အခန်း ၁၉၃၇
Vol. 130 Ch. 1937
အခန်း (၁၉၃၇ )
နတ်သခင်ကောင်းကင်၏ ဒွိဟ
နတ်သခင် ကောင်းကင် အရိုင်းနယ်မြေသို့ ဘာကြောင့် ရောက်ရှိလာသည်ကို ယွမ်ယုတိ အခြေခံအားဖြင့် ခန့်မှန်းမိပြီးသားဖြစ်သည်။ သူမအား လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ပြန်ခေါ်ရန်ထက် မပိုပေ။
ထိုအရာမှလွဲ၍ သူမ အခြားအကြောင်းရင်းကို တွေးမရပေ။
နောက်အခိုက်အတန့်က ယွမ်ယုတိ၏ ထင်ကြေး မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။
နတ်သခင် ကောင်းကင်က
“ငါနဲ့အတူ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ပြန်လိုက်ခဲ့ပါ”
ဟု ပြောလိုက် သောကြောင့်ဖြစ်သည်။
ထိုအရာက အမှန်တကယ်ပင် သူမ၏ ရည်ရွယ်ချက်ဖြစ်ကြောင်း တွေ့မြင်လျှင် ယွမ်ယုတိက အေးစက်စွာ တုံ့ပြန်လိုက်၏။
“ကျွန်မ ဆရာနဲ့အတူ ပြန်လိုက်မယ်လို့ တကယ် ထင်နေတာလား။”
နတ်သခင် ကောင်းကင်က ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ရာ သူမက
“ဒါက ကျောင်းတော်သခင်ရဲ့ ဆန္ဒပဲ။ နင် ပြန်မလိုက်ဘူးဆိုရင် သူကိုယ်တိုင် နင့်ကို ပြန်ခေါ်ဖို့ အရိုင်းနယ်မြေကို လာလိမ့်မယ်။ ကျောင်းတော်သခင်သာ လာခဲ့ရင် သူက ငါ့လောက် သဘောကောင်းမှာ မဟုတ်ဘူး။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ တွေးတောမိသွား၏။
နတ်သခင် ယွမ်မုန့်က သူမကို ပြန်လာစေချင်တာလား။
ပြီးတော့ ဘာရည်ရွယ်ချက်အတွက်လဲ။
သူတော်စင်မအဖြစ် ဆက်လက်ရှိနေဖို့လား။
လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ သူတော်စင်မ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လုချန်းက သူမအား ပြောပြထားသည်မှာ ကြာပြီဖြစ်ရာ ထိုနေရာ၌ သူတော်စင်မ ဖြစ်ရခြင်းက ထင်သလောက် မရိုးရှင်းကြောင်း သူမ သိထားသည်။
ယွမ်ယုတိ တိတ်ဆိတ်နေသည်ကို မြင်သော် နတ်သခင် ကောင်းကင်က ဆက်လက်၍
“ကပ်ဘေးက နီးကပ်လာနေပြီ။ ပြီးတော့ နင် နေတဲ့ နဂါးနယ်မြေက နေဝင်တောင်တန်းနဲ့ ကပ်နေတာ။ တစ်နေ့မှာ သတ္တဝါဆန်းတွေက ချိပ်ပိတ်မှုကို ဖျက်ဆီးပြီး ထွက်လာခဲ့ရင် လျှို့ဝှက်လဝန်း နန်းတော်က ပထမဆုံး အထိနာတဲ့ နေရာ ဖြစ်လာလိမ့်မယ်။”
“လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းတယ်။ သတ္တဝါဆန်းတွေက ထျန်းရန် နတ်ဘုရား နယ်မြေကို ကျူးကျော်ဝင်ရောက်လာရင်တောင် ဒါမှမဟုတ် တခြားကပ်ဘေးတွေက ထျန်းရန် နတ်ဘုရား နယ်မြေကို တိုက်ခိုက်လာရင်တောင် လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ရင်ဆိုင်ဖြေရှင်းဖို့ လုံလောက်တဲ့ နည်းလမ်းတွေ ရှိတယ်။”
