အလွန်အမင်း အစွမ်းထက်တဲ့ သားရဲကြီးတစ်ကောင်ရဲ့ အလောင်းတစ်ခု မြေမြှုပ်ခံထားရပုံပဲ။ ငါတို့ အတွင်းထဲကို ဝင်ကြည့်ကြမယ်။"
ကျန်းဟန်သည် မြေပြင်ကို တူးဆွကြည့်ပြီးနောက် ပတ်ဝန်းကျင်တွင် ဆွေးမြည့်လုနီးပါး ဖြစ်နေသော အရိုးအချို့ကို သတိပြုမိသွားကာ ဤကဲ့သို့ ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။
"ဂူးးး"
ထိုစကားကို ကြားသောအခါ သားရဲလေးနှစ်ကောင်စလုံး စူးစမ်းလိုစိတ် ပြင်းပြလာခဲ့သည်။
"ငါတို့ အောက်ဆင်းပြီး စူးစမ်းကြတာပေါ့။ အောက်ဘက်ကနေ ခပ်ဖျော့ထွက်လာတဲ့ ရနံ့က ပိုပြီးတော့တောင် ပြင်းထန်နေတယ်လို့ မထင်ကြဘူးလား။"
ကျန်းဟန်က ပိုင်လင်းနှင့် ဟုတ်ဟုတ်ကို ကြည့်ကာ ပြောလိုက်ပြီး သူ၏ကျောပိုးအိတ်ထဲရှိ သိုလှောင်သေတ္တာထဲမှ မီးချောင်းတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ၎င်းကို တစ်ချက်လှည့်လိုက်သောအခါ ဖြူလွလွ အလင်းရောင်တစ်ခု ဖြာထွက်လာခဲ့သည်။
ကျန်းဟန်သည် အောက်ခြေရှိ အခြေအနေကို စစ်ဆေးရန်အတွက် မီးချောင်းကို အရင်ဆုံး အောက်သို့ ပစ်ချလိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် စမ်းသပ်ကြည့်လိုက်ရာ သားရဲများ၏ အရိပ်အယောင်ကို မခံစားရသော်လည်း အမြဲတမ်း သတိထားရန် လိုအပ်သည်။
အမှန်တကယ်တော့ သူ၏ မျက်ဝန်းများသည် မှောင်မိုက်သော ညဉ့်နက်သန်းခေါင်တွင်ပင် နေ့ခင်းဘက်ကဲ့သို့ အတိုင်းသား မြင်တွေ့နိုင်သည့်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း သူ၏ အမြင်အာရုံ နယ်ပယ်က မကျယ်ပြန့်သေးသဖြင့် ၎င်း၏ အမြင်အာရုံပြင်ပရှိ နေရာများကို စမ်းသပ်ရန်အတွက် မီးချောင်းကို အဓိကထား အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ကျိ...."
ဘေးအန္တရာယ်မရှိကြောင်း သေချာသွားပြီးနောက် ဟုတ်ဟုတ်က အရင်ဆုံး အောက်သို့ ပျံသန်းဆင်းသွားခဲ့သည်။ ထို့နောက် ပိုင်လင်းက ပါးစပ်ဟကာ ပိုးမျှင်တစ်ခု ပစ်ထုတ်လိုက်ပြီး ကျန်းဟန်ကို ရစ်ပတ်လိုက်ပြီး အောက်သို့ ဖြည်းညှင်းစွာ ချပေးခဲ့ပြီးမှ ၎င်းကိုယ်တိုင်လည်း အောက်သို့ ခုန်ဆင်းလာခဲ့သည်။
"ဖျစ်"
ဟုတ်ဟုတ်သည် ပိုးကောင်တစ်ကောင်ကို နင်းမိသွားရာ ထိုပိုးကောင် ပြန်ရှင်မလာစေရန်အတွက် ၎င်း၏အလေ့အထအရ ၎င်းကို စုတ်ပြတ်သတ်သွားအောင် ဆိတ်ဆွဖျက်ဆီးပစ်လိုက်သည်။
ကျန်းဟန်သည် မီးချောင်းကို ကောက်ယူကာ သိမ်းဆည်းလိုက်ပြီးနောက် သူတို့နှင့်အတူ စူးစမ်းရှာဖွေမှုကို စတင်တော့သည်။ အတွင်းထဲတွင် မှောင်မည်းနေသော်လည်း ကျန်းဟန်အနေဖြင့် အရာအားလုံးကို အလွန်ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရဆဲပင်။
"ဒါက ဧရာမသားရဲကြီးတစ်ကောင်ရဲ့ ပါးစပ်ခံတွင်းပုံစံမျိုး ဖြစ်နေတာပဲ။"
ကျန်းဟန် ပတ်ဝန်းကျင်ရှိ လိုဏ်ဂူနံရံများကို ကြည့်လိုက်သည်။ ဤနေရာသည် သားရဲတစ်ကောင်၏ ခံတွင်းနှင့် သိသိသာသာ တူညီနေပြီး မလှမ်းမကမ်းတွင်လည်း ဆွေးမြည့်တိုက်စားခံထားရသည့် သွားအကြွင်းအကျန် အတန်းလိုက်ကြီး အများအပြား ရှိနေသည်။
၎င်းအပြင် အပေါ်က ဧရာမပန်းပွင့်ကြီး၏ အမြစ်စနစ်များလည်း ရှိနေသည်။ ၎င်း၏အမြစ်များသည် သားရဲကြီး၏ ခံတွင်းအစိတ်အပိုင်းအားလုံးနီးပါးကို တွားသွားရစ်ပတ်ထားပြီး ဦးနှောက်အတွင်းပိုင်းအထိပင် ထိုးဖောက်ဝင်ရောက်နေခဲ့သည်။
"ကျိ....."
