အခန်း ၁၉၄၁
Vol. 130 Ch. 1941
အခန်း( ၁၉၄၁ )
အကြောင်းအရင်း ရှာမရသော ထူးခြားဖြစ်စဉ်
ခဏခန့် ကြက်သေ သေသွားပြီးနောက် ယွမ်ယုတိ သတိပြန်ဝင်လာကာ အောက်ဘက်ရှိ လုချန်းကို ငုံ့ကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင် လုချန်း၏ မျက်နှာတစ်ခုလုံး ရှက်စိတ်ကြောင့်လား အသက်ရှူကျပ်၍လား မသိ ခရမ်းချဉ်သီးမှည့် တစ်လုံး ပမာ နီရဲနေ၏။ ယွမ်ယုတိက သူ၏ ပါးစပ်ကို ပိတ်ဆို့ချိပ်ပိတ်ကာ အသံမထွက်နိုင်အောင် ဆီးတားထားသည့် အချိန်ကတည်းက သူ့ တစ်ကိုယ်လုံး မချိတင်ကဲနှင့် မသက်မသာ ဝေဒနာကို အလူးအလဲ ခံစားနေရခြင်း ဖြစ်၏။
သို့သော်လည်း ထိုသို့ မသက်မသာဖြစ်မှုများ ကြားထဲတွင်ပင် ရင်ထဲ၌ စိတ်သက်သာရာရမှု တစ်ခုကိုလည်း လုချန်း ရိုးတိုးရိပ်တိတ် ခံစားနေရပြန်သည်။ ထိုသို့ ရှေ့နောက်ဆန့်ကျင်ဘက် ဖြစ်နေသော ခံစားချက်က သူ့ဘာသာသူ ထူးခြားဆန်းပြားသည့် ဆွဲဆောင်မှုမျိုး ရှိနေသော်လည်း လုချန်းအနေနှင့် အခြေအနေများကို ဤအတိုင်း ဆက်လက် သွားနေခြင်းကို မလိုလားပေ။
လေထုထဲ၌ စွမ်းအားများ လှိုင်းတံပိုးပမာ ရုတ်တရက် တိုးပွားလာသည်ကို အာရုံခံမိလိုက်သဖြင့် သူအားချိပ်ပိတ်မှုကို ယွမ်ယုတိ မကြာမီ ဖယ်ရှားပေးတော့မည်ဖြစ်ကြောင်း လုချန်း အတပ်သိလိုက်၏။ ထို့ကြောင့် သူ မပြုံးပဲ မနေနိုင်တော့ပေ။
လုချန်း၏ မျက်နှာထက်မှ အပြုံးကို တွေ့မြင်လျှင် သူမက ချိပ်ပိတ်မှု ဖြည်ပေးတော့မည်ကို ဤလူရှုပ် ကြိုတင်ခန့်မှန်းမိသွားပြီဖြစ်ကြောင်း ယွမ်ယုတိ ရိပ်မိလိုက်၏။
သူမ နောက်ထပ်လုပ်ဆောင်မည့် ခြေလှမ်းကို လုချန်းက ဗေဒင်ဟောသကဲ့သို့ ကြိုသိနေသည်ဟူသော အတွေးကြောင့် အကြောင်းရင်းမရှိပဲ ချိပ်ပိတ်မှုကို မဖြည်ပေးချင်သည့် ကလေးဆန်သော စိတ်ဓာတ်တစ်မျိုး သူမရင်ထဲ ရုတ်တရက် ပေါ်ပေါက်လာ၏။ သူ ကြံစည်သလို ဖြစ်မလာစေရန်အတွက် သူ့ကို မျက်နှာပျက်ယွင်းအောင် လုပ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ထိုစိတ်ကို ဖျောက်ဖျက်ကာ နောက်ဆုံးတွင် သူမ လုချန်း၏ပါးစပ်မှ ချိပ်ပိတ်မှုကို ဖယ်ရှားပေးလိုက်ပြီး သူ့ကို စကားပြန်လည်ပြောဆိုခွင့် ပြုလိုက်၏။
ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း ကမ္ဘာပျက်မတတ် ဤမျှကြီးမားသော ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပျက်နေသည်ဖြစ်ရာ သူမ အနေနှင့် လုချန်းနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပေသည်။
သူပါးစပ်မှ ချိပ်ပိတ်မှု ကင်းလွတ်သွားသည်နှင့် ရေနစ်ရာမှ ကုန်းပေါ် ရောက်လာ သူကဲ့သို့ လုချန်း အသက်ကို ဝဝရှူသွင်းလိုက်ပြီး ယွမ်ယုတိကို
