← Chapters

အခန်း ၁၉၄၂

Vol. 130 Ch. 1942

အခန်း ၁၉၄၂

Vol. 130 Ch. 1942

အခန်း( ၁၉၄၂)

ယဲ့ချူယောင်၏ ရင်သွေး ဖွားမြင်ခြင်း

လုချန်း၏ စကားကို ကြားလျှင် ယဲ့ချူယောင်လည်း ချက်ချင်းဆိုသလို စိတ်အေးလက်အေးဖြစ်သွားကာ ဝမ်းကြာတိုက်ရှိ ရင်သွေးရတနာ လောကအလယ်သို့ တိုးဝှေ့ထွက်လာမည့်အရေးကို ဆီးတားထားသည့် နတ်စွမ်းအားအသုံးပြုမှုကို ချက်ချင်း ရပ်တန့်လိုက်တော့၏။ လုချန်းကလည်း အချိန်ဆွဲမနေပဲ ယဲ့ချူယောင်၏ ဝမ်းဗိုက်ထဲမှ ရင်သွေးငယ်ကို လုံခြုံစွာ လွှမ်းခြုံစောင့်ရှောက်နိုင်ရန်အတွက် သက်စောင့်စွမ်းအားတို့ကို သွန်းလောင်းထည့်သွင်းပေးလိုက်သည်။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် ယဲ့ချူယောင်၏ ဝမ်းဗိုက်ထဲမှ ရင်သွေးငယ်သည် မည်သည့် အဆီးအတားမှ မရှိပဲ သူမ၏ ခန္ဓာကိုယ်ထဲမှ လောကအလယ်သို့ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်၌ ယဲ့ချူယောင်သည် ပခုံးပေါ်မှ တောင်ကြီးတစ်လုံး ကျသွားသကဲ့သို့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မယုံနိုင်လောက်အောင်ပင် ပေါ့ပါးအေးချမ်းသွားသော ထူးခြားသည့် ခံစားချက်ကို ခံစားလိုက်ရတော့သည်။

ထိုရင်သွေးငယ်သည် လောကအလယ်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံထက်သို့ လေပွေပမာ ပျံဝဲတက်လှမ်းသွားခဲ့၏။ ထို့နောက် လျှို့ဝှက်လဝန်း နန်းတော်ကြီးတစ်ခုလုံးမှ ပြည့်လျှံနေသော နတ်စွမ်းအားတို့သည်လည်း ကောင်းကင်ထက်ရှိ ရင်သွေးငယ်ထံသို့ သမုဒ္ဒရာထဲ စီးဝင်သည့် မြစ်ရေအလား ရူးသွပ်ပြင်းထန်စွာ တိုးဝှေ့စုရုံး စီးဆင်းသွားတော့သည်။

ပြင်းထန်လှသော နတ်စွမ်းအားများ တဟုန်ထိုး တိုးဝင်လာမှုနှင့်အတူ ထိုရင်သွေးငယ်၏ ခန္ဓာကိုယ်သည် မျက်လှည့်ပြသကဲ့သို့ပင် ရက်လချီ၍ ကြီးထွားလာရမည့်အစား မျက်စိဖြင့် မြင်နိုင်သည့် အဟုန်ဖြင့်ပင် သိသိသာသာ ထွားကျိုင်းကြီးထွားလာခဲ့သည်။

ရင်သွေးငယ်၏ ကိုယ်ထည်ထက်တွင် လောကဓာတ်ကို ပြုပြင်ဖန်တီးနိုင်စွမ်းရှိသော ဖန်တီးခြင်းလမ်းစဉ်၏ မဟာလမ်းစဉ်အရှိန်အဝါများလှိုင်းတံပိုးပမာ စီးဆင်းလှုပ်ရှားနေသည်ကို တွေ့မြင်လျှင် ထိုနေရာ၌ ရှိနေကြသူ အပေါင်းတို့သည်လည်း အံ့အားသင့်ကာ သူမသည် အဘယ်ကြောင့် ဤမျှအထိ မြန်မြန်ဆန်ဆန် ကြီးထွားရင့်သန်နိုင်ရသည်ကို ကန့်လန့်ကာ ဖွင့်ပြလိုက်သကဲ့သို့ ချက်ချင်းပင် ကွင်းကွင်းကွက်ကွက် နားလည်သဘောပေါက်သွားကြတော့သည်။

ထိုရင်သွေးငယ်လေးသည် လေထုထဲရှိ ထူးမြတ်လှသော နတ်စွမ်းများကို တစိမ့်စိမ့်နှင့် ရေငတ်သူ ရေတွင်း တွေ့သကဲ့သို့ အဆက်မပြတ် သောက်သုံးစုပ်ယူနေသည်ကို တွေ့မြင်သဖြင့် လုချန်းကလည်း စိုးရိမ်ပူပန်စိတ်ဖြင့် ကတိုက်ကရိုက်ပင် စောင်တစ်ထည်ကို လျှပ်တစ်ပြက် ထုတ်ယူကာ သူမ၏ နုနယ်သော ကိုယ်ထည်ကို လွှမ်းခြုံကွယ်ကာပေးလိုက်သည်။

