အခန်း ၁၉၃၉
Vol. 130 Ch. 1939
အခန်း (၁၉၃၉ )
သွေးမိစ္ဆာ နတ်သခင်၏ တွက်ဆချက်
တောင်ပိုင်းနယ်။
သွေးလင်းယုန်ခန်းမ။
သွေးမိစ္ဆာ နတ်သခင်သည် လူရိုးများဖြင့် ပြုလုပ်ထားသည့် ပလ္လင်ထက်တွင် ထိုင်နေပြီး သွေးလင်းယုန်ခန်းမ၏ တပည့်များ စုဆောင်းလာသော သတင်းအချက်အလက်များကို ကြည့်ရှုရင်း အတွေးပင်လယ် ဝေနေခဲ့သည်။
သွေးဘိုးဘေး၏ အကူအညီဖြင့် နတ်သခင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အချိန်မှစ၍ သူသည် လုချန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းရန် တပည့်များကို နေ့မနား ညမနား အဆက်မပြတ် စေလွှတ်ခဲ့သည်။
လုချန်းသည် ယခုအခါ ထျန်းရန် နတ်ဘုရား နယ်မြေတွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေသဖြင့် သူနှင့်ပတ်သက်သော သတင်းအချက်အလက်အချို့ကို စုံစမ်းသိရန်မှာ အလွန် မခက်ခဲလှသော ကိစ္စ ဖြစ်သည်။
သို့သော်လည်း ခက်ခဲသောအချက်မှာ လုချန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် အများစုမှာ သူ၏ ကိုယ်ပွားနှင့်သာ သက်ဆိုင်နေပြီး လုချန်း၏ ပင်မကိုယ် ရှိနေသည့်နေရာကိုတော့ မည်သူမှ မသိကြခြင်းပင် ဖြစ်သည်။
သွေးဘိုးဘေး ရှာဖွေနေသည်မှာ သူ၏မျက်စိထဲကဆူးဖြစ်သော လုချန်း၏ ပင်မကိုယ်ကိုဖြစ်ပြီး သူ၏ ကိုယ်ပွားကို မဟုတ်ပေ။
ခဏခန့် စဉ်းစားပြီးနောက် သွေးမိစ္ဆာ နတ်သခင်သည် အလယ်ပိုင်းနယ်သို့ လူစေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ လုချန်းသည် အစက လျှို့ဝှက်လဝန်း ကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် သူ၏ ပင်မကိုယ်မှာ လျှို့ဝှက်လဝန်း ကျောင်းတော်တွင် ရှိနေနိုင်သောကြောင့် ဖြစ်သည်။
လျှို့ဝှက်လဝန်း ကျောင်းတော်က သူ၏ ပင်မကိုယ်ကို ကျောင်းတော်အတွင်း၌ ဖုံးကွယ်ထားရှိထားပြီး ကိုယ်ပွားတစ်ခုကိုသာ ရည်ရွယ်ချက်ရှိရှိ အပြင်သို့ စေလွှတ်ထားခြင်း ဖြစ်သည်ဆိုလျှင်လည်း အံ့ဩစရာ မရှိသော လုပ်ရပ်ဖြစ်သည်။
ထိုအတွေးနှင့်အတူ သွေးမိစ္ဆာ နတ်သခင်သည် အလယ်ပိုင်းနယ်တွင် သတင်းအချက်အလက် စုဆောင်းရန် တစ်စုံတစ်ဦးကို စေလွှတ်ရန် ပြင်ဆင်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံတစ်ဦး ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ခန်းမသခင်... သတင်းကောင်းပါ။ ကျုပ် တို့ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ရရှိထားပါတယ်။”
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်သခင်က
“မြန်မြန်ပြောစမ်း”
ဟု ချက်ချင်းပင် မေးမြန်းလိုက်သည်။
နတ်ဘုရင်ခံက
“ခမ်းနားသော ကောင်းကင်ခန်းမထဲကို ခိုးဝင်ထားတဲ့ ကျုပ် တို့ရဲ့ သူလျှိုက သတင်းပို့လာတာပါ။ လျှို့ဝှက်လဝန်း နန်းတော်ရဲ့ လက်ရှိ တည်နေရာက အရိုင်းနယ်မြေထဲမှာ ရှိနေပါတယ်”
