အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း ၈၉
"အူ.....ဝူးးးး"
ဝံပုလွေသည် ရုတ်တရက် ၎င်း၏ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်ပြီး ထပ်မံ၍ ရှေ့သို့ တိုးဝင်လာခဲ့သည်။ ၎င်းသည် ၎င်း၏ အားကောင်းလှသော သွားဖြင့်,ကိုက်ခဲခြင်း စွမ်းရည်ကို အသုံးပြုကာ မှော်စာလုံးကြောင်အားပြေးဝင်တိုက်ခိုက်လိုက်သည်။
"သေစမ်း မြန်မြန်ရှောလိုက်"
တုံးရွှမ်း အော်ဟစ်လိုက်သည်။
"မြောင်,...."
မှော်စာလုံးကြောင်မှာမူ မျှော်လင့်ချက်မဲ့နေသော အမူအရာဖြင့် ကြည့်နေခဲ့သည်။ ၎င်းမှာ ပုံမှန်အခြေအနေတွင်ဆိုလျှင် ရှောင်တိမ်းနိုင်မည် ဖြစ်သော်လည်း ယခုအခါ အင်အားကုန်ခမ်းနေပြီဖြစ်သဖြင့် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ချေ။
"မကြောက်နဲ့။ ငါရှိတယ်။"
တုံးလင်သည် ကျောက်မြွေကို အတိုက်ခိုက်ခံရမည့်နေရာတွင် ပိတ်ဆို့ထားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
ဘမ်းကနဲ အသံနှင့်အတူ ထိုတိုက်ခိုက်မှုမှာ ကျောက်မြွေ၏ ခန္ဓာကိုယ်ထက်ဝက်ကျော်ကို ဖောက်ထွင်းသွားခဲ့သည်။ ကျောက်မြွေမှာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး လှုပ်ရှားနိုင်စွမ်း လုံးဝ ကင်းမဲ့သွားတော့သည်။
ကျောက်မြွေ၏ ခန္ဓာကိုယ်မှာ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသဖြင့် ကြေမွသွားလျှင်ပင် ပြန်လည်သက်သာနိုင်သော်လည်း ယခုအခါ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားပြီး တိုက်ခိုက်မှုဒဏ်ကို များစွာ ခံထားရသဖြင့် လုံးဝအဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။
"အာ... ဝူးးးး"
ကျောက်ခမြွေ လဲကျသွားသည်ကို မြင်သောအခါ ဝံပုလွေမှာ ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။
"ဒါ ဘယ်လိုနေရာမျိုးလဲ။ ငါတို့ တကယ်ပဲ ဒီမှာ သေကြရတော့မှာလား။"
တုံးရွှမ်းမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သော်လည်း သူမမြင်ရသည်မှာ အဖြူရောင် လွင်ပြင်ကျယ်ကြီးသာ ဖြစ်နေသဖြင့် ပိုမို၍ စိတ်ပျက်အားငယ်သွားရသည်။
သူမတို့သည် အခွင့်အရေးတစ်ခုကို ရရှိလိုက်သည်ဟု ထင်မှတ်ခဲ့ပြီး မှော်စာလုံးကြောင်နှင့် ကျောက်မြွေနှစ်ကောင်လုံးကို ဝိညာဉ်စွမ်းအင် ထုတ်လွှတ်ခြင်းကို သင်ယူစေကာ အဆင့်တက်စေရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းတို့နောက်သို့ အစွမ်းထက်သော သားရဲ အမျိုးမျိုးက ချက်ချင်း လိုက်ပါလာခဲ့ပြီး အလွန်သတိထားခဲ့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေ၏ ပစ်မှတ်ဖြစ်သွားခဲ့ရသည်။
ခေါင်းဆောင်အဆင့် အစောပိုင်းနှင့် လက်ရွေးစင်အဆင့် အလယ်အလတ်မှာ နီးစပ်သည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင်မူ ကွာခြားလှသော အဆင့်များ ဖြစ်ကြသည်။
လက်ရွေးစင်အဆင့် သားရဲတစ်ကောင်အနေဖြင့် ဝိညာဉ်စွမ်းအင် ထုတ်လွှတ်ခြင်းကို သင်ယူထားသော်ငြားလည်း ၎င်း၏ သားရဲအမြုတေသာ မသန်မာပါက အကြိမ်အနည်းငယ်သာ ထုတ်လွှတ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ခေါင်းဆောင်အဆင့် တည်ရှိမှုတစ်ခုမှာ ခန္ဓာကိုယ် သန်မာရုံသာမက ပိုမိုအားကောင်းသော သားရဲအမြုတေကို ပိုင်ဆိုင်ထားသဖြင့် ဝိညာဉ်စွမ်းရည်များကို အကန့်အသတ်မရှိ ဆက်တိုက် ထုတ်လွှတ်နိုင်ပေသည်။
မှော်စာလုံးကြောင်နှင့် ကျောက်မြွေတို့မှာ အသေအလဲ တိုက်ခိုက်ခဲ့ကြပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းအား ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့သော်လည်း သတ်ဖြတ်ရန်မှာမူ ဝေးကွာနေဆဲပင်။
သို့သော်လည်း ကျောက်မြွေနှင့် မှော်စာလုံးကြောင်တို့မှာမူ သေခါနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ မည်သည့်အချိန်မဆို အသက်ဆုံးရှုံးသွားနိုင်သည့် အနေအထား ဖြစ်သည်။
"မကြောက်နဲ့။ မြန်မြန်ပြေးတော့။ ငါ အချိန်ဆွဲထားပေးမယ်။"
ထိုအချိန်တွင် တုံးလင်သည် မတ်တပ်ထရပ်လိုက်ပြီး ဝံပုလွေကို ရင်ဆိုင်ရန် တုတ်တစ်ချောင်းနှင့် ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ညီမလေးကို အထိခိုက်ခံမည် မဟုတ်ပေ။
"အစ်ကို အစ်ကို ဘာတွေ ပြောနေတာလဲ။"
တုံးရွှမ်းက တားဆီးရန် ပြင်သော်လည်း တုံးလင်က သူမကို အခွင့်အရေးမပေးဘဲ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
"မင်း ခွေးတိရစ္ဆန်ကောင် သတ္တိရှိရင် ငါ့ဆီ လာခဲ့စမ်း။"
တုံးလင်က ဝံပုလွေကို ကျောက်တုံးတစ်တုံးဖြင့် ပစ်ပေါက်လိုက်သည်။
"သတ္တိရှိရင် ငါ့ကို လာရင်ဆိုင်လိုက်။"
တုံးရွှမ်းကလည်း ပြေးရန်အစီအစဉ်မရှိဘဲ ကျောက်တုံးကြီးတစ်ခုကို ပစ်ပေါက်လိုက်သည်။
"တုံးရွှမ်း မင်း..."