ထိုသို့သော မကြုံစဖူး ထူးကဲလှသည့် အခိုက်အတန့်ဝယ် ယဲ့ချူယောင်သည် လေဟုန်ထဲ၌ တစ်ဟုန်ထိုး ကြီးထွားရင့်သန်လာနေသော သူမ၏ ရင်သွေးငယ်ကို ငေးမောကြည့်ရှုရင်း ဤအရာအားလုံးမှာ အိပ်မက်တစ်ခုလိုလို တိမ်တိုက်ပန်းချီကားတစ်ချပ်လိုလိုနှင့် လက်တွေ့မကျပဲ ဝေဝေဝါးဝါးဖြစ်နေသကဲ့သို့ ရင်ထဲ၌ ထူးဆန်းစွာ ခံစားလိုက်ရသည်။ ယခု သူမသည် အနှိုင်းမဲ့မေတ္တာရှင် မိခင်တစ်ဦး ဧကန်မုချ ဖြစ်သွားခဲ့ပြီလား ဟုလည်း စဉ်းစားနေမိတော့သည်။

သူမ၏ စိတ်အာရုံများ လွင့်မျောနေရာမှ သတိပြန်ဝင်လာပြီးနောက် ယဲ့ချူယောင်က ကြင်နာသော မျက်ဝန်းအစုံဖြင့် လုချန်းကို ကြည့်ကာ

“ကျွန်မတို့ရဲ့ ရင်သွေးလေးကို အသက်ရှည်ကျန်းမာစေမယ့် နာမည်တစ်ခုလောက် ရွေးချယ်ပေးရအောင်”

ဟု တိုးညင်းငြင်သာစွာ ပြောလိုက်သည်။

လုချန်း ခဏခန့် အလေးအနက် စဉ်းစားတွေးတောပြီး နှုတ်ခမ်းကိုဟ၍ နာမည်တစ်ခု ပြောရန် ပြင်ဆင်လိုက်စဉ်မှာပင် ထိုရင်သွေးငယ်၏ အနောက်ဘက်၌ စိမ်းလန်းစိုပြည်လှသော မိုးမခပင်ကြီးတစ်ပင်၏ ပုံရိပ်ယောင်တစ်ခုသည် ဝုန်းခနဲ ရုတ်တရက် ထင်ဟပ်ပေါ်ပေါက်လာခဲ့သည်။

ဘေးနားတွင် မတ်တပ်ရပ်လျက် စောင့်ကြည့်နေသော ယွမ်ယုတိလည်း အံ့ဩတုန်လှုပ်သွားကာ စူးရှသော မျက်လုံးများဖြင့် ကြည့်ရင်း

“ဒါက ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့တဲ့ ဒဏ္ဍာရီလာ ဝိညာဉ်သစ်သား နတ်ကိုယ်ထည်ကြီးလား”

ဟု မယုံနိုင်စွာဖြင့် ရေရွတ်မှတ်ချက်ပြုလိုက်မိသည်။

ထိုအခိုက်အတန့်၌ လုချန်းက ပြုံးယောင်သန်းလျက်

“အပင်တို့၏သခင် ဝိညာဉ်သစ်သားဟာ နွေရောက်သော်လည်း မညှိုးနွမ်းပဲ အမြဲထာဝရ စိမ်းလန်းစိုပြည်နေတတ်တာမို့လို့ တို့ရဲ့ သမီးရတနာလေးကို ‘လုချင်းချင်း’ လို့ အေးချမ်းသာယာလှတဲ့ နာမည်လေး ပေးလိုက်ရင် ဘယ်လိုနေလဲ”

ဟု သဘောတူညီချက်တောင်းခံသကဲ့သို့ ပြောလိုက်သည်။

လုချန်း စိတ်ကူးပုံဖော် ရွေးချယ်လိုက်သော နာမည်ကို ကြားရလျှင် မိခင်ဖြစ်သူ ယဲ့ချူယောင်သည် ရင်ထဲ၌ ဒီရေပမာ တိုးဝှေ့လာသော မေတ္တာတရားကြီးမားစွာဖြင့် ကောင်းကင်လေထုထဲတွင် ပျံဝဲနေသည့် လုချင်းချင်းကို ကြင်နာစွာ စိုက်ကြည့်ရင်း

“ချင်းချင်း… မေမေ့ရဲ့ သမီးလေး ချင်းချင်း”

တိုးတိုးလေး လိုက်လံရေရွတ်နေမိ‌တော့ သည်။

ဤကြည်နူးဖွယ် အချိန်ကာလတွင် လုချင်းချင်းလေးသည် ပတ်ဝန်းကျင် လေထုထဲ၌ ရှိသမျှသော နတ်စွမ်းအား အဆီအနှစ်များကို လောဘတကြီးနှင့် ဆက်လက်ကာ သောက်စို့စုပ်ယူနေဆဲဖြစ်၏။ သူမသည် မကြာမီအချိန်အတွင်း ဤဆန်းကြယ်ဖြစ်စဉ်ကို ရပ်တန့်ပစ်ရန် စိတ်ကူးအစီအစဉ် နည်းနည်းမှ မရှိသည့် ပုံရပေသည်။