“အား... ကျုပ်တော့ အသက်ရှူကျပ်ပြီး လူ့ပြည်က ထွက်သွားတော့မလို့ပဲ။”
ယွမ်ယုတိက ရေခဲပမာ ခပ်အေးအေး လေသံဖြင့်
“ဒါက ရှင့်ဘက်က ကျွန်မကို စော်ကားခဲ့တဲ့ အကျိုးဆက်ပဲ။”
ဤအကြောင်းအရာကို ရှည်ရှည်ဝေးဝေး ဆက်၍မပြောတော့ပဲ ယွမ်ယုတိ စကားလမ်းကြောင်း လွှဲလိုက်၏။
“နဂါးနယ်မြေထဲမှာ နတ်အငွေ့အသက်တွေ တိုးပွားလာတာကို ရှင်လည်း ခံစားမိမှာပါ။”
အသက်ကို အကြိမ်အနည်းငယ် အမောတကော ပြင်းပြင်းရှူသွင်းပြီးနောက် လုချန်းက
“ဟုတ်တယ်... ကျုပ် ခံစားမိတယ်။ နဂါးနယ်မြေတင်မကဘူး... တခြား နယ်ပယ်တွေမှာရှိတဲ့ စွမ်းအားတွေကလည်း အလွန်ကို သိပ်သည်းလာပြီ။”
အဘယ်ကြောင့်ဆိုသော် လုချန်း၏ ကိုယ်ပွားများသည် တခြားနယ်မြေ အနှံ့အပြားတွင်လည်း ရှိနေသဖြင့် ထိုသို့ စွမ်းအားများ ရုတ်တရက် တရှိန်ထိုး တိုးပွားလာခြင်းမှာ နယ်မြေတစ်ခုတည်းတွင်သာ မဟုတ်ပဲ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး၌ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သူ သိနေသောကြောင့် ဖြစ်၏။
ယွမ်ယုတိ တစ်ယောက် အတွေးကမ္ဘာထဲ နစ်မြောသွားသည်။ နတ်အငွေ့အသက်များ ပြန်လည် နိုးထလာခြင်းမှာ ထျန်းရန် နတ်ဘုရား နယ်မြေအတွက် ကောင်းသောအရာ ဖြစ်၏။ အထူးသဖြင့် လျှို့ဝှက်လဝန်း နန်းတော်အတွက် ပို၍ပင် ကောင်းလှပေသည်။
အစက အရိုင်းနယ်မြေ၏ နတ်အငွေ့အသက် သိပ်သည်းဆမှာ တောင်ပိုင်းနယ်လောက် မရှိခဲ့သော်လည်း ယခုအခါ နဂါးနယ်မြေ၏ နတ်အငွေ့အသက် သိပ်သည်းဆမှာ လျှို့ဝှက်လဝန်း နန်းတော် တောင်ပိုင်းနယ်၌ ရှိစဉ်က သိပ်သည်းဆနှင့် တစ်ထေရာတည်း တူညီလုနီးပါး ဖြစ်လာခဲ့၏။ ၎င်းက လျှို့ဝှက်လဝန်း နန်းတော်ရှိ နတ်များ၏ ကျင့်စဉ်အဆင့် မြှင့်တင်ရန်အတွက် များစွာ အကျိုးရှိစေပေသည်။
သို့သော်လည်း မီးခိုးမထွက်ပဲ မီးမတောက်နိုင်သကဲ့သို့ နတ်အငွေ့အသက်များသည် အကြောင်းရင်းမရှိပဲ တိုးပွားလာမည် မဟုတ်ပေ။ အထူးသဖြင့် ယခုအကြိမ်တွင် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး၌ တစ်ပြိုင်နက်တည်း နတ်အငွေ့အသက်များ ပြန်လည်နိုးထလာခြင်းကြောင့်ဖြစ်၏။
ကျင့်ကြံသူ အရေအတွက် ပိုများပြားလာပြီး စွမ်းအားများ တက်လာသည်နှင့်အမျှ စွမ်းအားနှင့် နတ်အငွေ့အသက်များ သုံးစွဲမှုမှာလည်း မြင့်မားလာရမည် ဖြစ်၏။ သို့ဖြစ်ပါလျက် နတ်အငွေ့အသက်များ ကောင်းကင်က မိုးရွာချသကဲ့သို့ ဤမျှလောက် ရုတ်တရက် အဘယ်ကြောင့် လျှံပယ်လာရသနည်း။