"အစ်ကို ဘာမှမပြောပါနဲ့တော့။ ပြေးရင်းနဲ့ အသတ်ခံရတာထက်စာရင် တိုက်ရင်းသေရတာက ပိုကောင်းတယ်။ ငါ မသေခင်မှာတောင် သူ့ဆီကနေ အသားတစ်စတ်လောက်တော့ ကိုက်ဖြတ်သွားချင်သေးတယ်။"
သူမမှာ မျှော်လင့်ချက်မဲ့နေပြီဖြစ်ရာ သေရမည်ဆိုလျှင်တောင် နောက်ပြန်ဆုတ်မည် မဟုတ်ပေ။
"ဟင်း..."
တုံးလင်မှာ သူမကို ဆွဲဆောင်ရန် ကြိုးစားနေမှုများကို ရပ်တန့်လိုက်ပြီး ဝံပုလွေကို ရင်ဆိုင်ရန် လှည့်ကြည့်လိုက်သည်။
"အာ....ဝူး..."
ဝံပုလွေက ဟိန်းဟောက်လိုက်၏။ ၎င်းက တုံးရွှမ်းတို့၏ လှောင်ပြောင်မှုကို အလွန်ဒေါသထွက်နေပုံရသည်။ ၎င်းသည် သူတို့ကို အပေါ်စီးမှ ငုံ့ကြည့်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
"တိုက်....။ မင်းကို ငါသတ်မယ် သားရဲကောင်။"
တုံးလင်သည် မိမိကိုယ်ကိုယ် သတ္တိမွေးသောအားဖြင့် အော်ဟစ်လိုက်ပြီး ဝံပုလွေဆီသို့ တရကြမ်း ပြေးဝင်သွားတော့သည်။
"နင့်လို စက်ဆုပ်စရာသတ္တဝါကို ငါသတ်ပစ်မယ်။"
တစ်ပြိုင်နက်တည်းမှာပင် တုံးရွှမ်းလည်း ပြေးထွက်လာခဲ့ပြီး တိုက်ခိုက်နိုင်စွမ်း ကျန်ရှိနေသေးသည့် မှော်စာလုံးကြောင်သည်လည်း ၎င်း၏ စိတ်ရှုပ်ထွေးစေခြင်းစွမ်ရည်းကို အသုံးပြုကာ ဝံပုလွေကို ရစ်ပတ်ချုပ်နှောင်ရန် နွယ်ပင်များစွာကို အတင်းအကြပ် ကြီးထွားလာစေခဲ့သည်။
"အခုပဲ.. ပိုင်လင်း။"
ဝံပုလွေ၏ အာရုံစိုက်မှုအားလုံး တုံးရွှမ်းတို့မောင်နှမထံ ရောက်ရှိနေချိန်တွင် ကျန်းဟန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သစ်ပင်ပေါ်မှ အဖြူရောင်ပုံရိပ်တစ်ခု ခုန်ဆင်းလာပြီး ခရမ်းရောင် လျှပ်စီးတန်းတစ်ခု လေထုကို ဖြတ်သန်းကာ ဝံပုလွေဆီသို့ တိကျစွာ ကျရောက်သွားတော့သည်။
"အာ... ဝူး"
ဝံပုလွေမှာ တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက် ၎င်း၏ခန္ဓာကိုယ်ကြီး ရုတ်တရက် တောင့်တင်းသွားကာ ဘုန်းကနဲ မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲပြိုသွားတော့သည်။
၎င်းသည် မူလကတည်းက ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီးဖြစ်သည့်အပြင် အာရုံအားလုံး လွှဲပြောင်းခံထားရသဖြင့် မိမိ၏နောက်ကွယ်မှ ချောင်းမြောင်းချဉ်းကပ်လာသည့် ကျန်းဟန်နှင့် ပိုင်လင်းတို့ကို လုံးဝ သတိမပြုမိခဲ့ချေ။
ထို့ပြင် သတ္တုဒြပ်စင်သည် မွေးရာပါ လျှပ်စီးဒြပ်စင်ကို အရှုံးပေးရစမြဲ ဖြစ်သည်။ ပိုင်လင်း၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ထိုကြောက်မက်ဖွယ် ဝံပုလွေကြီးမှာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရသည်။
"ကျန်းဟန်"
ခဏတာ ဆွံ့အမှင်တက်သွားပြီးနောက် တုံးရွှမ်းက ဝမ်းသာအားရဖြင့် ခုန်ပေါက်မိသွား၏။ အဝေးက ကျန်းဟန်၏ ပုံရိပ်မှာ သူမအတွက်တော့ ကောင်းကင်ဘုံက ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလားပင်။
"ဒီဝံပုလွေကို ကျန်းဟန်က တကယ်ပဲ သတ်ပစ်လိုက်တာလား။"
တုံးလင်းသည် မြေပြင်ပေါ်သို့ ဘုန်းကနဲ ထိုင်ချလိုက်ရင်း အဝေးက ကျန်းဟန်ကို ငေးကြည့်နေမိသည်။ သူ ဤမျှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။ ယခင်က သူ့ညီမ ကျန်းဟန်နှင့် ပတ်သက်လျှင် မနှစ်မြို့သော်လည်း ယခုမူ ကျန်းဟန်ကို အသက်ထက်မက ချစ်ခင်သွားမိသည်။