ဟု အလျင်အမြန် ပြောလိုက်သည်။
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်သခင်သည် ခဏခန့် တွေးတောလိုက်သည်။
အရိုင်းနယ်မြေ ဟုတ်လား။
အကယ်၍ လျှို့ဝှက်လဝန်း နန်းတော်က အရိုင်းနယ်မြေတွင် ရှိနေပါက လုချန်း၏ ပင်မကိုယ်သည်လည်း အရိုင်းနယ်မြေတွင် ရှိနေနိုင်သည်ဟု ဆိုလိုခြင်းလား။
လုချန်းသည် တစ်ချိန်က လျှို့ဝှက်လဝန်း နန်းတော်ကို ကာကွယ်ရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးချခဲ့ဖူးရာ ၎င်းသည် သူ့အတွက် အလွန် အရေးပါကြောင်း ပြသနေသည်။
ထို့ပြင် လျှို့ဝှက်လဝန်း နန်းတော်သည် အစက လျှို့ဝှက်လဝန်း ကျောင်းတော်မှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လုချန်းသည်လည်း သူတို့ထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ လုချန်းသည် လျှို့ဝှက်လဝန်း နန်းတော်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်နွှယ်မှု ရှိနေသည်။
ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လုချန်း၏ ကိုယ်ပွားသည် နေဝင်တောင်တန်းရှိ ချိပ်ပိတ်မှုကို ခိုင်မာအောင် ပြုလုပ်ရန် ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်သခင်များကို ကူညီပေးနေခဲ့သည့် အချက်ကို သွေးမိစ္ဆာ နတ်သခင်က အထူးတလည် ဂရုပြုမိနေသည်။
လုချန်းက ထျန်းရန် နတ်ဘုရား နယ်မြေအပေါ် သန့်ရှင်းသော စိုးရိမ်စိတ်သက်သက်ဖြင့် ဤအရာအားလုံးကို တကယ်ပဲ လုပ်ဆောင်နေခြင်း ဟုတ်ပါသလား။
လုချန်း၏ ပင်မကိုယ်သည် အရိုင်းနယ်မြေတွင် ရှိနေပြီး ချိပ်ပိတ်မှု ပျက်စီးသွားပါက သူရှိနေသည့် တည်နေရာသည် သတ္တဝါဆန်းများ၏ ပထမဆုံး တိုက်ခိုက်ခြင်းကို ခံရမည်ကို နှာခေါင်းဖျားရေမွမ်းမှာ စိုးရိမ်နေသလို စိုးရိမ်နေခြင်းကြောင့်ကော မဖြစ်နိုင်ဘူးလား။
ထို့ကြောင့်သာ သူသည် ချိပ်ပိတ်မှုကို အားဖြည့်ရန်အတွက် နတ်သခင်များကို အစွမ်းကုန် ကူညီပေးနေခြင်း မဟုတ်ပါလား။
ဤဖြစ်နိုင်ခြေကို စဉ်းစားမိပြီးနောက်
လုချန်း၏ ပင်မကိုယ် အရိုင်းနယ်မြေတွင် ရှိနေကြောင်း သွေးမိစ္ဆာ နတ်သခင် ပို၍ ယုံကြည်သွားခဲ့သည်။
သွေးမိစ္ဆာ နတ်သခင်သည် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး စိတ်ထဲတွင် လုချန်း ကိုယ့်ကိုယ်ကို ဖောက်ခွဲခဲ့သည့် မြင်ကွင်းကို မရည်ရွယ်ပဲ ပြန်လည် မြင်ယောင်လာခဲ့သည်။ ထိုမြင်ကွင်းကို တွေးမိသည့် အခါတိုင်းတွင် သူ၏ ရင်ထဲ၌ မီးတောင်ပေါက်ကွဲသလို အတိုင်းအဆမရှိသော ဒေါသများ ဟုန်းဟုန်းတောက်လာပြီး ကလဲ့စားချေရန်သာ အမြဲတစေ တွေးတောနေမိတော့သည်။