နယ်မြေတစ်ခုခုတွင် နတ်အမြောက်အမြားကို အစုလိုက်အပြုံလိုက် သေဆုံးမှုမျိုး ဖြစ်ပွားခဲ့ပြီး ၎င်းတို့ သေဆုံးသွားပြီးနောက် ထိုနတ်အငွေ့အသက်များသည် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပင်လယ်ထဲ စီးဝင်သည့် မြစ်ရေပမာ ပြန်လည်စီးဝင်သွားကာ နတ်အငွေ့အသက် သိပ်သည်းဆကို မြင့်တက်စေခဲ့ခြင်းမျိုးမှတစ်ပါး အခြား အကြောင်းမရှိနိုင်ပေ။
ထိုသို့ တွေးမိသည်နှင့် ယွမ်ယုတိ ရုတ်တရက် နဂါးပြာ ခန်းမကို သတိရသွား၏။
နဂါးပြာ ခန်းမနှင့် မြောက်ပိုင်းနယ်မှ အင်အားစုများ ချေမှုန်းခံလိုက်ရပြီလား။ ထို့ကြောင့် ထိုနတ်များ၏ နတ်အငွေ့အသက်များသည် သဘာဝတရားထဲသို့ ပြန်လည်ရောက်ရှိသွားပြီး ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်အငွေ့အသက်ကို မိုးထိအောင် ရုတ်တရက် ထိုးတက်သွားစေခြင်း လား။
အကယ်၍ နယ်မြေတစ်ခုလုံးရှိ နတ်များအားလုံး အမြစ်ပြတ် ဖယ်ရှားခံလိုက်ရလျှင် ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်အငွေ့အသက် သိပ်သည်းဆကို တကယ် မြင့်တက်စေနိုင်၏။ နတ်ဆိုးဧကရာဇ်က မြောက်ပိုင်းနယ်၏ အင်အားစုအမျိုးမျိုးကို ပစ်မှတ်ထားကာ တိုက်ခိုက်လိုက်ခြင်းလည်း ဖြစ်နိုင် ခြေရှိပေသည်။
သို့သော်လည်း မြောက်ပိုင်းနယ်မှ အင်အားစုများမှာ အရိုင်းနယ်မြေသို့ အသက်လု ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ဖြစ်ရာ နတ်ဆိုးဧကရာဇ်က နဂါးပြာ ခန်းမနှင့် မြောက်ပိုင်းနယ် အင်အားစုများကို အရေးယူဆောင်ရွက်ခဲ့လျှင် လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် လုံးဝ မသိပဲ နေမည်မဟုတ်ပေ။
နတ်အငွေ့အသက်များ ပြန်လည်နိုးထမလာမီအချိန်က ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး၏ ပထဝီမြေကြီး တစ်ကြိမ်ခန့် တုန်ခါသွားခဲ့သော်လည်း နတ်ဧကရာဇ် တစ်ပါးအနေနှင့် ထိုမျှ များပြားလှသော နတ်များကို တစ်ချက်တည်းဖြင့် အကုန်အစင် သုတ်သင်ချေမှုန်းပစ်နိုင်မည် မဟုတ်ပေ။
ထို့ပြင် နတ်ဧကရာဇ်သာ တကယ်တမ်း လှုပ်ရှားခဲ့ပါက အရိုင်းနယ်မြေအတွင်းရှိ နတ်များအနေနှင့် ပို၍ ပြင်းထန်သော မုန်တိုင်းဒဏ်ပမာ ရိုက်ခတ်မှုကို ခံစားရမည် ဖြစ်၏။
အတွေးပင်လယ်မှ သတိပြန်ဝင်လာပြီးနောက် ယွမ်ယုတိ လုချန်း၏ မျက်လုံးများကို စူးစူးစိုက်စိုက် ကြည့်ကာ မေးလိုက်၏။
“ရှင် အကြောင်းရင်းကို သိလား”
ယခုအခါ ယွမ်ယုတိ၏ အမြင်အရ လုချန်း၏ သရုပ်မှန်သည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေပြီး သာမန်လူသားတစ်ယောက် လုံးဝမဟုတ်တော့ပေ။ သူသည် မဟာတန်ခိုးရှင်တစ်ဦး၏ လူဝင်စား ဧကန်မုချ ဖြစ်နိုင်ပေသည်။
လုချန်းအနေနှင့် ထျန်းရန် နတ်ဘုရား နယ်မြေ၏ လျှို့ဝှက်ချက်ပေါင်း များစွာကို သိထားလိမ့်မည်ဟု သူမ ယုံကြည်နေ၏။