လုချန်းတစ်ယောက် ရင်သွေးငယ်၏ ဖြစ်တည်မှုကို ကြည့်ကာ ပီတိဖြာပြီး အာရုံဝေဝါးပျံ့လွင့်နေစဉ်မှာပင် နားထဲ၌ ဂျိမ်းခနဲ မြည်ဟီးသကဲ့သို့ စနစ်၏ ရုတ်တရက် အသိပေးသံက သူ၏ စိတ်ဝိညာဉ်နက်ရှိုင်းရာ အာရုံထဲပဲ့တင်ထပ်ကာ ကြားလိုက်ရသည်။

“သခင်ထံ၌ မျိုးဆက်သစ် တစ်ဦး ထူးကဲစွာ ထွန်းကားလာသည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်ဖြစ်သော ‘ကောင်းကင်ဖွင့်တံဆိပ်တော်’ ကိုချီးမြှင့်လိုက်ပါသည်”

စနစ်၏ အသိပေးသံကို ကြားသိရပြီးနောက် လုချန်းလည်း အချိန်ဆွဲမနေပဲ သူ၏ စိတ်အာရုံကို အသုံးပြုလျက် စနစ်မျက်နှာပြင်ကို ဖွင့်လှစ်လိုက်ပြီး ကောင်းကင်ဖွင့်တံဆိပ်တော်၏ ဖော်ပြချက်များကို ကြည့်လိုက်တော့သည်။

[ကောင်းကင်ဖွင့်တံဆိပ်တော် : ကောင်းကင်အဆင့် နတ်ရတနာ၊ အကန့်အသတ်မရှိ တိုးတက်ကြီးထွားနိုင်စွမ်းရှိသော တန်ခိုးကြီး နတ်ရတနာဖြစ်ပြီး လောကကြီးတစ်ခုလုံး၏ ကံစွမ်းအားကို စောင့်ကြည့်သိမြင်နိုင်သည်။ ကံစွမ်းအားကိုလည်း စိတ်တိုင်းကျ လွှဲပြောင်းပေးအပ်နိုင်သည်။ ထို့ပြင် သူတစ်ပါးတို့၏ ကံစွမ်းအားကိုလည်း မိမိစိတ်ကြိုက် ဝါးမြိုစုပ်ယူနိုင်စွမ်း ရှိသည်။ သခင်၏ ကံစွမ်းအား ပိုသိပ်သည်းလေလေ ဤရတနာ၏ စွမ်းရည်အဆင့်အတန်း ပိုမြင့်မားလာလေလေ ဖြစ်သည်]

စနစ်၏ ထိုဖော်ပြချက်ကို တွေ့မြင်သောအခါ လုချန်း ရုတ်တရက် ဘဝင်ခိုက်ကာ ခဏခန့် မိန်းမောသွားတော့ သည်။

ဒဏ္ဍာရီထဲမှာတောင် ရှာမှရှားလှတဲ့ လောကီ ကံစွမ်းအားကို စိုးမိုးခြယ်လှယ်နိုင်တဲ့ နတ်ရတနာထူးတစ်ခုပါလား။

ထို့ပြင် ပို၍ အံ့ဩစရာကောင်းသည်မှာ ၎င်းနတ်ရတနာသည် ပုံသေမဟုတ်ပဲ ပိုင်ရှင်နှင့်အတူ အဆင့်မြင့်နိုင်စွမ်းရှိသော ရှင်သန်နေသည့် နတ်ရတနာထူးတစ်ခုလည်း ဖြစ်နေ‌သေး၏။

အမှန်စင်စစ် ကံစွမ်းအားဟူသည်မှာ ဤစကြဝဠာ လောကဓာတ်ကြီးထဲတွင် အနက်ရှိုင်းဆုံး၊ အဆန်းပြားဆုံးနှင့် ဖမ်းဆုပ်ရန် အခက်ခဲဆုံးသော အရာများထဲမှ တစ်ခုပင် ဖြစ်သည်။ သာမန် နတ်များသည် ထိုကံစွမ်းအားဟူသော အရာ တည်ရှိကြောင်းကို မှုန်ဝါးဝါးမျှသာ ခံစားသိရှိ နိုင်ကြ၏။ နတ်တို့၏ ပကတိမျက်စိဖြင့် မမြင်နိုင်သကဲ့သို့ ၎င်း၏ တည်ရှိမှုကို အာရုံခံစားနိုင်ခြင်း မရှိကြပေ။