၎င်းအပြင် ကျန်းဟန်၏ သားရဲလေး ပိုင်လင်း ပြသလိုက်သည့် အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့် သူ ကျန်းဟန်ကို အမြင်သစ်ဖြင့် ကြည့်မိသွားခဲ့သည်။ သူသည် ကျန်းဟန်၏ ခွန်အားကို အမြဲတမ်း လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွားခဲ့ရသည်။
"ကျန်းဟန်... နင် တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ။ နင်သာ မရှိရင် ငါတို့ မောင်နှမနှစ်ယောက် ဒီနေ့ သေချာပေါက်သေလောက်ပြီ။ နင်က တကယ့်ကို ကယ်တင်ရှင် နတ်ဘုရားကြီးအတိုင်းပဲ။"
တုံးရွှမ်းက ကျန်းဟန်ဆီသို့ အပြေးအလွှား သွားကာ သူ၏လက်မောင်းကို ဆွဲကိုင်လျက် စိတ်လှုပ်ရှားစွာ အော်ဟစ်တော့သည်။ သူမသည် လက်ရှိ မိမိကိုယ်ကိုယ် မည်သို့သော အခြေအနေ ဖြစ်နေသည်ကိုပင် မေ့လျော့နေပုံရသည်။
သူမ၏ လက်ရှိ အနေအထား၊ အထူးသဖြင့် စုတ်ပြဲနေသည့် စတော့ကင်ခြေအိတ်ရှည်ကြီးနှင့်ဆိုလျှင် ယခင်ကထက် များစွာ ပိုမို ဆွဲဆောင်မှုရှိနေခဲ့သည်။
"ငါက အကူအညီတောင်းသံ ကြားလို့ မတော်တဆ ရောက်လာတာပါ။"
ကျန်းဟန်က နောက်သို့ တစ်လှမ်းဆုတ်ကာ တုံးရွှမ်း၏ လက်ကို ဖယ်ရှားလိုက်ပြီး ပြောလိုက်သည်။
"နင်တို့မောင်နှမနှစ်ယောက်ရဲ့ သားရဲတွေကို အရင်သွားကြည့်လိုက်ဦး။ ငါတို့ ဒါကို မြန်မြန်သိမ်းဆည်းပြီး ဒီနေရာကနေ အမြန်ထွက်ခွာရမယ်။ မဟုတ်ရင် တခြားသားရဲတွေ ထပ်ပြီး ရောက်လာလိမ့်မယ်။"
"နင်မပြောရင် ငါ မေ့တော့မလို့။"
တုံးရွှမ်းသည် ကျန်းဟန်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသော်လည်း စိတ်မပျက်သည့်အပြင် ပိုမို၍ပင် စိတ်အားထက်သန်သွားပုံရသည်။ သို့သော်လည်း ယခုအချိန်သည် စကားပြောရမည့် အချိန်မဟုတ်ကြောင်း သိသဖြင့် သူမ၏ သားရဲများကို ကုသပေးရန် လျင်မြန်စွာ လှည့်ပြန်သွားခဲ့သည်။
သူတို့သည် လမ်းခရီးတွင် ဝိညာဉ်အပင် အတော်များများ ဆွတ်ခူးရရှိခဲ့ပြီး ကျောပိုးအိတ်ထဲတွင်လည်း ကုသရေးဆေးရည်များ ရှိသော်လည်း ဆက်တိုက်ဆိုသလို တိုက်ပွဲဝင်နေရသဖြင့် ဒဏ်ရာများကို ကုသရန် အခွင့်အရေးမရခဲ့ကြခြင်း ဖြစ်သည်။
"ရော့... ဒါက ပတ်တီးနဲ့ အိုင်အိုဒင်းဆေးရည်ပဲ။ မင်းတို့လည်း မင်းတို့ရဲ့ ဒဏ်ရာတွေကို အရင်ဆုံး ကုသလိုက်ကြဦး။"
ကျန်းဟန်က ပတ်တီးနှင့် ဆေးရည်များကို ထုတ်ယူကာ တုံးလင်ထံ ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ငါ သေချာပေါက် ပြန်ဆပ်ပါ့မယ်။"
တုံးလင်က ပတ်တီးများကို လှမ်းယူရင်း ကျန်းဟန်ကို လေးနက်စွာ ပြောလိုက်သည်။
ကျန်းဟန် ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။
"လီဇီဝေ ကော... မင်းတို့ သူမကို တွေ့မိသေးလား။"
လီဇီဝေ၏ အကြောင်းကို ပြောလိုက်သောအခါ တုံးလင်၏ မျက်နှာ အမူအရာ ချက်ချင်း ညှိုးငယ်သွားပြီး ခေါင်းခါပြလိုက်သည်။
"ငါတို့လည်း ငါ့ဝမ်းကွဲညီမကို မတွေ့မိဘူး။ သူမ အခု ဘယ်လိုနေမလဲ မသိဘူး။"
တုံးလင်၏ မျက်နှာထက်တွင် စိုးရိမ်မှုများ အရိပ်ထိုးနေ၏။ အဆင့် (၃) သားရဲများကို နေရာအနှံ့ တွေ့မြင်နေရသည့် ဤကဲ့သို့ အန္တရာယ်များလှသော နေရာတွင် သူ၏ဝမ်းကွဲညီမမှာ တစ်ယောက်တည်း ဖြစ်နေသဖြင့် အလွန်အမင်း အန္တရာယ်ကြီးမားလှပေလိမ့်မည်။