လုချန်းက
“ကျုပ်လည်း နားမလည် မသိဘူး”
လုချန်း ကိုယ်တိုင်သည်လည်း ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးတွင် နတ်အငွေ့အသက်များ ရုတ်တရက် သိပ်သည်းလာခြင်းအပေါ် စူးစမ်းလိုစိတ် တဖွားဖွား ဖြစ်ပေါ်နေမိ၏။
လုချန်းလည်း အကြောင်းရင်းကို မသိကြောင်း တွေ့မြင်လျှင် ယွမ်ယုတိ ဆက်၍ မမေးတော့ပေ။
ထို့နောက် သူမ ချက်ချင်းပင် လုချန်း ဘေးမှ ထလိုက်၏။ သူမ လျှပ်တပြတ် ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် အပြာနုရောင် ဝတ်စုံရှည်ကြီးက သူမ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ဖရိုဖရဲ ပုံပျက်ပန်းပျက် ဖြစ်နေသော ဆံနွယ်များမှာလည်း ဖန်သရဖူ အတွင်းသို့ တစ်ခဏချင်းအတွင်းပင် စုစည်းဝင်ရောက်သွားကာ ရေခဲပမာ အေးစက်လှပသော နတ်သမီးတစ်ပါး၏ အသွင်အပြင်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားတော့သည်။
ထို့နောက် နန်းဆောင်ကြီးအတွင်းမှ ထွက်ခွာသွားပြီး လျှို့ဝှက်လဝန်း နန်းတော်၏ အထက်ကောင်းကင်ယံ၌ ဝဲပျံကာ မျက်စိကို မှိတ်လျက် လေထုထဲရှိ နတ်အငွေ့အသက်များ၏ စီးဆင်းမှုကို စမ်းသပ်ရန် သူ၏ နတ်အာရုံကို အသုံးပြုလိုက်၏။
ထိုနတ်အငွေ့အသက်များမှာ အခြားနေရာမှ စီးဆင်းလာခြင်းမဟုတ်ပဲ မြေပြင်အောက်ခြေမှ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း သူမ မျက်စိတစ်မှိတ်အတွင်း အလျင်အမြန်ပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထိုအချက်အရ ယခုအကြိမ် နတ်အငွေ့အသက် ပြန်လည်နိုးထလာခြင်းမှာ နတ်အမြောက်အမြား သေဆုံးခြင်းကြောင့် မဟုတ်ပဲ ထျန်းရန် နတ်ဘုရား နယ်မြေကိုယ်တိုင်၏ နတ်အငွေ့အသက်များ တိုးပွားလာခြင်းကြောင့် ဖြစ်နိုင်သည်ကို ကွင်းကွင်းကွက်ကွက် ညွှန်ပြနေတာလား။
အကယ်၍ ထိုသို့သာဆိုလျှင် ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်အငွေ့အသက်များသည် အရင်တုန်းက အဘယ်ကြောင့် တိုးပွားမလာခဲ့ပဲ ယနေ့ကျမှ ရုတ်တရက် တရှိန်ထိုး တိုးပွားလာရသနည်း။
ခဏခန့် စဉ်းစားသော်လည်း အဖြေရှာမရသလို အကြောင်းရင်းကိုလည်း မစုံစမ်း နိုင်သဖြင့် ဆက်လက်၍ အဖြေမရှာတော့ရန်သာ ယွမ်ယုတိ ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် လောလောဆယ်တွင် နတ်အငွေ့အသက်များ ပြန်လည်နိုးထလာခြင်းမှာ လျှို့ဝှက်လဝန်း နန်းတော်အတွက် ကောင်းသောအရာ ဖြစ်နေသောကြောင့်ပင်။
……
ထိုအချိန်အတောအတွင်း။
ယဲ့ချူယောင်၏ တိတ်ဆိတ်ငြိမ်သက်လှသော စံအိမ်အတွင်း၌ ဖြစ်၏။