မီတာတစ်ဆယ်ခန့် လျှောက်ပြီးနောက် ရှေ့တွင် ဆက်သွားရန် လမ်းမရှိတော့ချေ။ သို့သော်လည်း သူတို့သည် ထိုရနံ့ဖျော့ဖျော့ ထွက်ပေါ်လာရာ မြစ်ဖျားခံရာကို ရှာတွေ့သွားခဲ့ကြပြီ ဖြစ်သည်။
၎င်းသည် နက်ရှိုင်းသော ကျင်းကြီးတစ်ခုပင်။ ကျင်း၏အောက်ခြေတွင် ခရမ်းရောင် အရည်အနည်းငယ် ရှိနေသည့် ရေအိုင်ငယ်လေးတစ်ခု ရှိသည်။ ဧရာမပန်းပွင့်ကြီး၏ အမြစ်စနစ်များသည် ဤနေရာတွင် စုပြုံနေပြီး ထိုအရည်များကို ခွက်တစ်ခုကဲ့သို့ အခိုင်အမာ ဖုံးအုပ်ကာ ရစ်ပတ်ထားသည်။
"ဒါက နတ်ဘုရားဝိညာဉ်အရည် ဖြစ်ရမယ်။"
ကျန်းဟန် ၎င်းသည် ဘာအရာလဲဆိုသည်ကို ခန့်မှန်းမိသွားပြီး ထိုရနံ့ဖျော့ဖျော့လေးကို ရှူရှိုက်မိရုံမျှဖြင့် စိတ်ဝိညာဉ်ကို အဘယ်ကြောင့် ဤမျှကြီးမားသော သက်တောင့်သက်သာဖြစ်မှုကို ပေးစွမ်းနိုင်သလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။
ထိုအရာမှာ စိတ်ဝိညာဉ်ဆိုင်ရာပစ္စည်းတစ်ခုဖြစ်သည့် နတ်ဘုရားဝိညာဉ်ရည်ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင်သုံး သားရဲတစ်ကောင် သေဆုံးသွားပြီးနောက် ၎င်း၏ဦးနှောက်အတွင်းရှိ သားရဲအမြုတေ ကွဲကြေသွားကာ စိတ်ရှုပ်ထွေးစေခြင်းအတတ်နှင့် ပြင်ပပတ်ဝန်းကျင်၏ သက်ရောက်မှုတို့ ပေါင်းစပ်ပြီး ဖြစ်တည်လာခြင်း ဖြစ်သည်။
ဤကဲ့သို့သော နတ်ဘုရားဝိညာဉ်ရည် ဖြစ်တည်လာရန်အတွက် အထက်ပါ အခြေအနေများအပြင် အချိန်ကာလတစ်ခုအထိ စုဆောင်းမှုလည်း လိုအပ်သည်။ ယေဘုယျအားဖြင့် အနည်းဆုံး နှစ်ငါးဆယ်၊ ခြောက်ဆယ်ခန့် ကြာမြင့်တတ်ပြီး သေဆုံးသွားသည့် သားရဲသည်လည်း အနည်းဆုံး အဆင့် (၄) အရှင်သခင်အဆင့် တည်ရှိမှုမျိုး ဖြစ်ရမည်။
အရေးအကြီးဆုံးအချက်မှာ ဤနတ်ဘုရားဝိညာဉ်ရည်ကို သားရဲများသာမက သားရဲထိန်းချုပ်သူများ ကိုယ်တိုင်လည်း အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ကျန်းဟန်သည် သူ၏ကျောပိုးအိတ်ထဲမှ ပန်းကန်လုံးအသေးတစ်လုံးကို ချက်ချင်းထုတ်ယူကာ တစ်ခွက် ခပ်ယူလိုက်ရာ မီလီလီတာ နှစ်ရာ၊ သုံးရာခန့် ရှိသည်။
ထိုအရည်သည် အလွန်ပျစ်ချွဲပြီး ဆောင်းဦးရာသီ သစ်တော်သီးရည်နှင့် အနည်းငယ် တူညီနေသည်။
"ဒါက ငါ့အတွက် အသုံးဝင်တယ်။ ငါ့ရဲ့ သားရဲထိန်းချုပ်သူအဆင့်ကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်မလားဆိုတာ သိရအောင် ဒါကို သောက်ကြည့်ရမယ်။ ဒါပေမဲ့ ဘေးကင်းစေဖို့အတွက်....ဟုတ်ဟုတ် မင်း အပြင်ကိုသွားပြီး စမ်းသပ်ဖို့ ခူကောင်တစ်ကောင် အရင်သွားဖမ်းချေ။"
ကျန်းဟန်က ဟုတ်ဟုတ်ကို ပြောလိုက်သည်။
"ဂူ..."