အထက်တန်းကျလှသော ကျင့်စဉ်အဆင့်အတန်းတစ်ခုသို့ ထူးကဲစွာ တက်လှမ်းရောက်ရှိသွားကြသည့် ရှေးဟောင်းခောတ်ပုဂ္ဂိုလ်ကြီးများ သို့မဟုတ် မိုးမြေက ဖန်တီးပေးထားသည့် ထူးခြားဆန်းပြားသော နတ်ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံ ရှိကြသူများသာလျှင် ကံစွမ်းအား၏ လှုပ်ရှားတည်ရှိမှုကို နတ်မျက်စိဖြင့် မြင်သကဲ့သို့ ထက်မြက်စွာ အာရုံခံနိုင်ကြသည်။

ထို့ပြင် ထိုဆန်းကြယ်လှသော ကံစွမ်းအားဟူသည်မှာ မိမိ၏ တိုက်ခိုက်ရေး စွမ်းအားများကို တဟုန်ထိုး တိုးမြှင့်ရန်အတွက် အလွန်တရာ အရေးကြီးလှသော အခြေခံအုတ်မြစ်ကြီး ဖြစ်ပေသည်။ မိမိ၌ ပိုင်ဆိုင်ထားသော ကံစွမ်းအားသည် ပိုသိပ်သည်း လေလေ နောင်တစ်ချိန်တွင် အင်အားကြီးထွားရန် အလားအလာ လမ်းစများ ပိုများလေလေဖြစ်သည်။ အချို့သော အရေးကြီးသည့် အချိန်အခါမျိုးတွင် ထိုကံစွမ်းအားသည် မိမိ၏ ပကတိ တိုက်ခိုက်နိုင်စွမ်းရှိသော စွမ်းအားနှင့် တသားတည်း ချိတ်ဆက်သွားနိုင်စွမ်း ရှိသည်။

ထင်ရှားသော ဥပမာတစ်ခုကို ပြရလျှင် နတ်ဘုရား နိုင်ငံ၏ ဘုရင်ကြီးများ သို့မဟုတ် နတ်ဂိုဏ်းကြီးများ၏ ဂိုဏ်းသခင် ကဲ့သို့သော မဟာအင်အားစုကြီးတစ်ခု၏ ကံစွမ်းအားကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားသူများသည် မိမိနှင့် ကျင့်စဉ်အဆင့် တူသော်လည်း ထိုကံစွမ်းအား မရှိကြသည့် နတ်များထက် များစွာ ပို၍ စွမ်းအားကြီးမားတတ်ကြသည်။

သို့ရာတွင် ထိုကဲ့သို့သော လောကီကံစွမ်းအားကို ပို၍ပို၍ ရရှိပိုင်ဆိုင်နိုင်ရန်မှာမူ ကောင်းကင်ပေါ်က ကြယ်ကို လှမ်းဆွဲရသကဲ့သို့ ဘယ်လိုမှ မလွယ်ကူလှသော အလုပ်မျိုး ဖြစ်ပေသည်။

ကြီးကျယ်လှသော နတ်ဂိုဏ်းတစ်ဂိုဏ်း အနေနှင့် ကံစွမ်းအားကို ဆက်လက်တိုးပွား ရရှိစေရန်အတွက် အဆက်မပြတ် နယ်မြေချဲ့ထွင် ရမည်ဖြစ်သည်။ အခြားသော အင်အားစုများကို ဝါးမြိုသိမ်းပိုက်ခြင်း သို့မဟုတ် ကံစွမ်းအားကို ပို၍ ရရှိစေရန်အတွက် အထက်တန်းကျပြီး စွမ်းအားကြီးသော ပုဂ္ဂိုလ်ကြီးများကို ဂိုဏ်းအတွင်းသို့ ဆွဲဆောင်ဝင်ရောက်ခိုင်းရမည် ဖြစ်သည်။

ထို့ကြောင့် စနစ်၏ ဆုလာဘ်တစ်ခုက အခြားသော သူစိမ်းများ၏ ကံစွမ်းအားကို တိုက်ရိုက် စုပ်ယူဝါးမြိုပစ်နိုင်လိမ့်မည်ဟူ၍ အိပ်မက်ထဲတွင်ပင် လုချန်း ထည့်သွင်းမမက်ဖူးခဲ့ပေ။ လုချန်းလည်း နည်းနည်းမှ တုံ့ဆိုင်းမနေပဲ ယဲ့ချူယောင်နှင့် ယွမ်ယုတိတို့၏ ရှေ့မှောက်တွင် ကောင်းကင်ဖွင့်တံဆိပ်တော်ကို ဟန်ပါပါဖြင့် ထုတ်ယူပြသလိုက်၏။

၎င်းတို့နှစ်ဦးစလုံးသည် သူ၏ ဘဝလက်တွဲဖော် အမျိုးသမီးများ ဖြစ်ကြသဖြင့် ဤအဖိုးတန် ကောင်းကင်ဖွင့်တံဆိပ်တော်အား သူတို တွေ့မြင်သွားမှာကို လုချန်း နည်းနည်းမှ စိုးရိမ်ပူပန်ခြင်း မရှိပေ။