လျှို့ဝှက်လဝန်း နန်းတော်၏ နတ်အငွေ့အသက် သိပ်သည်းဆ ရုတ်တရက် ဒီရေတက်သလို မြင့်တက်လာသည်ကို ယဲ့ချူယောင် သတိပြုမိလိုက်သောအခါ သူမ၏ စွမ်းအားကို မြှင့်တင်ဖို့ ဤအခွင့်အရေးကို အသုံးချရန် ရည်ရွယ်ချက်ဖြင့် တရားထိုင်ခြင်းကို ချက်ချင်းပင် စတင်လိုက်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ နတ်အငွေ့အသက် သိပ်သည်းဆ အဘယ်ကြောင့် ဤမျှအထိ ဆန်းကြယ်စွာ မြင့်တက်လာရသနည်းဟူသည်ကိုတော့ သူမ အချိန်ကုန်ခံကာ စူးစမ်းမနေတော့ပေ။ ၎င်းကို သူမ၏စွမ်းအား မြှင့်တင်ရန်အတွက် ရွှေထက်ရှားသော အခွင့်ကောင်းတစ်ခုအဖြစ်သာ သတ်မှတ်လိုက်ခြင်းဖြစ်၏။
အကြောင်းရင်းကို လိုက်လံစုံစမ်းနေပါက အခွင့်အရေးကို လွတ်သွားစေနိုင်သည်ဟုလည်း သူမ တွေးမိသောကြောင့် ဖြစ်သည်။
ထိုသို့ နတ်အငွေ့အသက်များ တိုးပွားလာခြင်းက အမြဲတမ်း ရေရှည်ဖြစ်နေမည်လား သို့မဟုတ် ယာယီမျှသာလား ဆိုသည်ကို မည်သူမှ အတပ်မသိနိုင်ပေ။
သို့သော်လည်း ယဲ့ချူယောင် တရားထိုင်ရန်တင်ပျဉ်ခွေ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ နတ်အငွေ့အသက်များသည် လေပြင်းမုန်တိုင်းပမာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ အလုံးအရင်းနှင့် တိုးဝင်လာကြတော့သည်။
ခဏခန့် သူမ ကြက်သေ သေသွားရ၏။
သူမသည် ကျင့်စဉ်ကို မစတင်ရသေးသလို စွမ်းအားများကိုလည်း တက်ကြွစွာ စုပ်ယူခြင်း မရှိသေးသော်လည်း နတ်အငွေ့အသက်များက သူမ၏ ဝမ်းဗိုက်ထဲသို့ မြစ်ရေစီးသကဲ့သို့ အလိုအလျောက် တိုးဝင်နေကြခြင်း ဖြစ်၏။
မဟုတ်သေးပေ။
နတ်အငွေ့အသက်များသည် သူမ၏ ဝမ်းဗိုက်ထဲသို့ သူမ၏ ဆန္ဒအလျောက် ဝင်ရောက်နေခြင်းမျိုး မဟုတ်ပေ။
ဖြစ်ပျက်နေသည့်အရာကို ယဲ့ချူယောင် အလျင်အမြန်ပင် သဘောပေါက်သွား၏။
နတ်အငွေ့အသက်များသည် သူမကို ဦးတည်နေခြင်းမဟုတ်ပဲ သူမ၏ ဝမ်းကြာတိုက်ရှိ ရင်သွေးဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေခြင်း ဖြစ်ပေသည်။
မမွေးဖွားရသေးသော ရင်သွေးဆီသို့ နတ်အငွေ့အသက် အမြောက်အမြား ဒီရေပမာ တိုးဝင်သွားသည်နှင့်အမျှ သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်ကလည်း အဆက်မပြတ် ကြီးထွားလာခဲ့သည်။ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ယဲ့ချူယောင် ကွင်းကွင်းကွက်ကွက် နားလည်သွားပုံရ၏။
နတ်အငွေ့အသက် သိပ်သည်းဆ မြင့်မားခြင်းကိုယ်နှိုက်က နတ်တို့၏ ရင်သွေးများ ကြီးထွားမှုအတွက် များစွာအကျိုးရှိစေခြင်း ဖြစ်၏။
လျှို့ဝှက်လဝန်း နန်းတော်ရှိ နတ်အငွေ့အသက် သိပ်သည်းဆ ရုတ်တရက် မြင့်တက်လာခြင်းမှာ သူမ၏ မမွေးဖွားရသေးသော ရင်သွေးအတွက် ကောင်းကင်ကပေးသော အလွန်ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်နေပြီး ထိုကလေးငယ်သည်လည်း ဤအခွင့်အရေးကို လက်လွှတ်မခံပဲ အမိအရဆုပ်ကိုင်ကာ လျင်မြန်စွာ ကြီးထွားလာပြီး နေ့စေ့လစေ့ မွေးဖွားလာချင်နေခြင်း ဖြစ်ပေသည်။