ဟုတ်ဟုတ်က အလွန်အမင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး ဟိုခုန်ဒီဆွဖြင့် အပြင်သို့ ထွက်ခွာကာ ကောင်းကင်သို့ ပျံသန်းသွားတော့သည်။ မိမိ၏သခင်က နောက်ဆုံးတော့ သတိတရား အနည်းငယ် ရှိလာခဲ့သဖြင့် ၎င်းအနေဖြင့် အလွန် ဝမ်းမြောက်မိပေသည်။
မကြာမီမှာပင် ၎င်းသည် ခူတစ်ကောင်ကို ဖမ်းမိလာခဲ့ပြီး ကျန်းဟန်က နတ်ဘုရားဝိညာဉ်ရည်အချို့ကို အတင်းအကြပ် တိုက်ကျွေးလိုက်သည်။ ခဏအကြာတွင် ထိုပိုးကောင်လေးငယ်သည် ဘာမှမဖြစ်သည့်အပြင် အစေခံအဆင့် အလယ်အလတ်မှ နှောင်းပိုင်းသို့ပင် အောင််မြင်စွာ တက်လှမ်းသွားခဲ့သည်။
"ငါ့ကို စောင့်ရှောက်ပေးထားကြ။ ငါ အခု စမ်းသပ်တော့မယ်။"
ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး ပန်းကန်လုံးထဲက နတ်ဘုရားဝိညာဉ်ရည်ကို သောက်ချလိုက်တော့သည်။
ထိုအရည် လည်ချောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် အလွန်အမင်း အေးစိမ့်သော ခံစားချက်ကို ပေးစွမ်းသော်လည်း ဗိုက်ထဲသို့ ရောက်ရှိသွားချိန်တွင်မူ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းဟန်သည် သူ၏စိတ်အာရုံအပေါ် သက်ရောက်လာသည့် အားကောင်းသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် စိမ့်စမ်းရေတွင်းတစ်ခု ပန်းထွက်လာသကဲ့သို့ အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး ထိန်းချုပ်မှုကင်းမဲ့သွားမည့် လက္ခဏာမျိုးပင် ပြသလာခဲ့သည်။
ကျန်းဟန်သည် အလျင်အမြန် တင်ပလ္လင်ခွေထိုင်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ရန်အတွက် အာရုဏ်ဦး ထင်းရှူးစိမ်းကျင့်စဉ်ကို လည်ပတ်စေလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ၏မျက်ဝန်းများကို ဆေးကြောကာ အသွင်ပြောင်းလဲစေခဲ့သည်။
တစ်ပတ်ပြီးတစ်ပတ် လည်ပတ်နေစဉ်အတွင်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအားများသည် အဆုံးမရှိသည့်အလား အဆက်မပြတ် လှိမ့်တက်လာခဲ့သည်။ ကျန်းဟန်၏ မျက်ဝန်းများသည် ကွဲထွက်တော့မည့်အလား အလွန်အမင်း ဖူးယောင်ပြီး နာကျင်လာခဲ့ရသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိချေ။ ကျန်းဟန်သည် နာကျင်မှုမှ တဖြည်းဖြည်းချင်း သက်သာလာခဲ့သည်။ တစ်ခုသော အခိုက်အတန့်တွင် သူ၏မျက်ဝန်းများသည် အဆုံးစွန်ထိ အသွင်ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် ပြောင်းလဲလျက် စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြားကို စုပ်ယူပစ်လိုက်တော့သည်။
နောက်ဆုံးတွင်တော့ သူ၏မျက်ဝန်းများသည် စိတ်ဝိညာဉ်စွမ်းအား စုပ်ယူခြင်းကို ရပ်တန့်သွားခဲ့ပြီး ထိုစိတ်ဝိညာဉ်စွမ်းအားများသည် ကျန်းဟန်၏ နားအတွင်းသို့ တရကြမ်း တိုးဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်အတွင်း၌ မြူခိုး အမြောက်အမြား လိပ်ခဲတည်းလည်း ဖြစ်တည်လာပြီး သားရဲထိန်းချုပ်ခြင်း မျိုးစေ့အသစ်တစ်ခုကို မွေးဖွားပေးတော့မည့်ပုံစံ ဖြစ်လာခဲ့သည်။
"ဒါက ငါ့ရဲ့မျက်လုံးတွေကို အပြည့်အဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုက်တဲ့ အကျိုသက်ရောက်မှုလား။"