ဤအချိန်တွင် နတ်သခင် ကောင်းကင် တကယ်ပင် အနည်းငယ် စိတ်ဒွိဟဖြစ်နေ၏။ ဘိုးဘေးသည် ဒုတိယအကြိမ်မြောက် ဘဝသစ်ကို ရှင်သန်ရန် ဝင်စားပူးကပ်ခြင်းပြုလုပ်ရန် တကယ် မလိုအပ်တော့ပါက လျှို့ဝှက်လဝန်း ကျောင်းတော်သည် ယွမ်ယုတိအတွက် အကောင်းဆုံးနေရာဖြစ်ပြီး နေဝင်တောင်တန်းအနီးတွင် ရှိနေခြင်းထက် ပိုကောင်းမည်ဟု သူမ တွေးမိသည်။
သို့သော်လည်း သူမ၏ စိတ်ထဲတွင် နတ်သခင် ယွမ်မုန့်အပေါ် သံသယများ ရှိနေဆဲဖြစ်သည်။ အရင်တုန်းက သူမ ယွမ်ယုတိအား ထွက်ခွာခွင့်ပြုခဲ့ခြင်းမှာ ယွမ်ယုတိ ပူးကပ်ခံရသည်ကို မမြင်တွေ့လိုသောကြောင့် ဖြစ်၏။
အကယ်၍ နတ်သခင် ယွမ်မုန့်က လိမ်ညာနေခြင်းဖြစ်ပြီး သူတို့၏ ဘိုးဘေးသည် ဘဝသစ်ရှင်သန်ရန် နည်းလမ်းဟောင်းကို အသုံးပြုရန် လိုအပ်နေသေးပါက သူမနှင့်အတူ ပြန်လိုက်သွားခြင်းသည် ယွမ်ယုတိကို သေတွင်းထဲသို့ ပို့ဆောင်လိုက်ခြင်းနှင့် မခြားပေ။
သို့သော် နတ်သခင် ယွမ်မုန့်က သူမအား ယွမ်ယုတိကို ပြန်လာခိုင်းရန် ဖျောင်းဖျခိုင်းထားသဖြင့် သူမ ပြောသင့်ပြောထိုက်သည်များကို ပြောရပေမည်။ ယွမ်ယုတိ နောက်ဆုံးတွင် မည်သည့်အရာကို ရွေးချယ်မည်နည်းဆိုသည်ကတော့ ယွမ်ယုတိ၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်၏။
ယွမ်ယုတိက တည်ငြိမ်စွာဖြင့်
“ကျွန်မအတွက်တော့ လျှို့ဝှက်လဝန်း ကျောင်းတော်က သတ္တဝါဆန်းတွေထက် ပိုပြီး အန္တရာယ်များပါတယ်။”
ထိုစကားများကို ကြားရသောအခါ နတ်သခင် ကောင်းကင် အနည်းငယ် အံ့အားသင့်သွားရသည်။ ယွမ်ယုတိ အဘယ်ကြောင့် ထိုကဲ့သို့ ပြောရသည်ကို သူမ နားမလည်နိုင်ဖြစ်သွား၏။
ယွမ်ယုတိက လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ သူတော်စင်မ၏ အခန်းကဏ္ဍကို သိသွား၍များလား။
ယွမ်ယုတိက ဆက်လက်၍
“ဆရာ အခု ပြန်နိုင်ပါပြီ။ ကျွန်မ ဆရာ့နောက်ကို လိုက်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကို ပြန်လာမှာ မဟုတ်ဘူး။ နတ်သခင် ယွမ်မုန့် လာချင်တယ်ဆိုရင်လည်း လာခွင့်ပြုလိုက်ပါ။”
ထိုသို့ ပြောပြီးနောက် ယွမ်ယုတိ လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် မြင့်မားသော ကောင်းကင်ယံ၌ လုချန်း၏ ပုံရိပ် ရုတ်တရက် ပေါ်လာသည်။
နတ်သခင် ကောင်းကင်ကို တွေ့မြင်လျှင် လုချန်းက ပြုံးလိုက်ပြီး
“ဆရာ... မတွေ့ရတာ ကြာပြီနော်”
ဟု နှုတ်ဆက်လိုက်၏။