ထိုအခါ အမျိုးသမီး နှစ်ဦးစလုံးကလည်း လုချန်း၏ လက်ဝါးထဲတွင် ဝင်းခနဲ ပေါ်ထွက်လာသော ထူးဆန်းသည့် တံဆိပ်တော်ကို ကြည့်လိုက်ပြီး သူ ဤအရာဖြင့် အဘယ်အရာကို ပြုလုပ်ရန် ရည်ရွယ်နေသည်ကို စူးစမ်းချင်သွားကြတော့သည်။

ထို့နောက် လုချန်းက သူ၏ ခန္ဓာကိုယ်တွင်းမှ နတ်စွမ်းအားများကို ကောင်းကင်ဖွင့်တံဆိပ်တော်ထဲသို့ ထည့်သွင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကောင်းကင်ဖွင့်တံဆိပ်တော်သည် ထူးထူးခြားခြား သန့်စင်ရန် မလိုပဲ သူ့ကို တစ်သက်တာ သခင်အစစ်အမှန်အဖြစ် သစ္စာရှိစွာ အသိအမှတ်ပြုလိုက်တော့သည်။

ရတနာက သခင်အဖြစ် အကြွင်းမဲ့ အသိအမှတ်ပြုပြီးသည့်နောက်တွင် အခန်းတွင်းရှိ လူတိုင်း၏ ကိုယ်ရောင်ကိုယ်ဝါနှင့် ကံစွမ်းအားများကို လုချန်း ချက်ချင်းပင် ထင်ထင်ရှားရှား ရှင်းလင်းစွာ အာရုံခံသိမြင်နိုင်ခဲ့သည်။ သူသည် ယခင်ကတည်းကလည်း ကံစွမ်းအားကို မှုန်ဝါးဝါး အာရုံခံနိုင်စွမ်း ရှိခဲ့သော်လည်း ယခုကဲ့သို့ လက်ဝါးပေါ်က အပ်ပမာ ကွင်းကွင်းကွက်ကွက် ရှင်းလင်းထင်ရှားခြင်းမျိုးတော့ မရှိခဲ့ဖူးချေ။

လုချန်းသည် ဤထူးဆန်းသော စွမ်းရည်ကို စမ်းသပ်ကြည့်ရန်အတွက် ကောင်းကင်ဖွင့်တံဆိပ်တော်ကို စိတ်အာရုံဖြင့် စတင် လှုံ့ဆော်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏ အသိစိတ်ဝိညာဉ်သည် အာကာသကို ဖြတ်ကျော်ကာ ထျန်းရန် နတ်ဘုရား နယ်မြေကြီး၏ မြင့်မားလှသော ကောင်းကင်ယံထက်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး လျှပ်တစ်ပြက်အတွင်းမှာပင် အတိုင်းမသိ ကျယ်ပြောလှသော ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးသည် သူ၏ အောက်တွင် မြေပုံတစ်ချပ်ကို ဖြန့်ခင်းထားသကဲ့သို့ ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။

ထို မြင်ကွင်းအတွင်း ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ နယ်မြေကြီး တစ်ခုချင်းစီနှင့် ခေါင်းဆောင်နေသော အင်အားစုတစ်ခုချင်းစီ၏ ကံစွမ်းအားများကို ရှင်းလင်းစွာ တွေ့မြင်နိုင်ခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ယခု ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး၏ ကံစွမ်းအားတို့သည် ကောင်းကင်ကို ဖုံးလွှမ်းလုနီးပါးဖြစ်နေသော အနက်ရောင် မြူခိုးထုကြီးတစ်ခုအတွင်း ကြောက်မက်ဖွယ် စုစည်းနှောင်ဖွဲ့ထားသည့် ပုံရပေသည်။

ထိုကဲ့သို့သော အမှောင်မြူခိုးထုကြီးများကို တွေ့မြင်လျှင် ၎င်းသည် လောကကို ဒုက္ခပေးမည့် ရွှမ်ချင်းယွမ်၏ ဆိုးယုတ်လှသော ကံစွမ်းအားကို ကိုယ်စားပြုနေခြင်း ဖြစ်နိုင်ခြေရှိကြောင်း ကန့်လန့်ကာနောက်ကွယ်က အမှန်တရားကို သိလိုက်ရသကဲ့သို့ လုချန်း ချက်ချင်းပင် သဘောပေါက်နားလည်သွားခဲ့သည်။

မကြာမီ အချိန်ကာလအတွင်းမှာပင် ကောင်းကင်ယံထက်သို့ ရောက်ရှိနေသော လုချန်း၏ အသိစိတ်ဝိညာဉ်သည် သူ၏ ရုပ်ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုရုံးရောက်ရှိလာခဲ့တော့သည်။ ထိုအခါ သူသည် တည်ငြိမ်စွာဖြင့် မျက်လုံးအစုံကို ပြန်လည် ဖွင့်လိုက်ပြီး ကုတင်ဘေးတွင် ရှိနေသော ယွမ်ယုတိကို ကြည့်ကာ ခပ်နောက်နောက် အပြုံးတစ်ခုကို မထိတထိ ပြုံးပြလိုက်သည်။