ကျန်းဟန် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ လေထုထဲတွင် အရောင်အသွေးစုံလင်သော အလင်းစက်လေးများကို မြင်တွေ့လိုက်ရသည်။ ယင်းတို့မှာ လေထုထဲတွင်ပျံ့လွင့်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များ ပင်။ ယခင်က သူ ၎င်းတို့ကို လုံးဝမမြင်တွေ့နိုင်ခဲ့သော်လည်း ယခုမူ အလွန် ရှင်းလင်းပြတ်သားနေရပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူသည် အဆင့် (၂) အခြေခံအဆင့် သားရဲထိန်းချုပ်သူ တစ်ဦး တရားဝင် ဖြစ်လာခဲ့ပြီဖြစ်ပြီး သားရဲထိန်းချုပ်ခြင်း လမ်းစဉ်ပေါ်သို့ အမှန်တကယ် ခြေချနိုင်ခဲ့ပြီ ဖြစ်လေသည်။
အခန်း ၈၈
သူ၏မျက်လုံးများ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်သွားသည်နှင့်အမျှ သေးငယ်သောအသေးစိတ်အချက်အလက်များကို အကဲခတ်နိုင်ခြင်းဖြစ်စေ၊ ညကို နေ့ကဲ့သို့ ရှုမြင်ခြင်းဖြစ်စေ၊ အလင်းစီးမျောခြင်း စွမ်းရည်ဖြစ်စေ ကျန်းဟန်၏ ယခင်အစွမ်းအားလုံး ကြီးမားစွာ တိုးတက်သွားခဲ့သည်။
ယခုအခါ ကျန်းဟန်သည် ထိုစွမ်းရည်သုံးမျိုးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ သူသာ အလိုရှိပါက မိမိပတ်ဝန်းကျင်ရှိ သေးငယ်လွန်းလှသော ဗက်တီးရီးယားများကိုပင် အချိန်မရွေး မြင်တွေ့နိုင်ပြီး ဆယ်မီတာအကွာက ဗက်တီးရီးယားများကိုပင် အလွယ်တကူ လှမ်းမြင်နိုင်သည်။
ထို့ပြင် ပြင်းထန်သော အလင်းရောင်များ၏ နှောင့်ယှက်ခြင်းခံရလျှင်ပင် (ဥပမာ - နေရောင်ခြည်ကို တိုက်ရိုက်မျက်နှာမူခြင်း သို့မဟုတ် ကား၏ ရှေ့မီးအကြီးစားများနှင့် တိုးခြင်းမျိုး ဖြစ်စေ) အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရဆဲပင်။
၎င်းအပြင် အရေးအကြီးဆုံးအချက်မှာ သူသည် ယခုအခါ ဝိညာဉ်စွမ်းအင်များ စီးဆင်းလည်ပတ်မှုကိုပါ မြင်တွေ့နိုင်ပြီ ဖြစ်သည်။ ယခင်က ဝိညာဉ်အပင်များကို အကဲခတ်ရာတွင် အဓိကအားဖြင့် ၎င်းတို့၏ အပြင်ပန်းသဏ္ဌာန်နှင့် ထိုကဲ့သို့သော ရှုထောင့်များကိုသာ ကြည့်ခဲ့ရသော်လည်း ယခုမူ ဝိညာဉ်အပင်များပေါ်ရှိ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို တိုက်ရိုက်မြင်နိုင်ပြီး ပတ်ဝန်းကျင်တွင် စုပြုံနေသော ဝိညာဉ်စွမ်းအင်များကိုလည်း အထိုက်အလျောက် အတိုင်းသား မြင်တွေ့နေရပြီ ဖြစ်သည်။
"ဂူးးး"
"ကျိ...."
ပိုင်လင်းနှင့်တို့သည် ဟုတ်ဟုတ်တို့သည်လည်း ကျန်းဟန် ပိုမိုသန်မာလာသည်ကိုည ခံစားမိပုံရပြီး အံ့ဩချီးကျူးသည့် အသံများ ထွက်ပေါ်လာကြသည်။
"ဟားဟား...ငါ တကယ်ပဲ အောင်မြင်စွာ အဆင့်တက်နိုင်သွားပြီ။ ဒါက တကယ် ကောင်းတဲ့အရာပဲ။"
ကျန်းဟန်သည် သူ၏ သားရဲလေးနှစ်ကောင်ကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် ၎င်းတို့၏ ခန္ဓာကိုယ်မျက်နှာပြင်အနီး၌ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် စုပ်ယူခံနေရသည်ကို သူ မြင်တွေ့နေရပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းပိုင်းက ဝိညာဉ်စွမ်းအင် လည်ပတ်မှုကိုမူ သူ မမြင်နိုင်သေးချေ။ ထိုအရာက ယခုအဆင့်တွင် သူ ပိုင်ဆိုင်နိုင်သည့် စွမ်းရည်မျိုး မဟုတ်သေးပေ။ အာရုံငါးပါးစလုံး အပြည့်အဝ ဖွံ့ဖြိုးတိုးတက်သွားပြီးနောက်မှသာ အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော ပြောင်းလဲမှုတစ်ခု ရှိလာလိမ့်မည်ဟု အဆိုရှိကြသည်။
ထို့နောက် ကျန်းဟန်သည် သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ကို ထပ်မံခံစားကြည့်လိုက်သည်။ အတွင်းထဲက သားရဲထိန်းချုပ်ခြင်း မျိုးစေ့သည် သန္ဓေတည်နေဆဲ ဖြစ်ပြီး လုံးဝဥဿုံ ပြီးမြောက်ရန်အတွက် အချိန်အနည်းငယ် ထပ်မံပေးရဦးမည်ဟု ခန့်မှန်းရသည်။
"ဟုတ်ဟုတ်...."