လုချန်းက နတ်သခင် ကောင်းကင်ကို ဆရာဟု ခေါ်သည်ကို ကြားရသောအခါ ယွမ်ယုတိ စိတ်ထဲ၌ ကသိကအောက် ဖြစ်သွားရသည်။ ဤအရှက်မရှိသော လူယုတ်မာက နတ်သခင် ကောင်းကင်အပေါ် တကယ်ပင် စိတ်ဝင်စားနေဆဲ ဖြစ်သည်။
နတ်သခင် ကောင်းကင်က လုချန်းကို အေးစက်စွာ စိုက်ကြည့်ကာ
“ရှင်က တကယ်ကို စွမ်းဆောင်နိုင်ရည်ရှိတာပဲ။ ကျွန်မရဲ့ တပည့်တွေအားလုံး ရှင့်ကြောင့် လမ်းမှားရောက်ကုန်ကြပြီ။”
လုချန်းက
“လမ်းမှားရောက်တယ်ဆိုတာ ဘာကို ပြောတာလဲ... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြတဲ့အခါ စုံတွဲဖြစ်လာတာက အလွန် သဘာဝကျတဲ့အရာ မဟုတ်ဘူးလား။”
ထိုသို့ပြောပြီးနောက် လုချန်းက သူ၏လက်ကို ဆန့်တန်းကာ ယွမ်ယုတိ၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
လုချန်း အခြားသူများ၏ ရှေ့မှောက်၌ ဤမျှ ရင်းနှီးပွင့်လင်းစွာ ပြုမူနေသည်ကို တွေ့မြင်လျှင် ယွမ်ယုတိ၏ မျက်ခုံးများ ချက်ချင်း တွန့်သွားရ၏။
ဤလူယုတ်မာက ပို၍ပို၍ အတင့်ရဲလာပေပြီ။
သို့သော်လည်း ယွမ်ယုတိသည် လုချန်းကို တွန်းထုတ်မပစ်ပဲ သူ့အား ဖက်ထားခွင့် ပြုလိုက်သည်။
လုချန်းက သူမ၏ ရှေ့မှောက်တွင် ယွမ်ယုတိကို ဖက်ထားပြီး ယွမ်ယုတိကလည်း လုချန်းကို တွန်းမထုတ်ပဲ နှစ်ဦးသား အလွန် ရင်းနှီးနေကြသည်ကို မြင်သောအခါ နတ်သခင် ကောင်းကင်က ယွမ်ယုတိကို အေးစက်စွာဖြင့်
“နင်က တကယ်ပဲ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးချပစ်ဖို့ ရည်ရွယ်နေတာလား။”
ယွမ်ယုတိက တည်ငြိမ်စွာဖြင့်
“ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ ကံစွမ်းအားက အလွန်ဆုံးရှိမှ နတ်ဧကရာဇ် တစ်ပါးရဲ့ တည်ရှိမှုကိုပဲ ထောက်ပံ့ပေးနိုင်တာ။ အခု နတ်ဆိုးဧကရာဇ်က သူရဲ့ ကျင့်စဉ်အဆင့်ကို ပြန်ရသွားပြီဖြစ်လို့ အခြားသော နတ်သခင်တွေ နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမချဘူးဆိုရင်တောင် ကျွန်မရဲ့ ကျင့်စဉ်အဆင့်က တိုးတက်ဖို့ အလွန် ခက်ခဲပါလိမ့်မယ်။”
“စင်ကြယ်ပြီး မြင့်မြတ်တဲ့အသွင်ကို ထိန်းသိမ်းထားရုံနဲ့ ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ ကံစွမ်းအား ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး နတ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မှာမို့လို့လား။”
ထိုစကားများကို ကြားလျှင် နတ်သခင် ကောင်းကင် တိတ်ဆိတ်သွား၏။ ယွမ်ယုတိ ပြောသော အချက်ကို သူမ မချေပနိုင်ခဲ့ပေ။