သို့သော်လည်း သွေးမိစ္ဆာ နတ်သခင်သည် လူအတော့ မဟုတ်ပေ။ သူသည် အရိုင်းနယ်မြေသို့ မဆင်မခြင် သွားရောက်မည် မဟုတ်ပေ။
သူသည် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို တစ်ခါမှ မမြင်ဖူးသော်လည်း ၎င်းသည် သူတော်စင် အဆင့် နည်းဗျူဟာပုံစံ ဖြစ်ကြောင်းနှင့် လက်ရှိတွင် လုချန်း တစ်ဦးတည်းသာ ၎င်း၏ နည်းဗျူဟာပုံစံ အင်းကွက်များကို အပြည့်အဝ ရေးဆွဲနိုင်စွမ်းရှိကြောင်း ကြားသိထားပြီးဖြစ်၏။ ၎င်းက လုချန်း၏ နတ်ဝိညာဉ်အစွမ်းထက်လှကြောင်း သက်သေပြနေသည်။
ဖြစ်နိုင်သည်မှာ လုချန်း၏ ပင်မကိုယ်သည် ယခုအခါ နတ်သခင်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်နိုင်ပြီး သူ့၌ သူတော်စင် အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ ရှိနေသည်ကို ထည့်သွင်းစဉ်းစားပါက သူ၏ လက်ထဲတွင် အခြားသော ဝှက်ဖဲများလည်း ရှိနေနိုင်သေးသည်။ အရိုင်းနယ်မြေထဲသို့ သားရဲတွင်းထဲ သက်သက်တိုးသလို အဆင်ခြင်မဲ့ သွားရောက်ခဲ့ပါက အတိတ်က အမှားမျိုးကိုသာ ထပ်မံ ကျူးလွန်မိသွားနိုင်သည်။
ထိုအတွေးနှင့်အတူ သွေးမိစ္ဆာ နတ်သခင်သည် မကြာသေးမီကမှ နတ်ဘုရင် အဆင့်သို့ တက်ရောက်သွားခဲ့သည့် တောင်ထိပ်သခင် တစ်ဦးကို ဆင့်ခေါ်လိုက်သည်။
မကြာမီပင် အမှောင်နတ်စွမ်းအား အရှိန်အဝါများ ထွက်ပေါ်နေသည့် ဝတ်ရုံနက်ဝတ် ဆင်ထားသော နတ်ဘုရင်တစ်ဦး ခန်းမအတွင်း၌ လျှပ်စီးပမာ ပေါ်လာခဲ့သည်။
မိစ္ဆာအရိပ် နတ်ဘုရင်သည် ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး ချက်ချင်းပင် ဂါရဝပြုလိုက်သည်။
“ခန်းမသခင်ကို နှုတ်ဆက်ပါတယ်။”
သွေးမိစ္ဆာ နတ်သခင်က မိစ္ဆာအရိပ် နတ်ဘုရင်ကို လှမ်းကြည့်ကာ
“ကျုပ် ခင်ဗျားကို အရိုင်းနယ်မြေဆီ စေလွှတ်ဖို့ ရည်ရွယ်ထားတယ်။”
ထိုစကားကို ကြားရလျှင် မိစ္ဆာအရိပ် နတ်ဘုရင် ခဏခန့် ဆွံ့အသွားခဲ့သည်။
အဘယ်ကြောင့် အရိုင်းနယ်မြေသို့ သွားရမည်နည်း။
သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မိစ္ဆာအရိပ် နတ်ဘုရင်က
“အရိုင်းနယ်မြေမှာ ခန်းမသခင် ကျုပ် ကို ဘယ်လို တာဝန်မျိုး ပေးအပ်ချင်လို့လဲဆိုတာ မေးပါရစေ”
ဟု စူးစမ်းစွာ မေးမြန်းလိုက်သည်။
သွေးမိစ္ဆာ နတ်သခင်က
“လျှို့ဝှက်လဝန်း နန်းတော်က အရိုင်းနယ်မြေထဲမှာ တည်ရှိနေတယ်ဆိုတာ ကျုပ် သိလိုက်ရတယ်။ ပြီးတော့ လုချန်းရဲ့ ပင်မကိုယ်ကလည်း အဲဒီမှာ ရှိနေနိုင်တယ်လို့ ကျုပ် သံသယဝင်မိတယ်။ ခင်ဗျားရဲ့ တာဝန်က လုချန်းရဲ့ ပင်မကိုယ်က အရိုင်းနယ်မြေမှာ ရှိနေသလား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ပဲ။”
ထိုအရာကို ကြားလျှင် မိစ္ဆာရိပ် နတ်ဘုရင် ချက်ချင်းပင် နားလည်သွားခဲ့သည်။
မိစ္ဆာရိပ် နတ်ဘုရင်က
“ဟုတ်ကဲ့ပါ... ကျုပ် အရိုင်းနယ်မြေဆီ ချက်ချင်း ထွက်ခွာပါ့မယ်။”