ဤစကားကို ကြားလိုက်ရသောအခါ ကျန်းဟန်လည်း တိတ်ဆိတ်သွားခဲ့သည်။ လီဇီဝေသည် သန်မာလှသည်မဟုတ်ဘဲ တစ်ယောက်တည်း ဖြစ်နေသဖြင့် သူမ၏ အခြေအနေမှာ သူတို့ထက် အဆပေါင်းများစွာ ပိုမို ခက်ခဲနေမည်မှာ အသေအချာပင်။
သူသည် ခေါင်းကိုခါယမ်းကာ စဉ်းစားမှုများကို ရပ်တန့်လိုက်ပြီး ဝံပုလွေ၏ အလောင်းကို ကိုင်တွယ်ဖြေရှင်းရန် လှည့်သွားခဲ့သည်။
ဝံပုလွေ၏ သားရဲအမြုတေသည် ပဲကြီးစေ့ခန့် အရွယ်အစားရှိပြီး ပဲတီစိမ်းစေ့ခန့်သာရှိသော အဆင့် (၂) သားအမြုတေထက် များစွာ ပိုမိုကြီးမားသည်။ ထို့အပြင် ၎င်းသည် အဆင့် (၃) သို့ ရောက်ရှိထားသဖြင့် သားရဲအမြုတေမှာ အပြည့်အဝ ပုံပေါ်နေပြီး အလွန် တည်ငြိမ်လှရာ ၎င်း၏ တန်ဖိုးမှာလည်း အဆင့် (၂) ထက် များစွာ ပိုမိုမြင့်မားပေသည်။
အဆင့် (၂) သားရဲအမြုတေတစ်ခုကို အများဆုံး တစ်ထောင်ကျော်၊ အလွန်ဆုံးရှိမှ နှစ်ထောင်ခန့်သာ ရောင်းချနိုင်သော်လည်း အဆင့် (၃) သားရဲအမြုတေတစ်ခုမှာမူ အစောပိုင်းအဆင့်မျှသာ ဖြစ်လင့်ကစား ယွမ်လေးထောင်ခန့်အထိ ရောင်းရနိုင်ပြီး ရှားပါးဒြပ်စင်ရှိပါက ငါးထောင် သို့မဟုတ် ခြောက်ထောင်အထိပင် ရောင်းချနိုင်သည်။
ထို့နောက်တွင် သူသည် ဝံပုလွေ၏ သွားများနှင့် လက်သည်းများကိုပါ ဖယ်ရှားလိုက်သည်။ ဤအရာများသည်လည်း တန်ဖိုးအတန်ငယ်ရှိလှပြီး အားလုံးပေါင်းပါက သုံးထောင်၊ လေးထောင်ခန့် ရောင်းချနိုင်ပေလိမ့်မည်။
မရောင်းချဖြစ်လျှင်ပင် ဓားအဖြစ် အသုံးပြုနိုင်သည်။ ဤလက်သည်းများ၏ ထက်မြက်မှုမှာ ငါးလွှာမွှန်းသည့် ဓားတစ်လက်ထက် အဆပေါင်းများစွာ ပိုမိုထက်မြက်ပြီး ခိုင်ခံ့လှသည်။
ကျန်းဟန် ထိုအရာများကို ကိုင်တွယ်ဖြေရှင်းနေစဉ်အတွင်း တုံးရွှမ်းသည် သားရဲများကို ကုသရေးဆေးရည် တိုက်ကျွေးပြီးသွားပြီဖြစ်ကာ တုံးလင်ကို ပတ်တီးစည်းပေးနေခဲ့သည်။
တုံးလင်၏ လက်မောင်းတွင် ဆယ်စင်တီမီတာခန့် ရှည်လျားပြီး သွေးမတိတ်နိုင်ဘဲ ဖြစ်နေသည့် ပြတ်ရှဒဏ်ရာကြီးတစ်ခု ရှိနေ၏။ ကံကောင်းထောက်မစွာဖြင့် ကျန်းဟန်တွင် သွေးတိတ်ဆေး ပါသဖြင့် ၎င်းတို့အနေဖြင့် ပတ်တီးကို အနိုင်နိုင် စည်းနှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုပစ္စည်းများကို မြင်လိုက်ရသောအခါ သူတို့ ကျန်းဟန်၏ အမြော်အမြင်ရှိမှုကို မချီးကျူးဘဲ မနေနိုင်ခဲ့ကြချေ။ သူသည် အပြင်ထွက်သည့်အခါ ဆေးဝါးများကိုပါ အပြည့်အစုံ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
"ဝံပုလွေရဲ့ သားရဲအမြုတေ၊ သွားတွေနဲ့ လက်သည်းတွေ အားလုံးက နင့်အတွက်ပဲ ကျန်းဟန်။ နင်သာမရှိရင် ငါတို့ ဒီကောင်ကြီးလက်ချက်နဲ့ အသတ်ခံလိုက်ရမှာ သေချာတယ်။"
တုံးလင်၏ ဒဏ်ရာကို ပတ်တီးစည်းပေးပြီးနောက် တုံးရွှမ်းက လျှာက်လာရင်း ပြောလိုက်သည်။
အခန်း ၉၀
"မှန်တယ်။ မင်းသာမရှိရင် ငါတို့ သေနေလောက်ပြီ။ ဒါကြောင့် ငြင်းမနေပါနဲ့တော့။"
တုံးလင်ကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ။"
ကျန်းဟန် ခေါင်းငြိမ့်လိုက်သည်။ သူသည်လည်း အစကတည်းက ငြင်းပယ်ရန် စိတ်ကူးမရှိခဲ့ပေ။ သူတို့အားလုံးမှာ မိဘနှင့် မိသားစုများ၏ ပံ့ပိုးမှုရှိကြသဖြင့် ငွေကြေးမပြတ်လပ်ကြသော်လည်း သူကမူ ယခုလို ခက်ခဲသောကာလကို ဖြတ်ကျော်နိုင်ရန် ငွေရှာနိုင်မည့် နည်းလမ်းမှန်သမျှကို ကြိုးစားရှာဖွေနေရသူ ဖြစ်သည်။