လုချန်း၏ နောက်ပြောင်ကျီစယ်လိုသည့် မျက်နှာအမူအရာကို တွေ့မြင်လျှင် ထက်မြက်လှသော ယွမ်ယုတိလည်း လုချန်းတစ်ခုခု ကြံစည်နေကြောင်း ချက်ချင်းပင် သိသွားပြီး

“ရှင် ဘာလုပ်နေတာလဲ”

ဟု အေးစက်စွာ မေးမြန်းလိုက်သည်။

ထိုသို့ မေးသော်လည်း လုချန်းက တုံ့ပြန်၍ ပြန်မဖြေပဲ ယွမ်ယုတိ၏ ကိုယ်ပေါ်မှ တောက်ပလှသော ကံစွမ်းအားများကို သူ ထံသို့ တိတ်တဆိတ် လွှဲပြောင်းရယူရန် မသိမသာ ကြိုးပမ်းအားထုတ်ရင်း သူ၏ လက်ထဲရှိ ကောင်းကင်ဖွင့်တံဆိပ်တော်ကို စွမ်းအားအပြည့်ဖြင့် လှုံ့ဆော်လိုက်သည်။

ထိုသို့ လှုံ့ဆော်လိုက်သည်နှင့်တစ်ပြိုင်နက် သူမဆီမှ ကံစွမ်းအားများ လုချန်း၏ လက်ဝါးထဲရှိ တံဆိပ်တော်ထဲသို့ မြစ်ရေစီးသကဲ့သို့ တရဟော စီးဝင်နေသည်ကို ယွမ်ယုတိ ချက်ချင်း သတိပြုမိသွားတော့သည်။

ထိုအခါ ယွမ်ယုတိ၏ မျက်ခုံးများ တွန့်သွား တော့သည်။ ဤဆန်းကြယ်လှသော တံဆိပ်တော်သည် လူတစ်ဦးချင်းစီ၏ ကံစွမ်းအားကို တကယ်ပင် အရှင်လတ်လတ် ဝါးမြိုစုပ်ယူနိုင်စွမ်း ရှိနေပါလား။

သို့သော်လည်း ခဏခန့် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူမ၏ မူလ တည်ငြိမ်ရင့်ကျက်မှုကို လျင်မြန်စွာ ပြန်လည်ရရှိလာကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကံစွမ်းအားများကို တုန်လှုပ်မှုမရှိစေရန် ကမန်းကတန်း ထိန်းချုပ်လိုက်၏။ ထို့နောက် လုချန်း၏ တံဆိပ်တော်ထံသို့ ကံစွမ်းအားများ ဆက်လက်၍ မစီးဆင်းသွားစေရန်အတွက် ချက်ချင်း ပိတ်ဆို့လိုက်သည်။

သူမသည် နတ်ဂိုဏ်းကြီး တစ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သဖြင့် လောကီကံစွမ်းအားများအပေါ်တွင် သူတစ်ပါးထက် ထက်မြက်သော အာရုံခံနိုင်စွမ်း ရှိရုံသာမက ထိုကံစွမ်းအားများကိုလည်း စိတ်တိုင်းကျ ခြယ်လှယ်ထိန်းချုပ်နိုင်စွမ်း ရှိသည်။

ဤသို့ဖြင့် ယွမ်ယုတိက အချိန်မီ ဝင်ရောက်ပိတ်ဆို့ လိုက်ပြီးသည့်နောက်တွင်မူ ယွမ်ယုတိ၏ ခိုင်မာလှသော ကံစွမ်းအားကို ထပ်မံ၍ ဝါးမြိုစုပ်ယူရန်မှာ တောင်ကြီးကို လှုပ်ခတ်ရသကဲ့သို့ ကောင်းကင်ဖွင့်တံဆိပ်တော်အတွက် အလွန်တရာ ခက်ခဲပင်ပန်းသွားတော့သည်။

ကောင်းကင်ဖွင့်တံဆိပ်တော်သည် ယွမ်ယုတိ၏ ကံစွမ်းအားများကို ဆက်လက်၍ မစုပ်ယူနိုင်တော့ပဲ တစ်ဆို့သွားသည်ကို တွေ့မြင်လျှင် ပါးနပ်လှသော လုချန်းကလည်း

“ကံစွမ်းအားကို ကျွမ်းကျင်စွာ အာရုံခံ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ပညာရှင်တွေဟာ တံဆိပ်တော်ရဲ့ စုပ်ယူမှုကို အချိန်မီ တားဆီးပိတ်ဆို့နိုင်တဲ့ ပုံရပါလား”

ဟု စိတ်ထဲက တွေးတောဆင်ခြင်လိုက်မိသည်။

သို့သော် နောင်တစ်ချိန် ကောင်းကင်ဖွင့်တံဆိပ်တော်၏ အဆင့်အတန်း ပို၍ မြင့်မားလာခဲ့ပါက ထိုသို့သော အဆင့်မြင့်ပညာရှင်များ အနေနှင့် တံဆိပ်တော်၏ ကံစွမ်းအား စုပ်ယူဝါးမြိုမှုကို ဆက်လက်၍ တားဆီးနိုင်ခြင်း ရှိဦးမလား ဆိုတာကိုလည်း လုချန်းအလွန် စူးစမ်းလိုစိတ် ပြင်းပြသွားသည်။