ဟုတ်ဟုတ်က ကျန်းဟန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ ၎င်း၏ဘေးတွင် ဝေ့ဝဲပျံသန်းနေ၏။ ယင်းက 'ငါ့ရဲ့ အူကြောင်ကြောင်သခင်ကြီး... မင်း နောက်ဆုံးတော့ နည်းနည်း ပိုသန်မာလာပြီပဲ' ဟု ပြောနေသည့်အလားပင်။
ကျန်းဟန်အနေဖြင့် အဆင့် ၂)အခြေခံအဆင့်သို့ ရောက်ရှိသွားခြင်းသည် ၎င်းတို့တွင် လုံလောက်သော ခွန်အားရှိလာသည်နှင့်အမျှ အဆင့် (၃) ခေါင်းဆောင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပြီဟု အဓိပ္ပာယ်ရသည်။
အဘယ်ကြောင့်ဆိုသော် စာချုပ်၏ ကန့်သတ်ချက်ကြောင့် သားရဲတစ်ကောင်၏ အလားအလာ မည်မျှပင် မြင့်မားပါစေ ၎င်း၏ခွန်အားသည် သားရဲထိန်းချုပ်သူထက် အများဆုံး နယ်ပယ်ကြီးတစ်ခုသာ ကျော်လွန်နိုင်သောကြောင့် ဖြစ်သည်။
ယင်းက ကျန်းဟန်အနေဖြင့် အဆင့် (၂) အခြေခံ(လက်ရွေးစင်)အဆင့်သို့ အောင်မြင်စွာ မတက်လှမ်းနိုင်ပါက ၎င်းတို့ မည်မျှပင် ကြိုးစားအားထုတ်ပါစေ အဆင့် ၃ ခေါင်းဆောင်အဆင့်သို့ လုံးဝ ရောက်ရှိနိုင်မည်မဟုတ်ကြောင်း ဖော်ပြနေခြင်းပင်။
ထို့အပြင် တောရိုင်းသားရဲများကို ဖမ်းယူထိန်းကျောင်းရာတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သားရဲထိန်းချုပ်သူတစ်ဦးသည် မိမိထက် နယ်ပယ်ကြီးတစ်ခုသာ ပိုမိုမြင့်မားသော သားရဲကိုသာ ဖမ်းယူထိန်းကျောင်းနိုင်ကြသည်။
အကယ်၍ သင်သည် အဆင့် ၂ အခြေခံအဆင့် ဖြစ်ပါက အများဆုံး အဆင့် ၃ ခေါင်းဆောင်အဆင့် သားရဲကိုသာ ထိန်းကျောင်းနိုင်မည် ဖြစ်ပြီး သင်သည် အဆင့် (၅) ဘွဲ့ရအဆင့်ဖြစ်ပါက အများဆုံး အဆင့် (၆) ဧကရာဇ်အဆင့် သားရဲကိုသာ ထိန်းကျောင်းနိုင်လိမ့်မည်။
ဤသည်မှာ သားရဲထိန်းချုပ်ခြင်း မျိုးစေ့၏ သဘာဝကန့်သတ်ချက်ဖြစ်ပြီး လူသားများ၏ စွက်ဖက်မှုဖြင့် ပြောင်းလဲ၍ မရနိုင်ချေ။
ဤကန့်သတ်ချက်သည် ချမ်းသာကြွယ်ဝပြီး အာဏာရှိသော မိသားစုကြီးများမှ တပည့်သားမြေးများကို ထိရောက်စွာ ကန့်သတ်ထားသည်။ သူတို့ မည်မျှပင် ချမ်းသာပါစေ၊ သားရဲထိန်းချုပ်သူတစ်ဦး၏ လမ်းစဉ်ကိုမူ တစ်လှမ်းချင်းစီသာ လျှောက်လှမ်းရမည် ဖြစ်သည်။ ပါရမီမရှိပါက မည်မျှပင် ရင်းမြစ်များ ပုံအောပေးပါစေ အသုံးဝင်မည်မဟုတ်ချေ။
"မင်းတို့နှစ်ကောင် ကျန်တဲ့ နတ်ဘုရားဝိညာဉ်ရည်တွေကို ခွဲသောက်လိုက်ကြ။ ဒါက မင်းတို့ရဲ့ ခွန်အားကို တိုက်ရိုက်မမြှင့်တင်ပေးနိုင်ပေမဲ့ မင်းတို့ရဲ့ စိတ်ဝိညာဉ်အသိဉာဏ်ကိုတော့ တိုးတက်စေနိုင်တယ်။"
ကျန်းဟန် ပန်းကန်လုံးထဲက အကြွင်းအကျန်အနည်းငယ်ကို သောက်လိုက်ပြီးနောက် ကျင်းအောက်ခြေတွင် ကျန်ရှိနေသည့် နတ်ဘုရားဝိညာဉ်ရည်ကို ညွှန်ပြကာ ပြောလိုက်သည်။
လူသားများနှင့် နှိုင်းယှဉ်ပါက ဤသားရဲများသည် မည်မျှပင် အစွမ်းထက်ပါစေ ၎င်းတို့၏ စိတ်ဝိညာဉ်အသိဉာဏ်ပိုင်းမှာမူ လူသားများကို များစွာ လိုက်မမီချေ။