ကုသရေးဆေးရည်၏ အာနိသင်မှာ အလွန်ပြင်းထန်လှသဖြင့် မကြာခင်မှာပင် မှော်စာလုံးကြောင်နှင့် ကျောက်မြွေတို့မှာ တစ်ဝက်ကျော် ပြန်လည်သက်သာလာခဲ့သည်။
"ကျန်းဟန်...ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။"
တုံးရွှမ်းက ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။ ယခုအချိန်တွင် သူမသည် ကျန်းဟန်ကို သူတို့၏ အားကိုးရာ ကျောရိုးအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ဘေးနားရှိ တုံးလင်ကလည်း ထို့အတူပင် ဖြစ်သည်။
"မင်းတို့လည်း မြူခိုးတွေနောက်ကို လိုက်ပြီး ဝင်လာခဲ့ကြတာလား။ ဝင်လာတုန်းက ဘယ်အရပ်မျက်နှာကလဲ။ လမ်းမှာ ထူးထူးခြားခြား တစ်ခုခု တွေ့ခဲ့သေးလား။"
ကျန်းဟန်က ထိုနှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်။ ငါတို့လည်း အစက မြူထဲမှာ လူချင်းကွဲသွားတာ။ မြူတွေပျယ်သွားတော့မှ ငါတို့နှစ်ယောက်စလုံး ဒီထူးဆန်းတဲ့နေရာကို ရောက်နေမှန်း သိလိုက်ရတယ်။ ဝင်လာတုန်းကတော့ ဒီနားက တောအုပ်တစ်ခုရဲ့ အစွန်မှာပဲ။ အဲဒီမှာ စမ်းချောင်းလေးတစ်ခု ရှိပြီး ဘေးပတ်ပတ်လည်မှာ သားရဲတိရစ္ဆာန်တွေ ရေသောက်နေကြတယ်။ တော်သေးတာက ငါတို့မောင်နှမနှစ်ယောက် သိပ်မဝေးလို့ ချက်ချင်း ပြန်ဆုံမိသွားကြတယ်။ ပြီးတော့ လမ်းတစ်လျှောက် စူးစမ်းရင်းနဲ့ ရတနာတွေအများကြီး တွေ့ခဲ့တယ်။ အဲဒီထဲက နှစ်ခုက တကယ့်ကို ရှားပါးတဲ့ ဝိညာဉ်အပင်တွေပဲ။ ဒီမြက်ပင်ကို ကျွေးပြီးတဲ့နောက် မှော်စာလုံးကြောင်နဲ့ ကျောက်မြွေတို့ ဝိညာဉ်စွမ်းအင် ထုတ်လွှတ်ခြင်း စွမ်းရည်ကို တတ်မြောက်သွားကြတယ်။ အဲဒီနောက်မှာမှ ဒီ အစွယ်ထက်ဝံပုလွေ ရဲ့ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတော့ နင်ရောက်လာပြီး ငါတို့ကို ကယ်လိုက်တာပဲ။"
တုံးရွှမ်းက သူမ ကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။
"ဒီက သားရဲတွေက အားလုံး အရမ်းသန်မာကြသလို ဝိညာဉ်မြက်လိုမျိုး ထူးခြားတဲ့ ဝိညာဉ်အပင်တွေလည်း အများကြီးရှိတယ်။ ဒီလို ဝိညာဉ်အပင်မျိုးကို လူတွေစိုက်ပျိုးတာ ဒါမှမဟုတ် မျိုးယူစိုက်ပျိုးတာမျိုး လုပ်လို့မရဘူး။ တောရိုင်းထဲက အပင်တွေကလည်း အကုန်လုံးနီးပါး ခူးဆွတ်ခံလိုက်ရပြီ။ အနည်းဆုံးတော့ ငါတို့လူသားတွေ သိမ်းပိုက်ထားတဲ့ အာရှ-ဥရောပ တိုက်ကြီးတွေမှာ ဒီလိုဝိညာဉ်အပင်မျိုးက မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီ။ ဒါပေမဲ့ ဒီနေရာမှာ တွေ့ရတာက တကယ့်ကို ထူးဆန်းတယ်။ ငါတို့များ ရုတ်တရက် မိုင်ပေါင်းထောင်ချီ ခရီးသွားမိပြီး တခြားတိုက်ကြီးတစ်ခုကို ရောက်သွားတာများလား။"
တုန်းလင်က စဉ်းစားရင်း ရေရွတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် သားရဲများ၏ အမဲလိုက်မှုများကို သူတို့ အများအပြား ကြုံတွေ့ခဲ့ရပြီး၊ ဤနေရာမှာ လုံးဝ တောရိုင်းဆန်လှသဖြင့် လူသားတို့ မစူးစမ်းရသေးသော တိုက်ကြီးများနှင့် အလွန်တူနေသည်။