နတ်အငွေ့အသက်များ လေပြင်းမုန်တိုင်းပမာ ယဲ့ချူယောင်၏ စံအိမ်ဆီသို့ ပြင်းထန်စွာ စီးဆင်းသွားနေသည်ကို ထိုအချိန်တွင် လျှို့ဝှက်လဝန်း နန်းတော်ရှိ နတ်များလည်း သတိပြုမိလိုက်ကြ၏။
နတ်အငွေ့အသက်များ ယဲ့ချူယောင်၏ စံအိမ်ဘက်သို့ တဟုန်ထိုး ရွေ့လျားသွားသည်ကို အာရုံခံမိလျှင် မိလျှင်မိချင်း ယွမ်ယုတိနှင့် လုချန်း နှစ်ဦးစလုံးလည်း အချိန်ဆွဲမနေပဲ ယဲ့ချူယောင်၏ စံအိမ်ဆီသို့ ချက်ချင်း သွားရောက်ခဲ့ကြ၏။
ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်၏ ချောမွေ့ဝင်းပသော နဖူးပြင်ထက်၌ ပုလဲ လုံးများ ပြုတ်ကျသကဲ့သို့ ချွေးစက်များဖြင့် ဖုံးလွှမ်းနေတော့သည်။
ခန္ဓာကိုယ် နာကျင်မှု ဝေဒနာများကို သက်သာလျော့ပါးစေနိုင်သည့် ကုသခြင်း နတ်နိယာမ အချို့ကို လုချန်းက သူမကို ယခင်က သင်ကြားပေးထားခဲ့သော်လည်း သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်သည် ကမ္ဘာဦးကတည်းက စောင့်ရသကဲ့သို့ မွေးဖွားရန် စိတ်မရှည်နိုင်လောက်အောင် ဖြစ်နေပုံရပြီး ပြင်းထန်စွာ လှုပ်ရှားရုန်းကန်နေခြင်း ဖြစ်၏။
ယေဘုယျအားဖြင့် နတ်တို့၏ ရင်သွေးများ စောစောစီးစီး အချိန်မတိုင်မီ မွေးဖွားလာခြင်းက ကောင်းသောအရာ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ အပြည့်အဝ အင်္ဂါစုံလင်စွာ ဖွံ့ဖြိုးမှုမရှိသေးသောကြောင့်ဖြစ်သည်။ ထိုအရာက ၎င်းတို့၏ အနာဂါတ် အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီးစေနိုင်သည်အထိ အန္တရာယ် ကြီးမားသွားတတ်၏။
နတ်အငွေ့အသက်များ ယဲ့ချူယောင်၏ ဝမ်းဗိုက်ဆီသို့ တိုးဝင်နေသည်ကို တွေ့မြင်လျှင် လုချန်း ချက်ချင်းပင် သဘောပေါက်သွားပြီး သူမ၏ ကုတင်ဘေးသို့ အပြေးအလွှား သွားကာ ယဲ့ချူယောင်၏ ခန္ဓာကိုယ်ထဲသို့ ဖန်တီးခြင်း လမ်းစဉ် စွမ်းအားကို ထည့်သွင်းပေးရင်း မမွေးဖွားရသေးသော ရင်သွေး၏ အခြေအနေကို စေ့စေ့စပ်စပ် စစ်ဆေးလိုက်၏။
ထိုကလေးငယ်သည် သာမန်မျက်စိဖြင့် ထင်ထင်ရှားရှား မြင်တွေ့နိုင်သော လျှပ်စီးပမာ အရှိန်အဟုန်ဖြင့် တိုးတက်ကြီးထွားနေခြင်း ဖြစ်၏။
ကလေးငယ် မကြာမီ လောကထဲသို့ မွေးဖွားတော့မည်ကို ကောင်းစွာ သိသဖြင့် လုချန်းက ယဲ့ချူယောင်ကို
“စိတ်အေးအေးထားပြီး စိတ်လျှော့ထားလိုက်... ကလေးက မွေးဖွားချင်နေပြီဆိုမှတော့... သူ့ကို လွတ်လွတ်လပ်လပ် မွေးဖွားခွင့်ပေးလိုက်တော့။”
--
………..