သားရဲအချို့သည် အချို့သောအဆင့်သို့ ရောက်ရှိသွားချိန်တွင် လူသားများနှင့် လုံးဝယှဉ်ပြိုင်နိုင်လောက်သော အသိဉာဏ်မျိုး ရှိလာတတ်ပြီး လူသားဘာသာစကားကိုပင် ပြောဆိုနိုင်ကြသော်လည်း ဖန်တီးနိုင်စွမ်းပိုင်းတွင်မူ လူသားများ၏ နောက်၌ ဝေးကွာစွာ ကျန်ရစ်နေဆဲ ဖြစ်သည်။
၎င်းက စိတ်ဝိညာဉ်အသိဉာဏ်၏ ကွာဟချက်ပင် ဖြစ်သည်။
ကျန်းဟန်၏ စကားကို ကြားသောအခါ အကောင်ပေါက်လေးနှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် လှမ်းကြည့်လိုက်ကြပြီး ကျင်းအောက်ခြေသို့ အပြေးအလွှား သွားရောက်ကာ စတင်သောက်သုံးကြတော့သည်။
"ဂူးးး"
"ကျိ...ကျိ..."
မိနစ်အနည်းငယ် ကြာပြီးနောက် ကျင်းအောက်ခြေတွင် နတ်ဘုရားဝိညာဉ်ရည် တစ်စက်မှ မကျန်တော့ပေ။ ထိုအကောင်ပေါက်နှစ်ကောင်မှာမူ အရက်အလွန်အကျွံ သောက်ထားမိသည့်အလား ခန္ဓာကိုယ်များ ယိမ်းထိုးလျက် မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင် ဖြစ်နေကြတော့သည်။
"သွားကြစို့။ ငါတို့ ထွက်ခွာရမယ့်အချိန် ရောက်ပြီ။"
ကျန်းဟန် ခေါင်းခါယမ်းရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ ဤသည်မှာ နတ်ဘုရားဝိညာဉ်ရည်ကို တစ်ကြိမ်တည်းနှင့် အများအပြား သောက်သုံးမိပြီး လောလောဆယ် မခြေဖျက်နိုင်သေးသဖြင့် ဖြစ်ပေါ်လာသည့် လက္ခဏာ ဖြစ်သည်။
၎င်းတို့အနေဖြင့် လိုဏ်ဂူအပြင်ဘက်သို့ပင် တွားသွားမတက်နိုင်တော့သဖြင့် ကျန်းဟန်သည် ၎င်းတို့ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး သူကိုယ်တိုင်သာ သစ်မြစ်များကို ဆွဲကိုင်၍ အပြင်သို့ တွားတက်ခဲ့ရသည်။
အပြင်သို့ ရောက်ရှိပြီးနောက် သူသည် အဝေးက လှုပ်ရှားမှုများကို ချက်ချင်း အကဲခတ်လိုက်သည်။ သူ အောင်မြင်စွာ အဆင့်တက်လှမ်းနေစဉ်အတွင်း မိနစ်သုံးဆယ်ခန့် အချိန်မှာ မသိမသာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ အဝေးက ဧရာမသားရဲကြီးနှစ်ကောင်က အနိုင်အရှုံးပေါ်ပြီး ပြန်လာခဲ့မည်ဆိုပါက သူ၏ ကံကြမ္မာက အလွန်ရင်လေးစရာ ဖြစ်သွားပေလိမ့်မည်။
"ဟူး... တော်သေးတာပေါ့။"
သေချာစွာ အကဲခတ်ပြီးနောက် ကျန်းဟန် သက်ပြင်းချနိုင်လိုက်သည်။ တိုက်ပွဲအရှိန်က သိသိသာသာ လျော့နည်းသွားပြီ ဆိုသော်လည်း ကောင်းကင်ထက်က ဝိညာဉ်စွမ်းအင်များ စီးဆင်းမှုမှာ သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ရှုပ်ထွေးနေဆဲဖြစ်ရာ ၎င်းတို့ တိုက်ခိုက်နေကြတုန်းပင် ဖြစ်ကြောင်း ဖော်ပြနေပေသည်။
ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့ နှစ်ကောင်စလုံး မူးဝေနေတုန်းပင် ဖြစ်ပြီး လမ်းလျှောက်လျှင် ဘေးဘယ်ညာ ယိမ်းထိုးနေကြသည်။
ကံကောင်းသည်မှာ ယခုအခါ ကျန်းဟန်၏ ကင်းထောက်နိုင်စွမ်းက အလွန်အမင်း အားကောင်းနေပြီဖြစ်ရာ ၎င်းတို့ ကင်းမထောက်နိုင်လျှင်ပင် ပြဿနာမရှိချေ။