ထိုအခါ လုချန်း၏ စူးစမ်းလိုသော မျက်လုံးအစုံသည် လေထုထဲတွင် ပျံဝဲလျက်ရှိ နေသေးသော သမီးငယ်လေး လုချင်းချင်းထံသို့ လျှပ်တစ်ပြက် ထပ်မံ ရောက်ရှိသွားပြန်သည်။ ထိုထူးခြားသည့် အခိုက်အတန့်၌ လုချင်းချင်းလေးသည် အားနည်းလှသော်လည်း တောက်ပဆန်းကြယ်သည့် ရွှေရောင်ကံစွမ်းအား အလင်းတန်းလေးများကို ထုတ်လွှတ်နေ၏။

ထို့ကြောင့် လုချန်းသည် သူ၏ လက်ထဲရှိ ကောင်းကင်ဖွင့်တံဆိပ်တော်ကို ဒုတိယအကြိမ် ထပ်မံ လှုံ့ဆော်လိုက်ပြီး ၎င်းတံဆိပ်တော်အတွင်း၌ အသင့်စုပ်ယူသိုလှောင်ထားသော ကံစွမ်းအား အဆီအနှစ်များကို သမီးငယ်လေး လုချင်းချင်းထံသို့ လွှဲပြောင်းပေးရန် ကြိုးပမ်းလိုက်သည်။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် သမီးငယ်လေး လုချင်းချင်း၏ ကိုယ်ထည်မှ နေအလင်းပမာ တောက်ပလှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့တော့သည်။ သူမ၏ ကံစွမ်းအားများ တဟုန်ထိုး တိုးပွားလာသည်နှင့်အမျှ သူမ၏ နတ်စွမ်းအား စုပ်ယူသောက်သုံးသည့် နှုန်းမှာလည်း မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်လေးမှာလည်း ပို၍ မြန်ဆန်စွာ ကြီးထွားလာတော့သည်။

ထိုသို့ ကြီးထွားလာရာ မကြာမီ အချိန်တိုအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်သည် ပုံမှန်ဆိုလျှင် နှစ်ရှည်လများ စောင့်ရမည့် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ အရွယ်အစားနှင့် ထပ်တူထပ်မျှ ဖြစ်သွားခဲ့သည်။

လုချန်းက သူမထံမှ စုပ်ယူထားသော ကံစွမ်းအားများကို သမီးငယ် လုချင်းချင်းထံသို့ တစ်ဆင့် ပြန်လည်လွှဲပြောင်းပေးအပ်လိုက်သည်ကို တွေ့မြင်လျှင် မာနကြီးလှသော ယွမ်ယုတိ၏ ရင်ထဲ၌ မီးတောင်ပေါက်ကွဲသကဲ့သို့ ဒေါသခြောင်းခြောင်းထွက်သွားတော့သည်။

သို့သော်လည်း လုချင်းချင်းလေးသည် သူမ၏ တပည့်ရင်းဖြစ်သူ ယဲ့ချူယောင်၏ သမီးအရင်းခေါက်ခေါက် ဖြစ်နေသောကြောင့် ဂိုဏ်းချုပ်ပီပီ စိတ်ကိုချုပ်တည်းကာ လုချန်းကို ဆူပူကြိမ်းမောင်းချင်သည့် စိတ်များအား ထိန်းသိမ်းဆင်ခြင်လိုက်သည်။

ထို့နောက် သူမ၏ ‌ဒေါသတရား များကို အသိဉာဏ်ဖြင့် ထိန်းချုပ်လိုက်ကာ လုချန်း၏ လက်ထဲရှိ တောက်ပနေသော တံဆိပ်တော်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း

“အဲဒီ အရာက ဘယ်လို ပစ္စည်းမျိုးလဲ”

ဟု လေသံကို လျှော့ကာ ခပ်အေးအေး မေးမြန်းလိုက်သည်။

သူတစ်ပါး၏ ကံစွမ်းအားကို စိတ်ကြိုက် ဝါးမြိုစုပ်ယူပြီး မိမိသတ်မှတ်ထားသော လူတစ်ဦးထံသို့ အလွယ်တကူ လွှဲပြောင်းပေးနိုင်စွမ်းရှိသည့် ဤကဲ့သို့သော အံ့ဖွယ်နတ်ရတနာထူးမျိုးသည် ကျယ်ပြောလှသော ထျန်းရန် နတ်ဘုရား နယ်မြေကြီးအတွင်း၌ပင် မတွေ့မြင်ဖူးသလောက်ပင် ရှားပါးလှပေသည်။