သွေးမိစ္ဆာ နတ်သခင်က ဆက်လက်၍ “ခင်ဗျား အရိုင်းနယ်မြေကို ရောက်တဲ့အခါ မဆင်မခြင် မလုပ်နဲ့။ ပထမဦးဆုံး လုချန်းရဲ့ ပင်မကိုယ် အဲ့ဒီမှာ ရှိမရှိ အတည်ပြုပါ။ အကယ်၍ ရှိနေရင် ချက်ချင်း ပြန်ပြီး သတင်းပို့ပါ။”
မိစ္ဆာရိပ် နတ်ဘုရင်က
“နားလည်ပါပြီ”
သွေးမိစ္ဆာ နတ်သခင်သည် မိစ္ဆာအရိပ် နတ်ဘုရင်ကို သေချာစွာ စိုက်ကြည့်ကာ
“ဒါက သွေးဘိုးဘေးဆီက လာတဲ့ တာဝန်ပဲ။ ခင်ဗျား အောင်မြင်အောင် လုပ်နိုင်ရင် ထိုက်တန်တဲ့ ဆုလာဘ်ကို ဧကန်မုချ ရရှိလိမ့်မယ်။ ခင်ဗျားရဲ့ သရုပ်မှန်ကို လုံးဝ မပေါက်ကြားဖို့ သတိရပါ။ အကယ်၍ ခင်ဗျားက လုချန်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိပြီး သွေးဘိုးဘေးရဲ့ အစီအစဉ်တွေကို ဖျက်ဆီးမိရင် ဘာဖြစ်လာမလဲဆိုတာ ခင်ဗျားသိမှာပါ”
ဟု ထပ်လောင်း ပြောကြားလိုက်သည်။
ဤတာဝန်အတွက် မိစ္ဆာရိပ် နတ်ဘုရင်ကို ရွေးချယ်ရခြင်း အကြောင်းရင်းမှာ သူသည် ရုပ်ဖျက်ခြင်း ပညာတွင် အလွန် ထူးချွန်သောကြောင့်ဖြစ်၏။ နတ်သခင်အဆင့် ကျင့်ကြံသူများပင် သူ၏ တည်ရှိမှုကို သတိပြုမိရန် ခက်ခဲလှသည်။
လုချန်း၏ ပင်မကိုယ်ကို ရှာဖွေရန် သူ့အား အရိုင်းနယ်မြေသို့ စေလွှတ်ခြင်းက မလိုအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
မိစ္ဆာရိပ် နတ်ဘုရင်က
“ကျုပ် ခန်းမသခင်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါမယ်။ လုချန်း ကျုပ်ကို သတိမပြုမိစေရပါဘူး”
ဟု အလျင်အမြန် ပြောလိုက်သည်။
၎င်းမှာ သွေးဘိုးဘေးထံမှ လာသော တာဝန်တစ်ခု ဖြစ်ကြောင်း သိလိုက်ရသဖြင့် မိစ္ဆာရိပ် နတ်ဘုရင်သည် ရေငတ်တုန်းရေတွင်းထဲကျသလို စိတ်လှုပ်ရှား တက်ကြွသွားခဲ့သည်။
သူ မကြာသေးမီက နတ်ဘုရင်အဆင့်သို့ ချိုးဖျက် တက်ရောက်နိုင်ခဲ့ခြင်းမှာ သွေးဘိုးဘေး ခဏခန့် နိုးထလာခဲ့ခြင်းကြောင့် ဖြစ်ပြီး သွေးမိစ္ဆာ နတ်သခင်၏ အဆင့်တက်လှမ်းမှုမှာလည်း သွေးဘိုးဘေး၏ ကူညီမှုကြောင့် ဖြစ်သည်ကို သူ သိထားသည်။
အကယ်၍ သူသာ လုချန်း၏ ပင်မကိုယ်ကို ရှာဖွေတွေ့ရှိခဲ့ပါက သူသည်လည်း သွေးဘိုးဘေး၏ အာရုံစိုက်မှုကို ခံရနိုင်ပြီး ကံကောင်းပါက သွေးဘိုးဘေး၏ အကူအညီဖြင့် နတ်သခင်တစ်ဦးပင် ဖြစ်လာနိုင်သည်။
သွေးမိစ္ဆာ နတ်သခင်က
“ကောင်းပြီ... ပြင်ဆင်ပြီး အရိုင်းနယ်မြေဆီ ထွက်ခွာတော့”
“ဟုတ်ကဲ့ပါ ခန်းမသခင်”
မိစ္ဆာရိပ် နတ်ဘုရင်သည် နောက်တစ်ကြိမ် ဂါရဝပြုပြီးနောက် လှည့်၍ ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။
မိစ္ဆာရိပ် နတ်ဘုရင် ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း သွေးမိစ္ဆာ နတ်သခင်သည် သူ၏ နီရဲသော သွေးရောင်လက်မောင်းကို မြှောက်ကာ လက်သီးကို တင်းတင်းဆုပ်ပြီး