တစ်ဖက်တွင် ကြောက်မက်ဖွယ်ရာ အဆင့် ၅ သားရဲကြီးများ ရှိနေသည်ကို ထည့်သွင်းစဉ်းစားကာ ကျန်းဟန်သည် ဆန့်ကျင်ဘက် ဦးတည်ချက်အတိုင်းသာ မနားတမ်း လျှောက်ခဲ့လိုက်သည်။
နာရီဝက်ခန့် လျှောက်လာပြီးနောက် ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့သည် နတ်ဘုရားဝိညာဉ်ရည်ကို လုံးဝဥဿုံ ခြေဖျက်နိုင်ခဲ့ကြပြီး မူလမူးဝေနေသည့် အခြေအနေမှ ပြန်လည်သက်သာလာခဲ့ကြသည်။
လမ်းခရီးတစ်လျှောက်တွင် ကျန်းဟန်သည် အဆင့် (၂) သို့မဟုတ် အဆင့် (၃) ဝိညာဉ်အပင် အတော်များများကိုလည်း ဆွတ်ခူးစုဆောင်းနိုင်ခဲ့သည်။ ထိုအဆင့် (၅) သားရဲကြီးနှစ်ကောင်နှင့် ဝေးကွာလာသည်နှင့်အမျှ ဤနယ်မြေသည် ၎င်းတို့၏ စိုးမိုးမှုအောက်တွင် မရှိတော့ပုံရသည်။ ထို့ကြောင့်ပင် အခြားသော သားရဲများစွာ ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့၏ အခြေအနေက လုံးဝမကောင်းသေးသဖြင့် ကျန်းဟန်သည် လမ်းခရီးတွင် အခြားသားရဲများနှင့် မတိုးမိစေရန် အတတ်နိုင်ဆုံး ရှောင်ကွင်းခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ အမြင်အာရုံက ထူးခြားလွန်းလှပြီး အန္တရာယ်များနှင့် ကပ်သီလေး လွဲချော်ကာ ဘေးကင်းခဲ့သည်။
"ကယ်ကြပါဦး။ ဘယ်သူရှိလဲ။ ဘယ်သူရှိလဲ။"
"ကျန်းဟန်... လီဇီဝေ...။"
အနည်းငယ် ဆက်လျှောက်ပြီးနောက် ကျန်းဟန်သည် လူသားများ၏ အရေးပေါ် အကူအညီတောင်းခံသံကို ရုတ်တရက် ကြားလိုက်ရသည်။
"တုံးရွှမ်းလား။ ဟိုဘက်ကို သွားကြည့်ရအောင်။"
နောက်ဆုံးတော့ မိမိနှင့် မျိုးနွယ်တူ လူသားအသံကို ကြားလိုက်ရသဖြင့် ကျန်းဟန်အနေဖြင့် သည်အတိုင်း လှည့်ပြန်သွားမည် မဟုတ်ပေ။
သူသည် ဟုတ်ဟုတ်ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ လောလောဆယ် ပြန်သိမ်းလိုက်ပြီး ပိုင်လင်းကို ခေါ်ကာ အသံလာရာသို့ အပြေးအလွှား သွားလိုက်သည်။
မကြာမီမှာပင် သူ ပုံရိပ်အချို့ကို မြင်လိုက်ရ၏။ မောင်နှမနှစ်ယောက်ဖြစ်သည့် တုံးရွှမ်းနှင့် တုံးလင်တို့သည် အတူတူ ရှိနေကြခြင်း ဖြစ်သော်လည်း လက်ရှိတွင် အဆင့် (၃) ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရပြီး အခြေအနေက အလွန်စိုးရိမ်စရာဖြစ်နေသည်။
တုံးရွှမ်းသည် အလွန်အမင်း သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေကာ လက်မောင်းနှင့် ခြေထောက်များတွင်လည်း ဒဏ်ရာများစွာ ရရှိထားသည်။ သူမ၏ ခြေထောက်တွင် မူလက ဝတ်ဆင်ထားသည့် စာလုံးပါ စတော့ကင်ခြေအိတ်ရှည်ကြီးမှာလည်း ယခုအခါ အပေါက်ကြီးတစ်ခု ဖြစ်ကာ စုတ်ပြဲနေချေပြီ။
အခြားတစ်ဖက်တွင်မူ တုံးလင်၏ ဒဏ်ရာများက တုံးရွှမ်းထက်ပင် ပိုမိုပြင်းထန်နေသေးသည်။ သူ၏ ဘယ်ဘက်လက်မောင်းကို ပတ်တီးစည်းထားသော်လည်း သွေးများက မနားတမ်း စိမ့်ထွက်နေ၏။ သူ၏မျက်နှာမှာ ဖြူလျော်နေပြီး မျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော်လည်၊ သူသည် တုံးရွှမ်း၏ဘေးတွင် အချိန်ပြည့် ကာကွယ်ပေးထားဆဲပင်။