နတ်ဆိုးဧကရာဇ်၏ ကျင့်စဉ်အဆင့် ပြန်လည်ကောင်းမွန်လာသဖြင့် ထျန်းရန် နတ်ဘုရား နယ်မြေတွင် အခြားနတ်ဧကရာဇ်တစ်ပါး ထပ်မံပေါ်ထွက်လာရန်မှာ တကယ်ပင် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့ မည်မျှပင် ကြိုးစားပမ်းစား အားထုတ်ပါစေ နတ်ဆိုးဧကရာဇ်ကို မအောင်နိုင်ပါက သူတို့၏ ဘဝနောက်ဆုံးအချိန်အထိ နတ်သခင် အဆင့်တွင်သာ ရှိနေနိုင်လိမ့်မည်။
နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် မဖြစ်နိုင်တော့သဖြင့် နတ်သခင်တစ်ပါးအနေနှင့် သူတို့ အလိုရှိရာကို ရှာဖွေခြင်းက အလွန်ပင် နားလည်ပေးနိုင်စရာ ရှိ၏။ နတ်သခင် အမြောက်အမြားသည် ပျော်ရွှင်ခြင်းကိုသာ ရွေးချယ်ကြပြီး နောက်ဆုံးတွင် သူတို့၏ ဘဝကို နောင်တမရှိပဲ ဖြတ်သန်းသွားတတ်ကြသည်။
ဟုတ်ပါသည်။ အချို့သော နတ်သခင်များကတော့ ဘဝသံသရာ လည်ပတ်ခြင်းကို ရွေးချယ်ကြသော်လည်း ထိုရွေးချယ်မှု၌ မရေရာမှု များစွာ ရှိနေသဖြင့် ထိုသို့ပြုလုပ်သူ အလွန် ရှားပါး၏။ ဘဝသံသရာ လည်ပတ်ပြီးနောက် သူတို့၏ အလားအလာက ဤဘဝနှင့် တူညီပါ့မလားဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
အကယ်၍ ဘဝသံသရာ လည်ပြီးနောက် အလားအလာက မကောင်းပဲ ခက်ခဲကြမ်းတမ်းသော ဘဝကို ပိုင်ဆိုင်ရမည်ဆိုပါက လုံးဝ ဘဝမကူးပြောင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
နတ်သခင် ကောင်းကင်၏ တိတ်ဆိတ်မှုကို တွေ့မြင်လျှင် ယွမ်ယုတိက ဆက်လက်၍
“ဆရာ့မှာ အခြားကိစ္စ မရှိတော့ရင် ပြန်ပါတော့။ ကျွန်မ ကျင့်ကြံရပါဦးမယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင်က စိတ်တိုသွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လျက်
“အဖော်ကို ရွေးချယ်တာက နင့်ရဲ့ လွတ်လပ်ခွင့်ဆိုတာ မှန်ပေမဲ့ နင်က သိက္ခာရှိတဲ့ နတ်သခင်တစ်ပါး ဖြစ်နေပြီးတော့ ဒီလောက် တဏှာကြီးတဲ့ လူယုတ်မာကို ရွေးချယ်ရတာ မရှက်ဘူးလား။ သူ့မှာ ရင်းနှီးတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေတာ နင်မသိဘူးလား။ အခုတောင် လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာ သူ့ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတစ်ယောက် ရှိနေသေးတယ်။”
ထိုစကားကို ယွမ်ယုတိက တည်ငြိမ်စွာဖြင့်
“လျှို့ဝှက်လဝန်း ကျောင်းတော်တင် မကပါဘူး... လျှို့ဝှက်လဝန်း နန်းတော်မှာလည်း သူ့ရဲ့ အမျိုးသမီးတွေ ရှိနေပြီး ဒီမှာ မွေးဖွားထားတဲ့ ကလေးတွေတောင် ရှိသေးတယ်” ဟု တုံ့ပြန်လိုက်၏။