ကျန်းဟန်လည်း ယင်းကို သေချာပေါက် တွေးမိထားသည်။ တကယ်သာ ထိုသို့ဖြစ်ပါက သူတို့ ဒုက္ခရောက်ပေတော့မည်။ ဖုန်းလိုင်းများ မရသည်မှာလည်း သဘာဝကျပေသည်။ ယခုခေတ်တွင် လူသားတို့၏ ဂြိုဟ်တုများသည် ကမ္ဘာ့လေထုအပြင်ဘက်တွင် မရှိတော့ဘဲ၊ အာရှ-ဥရောပတိုက်ကြီး၏ အထက် လေထုထဲတွင်သာ ရှိသဖြင့် လိုင်းဖမ်းယူနိုင်မှု ဧရိယာမှာ ယခင်ကထက် များစွာနည်းပါးသွားသည်။ အဘယ်ကြောင့်ဆိုသော် လေထုထဲတွင် ထိတ်လန့်ဖွယ်ကောင်းသော သားရဲကြီးများ နေထိုင်ကြသောကြောင့် ဖြစ်သည်။ လူသားများအတွက် ဖြတ်သန်းသွားလာရန် အလွန်ခက်ခဲပြီး အသေအပျောက်များလှကာ ရာခိုင်နှုန်းအားဖြင့် တစ်ရာလျှင် တစ်ယောက်သာ အသက်ရှင်နိုင်လေ့ရှိသည်။ သားရဲများကို အသုံးပြုလျှင်ပင် ခက်ခဲလှသည်။ ထို့အပြင် ကမ္ဘာ့ပြင်ပသို့ ရောက်ရှိနိုင်ခဲ့လျှင်ပင် သားရဲမျိုးစုံ၏ စွမ်းရည်များကြောင့် နှောင့်ယှက်ခြင်းကို ခံရဦးမည်ဖြစ်သည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ခေတ်မီနည်းပညာကို သားရဲထိန်းချုပ်ခြင်းအတတ်နှင့် ပေါင်းစပ်ကာ ပူဖောင်းငါးဟုခေါ်သော အလွန်နူးညံ့သိမ်မွေ့သည့် သားရဲတစ်မျိုးပေါ်တွင် အထူးဂြိုဟ်တုများကို တပ်ဆင်ပြီး အာရှ-ဥရောပတိုက်ကြီးကို လွှမ်းခြုံနိုင်မည့် ကွန်ရက်တစ်ခုကို တည်ဆောက်ခဲ့သည်။ ပူဖောင်းငါးသည် ဓာတ်ငွေ့များကို စားသုံးပြီး နေ့ရက်များကို အိပ်စက်ရင်း လွင့်မျောကာ ကုန်ဆုံးစေခဲ့သည်။ အိပ်ပျော်နေစဉ်တွင် ၎င်းသည် နူးညံ့သိမ်မွေ့သော သို့မဟုတ် ရုပ်ဝတ္ထုမဲ့ အခြေအနေသို့ ရောက်ရှိသွားသဖြင့် တခြားသားရဲများ၏ တိုက်ခိုက်မှုဒဏ်မှ ကင်းလွတ်ပေသည်။ ထို့အပြင် ထိုသားရဲကြီးများသည်လည်း ပူဖောင်းငါးများကို ရိုးအီနေသည်မှာ ကြာပြီဖြစ်၍ တိုက်ခိုက်ခြင်း မပြုကြပေ။ တခြားတိုက်ကြီးများတွင် ထိုဆက်သွယ်ရေးစနစ်ကို ချိတ်ဆက်ရန်အတွက် အထူးအရန်ဂြိုဟ်တုတစ်ခုကို သယ်ဆောင်သွားရန် လိုအပ်သည်။ ကျန်းဟန်နှင့် တခြားသူများတွင်မူ ထိုသို့သော အထူးအရန်ဂြိုဟ်တုမျိုး မရှိသဖြင့် ဆက်သွယ်ရေးလိုင်း မရသည်မှာ သဘာဝကျပေသည်။
ထိုသုံးယောက်၏ မျက်နှာပေါ်တွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားခဲ့သည်။ တကယ်သာ ထိုသို့ဖြစ်ပါက သူတို့ အခြေအနေ ဆိုးပေတော့မည်။ သူတို့၏ စွမ်းရည်များဖြင့် ယခုလိုနေရာမျိုးတွင် အသက်ရှင်နိုင်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲပေလိမ့်မည်။
"ဒါမှမဟုတ် တခြားအခြေအနေတစ်ခုလည်း ဖြစ်နိုင်တာပဲ။ သားရဲထိန်းချုပ်ခြင်းဆိုင်ရာ ရတနာသိုက်တွေရှိတဲ့ လျှို့ဝှက်နယ်မြေတွေထဲမှာလည်း ဖုန်းလိုင်း ဆက်သွယ်လို့မရဘူးဆိုတာ မင်းတို့သိထားရမယ်။"
ကျန်းဟန်က ခေါင်းခါယမ်းကာ ထပ်ဖြည့်ပြောလိုက်သည်။
"ငါတို့ ဆက်ပြီး စူးစမ်းကြည့်သင့်တယ်။ လီဇီဝေကို ရှာတွေ့ရင် အကောင်းဆုံးပဲ။ ဒါက တကယ်ပဲ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်နေရင် ထွက်ပေါက်တစ်ခုတော့ သေချာပေါက် ရှိရမယ်။"
"ဟုတ်သားပဲ။ ဒါက တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ သားရဲထိန်းချုပ်သူကြီးတစ်ယောက် ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေ ဖြစ်ရင်ဖြစ်လောက်တယ်။"
ထိုစကားကို ကြားလိုက်ရသဖြင့် တုံးရွှမ်း၏ မှေးမှိန်နေသော မျက်ဝန်းများသည် တစ်ဖန် ပြန်လည်တောက်ပလာခဲ့သည်။ လူသားတို့ အကြောက်ဆုံးအရာမှာ မျှော်လင့်ချက် ကင်းမဲ့သွားခြင်းပင် ဖြစ်သည်။
ချက်ချင်းပင် သူတို့သည် ကျန်းဟန်နောက်မှ လိုက်ကာ စတင်၍စူးစမ်းရှာဖွေခဲ့ကြသည်။