ဤကဲ့သို့ နတ်ရတနာမျိုး တည်ရှိကြောင်းကိုပင် သူမ တစ်ခါဖူးမှ မကြားဖူးခဲ့ချေ။ ထိုဆန်းကြယ်လှသော နတ်ရတနာမှာ အဆင့်အတန်းအားဖြင့် ကောင်းကင်အဆင့် မျှသာ ဖြစ်ကြောင်း သူမ အာရုံခံသိရှိနိုင်သော်လည်း ၎င်း၏ အသုံးဝင်ပုံကြောင့် အဖိုးဖြတ်၍ပင် မရလောက်အောင် တန်ဖိုးရှိကြောင်းလည်း သူမ သိထားသည်။

အဘယ်ကြောင့်ဆိုသော် လောကရှိ လူတိုင်းလူတိုင်းသည် ကံကြမ္မာအရှိန်အဝါဟူသော နက်နဲသည့် စွမ်းအားကို နတ်မျက်စိ မပါပဲ အလွယ်တကူ အာရုံမခံနိုင်ကြသောကြောင့် ဖြစ်သည်။ အကယ်၍ လောဘသားတစ်ဦး ဤအဖိုးတန် နတ်ရတနာကို မတော်တဆ ရရှိပိုင်ဆိုင်သွားပါက ၎င်းသည် သူတစ်ပါးတို့၏ ကံစွမ်းအားကို တိတ်တဆိတ် စုပ်ယူဝါးမြိုနိုင်မည်မှာ ဧကန်မုချပင်။

ထိုကံစွမ်းအားများ စုပုံကြီးထွားလာသည်နှင့်အမျှ ဤရတနာထူးကို လက်ဝါးကြီးအုပ်ထားသူသည် ကံတရား၏ အလိုလိုက်မျက်နှာသာပေးခြင်းကို ခံရမည်ဖြစ်ပြီး ဤအခြင်းအရာသည် အခြေခံအားဖြင့် ကောင်းကင်ဘုံ၏ သဘာဝနိယာမတရားကို ဆန့်ကျင်ဘက်ပြုရာ ရောက်ပေလိမ့်မည်။

သို့သော် လျှို့ဝှက်ချက်ကို ဖုံးကွယ်လိုသဖြင့် လုချန်းက

“ဒါက လောကရဲ့ ကံစွမ်းအားလေးတွေကို အပေါ်ယံလောက် စူးစမ်းလေ့လာနိုင်တဲ့ သာမန်ကာလျှံကာ နတ်ရတနာတစ်ခုပါ”

အရေးမကြီး သလိုဖြင့် တည်ငြိမ်စွာ ပြန်လည် တုံ့ပြန်ဖြေကြားလိုက်သည်။

လုချန်း၏ လိမ်လည်လှည့်ဖြားလိုသော စကားကို ကြားရလျှင် ထက်မြက်လှသော ယွမ်ယုတိက နှာခေါင်းရှုံ့လျက်

“ဒီနတ်ရတနာက ထူးထူးခြားခြား စွမ်းဆောင်နိုင်တာတွေ ရှိမှာပါ။ ရှင်ပြောသလို ကံစွမ်းအားကို စူးစမ်းရုံတင် မကဘူးထင်တယ်။”

အဘယ်ကြောင့်ဆိုသော် ခုနကပင် ကောင်းကင်ဖွင့်တံဆိပ်တော်ကို တိတ်တဆိတ် အသုံးပြုလျက် သူမ၏ ကိုယ်တွင်းရှိ အဖိုးတန်ကံစွမ်းအားများကို လုချန်း ခိုးယူခဲ့သည်ကို သူမ ရှင်းလင်းပြတ်သားစွာ လက်တွေ့ ခံစားခဲ့ရပြီး ဖြစ်သောကြောင့်ပင်။

သို့ဖြစ်၍ လုချန်း၏ အပေါ်ယံ ရှင်းပြချက်မျိုးသည် ကံကြမ္မာအရှိန်အဝါအပေါ်တွင် ထက်မြက်စူးရှသော အာရုံခံစားနိုင်စွမ်း မရှိရှာသည့် ဝါနုလှသော ယဲ့ချူယောင်ကဲ့သို့ လူအ မျိုးကိုသာ လှည့်စားနိုင်ကောင်း လှည့်စားနိုင်လိမ့်မည် ဖြစ်သည်။

ထို့ပြင် ဤဆန်းကြယ်လှသော ရတနာ၏ စွမ်းပကားမှာ သာမန်ကာလျှံကာအဆင့်နှင့် ကောင်းကင်နှင့် မြေကြီးပမာ ဝေးကွာလှပေသည်။ ထို့ကြောင့် လုချန်း၏ လက်ထဲ၌ မည်မျှအထိ များပြားဆန်းပြားလှသော ရတနာပစ္စည်းများ ရှိနေသေးသည်ကို ယွမ်ယုတိတစ်ယောက် ပို၍ပို၍ပင် စူးစမ်းသိချင်စိတ် ပြင်းပြလာခဲ့တော့သည်။

--

All Chapters