ထိုအရာကို ကြားရသောအခါ နတ်သခင် ကောင်းကင်၏ မျက်နှာအမူအရာမှာ ပို၍ပင် ပျက်ယွင်းသွားပြီး
“ဒါကို သိရဲ့သားနဲ့ နင် ဘာလို့ သူ့ကို ရွေးချယ်နေသေးတာလဲ”
ဟု မေးလိုက်သည်။
ယွမ်ယုတိ၏ ဆရာအဖြစ် သူတို့ ဆက်ဆံရေးကို ဖြတ်တောက်ထားခဲ့သော်လည်း နတ်သခင် ကောင်းကင်သည် ယွမ်ယုတိအပေါ် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေဆဲဖြစ်သည်။
ယွမ်ယုတိက လုချန်းကဲ့သို့သော မိန်းမရှုပ်သူ တစ်ယောက်ကို ရွေးချယ်သည်ကို မြင်လျှင် နတ်သခင် ကောင်းကင် အလွန် မကျေမနပ် ဖြစ်သွားပြီး လုချန်းက တစ်နည်းနည်းဖြင့် ယွမ်ယုတိကို ပြုစားထားသည်ဟု သံသယဝင်မိ၏။
ထိုတိရစ္ဆာန်ကဲ့သို့သော လုချန်းသည် အမျိုးသမီးများကို ဆွဲဆောင်ရာတွင် အလွန် ကျွမ်းကျင်လှသည်။ ထိုစဉ်က ထျန်းရန် နတ်ဘုရား နယ်မြေရှိ မဟာအင်အားကြီးအုပ်စုများမှ နတ်သမီးအမြောက်အမြားမှာ သူ၏ လှည့်စားခြင်းကို ခံခဲ့ရသည်။
ယွမ်ယုတိက မည်သည့် မျက်နှာအမူအရာမှ မပြပဲ
“ဒါက ကျွန်မရဲ့ ကိုယ်ပိုင်ရွေးချယ်မှုမို့လို့ ဆရာနဲ့ ဘာမှ မဆိုင်ပါဘူး။”
ဤနေရာတွင် ယွမ်ယုတိသည် နတ်သခင် ကောင်းကင်နှင့် ဆက်လက်၍ ဆွေးနွေးပြောဆိုလိုခြင်း မရှိတော့သဖြင့် လုချန်းကို
“သွားကြစို့”
ဟု ပြောလိုက်သည်။
သူမ၏ စကားဆုံးပြီးနောက် ယွမ်ယုတိ လုချန်းကို ရေခဲနန်းတော်သို့ ပြန်ခေါ်သွားရန် ပြင်လိုက်စဉ်မှာပင် နတ်သခင် ကောင်းကင်က လုချန်းကို လှမ်း၍
“လုချန်း... ရှင် ယွမ်ယုတိကို ဘယ်လို ပြုစားထားလဲ ကျွန်မ မသိပေမဲ့ ရှင် သူ့အနားက ထွက်သွားဖို့ ကျွန်မ အကြံပြုချင်တယ်။ ဘာလို့လဲဆိုတော့ မကြာခင်မှာပဲ ယွမ်မုန့် ကျောင်းတော်သခင်ကိုယ်တိုင် လျှို့ဝှက်လဝန်း ကျောင်းတော် ခန်းမကို ရောက်လာတော့မှာမို့လို့ပဲ။”
လုချန်းက ပြုံးလိုက်ပြီး
“ကျုပ်က ကိုယ့်ဘက်က စပြီး စွန့်ပစ်တတ်တဲ့ ယောက်ျားမျိုး မဟုတ်ဘူး။ အခု ယွမ်ယုတိက ကျုပ်ရဲ့ မိန်းမဖြစ်သွားပြီမို့လို့ ကျုပ် သူအတွက် အပြည့်အဝ တာဝန်ယူမှာပါ။”
ထိုသို့ပြောပြီးနောက် လုချန်းက လှည့်၍ ယွမ်ယုတိကို သံယောဇဉ် အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားရသည်။
သူမအတွက် အပြည့်အဝ တာဝန်ယူမယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။
သူမသည် မည်သူတစ်ဦးတစ်ယောက်၏ တာဝန်ယူမှုကိုမှ မလိုအပ်ပေ။
ဤလူက သူမ၏ အစီအစဉ်များအတွက် ကိရိယာတစ်ခုမျှသာ ဖြစ်သော်လည်း ယခုအခါ သူမကို တာဝန်ယူချင်နေပေပြီ။
--
……………