“လုချန်း... ကျုပ် ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်နိုင်ရင်တောင်မှ သွေးဘိုးဘေးကိုယ်တိုင် ပါဝင်ပတ်သက်လာရင်တော့ ခင်ဗျားအတွက် သေခြင်းတရားကလွဲလို့ တခြားလမ်း မရှိတော့ဘူး”
ဟု သူ့ဘာသူ ရေရွတ်လိုက်သည်။
သွေးမိစ္ဆာ နတ်သခင်သည် ကလဲ့စားချေရန် အလွန် တောင့်တနေသော်လည်း ၎င်းကို ကိုယ်တိုင် လုပ်ဆောင်ရသည်ဖြစ်စေ၊ မလုပ်ဆောင်ရသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။
သူတော်စင် အဆင့် နည်းဗျူဟာပုံစံ အင်းကွက်များကို ရေးဆွဲနိုင်စွမ်းရှိသည့် လုချန်းသည် သူ့ထက် အားနည်းမည် မဟုတ်ပေ။
ကိုယ်တိုင် သွားရောက် ကလဲ့စားချေခြင်းက စိန်ခေါ်မှုကြီးမားနိုင်ကြောင်း သူ သိထားသည်။
သူ့အတွက်တော့ လုချန်း သေဆုံးသွားပါက ကလဲ့စားချေမှု ပြီးမြောက်အောင်မြင်မည် ဖြစ်သည်။
သွေးဘိုးဘေး၏ စွမ်းအားမှာ နတ်သခင်အဆင့်ထက် များစွာ သာလွန်နေသဖြင့် သွေးဘိုးဘေး ကိုယ်တိုင်သာ လှုပ်ရှားလိုက်ပါက လုချန်းတွင် ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု သူ ယုံကြည်နေသည်။
နတ်သခင်တစ်ဦး ဖြစ်လာပြီးသည့် နောက်မှသာ အတိုင်းအဆမရှိသော စွမ်းအင်များ ပိုင်ဆိုင်ထားသည့် သွေးဘိုးဘေး၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို သူ သဘောပေါက်လာခဲ့ခြင်း ဖြစ်သည်။
သွေးဘိုးဘေး၏ ရှေ့တွင် ရပ်နေရချိန်၌ အဆုံးမဲ့ နက်ရှိုင်းသော ချောက်ကမ်းပါးကြီးကို ရင်ဆိုင်နေရသည့် ဖုန်မှုန့်တစ်စကဲ့သို့ သူ့ကိုယ်သူ ခံစားရသည်။
သွေးဘိုးဘေး၏ စွမ်းအားမှာ နတ်ဧကရာဇ် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်နိုင်ကြောင်း သူ မရေမရာ ခံစားမိနေသည်။
နတ်ဧကရာဇ် အဆင့်ကို သူ၏ နောက်ခံအဖြစ် ပိုင်ဆိုင်ထားရသည်ကို တွေးမိသောအခါ သူ နေထိုင်ရာ ကမ္ဘာငယ်လေး အနည်းငယ် သေးငယ်လွန်းနေသည်ဟု သွေးမိစ္ဆာ နတ်သခင် ချက်ချင်း ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူသည် ခန်းမကြီး၏ အပြင်ဘက်ရှိ သွေးနီရောင် ကမ္ဘာငယ်လေးကို မော့ကြည့်လိုက်ကာ ရေရွတ်လိုက်၏။
“အခုက သွေးလင်းယုန်ခန်းမ နယ်မြေချဲ့ထွင်ရမယ့် အချိန်ပဲ”
………
လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် နတ်သခင် ကောင်းကင်သည် ယွမ်မုန့် ခန်းမဆီသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။
နတ်သခင် ကောင်းကင် တစ်ယောက်တည်း ပြန်လာသည်ကို တွေ့မြင်လျှင် နတ်သခင် ယွမ်မုန့် လုံးဝ အံ့ဩခြင်း မရှိခဲ့ပေ။
နတ်သခင် ယွမ်မုန့်က ခန်းမကြီးအတွင်း၌ ရပ်နေရင်း
“သူ ပြန်မလာချင်ဘူးလား”
ဟု တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ --
--
…………