သို့သော်လည်း ကံကောင်းသည်မှာ သူတို့၏ သားရဲများဖြစ်ကြသည့် မှော်စာလုံးကြောင်နှင့် ကျောက်မြွေတို့သည် အတွဲအစပ် အလွန်မိကြခြင်း ဖြစ်သည်။ တစ်ကောင်က လှုပ်ရှားမှုထိန်းချုပ်ခြင်းနှင့် အဆက်မပြတ် ဒဏ်ရာရရှိစေခြင်းကို ပေးစွမ်းနိုင်ပြီး အခြားတစ်ကောင်ကမူ အားကောင်းသော ခုခံကာကွယ်မှုနှင့် တိုက်စစ်ကို ပိုင်ဆိုင်ထားသည်။
၎င်းတို့နှစ်ကောင် ပူးပေါင်းခြင်းဖြင့် တစ်ကောင်၏ အားနည်းချက်ကို တစ်ကောင်က ထိရောက်စွာ အပြန်အလှန် ဖြည့်ဆည်းပေးထားကြသည်။
သို့သော်ငြားလည်း... အဆင့် (၃) အစောပိုင်း သားရဲဖြစ်သည့် ကြောက််မက်ဖယ် သွားများရှိသော ဝံပုလွေနှင့် ရင်ဆိုင်ရချိန်တွင် သူတို့မှာ အသည်းအသန် ရုန်းကန်နေရဆဲပင်။ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေ ဖြစ်သည်။
ထိုကြောက်မက်ဖွယ် သွားများရှိသော ဝံပုလွေသည် ခေါင်းဆောင်အဆင့် အစောပိုင် သတ္တုဒြပ်စင် သားရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ အထူးစွမ်းရည်မှာ ရက်စက်စွာကိုက်ခဲခြင်း ဖြစ်ပြီး ၎င်းကို အသက်သွင်းလိုက်ပါက ဝိညာဉ်စွမ်းအင်များသည် ဧရာမ ဝံပုလွေပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ပစ်မှတ်ကို ကိုက်ခဲဖျက်ဆီးပစ်တတ်သည်။
၎င်း၏ စွမ်းရည်မှာ အလွန်တွေ့ရများသည့် သတ္တုဝါးမြိုခြင်းဖြစ်သည်။ ယင်းက ၎င်းဝါးမြိုထားသည့် သတ္တုဒြပ်စင်များကို ၎င်း၏ ခြေလက်များနှင့် သွားများဆီသို့ စုစည်းစေနိုင်သဖြင့် ၎င်း၏ သွားများနှင့် လက်သည်းများသည် သာမန် ဝံပုလွေအမျိုးအစား သားရဲများထက် များစွာ ပိုမိုထက်မြက် အစွမ်းထက်လှသည်။
မှော်စာလုံးကြောင်ပေါ်ရှိ ဒဏ်ရာအတော်များများမှာ ဤစွမ်းရည်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သို့သော်လည်း မှော်စာလုံးကြောင်နှင့် ကျောက်မြွေတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ထိုဝံပုလွေသည်လည်း သက်တောင့်သက်သာ ရှိမနေခဲ့ချေ။ ၎င်း၏ စွမ်းအင်ကုန်ခမ်းမှုက မြင့်မားနေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ၎င်း၏ ဇီဝကမ္မဖြစ်စဉ်များကို အဆက်မပြတ် တိုက်စားနေသည့် သွေးစုပ်မျိုးစေ့များ ရှိနေသလို ပတ်ဝန်းကျင်ရှိ အပင်များကလည်း ၎င်း၏တိုက်စစ်ကို အဆက်မပြတ် နှောင့်ယှက်ကာ လှုပ်ရှားမှုကို ကန့်သတ်နေသည်။
၎င်း၏ အတွင်းကလီစာများသည်ပင် ကျောက်မြွေ၏ တိုးဝှေ့တိုက်ခိုက်မှုကြောင့် အတွင်းဒဏ်ရာများ ရရှိထားပြီး ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့တွင်လည်း ကျောက်တုံးများ ကပ်ညှိနေရာ ယင်းက ကျောက်မြွေ၏ လက်ချက်ဖြစ်ပုံရသည်။
"ငါတို့ ချောင်းမြောင်းပြီး သွားကြမယ်။"
ကျန်းဟန် မိမိကိုယ်ကိုယ် တိုက်ရိုက်မပေါ်လွင်စေဘဲ ပိုင်လင်းကို ခေါ်ကာ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။