ကျန်းဟန်၏ ယခုအမြင်အာရုံမှာ ဒုတိယအဆင့် အခြေခံအဆင့် သားရဲထိန်းချုပ်သူ တစ်ဦး၏ အမြင်အာရုံဖြစ်ပြီး သူ၏အင်အားမှာလည်း တုံးမောင်နှမနှစ်ယောက်နှင့် နှိုင်းယှဉ်၍မရအောင် သာလွန်နေပြီ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် သူသည် အန္တရာယ်များကို အမြဲတမ်းကြိုတင်ကာ အာရုံခံမိနိုင်သဖြင့် ထိုနှစ်ယောက်ကို အန္တရာယ်များမှ ရှောင်ကွင်းသွားစေနိုင်ခဲ့ပြီး ရံဖန်ရံခါတွင်လည်း ဝိညာဉ်အပင်များနှင့် သားရဲအမြုတေများ ရရှိရန်အတွက် အားနည်းသော သားရဲအချို့ကို အမဲလိုက်ခဲ့သေးသည်။
သူ၏အင်အားမှာ သန်မာသည်ဆိုသော်လည်း ပြိုင်ဘက်ကင်းနေသည်တော့ မဟုတ်ပေ။ သူသည် ဝိညာဉ်စွမ်းအင်၏ စီးဆင်းမှုကို မြင်တွေ့နိုင်သော်လည်း ပြင်ပပတ်ဝန်းကျင် အခြေအနေအများစုမှာ ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး သားရဲအချို့မှာလည်း ကိုယ်ယောင်ဖျောက်ထားသည့်အခါ ဝိညာဉ်စွမ်းအင် စီးဆင်းမှု မရှိကြချေ။ ထို့ကြောင့် သူတို့သုံးယောက်မှာ သားရဲများ၏ လိုက်လံတိုက်ခိုက်မှုကို ခံရပြီး မကြာခဏဆိုသလို ဖရိုဖရဲ ဖြစ်ခဲ့ကြရသည်။
"ကျန်းဟန် နင်က တကယ် အံ့သြဖို့ကောင်းတာပဲ။ နင်ဦးဆောင်ပေးလို့သာ လမ်းတစ်လျှောက်လုံး ငါတို့ ဘေးကင်းခဲ့တာ။"
တုံးရွှမ်းသည် သူမ၏ အရည်လဲ့ပြီး ဝိုင်းစက်နေသော မျက်ဝန်းကြီးများဖြင့် ကျန်းဟန်၏ နက်ရှိုင်းပြီး တောက်ပသော မျက်ဝန်းများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"နင် တကယ်ပဲ အခြေခံအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားပြီလား။"
"တကယ်ကြီးလား။"
တုံးလင်ကလည်း အံ့အားသင့်စွာဖြင့် မေးလိုက်သော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။ အဓိကမှာ ဤနေရာတွင် ကံကောင်းခြင်း တွေ့ဆုံမှုမျိုးစုံ ရှိနေသောကြောင့် ဖြစ်သည်။ သူတို့တောင် ကိုယ်ပိုင်ကံထူးမှု ရှိခဲ့ကြသည်ပင်။ ကျန်းဟန်မှာ ဘာမှမရှိဘဲ နေပါ့မလား။ ဒါက သိသာထင်ရှားစွာပင် မဖြစ်နိုင်ချေ။
ပုံမှန်အခြေအနေအရ ယခုလို အချိန်ကာလမျိုးတွင် နှစ်တစ်ရာမှ တစ်ယောက်သာ ပေါ်ထွန်းလေ့ရှိသည့် ထူးခြားသော ပါရမီရှင်များသာ အခြေခံအဆင့်သို့ ရောက်ရှိနိုင်ကြသည်။ လူအများစုမှာ ယခုနှစ်ကုန်ပိုင်းအထိ သို့မဟုတ် လာမည့်နှစ် ဖေဖော်ဝါရီ သို့မဟုတ် မတ်လအထိ ကျင့်ကြံမှသာ ဤသို့ ဖြတ်ကျော်နိုင်ကြမည် ဖြစ်သည်။ ကောင်းမွန်သော ကျင့်စဉ်များ ရှိသည့် မိသားစုကြီးများမှ ကလေးများပင်လျှင် အနည်းဆုံး နောက်ထပ် တစ်လ သို့မဟုတ် နှစ်လခန့် လိုအပ်ဦးမည် ဖြစ်သည်။
အချို့သူများက အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု တွေးတောမိနိုင်ပါသည်။ အကြောင်းမှာ နိုင်ငံတော်၏ တစ်ပြေးညီ စီမံခန့်ခွဲမှုအတွက် အတန်းတစ်ခုစီရှိ ကျောင်းသားများ၏ အသက်အရွယ်မှာ အလွန်တူညီကြသောကြောင့် ဖြစ်သည်။ ပထမတန်းတွင် လူတိုင်း အသက်ငါးနှစ် ဖြစ်ကြသဖြင့် သူတို့ သားရဲထိန်းးးးချုပ်သူဖြစ်လာသည့် အချိန်မှာလည်း သဘာဝအတိုင်း တူညီကြသည်။ ထို့အပြင် ကျောင်းက စိတ်စွမ်းအားကျင့်စဉ်ကို သင်ကြားပေးသည့် အချိန်မှာလည်း သတ်မှတ်ထားပြီးဖြစ်ရာ စောစီးစွာ နိုးထလာသူများအတွက်လည်း ကြီးမားသော အခွင့်အရေး မရှိလှပေ။
"ဟင်..."
ကျန်းဟန်က ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာထက်တွင် တုန်လှုပ်ချောက်ချားသွားသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ဘာဖြစ်လို့လဲ။ သားရဲတွေ ရှိနေလို့လား။"
တုံးရွှမ်းက ပတ်ဝန်းကျင်ကို မျက်စိကစားရင်း အလျင်အမြန် မေးလိုက်သည်။
"မဟုတ်ပါဘူး။ ငါ အမြင်မှားတာ ဖြစ်ပါလိမ့်မယ်။"
ကျန်းဟန်က ခေါင်းခါလိုက်ပြီး စကားဆက်လိုက်သည်။
"ငါ အခြေခံအဆင့်ကို တကယ်ပဲ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်။"
လွန်ခဲ့သည့် အခိုက်အတန့်လေးကပင် သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် သားရဲထိန်းချုပ်ခြင်းမျိုးစေ့တစ်ခု ဖြစ်တည်လာခဲ့သည်။ သို့သော် ၎င်းက တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ဖြစ်နေ၏။ သူ အစဦးဆုံး နိုးထမှုတွင် ရရှိခဲ့စဉ်ကလည်း နှစ်ခုဖြစ်ခဲ့ပြီး ဒုတိယအဆင့် အခြေခံအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့သည့် အချိန်တွင်လည်း နှစ်ခု ဖြစ်နေဆဲပင်။ ယင်းက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ဆရာ ဝမ်ယိ ပြောပြခဲ့ဖူးသည်မှာ သားရဲထိန်းသူချုပ်များမဟာမိတ်အဖွဲ့ကို တည်ထောင်သူ ဝမ်ကျိုး သို့မဟုတ် ကမ္ဘာအကြီးဆုံး မိစ္ဆာအဖွဲ့အစည်းဖြစ်သော ဂြိုဟ်ပြင်ပ မှောင်ခိုအဖွဲ့ကို တည်ထောင်သူ ရှောင်ကန်း ကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် တခြားသူများထက် သားရဲထိန်းချုပ်ခြင်းမျိုးစေ့ တစ်ခုသာ ပိုမိုပိုင်ဆိုင်ခဲ့ကြသည်။ သူတို့သည် အစောပိုင်း နိုးထစဉ်က သားရဲထိန်းချုပ်ခြင်းမျိုးစေ့ နှစ်ခု ရှိခဲ့ကြသော်လည်း နောက်ပိုင်း အခြေခံအဆင့်သို့ ဖြတ်ကျော်ပြီးနောက်တွင်မူ တစ်ခုသာ ကျန်ရှိတော့သဖြင့် ပုံမှန်လူများနှင့် တူညီသွားခဲ့ကြသည်။
သို့သော် သူ၏ အခြေအနေမှာ ဆရာ ဝမ်ယိ ပြောခဲ့သည်နှင့် ကွဲပြားနေ၏။ သူသည် အခြေခံအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့သော်လည်း သားရဲထိန်းချုပ်ခြင်းမျိုးစေ့ နှစ်ခု ရှိနေဆဲပင်။ ဤကဲ့သို့သော အရာမျိုးမှာ တစ်ခါမျှ မကြားဖူးခဲ့သဖြင့် သူကိုယ်တိုင်ပင် တုန်လှုပ်ခြင်း အရိပ်အယောင်ကို မဖုံးကွယ်နိုင်ခဲ့ချေ။
သို့သော်လည်း သူသည် ဤလျှို့ဝှက်ချက်ကို သူ၏နှလုံးသားထဲတွင် ချက်ချင်း ပြန်လည်ဖိနှိပ်ထားလိုက်သည်။ ဤအရာသည် သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်လာမည်ဖြစ်ပြီး သူ အလွန်အမင်း မ သန်မာမလာမချင်း မည်သည့်အခါမျှ ထုတ်ဖော်ပြသမည် မဟုတ်ပေ။ အကယ်၍ နောင်််တစ်ချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်တိုးတက်လာတိုင်း သားရဲထိန်းချုပ်ခြင်းမျိုးစေ့ နှစ်ခုစီ နိုးထလာမည်ဆိုပါက သူသည် တခြားသူများထက် သားရဲများကို နှစ်ဆ ပိုမိုထိန်းချုပ်နိုင်မည်ဟု အဓိပ္ပာယ်ရသည်။
ပုံမှန်လူများတွင် သားရဲတစ်အုပ်စု စနစ်တစ်ခုသာ ရှိသည်။ သို့သော် သူကမူ သူ၏ သားရဲထိန်းချုပ်ခြင်းမျိုးစေ့ တစ်ဝက်ကို လုံးဝ ချန်လှပ်ထားနိုင်ပြီး မသုံးဘဲ ထားနိုင်ကာ သူ လုံလောက်အောင် သန်မာလာသည့်အချိန်မှသာ စာချုပ် ချုပ်ဆိုနိုင်သည်။ ကျန်းဟန်၏ အင်အားက အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားချိန်တွင် ကြယ်ခုနစ်ပွင့် အလားအလာ သို့မဟုတ် ထို့ထက်ပိုမြင့်သော သားရဲတစ်ကောင်ကို တခြားစနစ်တစ်ခု၏ ပထမဆုံးသော သားရဲအဖြစ် စာချုပ်ချုပ်ဆိုနိုင်သည်ဟု စဉ်းစားကြည့်လိုက်ပါ။ သားရဲတိုင်းက အနည်းဆုံး ကြယ်ခုနစ်ပွင့် သို့မဟုတ် ထို့ထက်ပိုမြင့်မားနေမည့် မြင်ကွင်းမျိုးကို စိတ်ကူးကြည့်ရုံမျှဖြင့် မည်မျှ အံ့သြစရာကောင်းမည်နည်း။ လက်ရှိတွင် ဂြိုဟ်ပြာပေါ်ရှိ မည်သူမျှ ဤသို့ မလုပ်ဆောင်နိုင်ကြချေ။ ရှိခဲ့လျှင်ပင် ထိုသူသည် ကျန်းဟန်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။ ရန်သူထက် သားရဲအရေအတွက် နှစ်ဆ ပိုများနေသည့်အတွက် မည်သူမျှ သူ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။